“မပြန်လမ်း”တဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်…

alinsettNovember 22, 20161min80616

 

 

16-32-24-z

 

 

 

 

 

 

 

 
“မပြန်လမ်း”တဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်…
——————————————————-

(ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းကြီးနဲ့ ပတ်သက်ပြီး ပြောချင်တဲ့ ကိုယ့်အမြင်တွေ ရှိပါတယ်။
ဘယ်နှစ်ကြိမ်မှန်း မရေတွက်နိုင်အောင် ကိုယ်တိုင် ကားမောင်းပြီး ဖြတ်သွား ဖြတ်လာ လုပ်အပြီးမှာ … ဒီလမ်းကြီးနဲ့
ပတ်သက်ပြီး တွေးမိတာတွေ/မြင်မိတာတွေကို မှတ်တမ်းကျန်အောင် စာတစ်ပုဒ် ရေးထားခဲ့မယ်လို့ ဆုံးဖြတ်ပြီး ဒီစာကို ရေးပါတယ်။)

ရန်ကုန်ကနေ နေပြည်တော်- ဒါ့အပြင် နေပြည်တော်ကနေ တောင်တွင်းကြီး-မကွေး-နတ်မောက်- မိတ္ထီလာ စသည်ဖြင့်
မြို့တွေ မြို့တွေကို သွားတာရော ပြန်တာရောမှာ … နီးစပ်ရာ အလျဉ်းသင့်တဲ့နေရာကနေ အမြန်လမ်းပေါ်ကို ဖြတ်တက်ပြီး သွားရ ပြန်ရ၊
အဲဒီအခါတိုင်း အမြန်လမ်း တောက်လျှောက်မှာ မြင်ရသမျှက… ပြုပြင် ပြောင်းလဲသင့်တဲ့ စည်းစံနစ်တွေအပြင် လမ်းအသုံးပြုသူတွေရဲ့
အမူအကျင့်တွေကိုလည်း ထောက်ပြ/ ဝေဖန်စရာတွေ ရှိလာလေရဲ့။

============================================================

ပြောရမယ်ဆိုရင် ကဏ္ဍအလိုက် ခွဲ ပြောရပါမယ်။ လမ်း တည်ဆောက်မှုအပိုင်းကတော့ “ပြီးပဟေ့ သွားကြ လာကြ”ဆိုပြီး
ဖြတ်သန်းသွားလာခွင့် ပေးလိုက်ပြီ။ သွားကြ/လာကြ ယာဉ်မတော်တဆမှုတွေ ဖြစ်လိုက်ကြနဲ့ နှစ်ပေါင်းလည်း မနည်းမနော ရှိနေခဲ့ပြီ။
ဒီနေ့အထိ အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုတွေ သေကြေပျက်စီးမှုတွေ မကြာခဏ ဖြစ်နေတာကို မြင်ရ/ ကြားရတုန်း ဆိုတော့ …
အဖြေရှာ ကြည့်ဖို့ လိုပြီ။

ကျနော့်အနေနဲ့ကတော့ ပညာရှင်တစ်ယောက် မဟုတ်တဲ့အတွက် အမြန်လမ်းကို ပညာရပ်ဆန်ဆန် ဝေဖန် ထောက်ပြနိုင်စရာ မရှိ။
ရပ်ကွက်ထဲ ဒေါ်ဖွားမေအိမ်မှာ ကပ်နေပြီး ကားမောင်းစားရသူတစ်ယောက် အမြင်မျိုးနဲ့ပဲ ပြောချင်လာတာကို/ပြောချင်လာတဲ့ အခိုက်အတန့်မှာ/
ပြောတတ်သလို ပြောကြည့်တာပါပဲ။

===========================================================
လမ်းအနေအထားကို အရင် ဝေဖန်ရရင်… အမြန်လမ်းဆိုတဲ့ အခေါ်အဝေါ်အနေနဲ့ဆိုရင်… စိတ်ချလက်ချ အမြန်မောင်းလို့ ရတဲ့
အနေအထား မရှိပါဘူးလို့ ဝေဖန်ရပါမယ်။

(တခြားနိုင်ငံတွေမှာ အမြန်လမ်းတွေပေါ် တစ်နာရီ ကီလိုမီတာ ဘယ်လောက်နှုန်းထိ မောင်းခွင့် ပြုထားသလဲ၊ နောက်ပြီး အဲဒီ
အရှိန်နှုန်းနဲ့ မောင်းနိုင်ဖို့ လမ်း အကျယ် ဘယ်လောက် ရှိသလဲ ဆိုတာကို သိသူများ နှိုင်းယှဉ်ပေးကြပါ။)

ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းကတော့ km/h 100 ကျော်လွန်ပြီး မောင်းခွင့် မရှိဘူးလို့.. သတ်မှတ်ထားပါတယ်။
“100 km/h ထက် ကျော်လွန် မောင်းနှင်ပါက အသက်ဆုံးရှုံးနိုင်သည်” ဆိုတဲ့ သတိပေး ဆိုင်းဘုတ်တွေတောင် ထောင်ထားပါတယ်။

ကျနော့် အမြင် အရတော့ ဒီလမ်းရဲ့ လက်ရှိ အကျယ်အဝန်းအတွင်းမှာ 100 ကျော် မောင်းခွင့်ရှိရင်တောင် မမောင်းသင့်ဘူးလို့
ယူဆပါတယ်။ ဘာလို့လဲ ဆိုတော့ လမ်းက ကျဉ်းပါတယ်။ အသွားနဲ့ အပြန်ကို လမ်းအလယ်ကျွန်းကြီးတွေနဲ့ ပိုင်းခြားထားပြီး နှစ်စီးစီ ယှဉ်မောင်းလို့
ရအောင်(နှစ်လမ်းမောင်း လို့ ခေါ်ကြပါတယ်။ အမှန်က တစ်ဖက်တစ်ချက်စီအတွက်”နှစ်စီးမောင်း”လမ်း လို့ ခေါ်ရမယ်ထင်ပါတယ်/ပေါင်း လေးစီးမောင်းလမ်းပေါ့လေ) လုပ်ထားပေမဲ့ ……………………………….
တစ်စီးနဲ့ တစ်စီး ဘေးချင်းကပ် ယှဉ်မောင်းပြီး ကျော်တက် တဲ့အခါ အင်မတန် ကျဉ်းတဲ့ အနေအထားဖြစ်ပါတယ်။

