အယ်ဒီတာ့သင်ပုန်း – ဇွန် ၂၀၁၇
Game of Throne (GoT) လုသူတို့ရဲ့နန်းပလ္လင်
ခရစ်တော်မပေါ်မှီ နှစ် ၃၀ဝ လောက်ကို ဇတ်အိမ်တည်တည်ဆောက်ထားတဲ့ GoT ကိုအမေရိကားမှာနေသူတော်တော်များများသိကြမှာပါ။ လွန်ခဲ့တဲ့ ၆နှစ်က HBO ကစခဲ့တဲ့ ဒီဇတ်လမ်းတွဲကြီးက အမေရိကနိုင်ငံရေး၊ ကမ္ဘာနိုင်ငံရေးတွေအပေါ်လည်း လွှမ်းမိုးပါတယ်။
နဂါး/ဖုတ်ကောင်/မှော်တွေနဲ့ တန်ဆာဆင်ထားပေမယ့် လိုရင်းကတော့ သံပလ္လင်ခုံ နန်းလုပွဲလေ။ ဟိုဖက် မျိုးနွယ်စုက ဒီဖက်မိသားစုကိုသတ်၊ ဒီဖက်ကဟိုမှာဖက်သတ်။ အပြန်အလှန်သတ်ပွဲများပေါ့။
GoT ထဲက ဆိုင်ရာတပ်လက်နက် လူအင်အားတွေကိုကြည့်ရင်လည်း စစ်သည်၁သိန်းလောက်နဲ့ ဖြစ်ကြ/တိုက်ကြတာပါ။
ဒီဇတ်လမ်းထဲမှာ Faith of the Seven အကြီးအကဲက “New alliance between the crown and the faith.” ထလုပ်ပြီး ဘာသာရေးနဲ့နိုင်ငံရေးရောထွေးပစ်တဲ့အခါမယ် ဘုရင်မလဲကိုယ်လုံးတီးနဲ့မြို့လယ်လမ်းလျှောက်ရတဲ့ဘဝရောက်သွားတာတွေပါ,ပါတယ်။
နိုင်ငံရေးနဲ့လူမျိုးရေး ရောထွေးသမလိုက်ပြီး အာဏာလုပွဲ ဝါယမစိုက်ကြတာတွေတွေ့ရမယ်။ ရဲသူအသာ သတ်သူနိုင် မှန်သူသေ ဇတ်လမ်းတွေတွေ့ရမယ်။
အစပိုင်းတွေကတော့ အင်အားရှိသူနိုင်တဲ့ပွဲပါ။ အာဏာကို စစ်လက်နက်အင်အားနဲ့ဆုံးဖြတ်တာမို့ မော်စီတုံးစကားတောင်သတိရချင်ချင်။ “Political power grows out of the barrel of a gun.” အာဏာသည်သေနတ်ပြောင်းဝကလာသည်။
လက်နက်အင်အားသူနဲ့ အတွေးအခေါ်သာသူတို့ပွဲ GoTS6 အပြီးနောက်မတော့ ဘုရင်မ၂ပါးနဲ့ စစ်ဘုရင်ငယ်တပါး ပလ္လင်နေရာရလာကြတာတွေ့ရပါတယ်။ Season 6 ပြီးလို့ S7ကို ဇူလိုင် ၁၆မှာ ပြန်စတင်မယ်ဆိုပါတယ်။
Winter is coming.
