မျက်နှာသစ်ကြမယ်
မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ဆုမျိုးတောင်းခဲ့ ကြဖူးလားဟင် ။
ကျွန်မတော့အဲ့လို ဆုမျိုး မတောင်းခဲ့ဖူးပေမယ့် မွေးရာပါ မျက်နှာကြောတင်းတဲ့ရုပ်ကြောင့် ငယ်ငယ်ကဆို့ အဲ့ဒီဆုပေးစကားသံ ခဏခဏ ကြားခဲ့ရဖူးတယ် ။ စိတ်ထဲတော့ သိပ်မကြည်လှဘူး အထူးသဖြင့်သီတင်းကျွတ်ကန်တော့လို့ ဆုပေးလျှင် အဲ့ဆုပေးစကားကြီးပါပါလာတာ ခံအပြင်းဆုံးပါ ။ ငယ်ငယ်ကတည်းက စိတ်ထဲ မှတ်ယူခဲ့တာ ၊ မျက်နှာမြင်လို့ မချစ်ချင်တော့ရော ၊ ဘယ်သူ့ကို ဒုက္ခပေးနေသတုန်း ၊ ကိုယ့်ထမင်းကိုယ်စား ကိုယ့်သမိုင်းကိုယ်ရေး အပိုတွေမလိုဘူးတွေးပြီး အဲ့ဒီဆုပေးသံကို အတော်မုန်းခဲ့ဖူးတာရယ် ။
လူမှု ပတ်ဝန်းကျင်မှာ ကျင်လည်နေရတော့မှပဲ မျက်နှာတစ်ခုရဲ့ အရေးပါမှုကို သိလာရတော့တယ် ငယ်ငယ်က တွေးထားလက်ခံထားသမျှ ဒီအချိန်မှာ ရာနှုန်းပြည့်မမှန်ကန်တော့ဘူး ။ လူတစ်ဦးနှင့်တစ်ဦးစတင် မိတ်ဆက်စဉ်ကတည်းက မျက်နှာကြည့်ပြီး ပြောဆိုဆက်ဆံရတယ် ပထမဆုံး မျက်နှာချိုချို လှလှလေးမြင်လိုက်ရလျှင်ပဲ မြင်ရတဲ့လူလည်း စိတ်အေးချမ်းပြီး ခင်မင်ရင်းနှီးစိတ်ဖြစ်စေတယ် အနှုတ်သဘော ဆောင်တဲ့ စကား ၊ အပြုမူ ၊ အကြံစည်တွေကို တော်ရုံ မလုပ်ဖြစ်တော့ဘူး ။ ကျွန်မတော့ ချောတဲ့ အမျိုးသမီတွေတွေ့လျှင် သိပ်သဘောကျတာပဲ တခါတလေ သူတို့ကို ငေးရင်း စကားပြောဖို့တောင် မေ့နေတတ်တာ ၊ လုပ်ငန်းခွင်ထဲမှာလည်း မကြာခနဆိုသလို မြင်တွေ့ရလေ့ရှိပါတယ် ။ လှတာမြင်ရလျှင်ကို အလိုလို ချစ်ခင်စိတ်ဖြစ်ပြီး ပင်ကိုယ်ဘုကလန့်လုပ်ချင်စိတ်တောင် ပျောက်ပျောက်သွားတတ်တာပါ ။ ဒါကြောင့်လည်း အမျိုးသမီးတိုင်းကို လှစေချင်တယ် အလှပြင်စေချင်ပါတယ် ။ တချို့တွေက အလှပြင်ရမှာကို ရှက်ကြတယ် တယောက်နဲ့တယောက် ခံယူချက်ချင်း မတူပေမယ့် အလှပြင်တာက သူများ ပစ္စည်းခိုးစားတာလည်းမဟုတ် ၊ လုစားတာလည်း မဟုတ် ၊ မတရားမှု လုပ်တာ မဟုတ်လို့ ရှက်စရာတခုရယ်လို့ မမှတ်စေချင်ဘူး ။ တချို့ကျတော့လည်း လှတော့ လှချင်ပေမယ့် သူများ အမြင်ဆိုတာကို အရမ်းဦးစားပေးကြတယ် ၊ ငါဒီလိုလုပ်လို့ ဘယ်သူကများ ရယ်မလဲ ၊ နောက်ကွယ်မှာ အတင်းပြောမလဲ ၊ ကြည့်ရများဆိုးနေလား စသဖြင့် တွေးပြီးအလှပြင်ဖို့ တွန့်ဆုတ်ကြပြန်တယ် ။ အလှပြင်တယ် ဆိုမှတော့ နဂို ရုပ်နဲ့ ကွာခြားပါလိမ့်မယ် ၊ ပထမဆုံး လက်တည့်စမ်းတဲ့အခါ အလွန်ကျွံမဖြစ်အောင် ထိန်းရင်း တဖြည်းဖြည်း လေ့ကျင့်သွားရမှာပါ ။ ကိုယ့်မျက်နှာကိုယ်မှန်ထဲပြန်ကြည့်ချိန် ကျေနပ်နေဖို့ပဲ လိုတာပါ ၊ သူများ ဘာပြောမလဲဆိုတဲ့ အတွေးတွေ ဘေးဖယ်ထားပြီး အလှပြင်ရအောင်ပါ ။ မွေးလာတဲ့မျက်နှာ ဘယ်လိုဖြစ်နေပါစေ ၊ ကြည့်ကောင်းအောင် လှနေအောင် ပြင်ဆင်လို့ရနေပါပြီမို ့ အလှပြင်ဖို့ပဲ တိုက်တွန်းချင်ပါတယ် ။
မျက်နှာနဲ့ပတ်သတ်လျှင် အခြေခံအကျဆုံးနဲ့အဓိက အကျဆုံးကတော့ သန့်စင်မှုပါပဲ ။ အခု မျက်နှာသစ်ခြင်း အကြောင်း လေ့လာမှတ်သားထားသမျှ ပြန်ပြောပေးပါ့မယ် ။
အမျိုးသမီးထုအတွက် ရည်ရွယ်ခဲ့ပေမယ့် မျက်နှာသစ်ခြင်း ၊ မျက်နှာသန့်စင်ခြင်းကိုတော့ အမျိုးသားရော ၊ အမျိုးသမီးပါ လုပ်နိုင်တာကြောင့် ဒီအကြောင်းရာလေးကို ပထမဆုံး ပြောပေးချင်ပါတယ် ။ မျက်နှာသစ်တာ ဒီလောက်လွယ်တာများလို့ ထင်ကောင်းထင်ပါလိမ့်မယ် ။ သမန်ကာလျှံကာ ပြောလျှင်တော့ မျက်နှာသစ်တာ အရမ်းလွယ်ကူ ရိုးရှင်းပါတယ် ။ ဒါပေမယ့်လည်း ကိုယ့်မျက်နှာကို ထိရောက်တဲ့ သန့်စင်မှုမျိုးရဖို့ အဆင့်ဆင့် လုပ်ဆောင်မှုတွေနဲ့ မျက်နှာသစ်ချင်တဲ့ လူတွေအတွက်တော့ သိသင့်တဲ့အချက်လေးတွေပြောပေးမှာပါ ။
မျက်နှာမသစ်ခင် ကိုယ့်မျက်နှာအသားရည်က ဘယ်အမျိုးစားလည်း သိထားသင့်ဖို့ လိုပါတယ် ။ ယေဘုယျအားဖြင့် မျက်နှာ အသားရည်ကို အဆီပြန်တဲ့ အသားရည် ၊ ခြောက်သွေ့တဲ့ အသားရည်၊ ပေါင်းစပ်အသားရည် / ပုံမှန်အသားရည်လို့ ခွဲခြားပါမယ် ။ ထူးခြားတဲ့ အသားရည်ကတော့ ထိခိုက်လွယ်အသားရည်မျိုးပေါ့ ။ ကိုယ့်အသားရည်ပေါ် မူတည်ပြီး မျက်နှာသစ်တဲ့အခါ အသုံးပြုမယ့် ဆပ်ပြာကွာခြားမှာကြောင့် ကိုယ့်အသားရည် ဘယ်အမျိုးစားလဲ သိထားသင့်ဖို့ လိုပါလိမ့်မယ် ။
အဆီပြန်တဲ့ အသားရည် (oily skin)