ဥပမာ မန္တလာမင်းတို့ ရွှေစင်စကြာတို့လို ဘတ်စ်ကားကြီးက အရှေ့ကနေ km/h 80 (သို့မဟုတ်) 90 နဲ့ မောင်းနေတာကို အနောက်က
ကျနော်က 100 နဲ့ မောင်းလာရင်း… ကျော်တက်ချင်လာတယ် ဆိုပါစို့။ အနောက်ကနေ ကျော်တက်မှာဖြစ်ကြောင်း အချက်ပြပြီး သူ့ဘယ်ဘက်ခြမ်း
(လမ်းအလယ်ကျွန်းဘက်ခြမ်း)ကနေ ကပ်ပြီး ကျော်တက်ရပါတယ်။ အဲဒီ အခါ…ကိုယ့် ညာဘက်အခြမ်းမှာက ကားအကြီးကြီး၊ သူလည်း သူ့အရှိန်နဲ့
သူ မောင်းနေရင်း….၊ သူ့ဘေးကနေ ကိုယ်က ကျော်တက်ဖို့ ပြင်ရတော့ ကိုယ့်ကားဟာ ကားအကြီးကြီးတစ်စီးနဲ့ လမ်းအလယ်ကျွန်းကြီးရဲ့ ကြားမှာ
100 ဆိုတဲ့ အရှိန်ကြီးနဲ့ သွားနေရပါတယ်။

ကား ကျော်တဲ့အလုပ်ဟာ ငါးစက္ကန့်လောက်ပဲ ကြာပေမယ့် အဲဒီ ငါးစက္ကန့်လောက်အတွင်းမှာ မောင်းနေတဲ့ အရှိန်နဲ့ မမျှတဲ့
လမ်းကျဉ်းကလေးထဲ ရောက်နေတဲ့အတွက် အန္တရာယ် များလှပါတယ်။ ကားကြီးတွေရဲ့ ဘေးက ကပ်ရတာ သူတို့မှာ ပါလာတဲ့ လေ-အရှိန်ကလည်း
ရှိသေးတော့ သူ့ဘက်ခြမ်းလည်း သိပ် မကပ်ရဲ။ လမ်းအလယ်ကျွန်းဘက်လည်း သိပ်မကပ်ရဲ။ 100 လောက်နဲ့ မောင်းနေချိန် လမ်းအလယ်ကျွန်း
အုတ်ပလက်ဖောင်းလေးကို ထိများ ထိလိုက်လို့ကတော့ တစ်စက္ကန့်အတွင်းမှာ ကားက ဆယ်ပတ်လောက်လိမ့်ပြီး ဘဝတွေလည်း ဆယ်ဘဝလောက်
ဗြုန်းခနဲ ကူးသွားမယ့် သဘော ရှိပါတယ်။

ကျနော့်အမြင်တော့ ကားချင်း ကျော်တက်နေချိန်ဆို အရှိန်မြှင့်ပြီး ကျော်တက်ရတဲ့ကားဟာ ဘေး ညာဘက်မှာရှိတဲ့ ကားနဲ့
တစ်ပေလောက်ပဲ ကွာတော့ပါမယ်။ ကိုယ့်ဘယ်ဘက်က လမ်းအလယ်ကျွန်းလို့ ခေါ်တဲ့ ပလက်ဖောင်းနဲ့လည်း တစ်ပေလောက်ပဲ ကွာတော့ပါတယ်။
ဆိုတော့ ဘယ် ညာမှာ တစ်ပေလောက်စီပဲ ကွာတဲ့ အနေအထားလေးထဲကို km/h 100 နဲ့ ပြေးဝင်ရတာ ဖြစ်ပါတယ်။

ဒီတော့ 100 ပဲ မောင်းပါလို့ သတ်မှတ်ရင်တောင် စိတ်ချလက်ချ၊ အန္တရာယ်ကင်းကင်း မောင်းခွင့်ရဖို့ လမ်းကို လက်ရှိထက်
နည်းနည်း ချဲ့ဖို့ လိုပါမယ်။ 100 အထက် မောင်းချင်သူများအတွက်တော့ ဆိုဖွယ်ရာ မရှိ။

လမ်းကို ချဲ့ဖို့အတွက် (ကျနော့်အထင်) ကုန်ကျစရိတ် သိပ်မများဘဲနဲ့ ရနိုင်ပါတယ်။ လမ်းအလယ်ကျွန်းဟာ အင်မတန် ကျယ်နေပါတယ်။
အသွား အပြန်လမ်းကြီး နှစ်ခုရဲ့ ကြားမှာ ကားနှစ်စီးလောက် ယှဉ်သွားလို့ရတဲ့ အကျယ်အဝန်းနဲ့ ပလက်ဖောင်းကြီး (လမ်းအလယ်ကျွန်းကြီး)
ရှိနေပါတယ်။ အဲဒါကြီးကိုပဲ ဟိုဘက် တစ်ပေလောက် ဖြိုချ/ ဒီဘက်တစ်ပေလောက် ဖြိုချလိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်။

============================================================
နောက်တစ်ချက်က အဲဒီ လမ်းအလယ် ပလက်ဖောင်းကြီးတောက်လျှောက်ပေါ်မှာ သစ်ပင်တွေ စိုက်ထားတာပါ။ အဲဒီ သစ်ပင်တွေဟာ
ကားမောင်းသူတွေ အတွက် အနှောင့်အယှက် ဖြစ်ပါတယ်။ ဒီအတိုင်း သစ်ပင်ရဲ့ ကြားကနေ ဘာမှ ထွက်မလာဘူးဆိုရင်တော့ (သစ်ပင်ကြားကနေ
ဆိုင်ကယ်တွေ/ လူတွေ/ ခွေးတွေ ရုတ်တရက် တိုးထွက်လာလို့ “မရအောင်”လုပ်နိုင်ရင်တော့) အဲဒီ သစ်ပင်တွေ ရှိနေတာက ပြဿနာ မရှိပါဘူး။

