မြန်မာပြည်သတင်း ဒိုင်ယာရီ Jan/Feb 2025

သင့်အေးရိပ် စုဆောင်း တင်ပြသည်။

Feb 27 ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ စစ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်(AA)ကြား တိုက်ပွဲတွေအရှိန်မြင့်နေပြီး စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုတွေလည်းရှိခဲ့တဲ့အပြင် မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ထိစပ်တဲ့ နေရာတွေမှာပါ တိုက်ပွဲတွေ ကျယ်ပြန့်လာနေကြောင်း ဒေသခံတွေက ပြောပါတယ်။



မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာတဲ့အတွက်  အရပ်သားတွေကို ကာကယ်စောင့်ရှောက်ပေးဖို့ အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂ UNOCHA ရုံးက သတိပေးထားပါတယ်။
"စစ်အာဏာရှင်ကို ရရာလက်နက်ဆွဲကိုင် ဆန့်ကျင်တော်လှန်နေကြတဲ့ မြန်မာပြည်တော်လှန်ရေးရဲ့ ၇၀ % လောက်က ဘယ်သူမှ မကူညီဘဲ  ကိုယ့်ထူးကိုယ်ချွန်ခဲ့တာကြောင့် US ရဲ့ အထောက်အပံ့တွေ ရပ်သွားလည်း တော်လှန်ရေး ရပ်သွားမှာမဟုတ်ဘူး"လို့ US စစ်တပ် အငြိမ်းစားဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က ပြောပါတယ်။

Feb 26 ။ ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ်မိုး ဆက်တိုက်ရွာတာကြောင့် ဆောင်းသီးနှံတွေ ရေနစ်မြုပ်ပျက်စီးမယ့် အခြေအနေဖြစ်ခဲ့ပါတယ်။ မြန်အောင်၊ ကြံခင်း၊ သာပေါင်း၊ ရေကြည် စတဲ့ မြို့နယ်တွေက တောင်သူတွေ စိုက်ပျိုးထားတဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲ စတဲ့သီးနှံတွေ ရေနစ်မြုပ်ခဲ့တာပါ။

ဆောင်းသီးနှံအကျိုး မျှော်လင့်စိုက်ပျိုးကြတဲ့ တောင်သူတွေ ရိတ်သိမ်းချိန်မှာ ဂျုံဈေးကောင်း မရတာကြောင့် အရှုံးပေါ်နေခဲ့ပါတယ်။ ဆောင်းနှောင်းရာသီကာလဟာ  ရှမ်းပြည်တောင်ပိုင်း ပင်းတယဒေသက တောင်သူတွေအတွက် ဂျုံရိတ်သိမ်းချိန်ဖြစ်ပြီး ဂျုံဈေးကျလို့ တောင်သူတွေ အခက်ကြုံနေတာပါ။

Feb 25 ။ မြန်မာပြည်ဟာ ၂၀၂၄ အတွင်း အင်တာနက်ပိတ်ဆို့မှု ၈၅ ကြိမ် ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေထဲ အကြိမ်ရေအများဆုံး အင်တာနက် ဖြတ်တောက်ပိတ်ဆို့ခံရတဲ့ အဆိုးဝါးဆုံးနိုင်ငံဖြစ်ကြောင်း Digital အခွင့်အရေး လှုပ်ရှားရေးအဖွဲ့ Access Now က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ အသင့်ဖျော် ကော်ဖီမစ် ၁ ထုပ်ဈေးဟာ အာဏာမသိမ်းခင် ၂၀၂၁ ထက် (၈) ‌ဆထိ ဈေးကြီးလာကြောင်း ဒေသခံတွေက  ပြောပါတယ်။ ဆိုင်ဖျော်လက်ဖက်ရည်တခွက်ဟာ ၂၀၂၁ မှာ ပုံမှန် ၂၅၀ ကျပ်သာ ဖြစ်ခဲ့ပြီး အခုတော့ ပုံမှန်တခွက် ကျပ် ၁၀၀၀ ကနေ ကျပ် ၂,၀၀၀ ကြားထိ ဈေးတက်ခဲ့ပါတယ်။