လွယ်လွယ်ခွဲခြားနည်းပြောရလျှင်တော့ ….. တချိန်လုံးကိုယ့်အသားရည်က ဆီပြန်နေလျှင် ၊ မိတ်ကပ် သနပ်ခါး မစွဲလျှင်တော့ သေချာပါပြီ ၊ အဆီပြန်တဲ့ အသားရည်မျိုးပါ ။ တခု သတိထားကြည့်ရမှာက မျက်နှာတပြင်လုံး အဆီပြန်တတ်တာလား ၊ ဒါမှ မဟုတ်တချို့သော အစိတ်ပိုင်းတွေလောက်ပဲ အဆီပြန်တာလားဆိုတာပါ ၊ အထူးသဖြင့် T zone လို့ခေါ်တဲ့ နှဖူးနဲ့ နှာခေါင်းတဝိုက်ပဲဆီနည်းနည်းဝေ့နေလျှင်တော့ ပေါင်းစပ်အသားရည် combination skin လို့သတ်မှတ်ရပါမယ် ။ combination skin ကတော့ ပြသနာမရှိလှပါဘူး ။ ကိုယ်သာ oily skin ဆိုလျှင် ဂရုစိုက်ဖို့ လိုလာပါပြီ ။ ဝက်ခြံတွေ ထူလဗျစ်ထွက်တတ်တဲ့ အသားရေမျိုးမို့ ဂရုတစိုက်သန့်စင်ပေးရပါမယ် ။ ချွေးပေါက်ထဲ ဆီတွေကျန်နေတတ်တာကြောင့် double cleansing လုပ်ပေးရပါမယ် ။oily skin ဖြစ်တာကြောင့် ဆီတွေက သာမန်သန့်စင်ရုံနဲ့ မပြောင်တာကြောင့် double cleansing လုပ်ဖို့ လိုတာပါ ။ cleanser သုံးပြီး ဆီတွေကို ဖယ်ရှားရပါမယ် ပြီးမှသာ မျက်နှာသစ်ဆပ်ပြာနဲ့ ဆေးကြောပေးရပါမယ် ။ cleanser ရွေးချယ်မှု အပိုင်းမှာလည်း type ရွေးမှန်ဖို့လိုပါတယ် ။ oily skin တွေအတွက်တော့ foaming type or gel type cleanser အမျိုးစားတွေ ရွေးချယ်သင့်ပါတယ် ။ အနည်းဆုံး တနေ့ကို ၂ကြိမ် (မနက်တကြိမ် ၊ ညတကြိမ်) မျက်နှာသစ်ပေးဖို့ လိုအပ်ပါတယ် ။ ဆီပြန်တဲ့အသားရည်ဖြစ်တာကြောင့် အချိန်ရတိုင်းမျက်နှာသစ်စရာတော့မလိုပါဘူး ၊ မလိုအပ်ပဲ အကြိမ်ကြိမ် မျက်နှာသစ်ခြင်းကလည်း မျက်နှာပြင်မှာရှိတဲ့ PH levelကို ပြောင်းလဲစေတာကြောင့် အလွန်မင်းမျက်နှာသစ်ခြင်းကြောင့်လည်း အဆီပိုတွေ ထွက်စေပါလိမ့်မယ် ။ တန်ဆေး လွန်ဆေးဆိုသလိုပါပဲ အလွန်ကျွံမဖြစ်သင့်ပါဘူး ။ oily skin တွေမျက်နှာသစ်လျှင် ညှင်သာစွာသန့်စင်ပေးဖို့လိုပါလိမ့်မယ် ဆီပြောင်ချင်ဇောနဲ့ အတင်း ဖိ ပွတ်တိုက်တာမျိုးကို ရှောင်ကျဉ်သင့်ပါတယ် ။
ခြောက်သွေ့တဲ့ အသားရည် ( dry skin )
ဆောင်းတွင်းမဟုတ်တဲ့ ရာသီဥတုမျိုးမှာတောင် အရေပြားတွေ ခန်းခြောက်နေမယ် ၊ အဖတ်တွေလန်မယ် ကြည့်ရတာ ခြောက်ခြောက်သွေ့သွေ့ အရောင်နည်းနည်းမွဲနေမယ်ဆို dry skin လို့သတ်မှတ်ပါမယ် ။ တနေ့ ၂ကြိမ်မျက်နှာသစ်သင့်တယ်ဆိုပေမယ့် ဒီလို အသားရည်မျိုးအတွက်ကတော့ ညဘက်ကိုသာ clenser သုံးပြီး သစ်ဖို့ အကြံပေးချင်ပါတယ် ။ ကျွန်မကိုယ်တိုင်က dry skin အသားရည်ထဲပါပါတယ် ဒါကြောင့် မျက်နှာသစ်ပြီးချိန် moisture တခု ထပ်သုံးလေ့ရှိပါတယ် ။ ဒီလို dry skin မျိုးက ချွေးပေါက်တွေ အကျဉ်းဆုံးမို့ ဝက်ခြံဖြစ်စေမှု ရာနှုန်းနည်းတယ် ဆိုပေမယ့် ကျွန်မကတော့ စိတ်ဖိစီးမှုများတိုင်း အဖုတွေထွက်လေ့ရှိတယ် ။ dry skin တွေရှိတဲ့လူတွေကတော့ cleanser ကို cream type သုံးသင့်ပါတယ် ။ မိတ်ကပ်တွေ heavy လိမ်းထားပြီးပြန်ဖျက်ချိန်ကလွဲလျှင် ညဘက်တကြိမ်လောက်သာ cleanser သုံးသင့်ပါတယ် ။ သူလည်း double cleansing လုပ်လို့ရပါတယ် ။ cleanser သုံးမျက်နှာသန့်စင်ပြီး စေးကပ်ကပ်ဖီလင်ကို မကြိုက်ကြလို့ မျက်နှာပြန်သစ်လေ့ရှိကြတာပါ ။ မျက်နှာသစ်ဆပ်ပြာပျော့လေးနဲ့ မျက်နှာသစ်သင့်ပါတယ် ။ ညဘက် မျက်နှာသစ်ပြီးချိန်တော့ moisture လေးလိမ်းပေးသင့်ပါတယ် ။ ညအိပ်ချိန်မှာ skin repair လုပ်တာမို့ moisture လိမ်းပေးခြင်းဖြင့် ကိုယ့်အသားရည်ကို ဂရုစိုက်သင့်ပါတယ် ။
ပေါင်းစပ် အသားရည် (combination skin)
မျက်နှာပြင်တခုလုံး အဆီပြန်နေတာ မဟုတ်ပဲ ၊ တချို့သော မျက်နှာပြင် အစိတ်ပိုင်း အထူးသဖြင့် နှဖူးနဲ့ နှာခေါင်း တဝိုက်သာ အဆီပြန်လေ့ရှိတဲ့ အသားရည်မျိုးကို ဆိုလိုပါတယ် ။ အဲ့ဒီနေရာတွေကို T zone လို့ခေါ်ပါတယ် ။ သူလည်း ယေဘူယျ တနေ့ နှစ်ကြိမ်ပဲ မျက်နှာသစ်သင့်တယ် ။ တစိတ်တပိုင်း အဆီပြန်တဲ့ အသားရည်ဖြစ်တာကြောင့် Tzone တဝိုက်ဝက်ခြံထွက်မှာ စိတ်ပူရလို့ အဲ့ဒီနေရာတွေကို မျက်နှာသစ်တော့မယ်ဆို ကျန်အစိတ်ပိုင်းထက်ပို ဂရုစိုက်သင့်ပါတယ် ။ မျက်နှာတပြင်လုံးရဲ့ Tzone မှာရှိတဲ့ ချွေးပေါက်လေးတွေကျယ်လေ့ရှိတာကြောင့် ဆားဝက်ခြံ အဖြစ်များတတ်ပါတယ် ။ cleanser သုံးပြီးမျက်နှာသစ်တဲ့အခါ foaming type မသုံးသင့်တာကိုတော့ ဂရုပြုရပါမယ် ။ သူက combination skin ဖြစ်တာကြောင့် moisture လိမ်းဖို့ လိုအပ်ပါတယ် ။ Tzone နေရာတဝိုက်သာ အဆီပြန်တာကြောင့် oily skin မဟုတ်လို့ ပေါ့ပေါ့တန်တန် နေလို့လည်း မဖြစ်ပါဘူး ။ ဂရုမစိုက်မိလျှင် oily လိုပဲ ဖြစ်လာတတ်ပါတယ် ။ မျက်နှာသစ်ပြီးချိန် moisture ခပ်ပါးပါးကို လိမ်းလို့2မိနစ်လောက် နှိပ်နယ်ပေးလျှင် သွေးလည်ပတ်မှုကောင်းစေတာကြောင့် ပေါင်းစပ် အသားရည်ပိုင်ရှင်တွေအတွက် အဆင်ပြေစေပါလိမ့်မယ် ။
