စာမရေးတတ်တဲ့ ကောင်မလေးရဲ့ ကဗျာ
☆ ပျိုမျစ်နုပျိုတဲ့ နေ့တစ်နေ့
ကောင်းကင်ကြီးက ပြာလဲ့လဲ့
အိပ်မက်တွေကလည်း မက်ကောင်းတုန်းမှာ …
ကျွန်မဟာ သူငယ်ချင်းတစ်ယောက်ကို ကောက်ရခဲ့တယ်။
☆ သူဟာ အရောင်အဆင်း မရှိပေမဲ့
နူးညံ့မှုအသွင်နဲ့ နက်ရှိုင်းတယ်
ပုံဖော်ပြလို့မရပေမဲ့ သူ့ကိုတော့ လူတိုင်းသိတယ်။
☆ သူ နဲ့ ကျွန်မဟာ
တဖြည်းဖြည်းနဲ့ ရင်းနှီးကျွမ်းဝင်လာလိုက်တာ
သူမရှိရင် ကျွန်မဘဝကြီးပျက်လေမလားတောင် ထင်မိပါရဲ့
ကျွန်မကတော့ သူ့ကို နာမည်တပ်လိုက်တယ်
‘အချစ်’ လို့လေ။
☆ သို့သော်…
အိုမင်းရင့်ရော်လာတဲ့ နေ့တစ်နေ့
ကောင်းကင်ကြီးက မှုံမှိုင်းမှိုင်း
အိမ်မက်တွေလည်း ပျောက်ဆုံးသွားတဲ့ အချိန်မှာတော့
အချစ် နဲ့ ကျွန်မ စီးချင်းထိုးကြတယ်။
☆ အချစ်ကြောင့် ကျွန်မ ဝမ်းနည်းပူလောင်ရတယ်။
အချစ်ကြောင့် ကျွန်မ နာကျင် ခံပြင်းရတယ်။
အချစ်ကြောင့် ကျွန်မ ကြေကွဲ လွမ်းဆွတ်ရတယ်။
အချစ်ကြောင့် ကျွန်မ တဖတ်သတ် ရူးသွပ် ခဲ့ရတယ်။
☆ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတဲ့ နေ့တစ်နေ့…
သံယောဇဉ်တွေ ခရီးသွားကြတဲ့ နေ့တစ်နေ့…
မာနက ဧည့်သည့်အဖြစ် ရောက်လာတဲ့ နေ့တစ်နေ့…
အဲ့ဒီ့နေ့မှာ
အချစ် နဲ့ ကျွန်မ လမ်းခွဲလိုက်တယ်။
☆ သို့နောက်….
အစဉ်အလာတွေကို မေ့ပစ်… ဘဝကြီးကို အရွဲ့တိုက်လို့
အပေအတေ….ဂျစ်ကန်ကန် ကျွန်မ
ချစ်ခြင်းတရားရဲ့ အဝေးမှာ နေထိုင်ခဲ့လေတယ်။
☆ ခက်ပြန်တာက…
ချစ်ခြင်းတရားက အခု ကျွန်မနေထိုင်ရာအရပ်သို့
ပြောင်းရွေ့လာပြီး …
ကျွန်မကို မျက်စပစ်ပြနေတယ်။
12 comments
Foolish Girl
October 19, 2016 at 5:25 pm
အချစ် က ကျွန်မအနားကို ညံ့မှုအသွင် ချည်းကပ်လာတယ်
အချိန်ကြာလာတာနဲ့အမျှ
အချစ် နဲ့ ကျွန်မ စီးချင်းထိုးကြရပြန်တယ်
နောက်ဆုံးတော့
အချစ် နဲ့ ကျွန်မ လမ်းခွဲလိုက်တယ်
လမ်းခွဲပြီးပြန်တော့လည်း
အချစ်က ကျွန်မကို မျက်စပစ်ပြနေပြန်တယ်
Kabyar Phyu Phyu
October 26, 2016 at 2:53 pm
အနှစ်ချုပ်
သျှားသက်မာန်
October 20, 2016 at 3:06 pm
ကောင်းတယ်ဗျို ့
Thint Aye Yeik
October 21, 2016 at 3:12 pm
ဘယ်သူ ငြင်းမလဲ
ကဗျာတွေဟာ ဝတ္ထု မဆန်ရဘူးလို့။
ပုံပြင်ဆန်သင့်ရင်တောင် သေသေချာချာ ပုံပြင်ဆန်ရမှာပဲ။
ဒါက ပိုစ့်မော်ဒန်ခေတ်အလွန် အနုပညာ
ကိုပေါက်(မန္တလေး)
October 22, 2016 at 6:55 am
စကားပြေက စကားလုံးများကို
ပြေလျောစွာ စီးဆင်းစေခြင်း။
ကဗျာဆိုတာက နိမိတ်ပုံ စကားလုံးများကို
ရွတ်ဆိုနိုင်အောင် အသံဖြင့်ချိတ်ဆက်စေခြင်း
