သပြေခက်နဲ့ ရေပက်တာ ပျော်စရာဟဲ့ တော်ရှာသကွဲ့
ရန်ကုန်မြို့ပြ သင်္ကြန်ပွဲတော်ကို ”မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းဆက်ဆံရသလို” ခံစားမိပြီးတဲ့နောက်ပိုင်း. . .
သင်္ကြန်ရောက်တိုင်း ကျနော် အိမ်တွင်း အောင်းပါတော့တယ်။
တွင်းအောင်း သတ္တဝါလည်း မဟုတ်လေတော့ အိမ်တွင်း ကြာကြာ မအောင်းနိုင်တော့တဲ့နောက်ပိုင်း. . .
သင်္ကြန်ရောက်တိုင်း ခရီးစဉ်တခုခု ဆွဲပြီး ရန်ကုန်နဲ့ဝေးရာကို ပြေးပါတယ်။ ငွေကြေး ပြည့်စုံပေါများသူလည်း မဟုတ်လေတော့ ကျနော့်သူငယ်ချင်းတယောက်ရှိရာ ကရင်ရွာကလေးဆီကိုပဲ ဒီနှစ်တွေထဲ သွားဖြစ်နေတယ်ဆိုပါတော့. . .။
>>>>>>>>>>>>>>>>>>>>>>
မနှစ်က (၂၀၁၄)သင်္ကြန်တွင်းမှာတော့ ကရင်ရွာထဲ မြို့ထဲ လျှောက်မသွားပဲ မြစ်ကမ်းစပ်တို့ တောင်ထိပ်တွေတို့ကို သွားနေခဲ့တာ။
ဆိုတော့ မနှစ်က သင်္ကြန်ဆိုတဲ့ အငွေ့အသက်ကို လုံးမဝ မရ။ ရေလောင်း ရေပတ်ခြင်းဟာ ကျနော်ဆိုတဲ့ချာတိတ်နဲ့ မဆိုင်ရေးချ မဆိုင်ခဲ့။
ဒီနှစ် ၂၀၁၅ မှာတော့ ကျနော် တောတွေ တောင်တွေထဲ မသွားပဲ ဂူတွေဘက် လှည့်သွားခဲ့ပါတယ်။
သင်္ကြန်တွင်းကြီး မြို့ရွာလမ်းတွေထဲ ပတ်သွားနေရတာမို့ ကရင်ပြည်နယ် ဘားအံတဝိုက်က သင်္ကြန်အငွေ့အသက်ကို ကောင်းကောင်း ခံစားခဲ့ရတယ်ဆိုပါစို့။
သင်္ကြန်နဲ့ ကရင်ပြည်နယ် & မွန်ပြည်နယ်ဘက်က မြင်ကွင်းတွေ နည်းနည်း ပြောပြချင်လာတယ်။
သင်္ကြန်တွင်းဆိုရင် ကရင်ဒေသခံတွေဟာ ဟိုင်းလတ်လို ကားတွေနဲ့ ရေပတ်ခံထွက်ရင်း အထင်ကရနေရာတွေကို သွားကြပါတယ်။ ရေပတ်ခံရင်း ဘုရားဖူးရင်းဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။
အဲ့လိုသွားတဲ့ကားတစ်စီးနဲ့ ပထမဆုံး ကျနော် သွားတာက စက်စဲနဲ့ ကျိုက်ခမီကိုပါ။
လမ်းမှာ ဝင်းစိန်တောရနဲ့ တခြား စေတီတွေဆီလည်း ဝင်တယ်ပေါ့။
ဘားအံမြို့ဘက်ကနေ မွန်ပြည်နယ်ကို ကူးတာက သိပ်မဝေးပါဘူး။
အတ္ထရံမြစ်(ဇာသပြင်ဆိုလား)တံတားနဲ့ ဂျိုင်းမြစ်ကူးတံတားတွေကို ဖြတ်ကျော်ပြီးရင် မွန်ပြည်နယ်ထဲ ရောက်ပါပြီ ။ မော်လမြိုင်ကနေ မုဒုံတို့ သံဖြူဇရပ်တို့ကို ဖြတ်ကျော်ပြီး စက်စဲကမ်းခြေကို အရင်သွားပါတယ်။