ပုံမှန် အသားရည် (normal skin)
သူကတော့ ကံအကောင်းဆုံး အသားရည်ပါ အထူးတလည် ပြသနာ မပေး ၊ စိတ်ဒုက္ခမပေးတဲ့အသားရည်မျိုးပေါ့ ။ ချွေးပေါက်တွေလည်း ခပ်သိပ်သိပ် ၊ အဆီလည်းမပြန် ၊ အသားခြောက်ကွဲတာလည်း မရှိတာကြောင့် အရမ်း အဆင်ပြေတဲ့ အသားရည်မျိုးပါပဲ ။ နဂို အသားရည်ကောင်းတာမို့ မထိန်းသိမ်း ဂရုမစိုက်ပဲပစ်ထားလျှင်တော့ သူလည်း ပျက်ဆီးသွားမှာပါ ။ တခု သထိတားရမှာက ဒီလို အသားရည် ပိုင်ရှင်တွေက bar soapလို ဆပ်ပြာတွေ မသုံးသင့်ဘူး ။ bar soap တွေက PH level များတာကြောင့် အသားရည်ရဲ့ လက်ခံနိုင်တဲ့ PH ပမာဏထက်၂ဆနီးပါး ကျော်လွန်နေတာတွေကြောင့် သူ့ကိုသုံးပြီး မျက်နှာသစ်ပြီးတာနဲ့ အသားရည်ကို ခြောက်သွေ့ပြီး ပျက်ဆီးစေပါတယ် ။ အသားရည်ပေါ်က အရေးကြောင်းတွေ ထင်းလာမယ် ၊ ပါးရည်တွန့်လာမယ် ဒီလို ဆိုးကျိုးတွေဖြစ်လာမှာပါ ။ ဒါကြောင့်တွေ့ကရာ ဆပ်ပြာနဲ့ မျက်နှာသစ်ခြင်းကို ရှောင်ပေးသင့်ပါတယ် ။ တချို့သော bar soapတွေကတော့ မျက်နှာအတွက် တသီးတသန့် ထုတ်ထားတာမို့ အဲ့လိုproduct မျိုးဆို မျက်နှာတိုက်လို့ရပါတယ် ။ ဒီလို အသားရည်ပိုင်ရှင်တွေက တပတ်တခါလောက် ဆီလိမ်းပြီး မျက်နှာကို နှိပ်နယ်ပေးတာမျိုး ၊ night cream သုံးပြီး ဂရုစိုက်ပေးတာမျိုးလောက်နဲ့ အဆင်ပြေပါတယ် ။
ထိခိုက်လွယ် အသားရည် ( sensitive skin )
လွယ်လွယ်ပြောရလျှင် ဓါတ်မတည့်မှုတွေ ဖြစ်လေ့ရှိတဲ့ အသားရည်မျိုးပါ ၊ တွေ့ကရာ ကြုံသလို သုံးလို့ မဖြစ်တဲ့ အသားရည်မျိုးမို့ အတော်လေးဂရုစိုက်ရပါတယ် ။ အရည်ပြားရဲ့ အပေါ်ဆုံးအလွှာ epidermis မှာ ဆဲလ်တွေခမ်းခြောက်ပျက်ဆီးပြီး ပုံမှန်အလုပ်မလုပ်လေ့ရှိတဲ့အခါ ပထမဆုံးအလွှာရဲ့အောက်မှာရှိနေတဲ့ dermis ဆိုတဲ့အလွှာနဲ့ပြင်ပလေထုကြားကို အဟန့်တားဖြစ်စေတာကြောင့် အရေပြားယောင်ရမ်းခြင်းတွေ ဖြစ်စေပါတယ် ဓါတ်မတည့်တာတွေဖြစ်စေတယ်လို့ မှတ်သားဖူးပါတယ် ။ မိမိအသားရည်နဲ့ တည့်မတည့် အရင် စမ်းပြီးမှသာcosmetic