အခု အခြေအနေက အမြန်လမ်းပေါ် လူများ/ခွေးများ ဖြတ်သန်း သွားလာနေတဲ့အပြင် ဆိုင်ကယ်တွေကလည်း ရုတ်တရက် ထိုး ထိုး
ထွက်လာတတ်တာကြောင့် လမ်းအလယ်ကျွန်းကြားကနေ ထိုးထွက်လာတဲ့ ဆိုင်ကယ်တွေ လူတွေ ခွေးတွေဟာ သစ်ပင်တွေ ကွယ်နေတဲ့အတွက်
ရုတ်တရက် မမြင်ရပါဘူး။ အရှိန်နဲ့ မောင်းလာတဲ့ ကားသမားဟာ ရုတ်တရက် သစ်ပင်အကွယ်ကြားကနေ ထွက်လာမယ့် အရာတွေကို ကြိုတင်
ရှောင်ရှားဖို့ အခွင့်အရေး မရပါဘူး။ ဆိုတော့ အနားနီးမှ ဘွားခနဲ ပေါ်လာတဲ့ လူ-ခွေး-ဆိုင်ကယ်တွေကို တိုက်ရင် တိုက်/ မတိုက်မိအောင် ရှောင်ရင်
100 ဆိုတဲ့ အရှိန်နဲ့ ကားဟာ လမ်းဘေး ထိုးဆင်းပြီး သေကြေပျက်စီးရပါတယ်။

ဆိုတော့ လမ်းအလယ်က သစ်ပင်တွေကို ဖယ်ရင်ဖယ်… (ဒါမှမဟုတ်) အဲဒီကြားထဲကနေ ဘာတစ်ခုမှ ထွက်လာလို့ မရအောင်
လုပ်ရင်လုပ် ၊ နှစ်မျိုးထဲက တစ်မျိုး လုပ်ရပါမယ်။ နှစ်မျိုးလုံး မလုပ်နိုင်သေးခင်မှာတော့ အဲဒီကြားက ထွက်လာတဲ့ လူတွေ၊ ခွေးတွေ၊ ဆိုင်ကယ်တွေနဲ့ ယာဉ်
မတော်တဆမှုတွေ ဖြစ်နေဦးမှာပါပဲ။

ည အချိန်တွေမှာ ပိုပြီးတော့ မတော်တဆမှုတွေ ဖြစ်နိုင်ပါတယ်။ မန္တလေးဘက်သွားနေတဲ့ ကားရဲ့ မီးကြီး
ထိုးထားတဲ့ အလင်းနဲ့ ရန်ကုန်ဘက် သွားနေတဲ့ကားရဲ့ မီးကြီး အလင်းနှစ်ခုအောက်မှာ တချို့သော လမ်းအလယ်က အရာတွေဟာ
ပျောက်နေတတ်ပါတယ်။ မပျောက်ရင်တောင် ရုတ်တရက် မြင်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ဒါကိုလည်း ထည့်စဉ်းစားရပါတယ်။
(သစ်ပင်တွေဟာ ဟိုဘက် ဒီဘက် မီးကြီးကို ကွယ်ပေးကောင်း ကွယ်ပေးနိုင်တယ်ဆိုပေမယ့် အဲဒီလို အသုံးဝင်ချင်ရင် အဲဒီကြားက ဘာမှ
ထိုးထွက်လာလို့ မရအောင်လည်း လုပ်ထားသင့်ပါတယ်။ လမ်းတည်ဆောက်တဲ့ ပညာရှင်တွေအနေနဲ့ ဘယ်အချက်ကို တွေးပြီး သစ်ပင်တွေကို
လမ်းအလယ်မှာ စိုက်ပေးထားတယ်ဆိုတာ ကျနော်မသိပါဘူး။ သိပ်တော့ အကျိုး မရှိဘူးလို့ ထင်ပါတယ်။
စိုက်ချင်သပဆို လမ်းဘေးမှာ စိုက်ပါတော့လား)

============================================================
လမ်းပေါ်ကို ဘာမှ ထိုးထွက်မလာအောင် လုပ်ဖို့ ဆိုတဲ့ပြဿနာကို စဉ်းစားလိုက်တော့ ထွက်လာတဲ့အရာတွေဘက်က ပြန်တွေးရပါမယ်။
အမြန်လမ်းဟာ သိတော်မူကြတဲ့အတိုင်း တောတွေ ရွာတွေကို ဖြတ်ပြီး တည်ဆောက်ထားတာပါ။ တချို့နေရာတွေမှာ မူလ ရွာတွေရဲ့
အလယ်ကနေ အမြန်လမ်းဆိုတာကြီး ဖြတ်သွားလို့ ဟိုဘက် ဒီဘက် ကွဲထွက်သွားတယ်ထင်ရဲ့။
ဟိုဘက်နဲ့ ဒီဘက် အော်ကြ ခေါ်ကြ၊
ပြေးလွှား ကူးကြနဲ့၊ သူတို့ အနေနဲ့ km/h 100 လောက် အရှိန်နဲ့ မောင်းလာတဲ့ ကားတွေ့ရှေ့မှာ ဟိုဘက်ဒီဘက် ပြေးလွှား ကူးနေကြရ၊
တချို့ကျတော့လည်း လူချည်းပဲ ကူးတာ မဟုတ်ဘဲ ဆိုင်ကယ်လေးနဲ့ ဝူးခနဲ ဝေါခနဲပေါ့။ တချို့ကျတော့လည်း ကလေးတို့လို့တွဲလောင်းတွေ/တချို့ကတော့ ထင်းစည်းကြီးတွေ ရွက်လို့. . .
——————————–

အဲဒီလို ဖြစ်နေတာတွေကို ဆက်တွေးကြည့်တော့ လုပ်ပေးရမှာ နှစ်ခုမက ရှိနေကြောင်း တွေးမိတယ်။

၁။အချက်က လမ်း ဟိုဘက် ဒီဘက်
ကူးမယ့်လူတွေ(ဆိုင်ကယ်တွေ)အတွက် သတ်သတ်မှတ်မှတ် ကူးရမယ့် နေရာတွေ ရှိသင့်တယ်၊

ကူးမယ့်သူတွေကလည်း အဲ့နား မရောက်မချင်း
တခြားနေရာတွေကနေ ဘွားခနဲ ဘွားခနဲ ထွက် မလာနဲ့ပေါ့။ ထွက်မရအောင်လည်း ကာရံတားဆီးသင့်ရင် ကာ၊ ကာဖို့ ရံဖို့ ငွေလိုမယ်။