ဒီခေတ်ကျ အမေရိကပြည်တင်လူဦးရေ သန်း၃၀ဝကျော်။ GoTအတွေးအခေါ်တွေဟာ အမေရိကန်တို့ရဲ့ နိုင်ငံရေးဖြစ်တဲ့ ၂၀၁၆ ရွေးကောက်ပွဲသာမက ကမ္ဘာခေတ်သစ်နိုင်ငံရေးအခင်းအကျင်းကို ပြုပြင်သက်ရောက်တယ်လို့ အမေရိကန်အဓိကမီဒီယာကြီးများကဆိုပါတယ်။
ဒါကိုမနှစ်က အမေရိကသမ္မတလောင်းတွေရဲ့ ကန်င်ပိန်းတွေ၊ ရွေးကောက်ပွဲအဆင့်ဆင့်တွေနဲ့ နောက်ဆုံးသမ္မတရာထူးရယူခဲ့ပုံတို့နဲ့လည်း နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
ထရမ့်တက်အာဏာရတာကို GoT မူရင်းစာရေးဆရာGRRM က “Winter is coming. I told you so.” တဲ့။ တွေးကြည့်ပေါ့။ GoT ထဲက Winterဆိုတာဆီးနှင်းပွင့်ချည်း သိပ်သည်းကျနေတာမဟုတ်။ White Walkers လို့ခေါ်တဲ့နှင်းဖုတ်ကောင်တပ်ကြီးချီလာတာ။
မြန်မာပြည်မယ်တော့ ပိုလို့အသက်ဝင်သပေါ့။ ရှေးရှေး သက်ဦးဆံပိုင်ခေတ်များဆို GoT သဘောတိုက်ရိုက်ပါပဲ။
“ညီသားနောင်မယ်”ဆိုပြီး စုက္ကတေးမင်းနဲ့ စီးချင်းထိုးနိုင်လို့ ဘုရင်တက်ဖြစ်သူနဲ့(အနော်ရထာ)။ ကုလားမင်းသမီးကိုသတ်လို့ နိုင်ငံခြား(ကုလားပြည်)က ဟူးရားတွေလာလုပ်ကြံလို့သေတဲ့ဘုရင်နဲ့(ကုလားကျမင်း)။ သား-သီဟသူကအဆိပ်ပါတဲ့အစာစားသေမလား။ အသတ်ခံမလားပြောခံရတဲ့ဘုရင်နဲ့(တရုတ်ပြေးမင်း)။ ခေါင်းဖြတ်ခံရပြီးနတ်ရွာစံရတဲ့ဘုရင်နဲ့( တပင်ရွှေထီး)။ စအိုကနေတံကျင်လျှို မြို့လည်မှာစင်တင်သတ်ခံရသူနဲ့ (ငဇင်ကာ)။ ပုဂံမတိုင်မီခေတ်နဂါးနိုင်မင်းမောင်ပေါက်ကျိုင်းဇတ်ကြည့်ရင် နဂါးလည်းပါ။ ဘီလူးလဲပါ။ ရသေ့နဲ့သမင် ရပြီးမွေးတဲ့ဗေဒါရီလဲပါ။
ဒီခေတ်ကျ တိုင်းရင်းသား ၁၃၅မျိုးဆိုတာကြီးနဲ့ မြန်မာပြည်မြေလုဇတ်များဟာဖြင့် ဆပ်ပြာသည်လင်ပျောက်သည်ထက်ပင် ပါတ်လည်ရိုက်နေရတာများ GoT ဇတ်နောက်ကောက်ပြတ်ကျပေါ့။
စစ်တပ်ရှိတဲ့ တိုင်းရင်းသားတွေလည်းရှိ။ စစ်အင်အားကြီးတဲ့ တပ်မတော်ဆိုတာကြီးလည်းရှိ။ ကြားထဲဟိုဖက်ဒီဖက်လက်နက်ထိုးရောင်းနေတဲ့ အိမ်နီးချင်းပေါက်ဖေါ်(ဆိုသူ)ချိုင်းနားကလည်းငုတ်တုတ်။
ခုံလုပွဲများက ပိုလို့တောင်အသက်ဝင်လာ လက်တွေ့ဖြစ်လာကြပါတယ်။ လက်နက်အင်အားကြီးလာလေ နယ်မြေကျယ်ကျယ်ပိုင်ချင်လာလေဆိုတာ အထူးအဆန်း”ကြီးကျယ်”သီအိုရီတော့မဟုတ်။
ပြောရင်း၊ရေးရင်း ဆောင်းအိပ်မက်ထဲမှောင်ကျလာသမို့ နိုင်ငံရေးဘေးခေါက်ပြီး စီးပွားရေးဖက်လှည့်ကြစို့။
Cannes vs Hollywood
ဗီသိုဗင်၊ရှိတ်စပီးယား၊ပီကာဆိုတို့က ကမ္ဘာ့ဂီတ/စာပေ/ပန်းချီယဉ်ကျေးမှုကြီးတခုလုံးကို လွှမ်းမိုးခဲ့သလိုပေါ့။
ဒီခေတ်မယ်အမေရိကားရဲ့အနုပညာဟာ လက်တွေ့ကျကျ ကမ္ဘာကိုလွှမ်းထားနိုင်ပါတယ်။
အနုပညာတို့ရဲ့ ဘိုးအေ ပြင်သစ်၊အီတလီတို့ရဲ့ ရုပ်ရှင်အနုပညာမှာဆို ကိန်း(Cannes)ထွက်တွေဟာ နက်နဲစွာပြနိုင်ကောင်းပေမယ့် ကမ္ဘာကိုလွှမ်းမိုးထားနိုင်အားကတော့ ဟောလိဝုဒ်ကိုမယှဉ်နိုင်ပါပေါ့။ ဘာလို့လဲ?