တွေ ၊ skincare တွေဝယ်သင့်ပါတယ် ။ organic ကနေထုတ်ထားတဲ့ product မျိုးတွေသုံးသင့်ပြီး အနံ ့မပါတာမျိုးတွေ alcohol မပါတာမျိုးတွေ ရွေးသင့်ပါတယ် ။ ကျွန်မသူငယ်ချင်းတယောက်ဆို သူ့ရဲ့ sensitive skin အတွက် baby care product တွေသာ ရွေးသုံးခံရတယ် ။ ကိုယ်နဲ့ တည့်မတည့်သိအောင် လည်ပင်းမှာ စမ်းပြီး ဓါတ်မတည့်မှု allergic မဖြစ်မှသာ သုံးသင့်ပါတယ် ။ ရေနွေးခပ်ပျော့ပျော့နဲ့ မျက်နှာသစ်ပေးလို့လည်း ရတယ် ။ mild cleanser type မျိုးသုံးသင့်ပါတယ် ။ cleanser ကို လက်ဖဝါးနှစ်ဖက်ပေါ် အရင် တင်ပြီးမှ မျက်နှာပေါ်ကိုapply လုပ်ပေးသင့်တယ် ။ ပါးနှစ်ဖက်နဲ့ နှဖူးတဝိုက်ကို စက်ဝိုင်းပုံသဏ္ဍန်နှိပ်နယ်ပြီးသုံးပါက သွေးလည်ပတ်မှု ကောင်းစေပါတယ် အကြမ်းပတမ်းတော့ ဖိနှိပ်မှု မလုပ်ဖို့ သတိထားသင့်ပါတယ် ။ မျက်နှာကို ဂရု တစိုက်သစ်သလိုပဲ ၊ ညအိပ်ချိန်မှာ မျက်နှာနဲ့ ထိတွေ့နေရတဲ့ ခေါင်းအုံးတွေရဲ့သန့်စင်မှုကိုလည်း ဂရုစိုက်ရပါမယ် ။
ဘယ်လို အသားရည်ပိုင်ရှင်ဖြစ်ဖြစ်ပါ ဘယ် product အသစ်ကိုမဆို မျက်နှာပေါ်မတင်ခင် လက်ကောက်ဝတ်လိုနေရာ လည်ပင်းလိုနေရာမျိုးမှာ စမ်းပြီးမှသာ မျက်နှာပေါ်တင်သုံးသင့်ပါတယ်။ ကဲ အခုဆို အသားရည်ခွဲခြားနည်းလည်း သိပြီမို့ မိမိအသားရည်နဲ့ ကိုက်ညီတဲ့ product တွေသုံးပြီး မျက်နှာသစ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ။ ကြည်လင်သန့်စင်တဲ့ မျက်နှာလေးများကို ပိုင်ဆိုင်ကြပြီး မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ဆုမတောင်းပဲ ပြည့်ကြပါစေနော် ။ 😀
8 comments
ဦးကျောက်ခဲ
August 22, 2016 at 3:13 pm
တို့များတော့ အသားတော်ကဉ္စနက အနက်နုရောင်ဝင်းတာမို့ အပိုတွေမလိုပေါင်…
တချို့တွေများ … ဆန်ဆေးရေနဲ့သစ် ၊ သခွါးသီး/ခရမ်းချဉ်သီး ကပ်လိုကပ်…
ကော်ဖီ ထောပတ်သီးတွေနဲ့ ပွတ်လိုပွတ် … ရှုပ်ယှက်ခတ်နေတာပဲ… :k:
Tawwin Pan
August 22, 2016 at 5:59 pm
ကိုယ့်အသားအရေက ဘယ်အမျိုးအစားထဲမှာပါလဲဆိုတာမခွဲတတ်ပါဘူးလေ…
မွဲခြောက်အဆီပြန်တဲ့အသားအရေမျိုးဆိုတော့ ဘယ်အထဲမှာပါလဲ အလင်းပြပါဦး…..