ထင်တိုင်းကြဲပြီး
ထိုးထွက်ကြ ဖြတ်ကူးချင်ကြတဲ့လူတွေကို စောင့်ဖမ်းပြီး ဒဏ်ရိုက်၊ အဲဒဏ်ငွေနဲ့ ကာဖို့ ရံဖို့ ဆောက်သင့်တာဆောက်၊ မပိုင်ဘူးလား။

မတော်တဆ ဖြစ်သွားရင် အသက်တွေ အသက်တွေ ပေးရမှာမို့ ဒဏ်ငွေ ရိုက်ရင်လည်း ထိထိရောက်ရောက်ရိုက်ပေါ့။
အလုပ်မရှိ အကိုင်မရှိလို့ ဒဏ်ငွေလည်း မဆောင်နိုင်ပါဘူးဆိုတဲ့ ရွာသူားတွေအတွက်တော့ ထောင်ဒဏ်ပေါ့။

စည်းကမ်းလိုက်နာမှုတို့
နိုင်ငံကြီးသား ပီသမှုတို့နဲ့ အသားမကျသေးတဲ့ ဗမာနိုင်ငံသူနိုင်ငံသားတချို့အတွက်တော့ မှတ်လောက်သားလောက်ဖြစ်အောင်(နောင်. . . စည်းကမ်းဖောက်ရမှာ
ကြောက်အောင်) ပြင်းထန် ထိရောက်တဲ့ ပြစ်ဒဏ်ဆိုတာတော့ လိုမှာပဲ မဟုတ်ဘူးလား။

အဲ့လို ပြစ်ဒဏ်တို့ ဥပဒေ စည်းကမ်းတို့ကို ထုတ်တာနဲ့ တပြိုင်နက် လုပ်ရမယ့်
၂။အချက်ကတော့ အမြန်လမ်းတလျှောက်
ဖြတ်သွား ဖြတ်လာ ပြေးလွှား ကူးလူးနေကြတဲ့ နယ်ခံလူထုကို အသိပညာပေးရေးတွေ ထိထိရောက်ရောက် လုပ်ဖို့ပါ။

အခု အမြန်လမ်းပေါ်
”ဆိုင်ကယ် တက်မမောင်းရ”ဆိုတဲ့ စည်းကမ်း ထုတ်ထားတယ်။ လိုက်နာရကောင်းမှန်း မသိဘူး။ ဘာလို့ မသိတာလဲ။ ”အသိ” မရှိသေးလို့ပါ။

ဆိုင်ကယ် မမောင်းသင့်လို့ မမောင်းရဘူးလို့ စည်းကမ်း ထုတ်ထားတယ်ဆိုတာကို ဘာကြောင့် လမ်းပေါ်မတက်သင့်တာလဲ၊ ဘယ်လို
ဆိုးကျိုးတွေ ရှိလို့လဲ ဆိုတဲ့ အခြေခံ အသိ အခြေခံ ဗဟုသုတ ရှိဖို့ ရပ်ရွာ လူထုကြားထိ သိသွားအောင် လုပ်ဖို့ လိုပါတယ်။ စာမတတ်တဲ့
လူတွေအတွက်ဆိုရင် ကိုယ်တိုင်ကိုယ်ကျဖြစ်စေ အသံလွှင့်၍ ဖြစ်စေ ပြောပြ ရှင်းပြပေးဖို့တောင် လိုပါတယ်။

=============================

km/h 100 နဲ့ ကျနော် မောင်းလာချိန်မှာ ကျနော့်ကား မောင်းလာတဲ့ အရှိန်နဲ့ ရောက်သွားတဲ့ အကွာအဝေး ၊ ပြီးတော့ အချိန်၊
အဲဒါတွေကို ကိုယ့်ဘာသာ မှတ်သားကြည့်မိတော့ ကြောက်စရာ ကောင်းတဲ့ အချက်တစ်ခုကို သွားတွေ့ပါတယ်။

ကျနော် km/h 100 နဲ့ မောင်းရင်း
လမ်းဘေးက မိုင်တိုင်အမှတ်အသား ကျောက်တိုင်လေးတွေကို ရေတွက်မိတယ်။ တစ်ဖာလုံကို ကျောက်တိုင် အမှတ်အသားတစ်ခု ရှိပါတယ်။
km/h 100 အရှိန်နဲ့ မောင်းနေရင်းနဲ့ စက္ကန့်ကို စိတ်နဲ့ ရေရင်း… မိုင်တိုင်အမှတ်အသားလေးတွေကိုလည်း ရေတွက်ရင်း လုပ်လာတာ…
လေးစက္ကန့်ဆိုတဲ့အချိန်အတွင်းမှာကို ကျောက်တိုင် အမှတ်အသားတစ်ခု(တစ်ဖာလုံ ဆိုတဲ့ အကွာအဝေး) ရောက်ပါတယ်။ တစ်ဖာလုံကို လေးစက္ကန့်။

ဆိုတော့ km/h 100 နဲ့ မောင်းလာတဲ့ ကားတွေဟာ ၃၂ စက္ကန့်အတွင်းမှာ တစ်မိုင်အကွာအဝေးထိ ဝေါခနဲ ရောက်သွားပါတယ်။
တစ်မိုင်ဆိုတဲ့ အကွာအဝေးကို လမ်းဖြတ်ကူးသူ နေရာကနေ လှမ်းကြည့်တော့ တစ်မိုင်ဟာ တော်တော် ဝေးပါသေးတယ်လို့ ထင်စရာ
ဖြစ်နေပါတယ်။ အဲ့တော့ ကားကြီး လာနေတာတော့ တွေ့ပါရဲ့။ တစ်မိုင်လောက်တောင် ဝေးသေးတော့ ကူးတယ်ကွာ…အေးအေးဆေးဆေး…ပေါ့။
အမှန်တော့ ဝေးပါသေးတယ်လေ ဆိုပြီး အေးအေးဆေးဆေး ကူးနေတဲ့လူဆီကို စက္ကန့်သုံးဆယ်လောက်မှာပဲ… ကားက ရောက်သွားပါပြီ။
တကယ်လို့သာ လူ(သို့မဟုတ်)ဆိုင်ကယ်(ခွေး စသည်)ဟာ စက္ကန့် ၃ဝ အတွင်းမှာ အဲဒီနေရာကနေ မရွေ့သေးဘူးဆိုရင် သေချာပေါက်
တိုက်မိပါတယ်။ တိုက်မိဖို့ ဆယ်စက္ကန့်အလိုထိ အဲဒီနေရာမှာ ရှိနေသေးတယ် ဆိုရင်တောင် မတိုက်မိဖို့က မသေချာတော့ပါဘူး။