စက်စဲမှာ နှစ်နာရီလောက် အပန်းဖြေပြီး ပြန်ထွက်. . . ကျိုက်ခမီကို ဆက်သွားပါတယ်။
လမ်းတလျှောက်မှာ ရေပတ်မဏ္ဍပ်တွေအများကြီး ရေပတ်ခံထွက်လာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေမှ အများကြီးပါပဲ။
သူကြီး Kai ဟိုနေ့က ပြောတဲ့ မွန်ပြည်နယ်ထဲ တူညီဝတ်စုံတွေနဲ့ လူငယ်တွေစုဝေးပြီး သင်္ကြန်ပွဲဆင်နွှဲတာကိုလည်း အရှင်လတ်လတ် မြင်ခဲ့ရပါရဲ့။
ကျနော် မြင်မိသလောက် အဲ့ဒီလို ရေပတ်ခံထွက်လာသူတွေဟာ ဆိုင်ကယ်တွေနဲ့များပါတယ်။
ဆိုင်ကယ်တွေ အစီးနှစ်ဆယ်လောက် အစုအဝေးကြီး တန်းစီပြီးလာတာ တွေ့ရတယ်။ တချို့အဖွဲ့ကျတော့လည်း ဆယ်စီးလောက်ပေါ့။
ဆိုင်ကယ်တစ်စီးမှာ မောင်းသူနဲ့ အနောက်က ထိုင်လိုက်သူ = ပေါင်း နှစ်ယောက်စီ. . .
အဖွဲ့တိုင်းက ဆင်တူ ဝတ်စုံတွေနဲ့အပြင် အဖွဲ့တချို့က မျက်နှာဖုံးတွေလည်း ဆင်တူ တပ်ထားကြသေးတယ်။
အီမိုဖက်ရှင်လို့ခေါ်ရမယ့်ပုံစံတွေ ခြယ်သပြီး ပုံစံတူ ဆိုင်ကယ်တန်းကြီးကို တွေ့ရတာ အမြင် ဆန်းပါတယ်။
တချို့အဖွဲ့က သရဲသဘက်တွေလို ပုံစံဖမ်းလာကြတယ်။
ဘာအံ၊မော်လမြိုင်၊မုဒုံ၊သံဖြူဇရပ် စတဲ့ မြို့တိုင်း လမ်းတိုင်းမှာ သင်္ကြန်ပွဲတော်ကို ပျော်ပျော်ကြီး ပါဝင်ဆင်နွှဲနေကြတာ. . .
သင်္ကြန်တွင်းက ပျော်နေသူတွေကို ကြည့်ရတာ ဒီတိုင်းပြည်ဟာ ဘာအပူအပင်မှမရှိတဲ့ အေးချမ်းသာယာပြီး ပြည့်စုံနေတဲ့တိုင်းပြည်လို့တောင် ထင်ရတော့မလောက်ပါပဲ။
ဒါပေမယ့် ကျနော့်ဖုန်းထဲကို ဝင်လာတဲ့ သတင်းတွေထဲမှာ သင်္ကြန်တွင်းမှာတောင် မရပ်မနားတိုက်ခိုက်သတ်ဖြတ်နေကြတဲ့ ပြည်တွင်းစစ်ပွဲ သတင်းတွေ နားနဲ့မဆံ့ပါဘူး။
((ထားပါတော့ . . .
ဒီလို စစ်ပွဲတွေအကြောင်း မပြောချင်ပါဘူး။ ကျနော့်ခရီးသွားစာတန်းလေး(စာတမ်းမဟုတ်ပါ) လူသေညှော်နံ့ ထွက်နေပါ့မယ်။))
မွန်ပြည်နယ်ထဲမှာတော့ ဖြတ်သွားဖြတ်လာနဲ့ ဘုရားဖူးရုံပဲမို့ သေချာ အာရုံခံဖို့ အချိန်မရခဲ့။
ကားပေါ်ကနေ မြင်ရသလောက်မှာ အမြင်ထဲဆန်းနေတာက အဲဒီ တူညီဝတ်စုံနဲ့ လူငယ်တွေရယ်. . .