ဝက်ခြံတော့မပေါက်…စိတ်ရှုပ်လာတဲ့အချိန် အဖုလေးတွေပေါက် ..သနပ်ခါးတို့ထားရင် ခြောက်ပြီးကြွေသွားကော……..
လုံမလေးမွန်မွန်
August 24, 2016 at 3:53 pm
ကိုယ့်ကိုကိုယ်တော့ ခြောက်တဲ့အသားရည်ထဲပါတယ် ထင်တာပဲ . . စိတ်ဖိစီးမှုများရင် ဝက်ခြံပုန်းထွက်တာကလွဲလို့ ဝက်ခြံဖြစ်ခဲတယ် . . ခုဆို whitening ထက် moisture ပါတာကို အဓိကထားဝယ်ဖြစ်တယ် . . cleansing မသုံးဘဲ ရိုးရိုး facial foam နဲ့ သစ်ရင်လည်း အဆင်ပြေတယ်မို့လားဟင်
အောင် မိုးသူ
August 30, 2016 at 12:24 pm
အဆီပြန်တဲ့ အသားအရေပါ။
Ma Ei
September 1, 2016 at 12:44 pm
မျက်နှာမြင် ချစ်ခင် ဆိုသူတွေထဲ မပါတာသေချာတဲ့ပြင် သူ့လုပ်စာ တကမ္ဘာလုံးစားနေတယ်များထင်နေသလားလို့တောင် ပြောခံရသူပါ
ကိုယ့်ပေါ် မကောင်းသူကိုလဲ အကူညီတောင်းလာရင် မညင်းခဲ့ ပြန်မချေတတ်သူ၊
တဆယ်ကောင်းရင် တရာပြန်ပေးတတ်သူ ဆိုတာ သူတို့ တကယ်မသိကြလို့ပါ ၊မသိကြပါစေနဲ့….
မျက်နှာကတော့ ဆီပြန်တဲ့ အသားအရေဆန်ပါတယ် ဝက်ခြံမထွက်ပါဘူး ကံကောင်းခြင်တော့ ဆီပြန်ရင် တစ်ရှူ းနဲ့သုတ် ခရင်ပတ်ဖ် ရိုက်တာနဲ့တင်အဆင်ပြေ…
uncle gyi
September 8, 2016 at 3:33 pm
မ ျက်နှာသစ်ဆေးကုမ်ပဏီကလာကြော်ငြာသလားထင်ရအောင်ကိုစုံလင်ပါပေ့
ဘာပြောပြောတကိုယ်ရေသန့်ရှင်းတာကောင်းတာပါပဲလေ
ကိုယ်တိုင်တော့တနေ့ကိုမနက်တခါရေခ ျိုးရင်တခါ၂ခါပဲသစ်ဖြစ်ပါရဲ့
ဘာမှတော့မဖြစ်ဖူးဘူး
ဇီဇီခင်ဇော်
September 16, 2016 at 12:33 pm
အမက ပေါင်းစပ်အသားအရည်။
သိပ်စိတ်ညစ်ဖို့ကောင်းဒေ။
ချွေးပေါက်ကလည်း ကျယ်သေးး
😥
ကြောင်ဝတုတ်
September 16, 2016 at 2:57 pm
အစ်မကြီးက ပေါင်းစားတဲ့အသားအရည်လား…
ကျုပ်က ဟမ်ဘာဂါမှတ်လို့ကြည့်နေတာ… လက်စသတ်တော့ ငုံထားတာ ပေါက်စီ (၂)လုံးကိုး…
လစ်ပြီ…ဝှစ်…ဝှစ်…