ပုံပြင်ဆိုတာ ဆုံးမစကား မှတ်သားစရာပါသော
အကြောင်းအရာကို
တစုံတစ်ယောက်ကပြောပြနေခြင်း
Thint Aye Yeik
October 22, 2016 at 10:03 am
.မော်ဒန်ခေတ်ဦးမှာကတည်းက မော်ဒန်ဝါဒီအနုပညာသမားတွေက
ဗျာ/ပြေ တံတိုင်းကို ဖြိုပစ်လိုက်ပြီး ကဗျာတွေ စကားပြေဆန်လာခဲ့တယ်။
မောဒန်အလွန် ပိုစ့်မော်ဒန်ခေတ်ထဲ ဝင်လာတော့ ပိုင်းစစိတ်မွှာခြင်းဆိုတဲ့ အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်မှုကို ကိုင်စွဲပြီး ကဗျာတွေ စကားပြေဆန်ရုံမျှမက ဝတ္ထုဆန်လိုဆန် ပုံပြင်ဆန်လိုက ဆန်
ဘာမှ မဆန်လိုက မဆန်ခွင့် ရှိတယ် ဆိုပြီး
နောက်ဆုံးမှာ ကဗျာကို ဘာသာစကား အက္ခရာနဲ့ မရေးဘဲ တခြား ညွှန်းဆိုပြမှုတွေ သုံးကြ ဖန်တီးပြကြ ခံစားကြနဲ့ တအံ့တဩကြးကို ဖြစ်ကရော။
ဝင့်ပြုံးမြင့်
October 22, 2016 at 3:13 pm
ကဗျာပဲ ဖြစ်ဖြစ်၊ စကားပြေပဲ ဖြစ်ဖြစ်၊ သဘောတရားတွေထက် ရင်တွင်းဖြစ်စစ်စစ် ဆိုမှ ကောင်းတာရယ်။ မဟုတ်ရင် စုတုပြုမော်ဒန် ၊ စုတုပြဲ ပို့စ်မော်ဒန်၊ စုတုခရု သရုပ်လွန်တွေ ဖြစ်ကုန်ရင် စကားလုံး အစုအဖွဲ့ ကြီးပဲ ဖြစ်နေမှာပေါ့လို့ . .
—
ရွာသူအသစ် ကဗျာဖြူဖြူရဲ့ အခုကဗျာလေးကတော့ ကောင်းမှကောင်း။
Thint Aye Yeik
October 22, 2016 at 10:15 pm
ဟွှာလေ
ဒူးရွန့်က ကျင်ငယ်စွန့်တဲ ကြွေခွက်ကို လက်ညှိုးထိုးပြပြီး
ဒါ ပန်းပုအနုပညာကွ လို့ ပြခဲ့တာ. . . .
အဲ့ဒါ ”ရင်တွင်းဖြစ်” ဟုတ် မဟုတ်
ငြင်းကြမလား အမတော်။
ငြင်းကြေးဆို တခြား ဥပမာတွေပါ ထည့်ပြောကြေး
:k:
ပုံ
ပိုစ့်မော်ဒန်ထက် ပို ခေတ်ရှေ့ပြေးချင်နေတဲ့ အနုပညာဝါသနာအိုး
သူရ
Kabyar Phyu Phyu
October 26, 2016 at 2:58 pm
တကယ်တော့ ကိုယ်ဟာ ကဗျာဆိုတာဘယ်လို .. စကားပြေဆိုတာဘယ်လို တိတိကျကျရယ် မသိဘူး … ခေါင်းထဲမှာ တခါတခါ စကားလုံးတွေပေါ်လာရင် ချရေးဖြစ်တယ်.. ကိုယ်မှာ စာရေးဖို့ talent ပါရဲ့လားတောင် တခါတခါ သံသယဝင်မိတယ် ..
ကိုပေါက်(မန္တလေး)
October 22, 2016 at 6:50 am
အချစ်အသစ်ပြန်လည်မွေးဖွားခြင်းကို
လှလှပပလေးဖွဲ့ဆို
Foolish Girl
October 26, 2016 at 4:14 pm
မချစ်ရင်မနေနိုင်တာကလွဲလို့ 😛
ကိုပေါက်(မန္တလေး)
October 27, 2016 at 6:32 am
ရင်ထဲမှာ
စာရေးချင်စိတ်
ပြင်းထန်လာရင်
အထူးစဉ်းစားစရာမလိုဘဲ
စကားလုံးတွေက
အလိုလို ထွက်လာပါတယ်
အဲ့လို့အချိန်မျိုးမှာ
ပုံသဏ္ဍန်တွေဘာတွေမစဉ်းစား
မိမှာကတော့သေချာပါတယ်။
စာကောင်းတစ်ပုဒ်ထွက်ဘို့
အနပညာ လိပ်ပြာနိုးဘို့လိုပါတယ်။
ဒါကျနော့်အမြင်ပါ