ဘာလို့လဲဆိုတော့
km/h 100 နဲ့ မောင်းလာတဲ့ကားဟာ ရုတ်တရက် ဘရိတ်ဆောင့်နင်းလို့ မရပါဘူး။ ရုတ်တရက် ဘရိတ်စောင့်နင်းရင် ကားရဲ့ km/h 100
အရှိန်ကြောင့် ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားမှာမို့…. အရှိန်ကို အရင် လျှော့ရပါမယ်။ အရှိန်လျှော့လို့ ရလည်း km/h 100 ကနေ စက္ကန့် ၃ဝ အတွင်းမှာ
km/h 60 လောက်ထိပဲ လျော့သွားနိုင်မှာမို့ … km/h 60 အရှိန်ကို ရုတ်တရက် ဘရိတ် အုပ်ရင်လည်း ဘီးကသာ လည်နေရာကနေ ရပ်သွားပြီး
ကားကတော့ ဘီး ရပ်လျက်သားနဲ့ လမ်းပေါ်မှာ လျှောတိုက်ပြီး…(ပေနှစ်ဆယ်လောက်အကွာမှာမှ လုံးလုံးရပ်နိုင်မှာမို့) တိုက်မိခိုက်မိနိုင်ပါသေးတယ်။

လမ်းပေါ်ကို ရုတ်တရက် တက်လာတဲ့ ခွေးတွေ ရှိပါတယ်။ ကျနော်တို့ဟာ km/h 100 နဲ့ မောင်းလာရင်းနဲ့ ဘွားခနဲ ပြေးထွက်လာတဲ့
ခွေးကိုဆိုရင်တော့ အရှိန် လျှော့ချဖို့လည်း အချိန်မမှီနိုင်၊ ဘရိတ်လည်း ဆောင့်မနင်းနိုင်၊ လမ်းဘေးလည်း ဆွဲချ မရှောင်နိုင်တဲ့ အဆုံးမှာ
တိုက်ပစ်ဖို့ကပဲ ရွေးချယ်စရာ နည်း ဖြစ်ပါတယ်။ တကယ်လို့ ခွေး မဟုတ်ဘဲ ကလေးတစ်ယောက်၊ လူတစ်ယောက်၊ ဆိုင်ကယ်တစ်စီး ဆိုရင်တော့
တိုက်ပစ်တဲ့ နည်းကို သုံးရက်ဖို့ရာ နည်းနည်းတော့ တွေဝေသွားနိုင်ပါတယ်။

ဒါကြောင့် အမြန်လမ်းကို ဖြတ်သန်းသွားလာ အသုံးပြုနေတဲ့ လူတွေ ဆိုင်ကယ်တွေအနေနဲ့ အဲဒီလို အရှိန်တွေ၊ အချိန်တွေ၊
အကွာအဝေးတွေ (ဘယ်နှစ်မိနစ်အတွင်းမှာ ကားဟာ ဘယ်အတိုင်းအတာထိ ရောက်လာနိုင်ပြီး တိုက်ခိုက်မိနိုင်ကြောင်း…စသည်) ကို
ရပ်ရွာလူထု (အမြန်လမ်း နံဘေးက ရွာသူားတွေထိ) သိရှိ နားလည်ပြီး လမ်းပေါ်မှာ ကရော်ကမယ် တက် မလုပ်သင့်တာ ဒါကြောင့်ပါလား…ဆိုပြီး
သိသွားအောင် အသိပညာတွေ ပေးသင့်ပါတယ်။

လမ်း အသုံးပြုသူဆိုရာမှာ “ယာဉ်တွေပေါ်ကနေ မောင်းနှင် လိုက်ပါလာသူတွေ”ရယ် ၊
“လမ်းဖြတ်ကူးတဲ့ လူ၊ ဆိုင်ကယ်တွေရယ်” ဆိုပြီး ၂ မျိုး ရှိနေတဲ့အတွက် …
လမ်းဖြတ်ကူးသူတွေ၊ လမ်းပေါ်တက် လမ်းလျှောက်သူတွေ ဆိုင်ကယ်တွေရယ်ကို “အသိပညာပေးဖို့”၊
“စည်းကမ်းတကျ ဖြတ်သန်းသွားလာလို့ ရအောင် ထောင့်ပေါင်းစုံက စဉ်းစားပြီး စီစဉ် ပေးထားမှု”နဲ့ ၊
“စံနစ်တကျ ဖြတ်သန်းသွားခြင်း မပြုသူတွေ၊ စည်းကမ်း ဖောက်ဖျက်သူတွေကို “ထိရောက်တဲ့ ပြစ်ဒဏ် စီရင်မှု” ၊
“မလွှဲသာ မရှောင်သာလို့ -အရေးပေါ် အခြေအနေတွေ ကြုံလာရင်-ထိရောက် မြန်ဆန် ထိရောက်တဲ့ ကူညီကယ်ဆယ်မှု နဲ့ လုံခြုံရေး” ၊
ဒါတွေ လုပ်ရပါမယ်။ လုပ်သင့်ပါတယ်။ လုပ်ခဲ့ပြီးပြီဆိုလည်း ထပ် လုပ်သင့်ပါတယ်။ မပြတ်တမ်း လုပ်နေသင့်ပါတယ်။

ဘာလို့လဲ ဆိုတော့
အခုထိ မတော်တဆမှုတွေ ဖြစ်နေတုန်းမို့လို့ပါ။ အခြားနိုင်ငံတွေမှာလည်း အမြန်လမ်း မတော်တဆမှုတွေ ရှိပါတယ်။ ရှိနေတုန်းပါပဲ။
သူတို့ထက် မတော်တဆမှု နည်းသွားတဲ့အထ်ိ ကြပ်မတ်နေရဦးမှာပါ။