ကားတွေပေါ် ဆောင်းဘောက်ကြီးတွေ တင်ပြီး တလမ်းလုံး တဂျိမ်းဂျိမ်း ဒီဂျေတွေ ဖွင့်သွားနေတာတွေရယ်ပါ။
———
ကရင်ပြည်နယ်ထဲက မြင်ကွင်းကလည်း တမျိုးတမည် ဆန်းနေပြန်ပါတယ်။
လမ်းတလျှောက် ရေကစားမဏ္ဍပ်တွေမှာ ရေပက်ကြတာလည်း ရှိသလို ရေမပက်ပဲ သနပ်ခါးတွေ လိမ်းပေးကြတဲ့ မဏ္ဍပ်တွေလည်း အများကြီးပဲ။
လာသမျှ ရေပက်ခံကားတွေ ဆိုင်ကယ်တွေကို တားပြီး ရေပက်ခံထွက်လာသူတွေကို သနပ်ခါးလိမ်းပေးကြတာ။
သနပ်ခါးက ရွှေပြည်နန်းလို အသင့်ဖျော်ထားတဲ့ သနပ်ခါးတွေပါ။
ဘာပဲဖြစ်ဖြစ် အဲ့ဒီမြင်ကွင်းလေးကလည်း ချစ်စရာကောင်းနေပြန်ရော။
တခု စိတ်ထဲ မကျေမနပ်ဖြစ်မိတာက ကရင်ပြည်နယ်တဝိုက် ရေကစားမဏ္ဍပ်အတော်များများဟာ သင်္ကြန်သီချင်း မဖွင့်ကြပဲ ကလို့ကောင်းမယ့် ထိုင်းသီချင်းတို့ အင်္ဂလိပ်သီချင်းတို့ပဲ ဖွင့်တာများပါတယ်။
နှစ်ဆန်း(၁)ရက်နေ့အထိ ရေကစားကြတယ်။ နှစ်ဆန်း ၁ရက်နေ့မှာ ကျနော်က ကော့ကသောင်ဂူနဲ့ ဆဒ္ဒန်ဂူတွေဆီ သွားတာ။ လမ်းမှာ ရေတွေလည်းပက်တုန်း။ ဂူတွေဆီ သွားရာလမ်းတလျှောက် ကားလမ်းတောင် ပိတ်တယ်။
သွားကြသူလည်း အရမ်းများပါတယ်။ ဂူထဲမှာလည်း လူတွေ ကြိတ်ကြိတ်တိုးပါပဲ။
နှစ်ဆန်း ၁ရက်နေ့က လည်ပတ်ပြီး ပြန်လာတော့ ကျနော် တည်းတဲ့ ရွာထဲက အိမ်တိုင်း. . . မိသားစုတိုင်းဟာ သူတို့ရဲ့ မိဘ ဘိုးဘွားတွေကို အိမ်ဦးခန်းမှာထိုင်စေပြီး
ရှိခိုး ကန်တော့ကြပါတယ်။
မိဘ မရှိတော့တဲ့သူတွေက အိမ်ရဲ့ အသက်အကြီးဆုံးသူကို ကန်တော့ပါတယ်။
ကန်တော့တဲ့အပြင် ရေခွက်ကလေးထဲမှာ ရေနဲ့ သပြေခက်ကလေးထည့်ပြီး ကန်တော့ခံပုဂ္ဂိုလ်ကို သပြေခက်လေးနဲ့ ရေပက်ပါတယ်။
ကန်တော့ခံသူက လက်ဖဝါးနှစ်ဖက်ကိုပူးပြီး ရေစက်ကလေးတွေကို ခံယူတယ်။
ပြီးတော့ သူ့ကိုယ်သူ ခေါင်းကို ရေစက်တွေနဲ့ သပ်တယ်။
ကန်တော့သူကလည်း ရေစက်ကလေးတွေပါတဲ့ သပြေခက်ကို ကန်တော့ခံသူရဲ့ ပုခုံးတို့ လက်တို့ကို အသာအယာလေးပုတ်ပြီး ရေပတ်တာ။
ရေပက်ခံသူက ပြုံးရွှင်တဲ့မျက်နှာနဲ့ ဆုတွေလည်း တတွတ်တွတ်ပေးပါတယ်။
အဲဒါ ကျနော်တည်းတဲ့ စိန္တာဆိုတဲ့ရွာမှာရှိတဲ့ အိမ်တိုင်း မိသားစုတိုင်း လုပ်ကြတဲ့ ဓလေ့လေးတခုပါ။
. . .