အမေရိကားမြေမှာမွေးသူ၊ အခြေချသူတိုင်း အမေရိကန်လူမျိုးဖြစ်ပါတယ်။ အမေရိကန်လူမျိုးရယ်လို့လွန်ခဲ့တဲ့ နှစ်ငါးရာကျော်ကထဲကရှိခဲ့ပြီး ကမ္ဘာ့လူမျိုးတွေအားလုံးကိုလက်ခံနိုင်ငံသားပေးပစ်တဲ့ မျိုးချစ်စနစ်ကြီးထဲထည့်ပစ်တာမို့ လူမျိုးအမည်ဖျောက် အမေရိကန်ဖြစ်ကြရတယ်ပေါ့။
မတူကွဲပြားတဲ့လူမျိုးပေါင်းစုံကို နိုင်ငံတော်အလံတခုအောက်ထဲ မူလဇာတိအမည်ကိုရှေ့မှာထားခွင့်တရားဝင်ပေးသမို့ Cannes မှာဆုရတဲ့ အီတလီလူမျိုး အနုပညာရှင်ဟာ အမေရိကားရောက်ရင် အီတာလီယံ-အမေရိကန်လာဖြစ်ရတာမို့ပါ။ မတူကွဲပြားချင်းတို့ရဲ့ စုစည်းမှုအင်အားဟာဖြင့် ဒီနေ့အမေရိကားပြည်ပါပဲ။
သုံးထောင်နှစ်ရဲ့သမိုင်းပုံပြင်
မြန်မာဟာ အရှေ့တောင်အာရှတင်မဟုတ်၊ အာရှတခွင်မှာ လူမျိုးစုအများဆုံး သမိုင်းသက်လည်းအကြာဆုံးဆိုရမယ့်နိုင်ငံတခုဖြစ်မှာပါ။
အနောက်သို့လားသော် အိနိ္ဒယ၊ အရှေ့သို့တက်သော် ချိုင်းနားနဲ့ ကမ္ဘာ့အကျယ်ဆုံး၊လူဦးရေအများဆုံး၊ ယဉ်ကျေးမှုသက်အကြာဆုံးနှစ်နိုင်ငံကြားက ဧရာဝတီမြစ်ကြီးဒေါင်လိုက်ဖြတ်စီးနေတဲ့ လေခံမြေခံကောင်းဒေသကြီးမို့ မြန်မာ့ယဉ်ကျေးမှုကို ပုဂံခေတ်လွန်ခဲ့တဲ့နှစ်၁၀၀ဝ လောက် ပထမမြန်မာနိုင်ငံခေတ်ကနေ သွားကောက်ရင် ရိုင်းရာကျမှာပေ့ါ။ ချိူင်းနားနဲ့ အိနိ္ဒယတို့ရဲ့ မှတ်တမ်းရှိနှစ် ၃၀၀ဝအထက်မြို့ပြယဉ်ကျေးမှုတွေကနေ ဟိုမှဒီမှာဖက်ကူးလူးဆက်ဆံ အခြေချနေကြမှာမို့ မြန်မာ့မြို့ပြယဉ်ကျေးမှုကိုလည်း နှစ် ၂၀၀ဝ အနည်းဆုံးထားတွက်ရမယ်ထင်ပါတယ်။
ဒီလိုမြေဒေသပေါ်ကလူမျိုးတွေဟာ ဟိုကဝင်၊ ဒီကထွက်နဲ့ သွေးအနှောဆုံးဖြစ်ကြမှာ သံသယဖြစ်စရာမရှိပါ။ အဲလိုလူမျိုးစုံရာမြေပေါ်ထိုင်ပြီး “အမျိုး၊ဘာသာ၊သာသနာ”လုပ်ကြတာဟာဖြင့် ကျိန်စာလို့ဆိုရအောင် ပြောင်းပြန်ကြီးဖြစ်လို့နေပါတယ်။
ရပ်ကြပါ။ တိုင်းပြည်ငြိမ်းချမ်းချမ်းသာအောင်လုပ်ကြပါ။ ကိုယ်ချမ်းသာအောင်လုပ်ကြပါ။ အမေရိကားပြည်ကို တိုက်ရိုက်အတုယူပါ။
အနုပညာနဲ့ ငွေရှာခြင်းဟာ “မြေး ရွှေအိုးထမ်းလာတာမြင်ရကိန်း”ပေါ့။ ချွေးမလည်းရ၊ မျိုးဆက်သစ်မြေးလည်းပြ၊ ရွှေအိုးလည်းကျန်၊ မျက်စိလည်းမြင်ပေါ့နော။