Feb 24 ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအတွင်း နယ်မြေစိုးမိုးနိုင်ဖို့ တိုက်ပွဲတွေ ဖော်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။

စကစရဲ့ စားသုံးဆီကော်မတီက တပတ်တာအတွက် စားသုံးဆီ လက်ကားဈေး တပိဿာ ၆,၉၀၅ ကျပ်နဲ့ ရောင်းဝယ်ဖို့ သတ်မှတ်ထားပေမဲ့ ပြင်ပဈေးကွက်ဆိုင်တွေမှာ  အတက်ဈေးနဲ့သာ ရောင်းချနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Feb 23 ။ မြန်မာပြည်ရောက်ခဲ့သူ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မာဆင်ရီရှီသနီကော့ဗ် က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ခဲ့ပြီး မြန်မာနဲ့ လျှပ်စစ်ဓာတ်အား၊ ဓာတ်မြေဩဇာ၊ ရေနံ၊ ဓာတုထုတ်ကုန်ပစ္စည်း ထုတ်လုပ်ရေးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အသင့်ရှိကြောင်း ပြောခဲ့ပါတယ်။

မြန်မာပြည်တဝန်း မြို့နယ်ပေါင်း (၃၃၀) ရှိရာ၊  ၃ ပုံ ၁ ပုံဖြစ်တဲ့ မြို့နယ် (၁၁၀) မှာသာ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး  ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားကြဖို့  စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားကြောင်း ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေက ပြောပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတဝန်း မြို့ပေါင်း (၉၀)ကျော်ကို လက်လွှတ်ထားရပြီး အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုဟာ နိုင်ငံရဲ့ ထက်ဝက်နီးပါးမှာသာ လည်ပတ်နေနိုင်တာပါ။

Feb 22 ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော်(AA)က စတင်တိုက်ခိုက်ပြီးနောက် စစ်‌ရေးတင်းမာမှုတွေ၊ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ ကျောက်ဖြူမြို့မှာ ချိုင်းနား ရင်းနှီးမြှုပ်နှံထားတဲ့ ရေနက်ဆိပ်ကမ်းရှိပြီး၂၀၂၅၊ ဧပြီ ၂၅ မတိုင်ခင် လုပ်ငန်းတာဝန်တွေ ပြီးပြတ်အောင် ဆောင်ရွက်ဖို့ ချိုင်းနား – မြန်မာဆွေးနွေးထားတာလည်းရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ နဲ့ အမှတ် ၅ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် စကခ -၅ တို့ကို သိမ်းပိုက်လိုက်ပြီး ၂ လ အကြာမှာ  ရခိုင်တပ်(AA)ရဲ့ ထိုးစစ်တွေက ပဲခူတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းဘက်တွေကို အရှိန်အဟုန်နဲ့ ဝင်ရောက်လာနေပါတယ်။

Feb 21 ။ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့၊ ညောင်ရွှေ၊ ဟိုပုန်း၊ ဖယ်ခုံမြို့နယ်က ထွက်တဲ့ ဘိန်းမည်း (၁) ပိဿာ (ကျပ် ၁၀ သိန်း) ထိ ဈေးကောင်းရနေကြောင်း ဒေသခံသတင်းတွေက ပြောပါတယ်။ ဘိန်းစိုက်ပျိုးခွင့် ရဖို့ PNO ပြည်သူ့စစ်ကို ဒေသခံ တောင်သူတွေက တဧက ကျပ် ၅ သိန်းနှုန်းနဲ့ တနှစ်စာ အခွန်ပေးဆောင်ရတယ်လို့ သိရပါတယ်။


အခွန်က ဈေးကြီးပေမဲ့ ပြန်ရတာများပြီး သိန်း ၂၀ လောက် ရင်းရင် သိန်း ၂၀၀ ကျော် ပြန်ရကြောင်း ဆိုပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့(UNODC)က မြန်မာပြည်မှာ ၂၀၂၄ အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်ရှိနေကြောင်း ပြောထားပါတယ်။