. . .
. . .
ချစ်ခင်လေးစားလျက်. . .
Maung Thura
19 comments
ဝင့်ပြုံးမြင့်
April 29, 2015 at 7:30 pm
.မအူပင်မှာကတော့ ထော်လာဂျီတွေ ပိတ်နေတာပဲ။ အသက် ၆ဝ ကျော် မိန်းမတွေတောင် ကကြတာ။ ကလေးတွေကတောင် အရှုံးပေးရမယ်။ ဒို့မြန်မာ အမျိုးသမီးတွေ လွတ်လပ်လာပါပြီ။ ကတော့ ဘာဖြစ်သလဲ။ သောက်တော့ ဘာဖြစ်သလဲ။
Alinsett @ Maung Thura
April 29, 2015 at 7:57 pm
.သောက်တော့ မူးတာပေါ့
မူးတော မြူးတာပေါ့
.မြူးတော့ ဗူးတာပေါ့
ဗူးတော့ လူးတာပေါ့
လူးတော့ ပြူးတာပေါ့
.ပြူးတော့ ထူးတာပေါ့
ထူးတော့ ရူးတာပေါ့. . .
:k:
uncle gyi
April 29, 2015 at 10:07 pm
မွန်ပြည်နယ်ဘက်နှစ်ဆန်ုးတရက်နေ့ဆို
သနပ်ခါးနဲ့ရေပက်ကြတာကောကြုံခဲ့သေးလားကိုရင်
Alinsett @ Maung Thura
April 30, 2015 at 12:38 am
နှစ်ဆန်း ၁ ရက်နေ့တော့ မွန်ပြည်နယ်ဘက် မရောက်ဖြစ်
အကျနေ့က ရောက်တာ. . .
နှစ်ဆန်း ၁ ရက်နေ့က ကော့ကသောင်ဂူနဲ့ ဆဒ္ဒန်ဂူဘက်ပဲ သွားတယ် အန်ကယ်ဂျီး
မဟာရာဇာ အံစာတုံး
April 30, 2015 at 12:31 am
သင်္ကြန်ဆို ဘယ်နယ်မှာပဲ ဖြစ်ဖြစ်
ဒုန်းခွမ်း ဒုန်းခွမ်း အသံတွေပဲ ကြားရမှာဘဲ ….
ရွာနေနေ၊ မြို့နေနေ …
သင်္ကြန်မှာ ဒုန်းခွမ်း၊ ဒုန်းခွမ်း ဟာ အတူတူဘဲ …
ဒါဟာ … မြန်ပြည်ကြီးရဲ့ ခေတ်မှီတိုးတက်လာတဲ့ အရိပ်အယောင် တွေပေါ့ကွာ … ဟာဟ …
နင်သွားတဲ့ နေရာက သင်္ကြန်တွင်း ကဲရင်းနဲ့ ဘုရားသွားကြတယ် …
ရန်ကုန် မှာကတော့ သင်္ကြန်တွင်း အမုန်းကဲတယ် …
နှစ်ဆန်းတော့ ဘုရားမှာ ကြိတ်ကြိတ်တိုး ကြတယ် ….
သူ မသာ၊ ကိုယ် အသုဘ ပါပဲဟယ် …..