တိုင်းပြည်ရဲ့ ဘာသာစကား။ ယဉ်ကျေးမှုနဲ့ ပါဝါအာဏာအတွေးအခေါ်တွေကို ကမ္ဘာကိုသိစေတယ်။ လူတွေ လေးစားလိုက်နာစေတယ်။
ဘာသာစကားပြန့်နှံ့မှုကနေ ဘာရနိုင်သလည်းဆိုတော့ စီးပွားရေးအလုပ်အကိုင်အခွင့်လန်းတွေရပါတယ်။
အင်္ဂလန်ဟာနေမဝင်အင်ပါယာခေတ်က အင်္ဂလိပ်စာ/စကားဖြန့်ခဲ့တဲ့အတွက် ဒီခေတ်မယ်အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ ရုပ်ရှင်တကား။ သီချင်းတပုဒ်ဟာ ကမ္ဘာသူားတွေဆီကနေ ဒေါ်လာဘီလီယံချီကဲ့ယူသွားနိုင်ပြီလေ။
နင်း၍တက်၊ ထမ်း၍တင်ပေးနိုင်သူများ
အခုမြန်မာတွေကမ္ဘာအနှံ့ သန်းချီနေ,နေကြပါပြီ။
အမေရိကားနဲ့ဥရောပတခွင်ပေါင်းရင်တောင် လူဦးရေ ၄သိန်းလောက်ရှိပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများမို့ ဘဝအာမခံချက်ရှိကြပါတယ်။
ထိုင်း၊ မလေးနဲ့ ချိုင်းနားပြည်ရောက် ရွေ့ပြောင်းအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေအင်အား ၅သန်းမကရှိပါတယ်။
သူတို့မှာ မြန်မာပြည်တွင်းနေသူတွေထက် ပိုတဲ့ဝင်ငွေရှိပါတယ်။
ဆိုလိုတာက အဲဒီသူတွေက မြန်မာပြည်အတွက်ကြီးမားတဲ့ဈေးကွက်ကြီးပါ။ တကယ်တော့ တခြားတပါးလူမျိုးခြားနိုင်ငံခြားများကိုပါ သုံးစွဲလာအောင်ဈေးကွက်ချဲ့ထွင်ရာမှာ အမာခံအဖြစ်သုံးနိုင်တဲ့ သစ္စာရှိစားသုံးသူထုကြီးလည်းဖြစ်ပါတယ်။ မြန်မာ့ကုန်စည်တွေဖြန့်ဝေ၊သုံးစွဲကြရာမှာ သူတို့ကို “နင်း၍တက်”နိုင်သလို သူတို့ဟာ”ထမ်း၍တင်”ပေးနိုင်သူများလည်းဖြစ်ပါတယ်။
မြန်မာပြည်ကထုတ်တဲ့ လဖက်၊မုန့်ဟင်းခါးတထုတ်ကို မြန်မာ့ပြင်ပနိုင်ငံတွေရောက် မြန်မာဇာတိနွယ်အိမ်ထောင်စု ၁သန်းက တပါတ်တခါစားသုံးရင်တောင် အဲဒီစီးပွားရေးကဒေါ်လာ တလ ဒေါ်လာ၄သန်းဝင်ငွေပါ။
မြန်မာသီချင်းတပုဒ်ဆိုထုတ်လိုက်လို့ တပုဒ်တဒေါ်လာနဲ့ရောင်းနိုင်သွားရင် သီချင်းတပုဒ် ဒေါ်လာသန်းဂဏန်းဝင်လာမယ်ပေါ့။
ဒါပေမယ့် ကိုယ်ပိုင်ပစ္စည်းဖြစ်ဖို့လိုပါတယ်။ အရည်အသွေးကောင်း စစ်မှန်ဖို့လိုပါတယ်။ ငွေရှိသူတွေ၊ မျက်စိပွင့်ပြီးသူတွေဟာ ရောဂါဘယကိုငွေပေးဝယ်လေ့မရှိပါ။