(ချွင်းချက်အနေနဲ့ ထပ် စဉ်းစားသင့်တာကတော့ လမ်းပေါ်တက်လာတဲ့ ခွေးတွေကိစ္စပါ။ သူတို့ကြောင့် အနှောင့်အယှက် ဖြစ်စေတဲ့
အတွက် တစ်ခုခု စီစဉ်သင့်ပါတယ်။ နောက်တစ်ချက်က ယာဉ်တွေရဲ့ ကြံ့ခိုင်မှု အားနည်းချက်ပါ။ အဲဒီအချက်ကတော့ အမြန်လမ်းပေါ် မတက်ခင်
ကြိုတင် စစ်ဆေး ပြင်ဆင်ပြီး ကိုယ့်ယာဉ်အခြေအနေ ကိုယ့်ကျန်းမာရေး အခြေအနေကို စိတ်ချလုံခြုံရမှ တက်သင့်ပါကြောင်း၊)

ယာဉ်မောင်းတွေအနေနဲ့ကတော့ “အန္တရာယ်ကင်းရေး”ကို “စောစောရောက်ချင်စိတ်”ထက် ပိုဦးစားပေးပြီး သတ်မှတ်စည်းကမ်းအတိုင်း
ဘောင် မကျော်စေဘဲ မောင်းနှင်ရင် မတော်တဆမှုတွေ လျော့သွားမယ်ထင်ပါတယ်။

ကျနော် မြင်ခဲ့သလောက်တော့ လမ်းတလျှောက် ကိုယ့် ဘေး ဘယ်/ညာမှာ လမ်းစည်းကမ်း ညွှန်ပြတဲ့ ဆောင်ရန်/ရှောင်ရန်
အမှတ်အသားတွေ ရှိပါတယ်။ “အရှိန်လျှော့ပါ” ဆိုတဲ့ ဆိုင်းဘုတ်ဟာ “မလျှော့ရင် အန္တရာယ် ဖြစ်နိုင်ချေ ရှိတဲ့နေရာ”မို့လို့ ပြထားတာပါလားလို့
“သိ”ပြီး လျှော့ကို လျှော့သင့်ပါကြောင်း၊

တချို့နေရာတွေမှာ ”km/h 80” လို့ ပြထားတာကို တွေ့ရင် –
” km/h 80 ထက် ပိုနေတဲ့ အရှိန်နဲ့ဆို အန္တရာယ် ဖြစ်နိုင်ချေရှိတဲ့ လမ်းအနေအထားကြောင့်” အရေးကြီးလို့ သတိပေးထားတာ ဖြစ်တာကို သိ၊
အရေးမကြီးရင် လုံးဝ ပြောနေစရာ မလိုကြောင်းလောက်ကိုတော့ သိရမှာ ဖြစ်ကြောင်း၊

အဲဒီ သတိပေးချက်တွေဟာ သတိပြုလိုက်နာသင့်လို့သာ ငွေအား၊ လူအား အကုန်အကျခံပြီး စိုက်ထူ အသိပေးထားရတာ ဖြစ်တဲ့အတွက်
မဖြစ်မနေ လိုက်နာသင့်ပြီး ၊ အဆိုပါ သတိပေးချက်တွေကို သတိပြုလိုက်နာ မောင်းနှင်သွားရင်ဖြင့် …………………………………………………………
အန္တရာယ် ကင်းကင်းနဲ့ ……
အမြန်လမ်းမှသည် လိုရာဆီသို့…ရောက်နိုင်ပါကြောင်း၊

မပြန်လမ်းလို့ အော်နေမယ့်အစား – ပြန်ချင်စိတ် တကယ် ရှိရင် အပြန်လမ်းဟာ ချောမွေ့နိုင်ချေ ရှိပါကြောင်း… လျှာနည်းနည်း ရှည်လိုက်ရပါတယ်။

 

 

သင့်အေးရိပ်

 

နိုဝင်ဘာ ၂၂/၂၀၁၆

 

 

 

16 comments

  • kai

    November 22, 2016 at 7:07 pm

    ကီလိုမီတာ၁၀ဝ ဆိုတာ မိုင်နဲ့ ၆၃လောက်ပေါ့..။
    အမေရိကားမှာဆိုရင်တော့ နည်းနည်း နှေးပါတယ်..။

    အမေရိကားက အမြန်လမ်းတွေ.. သာမန်အားဖြင့် နှုံးမိုင်၇ဝသတ်မှတ်ထားတာပါ..။
    မြန်နှုန်းမြင့်/နိမ့်တယ်ဆိုပြီး.. ရဲဖမ်းရင်(အကြမ်းအားဖြင့်) + – ၁ဝ မိုင်ခွင့်ပြုတတ်တာမို့.. မိုင်၈ဝ မောင်းနေရင် ဖမ်းလေ့မရှိပါ..။
    ကျုပ်ကတော့ ..သာမန်အားဖြင့် အမြန်လမ်းမှာ ၈၀mph မောင်းပါတယ်..။
    မြင်သိသလောက်ကတော့.. ရန်ကုန်-နေပြည်တော်လမ်းအကျယ်.. မဆိုးလှပါ..။ အမေရိကားနဲ့ သိပ်မကွာ..။

    ခြုံပြောရရင်.. ရန်ကုန်-နေပြည်တော်လမ်းက.. လမ်းဘေးဆိုင်းဘုတ်တွေနဲ့.. လမ်းပုခုံး နည်းတာ၊ မရှိတာကလွဲရင်.. ဆင်းရဲတဲ့နိုင်ငံတခုအတွက်.. အိုကေတယ်လို့ထင်..။

    ပြောရရင်.. မြန်မာပြည်အမြန်လမ်းအပါအဝင်.. လမ်းတွေရဲ့ အဓိက ပြဿနာကြီးက…
    လက်ယာကပ်မောင်းလမ်းတွေကို.. ညာကိုင်းကားတွေမောင်းနေတာပဲလို့ထင်..။
    အဲဒါက…
    ယဉ်ကျောပိတ်ဆို့မှုအပါအဝင်.. ကားမတော်တဆဖြစ်မှုတွေဖြစ်နေတာရဲ့ အဓိကအကြောင်းတရားတခုလို့ထင်..။

    • Thint Aye Yeik

      November 22, 2016 at 8:51 pm

      သူကြီးနဲ့ နေပြည်တော် အတူ သွားတုန်းက သူကြီးတို့ အနောက်ခန်းမှာ အိပ်နေတုန်း ၁၀ဝ ကနေ ၁၁ဝ / ၁၂ဝ ထိ မောင်းကြည့်သေးတယ်။
      :k:

      လမ်းက တစ်စီးထဲ သွားရင်တော့ အကျယ်ကြီးပါ။
      ကားသေးအချင်းချင်း ကျော်တက်ရင်လည်း အိုကေပါတယ်။ ကားကြီးကို ကျော်ရပြီဆိုရင်တော့ မလွယ်ကြောထဲ ပြေးဝင်ရတယ်ထင့်။
      လက်တွေ့ ကားကြီးပေါင်းများစွာကို ကျော်တက်ကြည့်ရင်းက ရလာတဲ့ အတွေးပါ။
      :k:

      ညာမောင်းတွေနဲ့ အတော် အသားကျနေပြီဆိုတော့ ဘယ်မောင်း ကားတွေကို အသားမကျသေးတဲ့ Driver တွေ အများကြီး။ ကျနော်ဆို ဘယ်မောင်း သိပ်မမောင်းဖူးသေးဘူး။ ဒါပေမဲ့ ဘယ်မောင်းမှ ဆိုတဲ့အချိန်ကျရင်လည်း ဘယ်မောင်းပေါ့။
      ညာမောင်းတွေ အောတိုက်ပြီး ရှိနေရာကနေ ချက်ချင်းကြီးတော့ ဘယ်မောင်းချည်း ဖြစ်ရမယ်လို့ မရဘူးထင့်။ လက်ဆယ်ချောင်း နှစ်ခါလောက်မှ ဘယ်မောင်းချည်း သီးသန့် ဖြစ်ကုန်ကြမယ် ထင်
      :k:

      • kai

        November 23, 2016 at 7:49 am

        ညာမောင်းကားတွေဖြစ်တဲ့အတွက်… ခေါင်းထိုးထွက်ပြီး ကြည့်ကြည့်နေရလို့.. ကားဟာ.. ယာဉ်ကြောထဲအတိအကျရှိနေရမယ်… ဆိုတဲ့ ယာဉ်မောင်းသမားရဲ့ အခြေခံစည်းကမ်းကို မလိုက်နာနိုင်ဖြစ်ရပြီး.. ကားမောင်းရ(သိသိသာသာ) ပိုခက်နေတာလို့.. သတိထားမိတယ်..။
        မြန်မာကားသမားတွေ.. ယာဉ်ကြောထဲအတိုင်း အတိအကျမနေတတ်ဖူးပဲ..။
        အဲဒါကနေ.. အတိအကျချိန်ဆလုပ်ရတဲ့.. ကျော်တက်တာ.. နောက်ကကပ်လိုက်တာ.. ယာဉ်ကြောထဲ အရှိန်မြှင့်မျောဝင်တာတွေမှာ.. အားနည်းကုန်တာပဲလို့.. ထင်တယ်..။
        ကြုံလို့ပြောရရင်.. ကားမီးကြီး.. ဆိုတာကလည်း.. ရှေ့မျက်နှာချင်းဆိုင် ဟိုမှာဖက်လမ်းက ကားတွေမျက်စိမစူးအောင်.. လမ်းဘေးကို စောင်းထိုးချိန်ဆပေးထားတာ..။ ဒါက.. ကားထုတ်လုပ်သူတွေက.. စက်နဲ့ ဒီဂရီအတိအကျတိုင်းပြီး လုပ်ထားပေးပြီးသား..
        မြန်မာပြည်မယ်.. ပြောင်းပြန်ကြီးမောင်းနေကြတော့.. ဟိုမှာဖက်ကားသမားကို… မျက်စိတည့်တည့်ကြီး ထိုးထားသလိုဖြစ်ရော..
        မီးကြီးကို.. ဝက်အူလှည့်တခုနဲ့.. ဒီဂရီချိန်လို့ရတယ်ဆိုတာတောင်.. သိကြရဲ့လားမသိ..။

        အမေရိကားမှာ.. တနာရီ ၇၀-၈ဝ Mphနဲ့.. တစင်းနဲ့တစင်း.. ကပ်မောင်းနေတဲ့.. ယာဉ်ကြောမှာ.. ရှေ့ကတစင်းတခုခုဖြစ်ရင်.. အားလုံးဆင့်ဆက်တိုက်ကြတာပဲ..။
        အဲဒီလိုအရှိန်ယာဉ်ကြောတန်းကြားထဲတောင်.. မီးပြပြီး ဝင်ကြ.. ထွက်ကြလုပ်ကြရတာ…။
        Art of driving… ကားမောင်းခြင်း… အနုပညာ..။

      • kai

        December 2, 2016 at 5:54 pm

        ဘယ်လောက်လွယ်သလည်း တွေ့ရလိမ့်မယ်..။
        မောင်းပြီးသိရတာတွေကို.. ဘေးလူတွေကို ပြောပြလိုက်ပါလေ..။

        တလက်စထဲ.. ဖရီးဝေးတွေမှာ.. ဘယ်သူလုပ်လုပ်မလုပ်လုပ်.. ကိုယ်က.. ပြောင်းပြန်မီးမပြဖို့ သတိထားပါလေ..။
        :k:

        • Thint Aye Yeik

          December 2, 2016 at 6:02 pm

          ငင်
          တစ်တိုင်းပြည်လုံး ပြောင်းပြန် ပြနေတာကို
          ကိုယ်က အတည့် ချွန်ပြမှ မတော် နားလည်မှုလွဲပြီး ဝင်ကျုံးနေကြမှ
          :k:

        • kai

          December 3, 2016 at 6:05 am

          တတိုင်းပြည်လုံး ပြပြ… ကိုယ်က မှားမှန်းသိရက်နဲ့.. မပြမိဖို့လိုတယ်မလား..။

          နောက်တနည်းပြောရရင်.. ဒါက.. မြန်မာတွေကိုယ်တိုင်မသိပေမယ့်.. အများစုစိတ်တချို့ကို ထင်ဟတ်ပြတယ်..။
          ရှေ့ကကားမောင်းနေသူသည် (တာဝန်မယူနိုင်ပဲ) နောက်က ကားမောင်းသူကို.. အမိန့်မပေးစကောင်း..။
          ဒါက.. သူတပါးကို လွှမ်းမိုးချုပ်ကိုင်ချင်လိုစိတ် ပြတာပဲ.. လို့..။