Alinsett @ Maung Thura
April 30, 2015 at 12:44 am
ဒါမယ့် ဟိုမှာက သပြေခက်နဲ့ ရေပက်တယ်
:buu:
မြစပဲရိုး
April 30, 2015 at 12:41 am
. မြန်မာပြည်ထဲ မှာတော့ ကိုယ့် ကော်ပီ တွေ ဟာ ဘယ်လို သဘောဆောင်မယ် မသိ အရမ်းကာရော ခေတ်မှီ ဖို့ ဆိုပြီး လုပ်နေတာရော။
အဲဒီ နာဇီ ဒီဇိုင်း တွေ က ဒီမှာ ဆို အတော်ရိုင်း တယ် ဆိုတဲ့ သင်္ကေတဘဲ။
Alinsett @ Maung Thura
April 30, 2015 at 12:57 am
အရီးရေ
မွန်ပြည်နယ် သင်္ကြန်လည်ပတ်တဲ့ အဖွဲ့တွေက အမြင်တမျိုးကြီးးး
သူတို့ သရုပ်ဖော်ထားတာက ခပ်ကြမ်းကြမ်းပြောရရင် ကျက်သရေ မရှိဘူးပြောရမလားပဲ
လူသေကောင်မျက်နှာလို ဖြူဆုတ်ဆုတ် မျက်နှာဖုံးတွေနဲ့
အကျင်္ ီမဲမဲတွေ ဆင်တူဝတ်ပြီးးး
အဲ သူတို့တတွေရဲ့ ဆိုင်ကယ်တန်းကြီးဟာလည်း ဘာရယ်မဟုတ်ပဲ စတန့်ထွင်ပြီး မီးတွေ ဖွင့်ထားတယ်
.နေ့ခင်းကြောင်တောင် သရဲတစ္ဆေအုပ်စုကြီးကို မြင်လိုက်ရသလိုပဲ
အဲ့ဒီ အဆင် အပြင်တွေအစားးးး သူတို့ရိုးရာ မွန်ပုဆိုးလေးတွေနဲ့ ရိုးရာဆန်ဆန်ဝတ်စုံတွေသာ ဆင်တူ ဝတ်ထားတာ
.မြင်လိုက်ရရင် အတော် ကျက်သရေ ရှိမှာလို့ တွေးမိတယ်
ဒါမယ့် ဒါက သူတို့ ရွေးချယ်ခွင့်ပါလေ
ကိုယ်က ကြည့်သူဆိုတော့ မမြင်ချင်ရင် အကြည့်လွှဲနေလိုက်ရုံပါပဲလေ
😆
အောင် မိုးသူ
April 30, 2015 at 8:49 am
ဓလေ့ရိုးရာကတော့ မပျောက်ပျက်သွားပေမယ့် ခေတ်ရေစီးကြောင်းတိုက်စားမှုကြောင့် အနည်းငယ်တော့ မှေးမှိန်သွားလိမ့်မယ်။ ဒီလိုပါပဲ အားလုံးက အဲ့လိုတွေချည်းပဲ။
Alinsett @ Maung Thura
April 30, 2015 at 6:01 pm
ကအောင်မိုးသူ
အခု ဗမာပြည်ဟာ ခေတ်မီနေတာလားးး ခေတ်ပျက်နေတာလားဟင်
ဂျက်စပဲရိုး
April 30, 2015 at 9:23 am
မွန်ပြည်နယ် ဘက်က သင်္ကြန် ကို သဘောကျတယ်။
သူတို့ မက ဘူး မသောင်းကျန်းဘူး မဟုတ် ကတယ် သောင်းကျန်းတယ် ယောက်ျားမိန်းမ အစုံပေါ့။
ဒါပေမယ့် ရန်ကုန်မှာလို အိုက်တင်နဲ့ ပဲနဲ့ မဟုတ်ဘူး။
သူတို့ သောင်းကျန်းတာ ပွင့်လင်းတယ်။
ကနေကြတာတွေ မြင်ရင်လဲ ပျော်စရာကြီးရယ်… ဝေးဟေးဟေး နဲ့ ခုန်ပေါက်နေကြတာ။
တကယ်ကြီးကို ပျော်ပြီး ကနေကြတဲ့ ပုံစံ။
(အဲဒီ ဘက် က လူတွေ ရဲ့ နေထိုင်မှု ပုံစံ ကိုက အဲ့လို အားပါးတရ ရှိတာလဲ ပါမပေါ့၊ မွန်တွေ စကားပြောရင် ကျယ်လောင်ကျယ်လောင် အားရပါးရ တွေ)