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ တိုက်ပွဲဖြစ်ပွားနေလို့ စပါးခင်းတွေထဲ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲနေတာကြောင့်  ဧရာဝတီတိုင်းမှာ မရိတ်သိမ်းနိုင်တဲ့အထိဖြစ်နေတဲ့ စပါးခင်း ဧကသောင်းချီ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီတိုင်းဟာ ဆန်စပါးစိုက်ပျိုးရေး အဓိကလုပ်ကိုင်ပြီး
၂၀၂၄ မိုးတွင်း ရေကြီးလျှံမှုကြောင့် သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ရတဲ့အပြင် စစ်ရေးဒဏ်ပါ ကြုံတွေ့ခံစားနေရတာပါ။

Feb 20 ။ စစ်ကောင်စီဟာ Paramotor လို့ ခေါ်တဲ့ စက်တပ်လေထီးတွေကို စစ်‌ရေးပဋိပက္ခတွေရှိတဲ့ ရခိုင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ဧရာဝတီတိုင်းတို့မှာ အခုနှစ်ဆန်းပိုင်းကစပြီး တွင်ကျယ်စွာ အသုံးပြုလာနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။

သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဂျင်တီးနား တရားရုံးက ထုတ်ပြန်တဲ့ ဖမ်းဝရမ်းစာရင်းကနေ ဖယ်ရှားဖို့  မဖြစ်နိုင်တော့ဘဲ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့နည်းလမ်းသာရှိကြောင်း ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။ ၂၀၁၉ က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်ကို ရုံးချိန်းဆင့်ခေါ်ချက်အတိုင်းလိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရင်ဆိုင်ခဲ့တာကြောင့် ဖမ်ဝရမ်းမထွက်ခဲ့။ လက်ရှိ NUG ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဝရမ်းစာရင်းက ဖယ်ရှားပေးဖို့ တောင်းဆိုထားပါတယ်။ ၂၀၁၇ မှာ ဖြစ်ခဲ့တဲ့အမှုအတွက် နိုင်ငံတကာတရားရုံး ဥပဒေအရာရှိတွေက ၅ နှစ်ကြာ လေ့လာပြီးမှ တရားရုံးတင်ပြခဲ့ပြီး မြေပြင်အချက်အလက်ရှာဖွေရေးအဖွဲ့တွေ ကွင်းဆင်းခဲ့သလို လူသက်သေ၊ ပစ္စည်းသက်သေတွေ ကြည့်ပြီး ၈ နှစ်နီးပါးမှ ဝရမ်းထုတ်တဲ့အဆင့်ကို ရောက်ခဲ့တာပါ။

Feb 19 ။ အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့ စာရင်းပေးထားသူဟာ တပြည်လုံးမှာ အယောက် ၂၂၀,၀၀၀ ကျော်ရှိကြောင်း မြန်မာပြည် စာစစ်ဦးစီးဌာနက ပြောပါတယ်။

ငွေကြေးကျပ်တည်းတဲ့ မိသားစုတွေထဲက မိန်းကလေးငယ်တွေနဲ့ အိမ်ထောင်ရှိပြီး ကလေးမွေးဖူးတဲ့ အမျိုးသမီးတွေက ချိုင်းနိစ် ဇနီးမယားစျေးကွက်ထဲက အကျိုးဆောင်(အရပ်ခေါ် = ပွဲစား)တွေရဲ့ ပစ်မှတ်ဖြစ်လာနေကြောင်း ဒေသခံသတင်းတွေအရ သိရပါတယ်။

Feb 18 ။ စစ်အာဏာသိမ်းကာလ ၄ နှစ်ကျော်လာချိန် မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဒရုန်းတွေ ပိုအသုံးပြုလာတာကြောင့် တော်လှန်ရေးအင်အားစုတွေအတွက် စိန်ခေါ်မှုတရပ် ဖြစ်လာနေပါတယ်။

စစ်အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း မသန်စွမ်းပြည်သူအနည်းဆုံး  ၁၁၇ ယောက် သတ်ဖြတ်ခံခဲ့ရကြောင်း Human Rights Myanmar အဖွဲ့ရဲ့ ထုတ်ပြန်မှုကို သိရပါတယ်။