ဝံသာနု ရက္ခိတ
မြန်မာပြည်ပြင်ပနေသူများကို ဝံသာနုရက္ခိတစိတ်သွင်းပေးလိုပါတယ်။ ကိုယ့်လူမျိုးဇာတိနွယ်ထုတ်ကုန်ပစ္စည်းများကို ဦးစားပေးဝယ်သုံးကြပါလေ။ မီဒီယာတီဗီတို့ရှိလာ/နေရင် အားပေးပါ။ ကြည့်ပါ၊သုံးပါလက်ခံပါလေ။
မြန်မာပြည်ပေါက်ဦးစီးထုတ်တဲ့ HTC ဖုံးကိုင်ပါ၊ Panda Express စာသောက်ဆိုင်တွေမှာ စားပါ။ Mandalay Bay မှာတည်းပါ။ မြန်မာဇာတိနွယ်သူရဲ့ Tiger Balm လိမ်းပါ။
၁၉၈၈ ကစပြီး ကမ္ဘာအနှံ့မြန်မာတွေထွက်ပြေးကြရတဲ့ “မဟာမြန်မာရွေ့ပြောင်းမှု”ကြီးထဲမှာ အမေရိကားမြေကိုရောက်တဲ့ ပြောင်းခိုသူ ၃သိန်းလောက်ရှိမယ်မှန်းပါတယ်။
၂၅နှစ်ကျော်ကြီးကာလမှာ လူ၃သိန်းပဲရောက်ကြတာဟာဖြင့် တခြားနိုင်ငံ/လူမျိုးတွေနဲ့နှိုင်းရင်အလွန်နည်းပါးပါကြောင်းရယ်။
ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ဆို လူဦးရေသန်းချီရောက်ပြီး အမေရိကန်တွေဖြစ်လို့ အမေရိကနိုင်ငံရေးထဲမှာတောင်ရာထူးကြီးတွေ ရွေးကောက်ခံတွေရကုန်ရှိကုန်ကြပါပြီ။
ဆိုတော့..
ရက္ခိတစိတ်နိုင်နိုင်သွင်းလို့ ခေါ်ကြစေလို။ ဆွေမျိုးများအား တရားဝင်လည်း အခြေချနိုင်အောင် နေထိုင်ခွင့်များလျှောက်ပေးကြစေလို။ မြန်မာတို့ ကမ္ဘာမှာလူဦးရေများကြစေလို။ ကမ္ဘာ့မြေသည် မြန်မာ့အိမ်ဖြစ်ကြစေလို။ ။
3 comments
သျှားသက်မာန်
May 26, 2017 at 12:34 pm
ဘယ်နိုင်ငံပဲရောက်ရောက်ပါ..မွန်လေးကတော့ကိုယ့်လူမျိုးတွေရှိရင် ကိုယ့်လူမျိုးဆီကပဲ အားပေးပါတယ် တွေ့ရတာလည်းဝမ်းသာသလို ပျော်လည်းပျော်တယ် မြန်မာနိုင်ငံမှာ ကိုယ့်လူမျိုးတွေ့ရတာထက်ကိုပျော်ဖို့ကောင်းတာ..တစ်လေယာဉ်ထဲစီးတာဖြစ်ဖြစ် ဟိုမှာအလုပ်လုပ်နေတာဖြစ်ဖြစ်
သင့်အေးရိပ်
May 27, 2017 at 4:53 pm
တစ်နေ့နေ့ တချိန်ချိန်မှာ. . .
အမေရိကားမှာ အိမ်တစ်လုံး လာဝယ်ပြီး
မြန်မာနဲ့ အမေရိကား အလှည့်ကျ နေထိုင်မည်။
😆
ဂျစ်စူ
May 27, 2017 at 9:29 pm
အပြောလွယ်၍ အကျင့်ခက်သော ဝံသာနုရက္ခိတစိတ်ထားပင်
ဖြစ်ပေသည် ဒဂါဂျီး