နောက်ပြီးတော့ သနပ်ခါး လူးပေးတဲ့ ထုံးစံလေး (အဲ့ဒါက ထိုင်းဘက် က လာတယ် ဆိုလား)
ဆိုင်ကယ် နဲ့ သွားရင်တောင် ဆိုင်ကယ် ကို တားပြီး သနပ်ခါး ပွတ်လွှတ်ပေးလိုက်တာ။
မွန်ပြည်နယ် က ပေါင် မှာ ငယ်ငယ်တုန်းက သင်္ကြန်တွေဆို သွားနေဖူးတယ်။
အမေ တို့က အဲ့ဘက်ကကိုး။
Alinsett @ Maung Thura
April 30, 2015 at 5:56 pm
ဟုတ်တယ် ဂျက်ဂျက်ရေ
မွန်ပြည်နယ်ဘက်က သင်္ကြန်ပွဲ နွဲပုံလေးက တမျိုးတော့ ချစ်စရာပါ
ဘားအံ ကရင်ပြည်ဘက်ကလည်း တမျိုးလေးးး
.သေချာတာတော့ ရန်ကုန် သင်္ကြန်ထက် ပို ချစ်စရာ ကောင်းတာပဲ
:k:
ခင်ဇော်
April 30, 2015 at 9:40 am
ပျော်တာတော့ အမုန်းပျော်ပါ့နော့။
မလှမပ သရုတ်ပျက်တာကိုပြောတာပါ။
လှလှပပ သရုတ်ပျက်ရင် ခွင့်လွှတ်ချင်စရာရှိသေးမို့။
:k:
Alinsett @ Maung Thura
April 30, 2015 at 5:53 pm
ဟုတ်တယ် မမဂျီးရေ. . .အခု သင်္ကြန်တွေမှာ အတွေ့ရများတာက သရုပ်ပျက် သရုပ်ဖော်မှု. . .
:buu:
manawphyulay
April 30, 2015 at 10:40 am
ဒီနှစ်သင်္ကြန်ဆိုတာ ဘာမှန်းကို မသိလိုက်ပါဘူး။ ရေမထိ နေမထိ အိမ်ထဲက အိမ်ပြင်မထွက်ပဲ နေခဲ့တယ်ဆိုပါတော့ အလင်းဆက်ရယ်….
Alinsett @ Maung Thura
April 30, 2015 at 5:59 pm
မမ မနောက အိမ်ထဲ ငြိမ်နေနိုင်သေးး
ကျနော်ဆို အိမ်မှာ ကြာကြာမနေနိုင်
ဒါကြောင့် အားရင် အပြင်ထွက်ဖို့ပဲချောင်းနေတာရယ်
naywoon ni
April 30, 2015 at 5:43 pm
မြန်မာပြည်ထဲမှာတော့ သပြေခက်နဲ့ ရေပက်တယ်ဆိုတာ ယုံတမ်းပုံပြင် တစ်ပုဒ်ဖြစ်နေပါပြီ 🙂
Alinsett @ Maung Thura
April 30, 2015 at 5:48 pm
ဟုတ်တယ် အဘနီ
အခု တွေ့ခဲ့တာတောင်မှ မြန်မာ မဆန် ထိုင်းဟန်အတော်ပေါက်နေတဲ့ ကရင်ရွာမှာမို့. . .
ဘားအံမြို့ထဲမှာတောင် အဲ့လို သပြေခက်နဲ့ ရေ ပက်ကြရဲ့လားမသိ
:buu:
naywoon ni
May 1, 2015 at 12:53 am
သပြေခက်နဲ့ ရေပင်တာပဲကွယ် မြန်မာဟန်တွေ ထိုင်းဟန်တွေလုပ်မနေပါနဲ့ ။ သင်္ကြန်ဟာ သင်္ကြန်ပေါ့ ။ မြန်မာက ဗေဒင်ကိန်းဂဏန်းအရ ဖြိုထားတဲ့သက္ကရာဇ်ကိုသုံးတယ် ။ ထိုင်းက သာသနာသက္ကရာဇ်ကိုသုံးတယ် ။ ၂ ခုလုံး ဒီဗြဟ္မဏ ပြက္ခဒိန်ချည့်ပဲ ။ အတူတူပါပဲ ။ သူများပြက္ခဒိန်ကြီးယူသုံးပြီး ဒီနှစ်ကူးတာချင်းအတူတူ မြန်မာဟန်တွေ ထိုင်းဟန်တွေ ခွဲခြမ်းခွဲခြမ်း မလုပ်ကြေး 🙂