  • အောင် မိုးသူ

    December 1, 2016 at 11:08 am

    အေးအေးဆေးဆေးနဲ့ စည်းကမ်းတကျမောင်းရင် ဘာမှဖြစ်မယ်မထင်ဘူး။

    • kai

      December 1, 2016 at 11:46 am

      စည်းကမ်းဆိုတာ ဘယ်လိုကျတာလည်း..။
      ရှေ့ထရပ်ကားကြီးက..ကမ္ဘာ့စည်းကမ်းအတိုင်း .. ဘယ်မီးပြလို့.. ကိုယ်က မြန်မာ့စည်းကမ်းအတိုင်း ” ကျော်ပဟ” ဆိုရင်.. အနိစ္စတောင်မှ မတရပဲ.. .. နိစ္စသွားမယ်.. :k:

      • Thint Aye Yeik

        December 2, 2016 at 8:35 am

        ဗမာပြည် လမ်းတွေပေါ်မှာတော့ ဗမာအချက်ပြနည်းတွေအတိုင်းပဲ သုံးကြ နားလည်ကြတာပေါ့လေ။

        .အေးအေးဆေးဆေးနဲ့ လမ်းညွှန်တွေ အချက်ပြတွေကို သတိပြု လိုက်နာပြီး မောင်းရင် အန္တရာယ် ကင်းမှာပါ။

        • kai

          December 2, 2016 at 12:30 pm

          ဗမာအချက်ပြနည်းက.. ဥပမာ.. ဘယ်ဖက်ကိုမီးပြရင်.. ဘယ်ဖက်ကို ကွေ့ချင်ကွေ့မယ်..။ နောက်က ကားကို ကျော်တက်ဖို့ပြောတာ ဖြစ်ချင်ဖြစ်မယ်..။
          ဆိုတော့..
          နောက်ကကားက.. ရှေ့က ဗမာအချက်ပြနည်းအတိုင်းပြနေသမို့.. ဗမာ့နည်းဗမာ့ဟန်နဲ့.. ကျော်ချင်ကျော်မယ်..။ မကျော်ချင်မကျော်.. အဲလိုလား..။
          သင့်မြတ်လှကြောင်းပါ..။ 🙁

        • Thint Aye Yeik

          December 2, 2016 at 5:53 pm

          ဗမာ အချက်ပြနည်းက ၂မျိုးကွဲတယ် သူကြီးရ။ မြို့တွင်းနဲ့ မြို့ပြင်။

          ဥပမာ မြို့တွင်းမှာ ဘယ်ဘက်အချက်ပြရင် ဘယ်ကွေ့မယ်
          ညာဘက်အချက်ပြရင် ညာ ကွေ့မယ်။

          မြို့ပြင်ကျတော့ အဲ့ဒါနဲ့ ပြောင်းပြန်။
          ဘယ်ဘက် အချက်ပြရင် အချက်ပြသူက(ညာဘက်ကပ်ပေးထားတယ်။) ဘယ်ဘက်ကနေ ကျော်တက်လို့ရပြီလို့ ဆိုလိုတယ်။

          ညာဘက် ပြထားရင် အရှေ့မှာ လမ်း မရှင်းသေးဘူး။ ကျော် မတက်နဲ့ဦး လို့ ဆိုလိုတယ်။
          မြို့ပြင်ဘက် ထွက်တာနဲ့ ဗမာ ကားဆရာတွေအကုန်
          အဲ့လို နားလည်ပြီး ပြကြ ကျော်တက်ကြတော့တာပဲ။
          ထုံးစံလို ဖြစ်သွားပြီ ဆိုတော့

          မြို့အပြင် နယ် လမ်းမှာ
          ဘယ်ဘက် အချက်ပြထားရင် ကျော်တက်ရမလိုလို မကျော်တက်ရဘူးလိုလို မဖြစ်။ သူ့ဟာနဲ့သူတော့ အိုကေနေသေးတာပဲ။

          :k:

  • ဇီဇီ

    December 6, 2016 at 11:57 am

    ခုနေ ဘာလိုအပ်တာရေးရေး
    တိုင်းပြည်မှာ တကယ်လိုနေတာက ပိုက်ဆံ ပဲ။

    😥

    • Thint Aye Yeik

      December 8, 2016 at 11:48 am

      ဟုတ်တယ်။ အမှန်ပဲ။

      ———————————–

      ဒါကြောင့် ငွေကို ချွေတာဖို့ တိုက်တွန်းကြတဲ့ ဝန်ကြီးတွေကိုတောင် ….လက်ဖက်ရည်တစ်ခွက် လျှော့သောက်ခိုင်းသတဲ့ဆိုပြီး…
      ထိုင် ဟားနေကြတဲ့ (ကိုယ့်အစိုးရကို ကိုယ် မယုံကြည်ဘဲ လှောင်ပြောင်ခနဲ့ချင်နေတဲ့) သူတွေ … ရှိနေတဲ့ တိုင်းပြည်မှာ…
      အစိုးရ လာ ဖြစ်ရတာ… အမေစုတို့.. သိပ် ကံဆိုးတာပဲ… ။

  • manawphyulay

    April 24, 2017 at 2:31 pm

    အမြန်လမ်းဆိုတာကို မကြားချင်ဘူး။ ဘဝမှာ ကိယ့်ရဲ့တန်ဖိုးအရှိဆုံးအရာ ဆုံးရှုံါ်ခဲ့ရတယ်။ တစ်သက်မမေ့နိုင်ဘူး။ ခုထိလည်း မနေ့တစ်နေ့ကလိုပဲ။ ဘာပြောင့်မှန်းမသိ အဲဒီအချိန်ထဲက ခရီးမသွားဖြစ်ခဲ့တာ တစ်နှစ်တောင်ပြည့်ခဲ့ပြီ။

    • သင့်အေးရိပ်

      April 24, 2017 at 9:06 pm

      စိတ်မကောင်း ဖြစ်မိပါတယ် အစ်မတော်မနေရေ။
      အဲ့ဒီလမ်း တောက်လျှောက်ပေါ်မှာ ဆုံးရှုံးမှုတွေမှ မနည်း မနော….ဖြစ်ခဲ့ ဖြစ်နေတာပါပဲ။

Leave a Reply