Feb 17 ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၄ ဖေဖော်ဝါရီကနေ ၂၀၂၅ ဖေဖော်ဝါရီထိ နိုင်ငံတဝန်း စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခံရသူ ၂၃,၀၀၀ ကျော်ရှိကြောင်း၊ တပ်သားသစ်လူငယ်တွေကို မြေပြင်လွှတ်ရာမှာ လက်နက်ခဲယမ်းတွေ ထုတ်ပေးတာ မရှိဘဲ ရိက္ခာသယ်ဖို့နဲ့ အလုပ်ကြမ်းခိုင်းဖို့အတွက် အဓိကထားအသုံးပြုနေကြောင်း DVB သတင်းက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းဒေသကို အာရက္ခတပ်တော်(AA) ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေတွေဟာ ရေပိုင်နက်ဖြတ်ကျော်ပြီး အုပ်စုလိုက်ဝင်ရောက်  ငါးဖမ်းတာတွေ နေ့စဉ်ရှိနေပြီး မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေက အေအေကိုတိုက်ခိုက်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ စုဖွဲ့မှုတွေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Feb 16 ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေဟာ မနေ့က ရွှေတိဂုံစေတီတော်နဲ့ အထက်ပစ္စယံကို တက်ပြီး ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ် ဖူးမြော်၊ စိန်ဖူးတော်ရဲ့ ကြံ့ခိုင်မှု စစ်ဆေးခဲ့ပါတယ်။ ငှက်ပျောဖူးတော်နေရာမှာ ရွှေ ၆ ကျပ်သား ရွှေပြားသင်္ကန်း ၂ ချပ် လှူဒါန်းခဲ့ပါတယ်။


၄ နှစ် တကြိမ် ရွှေသင်္ကန်းကပ်တဲ့ ရွှေတိဂုံစေတီ‌‌တော်ကို အခုနှစ်မှာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ဖို့ အလေးချိန် ၆ ကျပ် သားရှိ ၁ ပေပတ်လည် ရွှေပြား(Gold Plate) စုစုပေါင်း ၁,၂၀၀ ချပ် လိုအပ်ပြီး လက်ရှိ ကပ်လှူပြီးစီးမှု ၁,၀၆၀ ချပ်ဖြစ်လို့ ၁၄၀ ချပ် လိုအပ်သေးကြောင်း ဂေါပကအဖွဲ့က တင်ပြပါတယ်။

ရန်ကုန်၊ အင်းစိန်ထောင်ထဲက လွတ်ရက်စေ့ ရိုဟင်ဂျာ အယောက် ၉၀၀ ကျော်ကို ကားတွေနဲ့ စစ်တပ်၊ ရဲတွေက ခေါ်ထုတ်သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ  နိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

Feb 15 ။ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေရဲ့ လိုင်စင်ကြေး တိုးမြှင့်ကောက်ပြီး ပြည်ပလုပ်သားစေလွှတ်တာကို အရေအတွက်နဲ့ သတ်မှတ်ဖို့အချက်တွေကို စစ်ကောင်စီ အလုပ်သမားဝန်ကြီးအသစ် ဦးချစ်ဆွေက အေဂျင်စီတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ‌BBC ကနေ သိပါတယ်။ ပြည်ပကို စေလွှတ်မယ့် အလုပ်သမားတွေကို ၁ လမှာ ထိုင်းကိုအယောက် ၂၀၀၊ ဂျပန်ကို အယောက် ၂၀၀၊ မလေးရှားကို အယောက် ၁၀၀ အထိ ကန့်သတ်ဖို့အချက်တွေလည်း ဆွေးနွေးခဲ့တာပါ။

မြန်မာ-ထိုင်း နယ်စပ် ၊ ကရင်ပြည်ထဲက ကျားဖြန့် ဂိုဏ်း ၂ ခု ကနေ ၂၀၂၅ ဇန်နဝါရီကနေ ဖေဖော်ဝါရီထိ ၁၇ ရက်အတွင်း တရားမဝင်နိုင်ငံခြားသား  ၈၀၀ နီးပါးကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြီး ထိန်းသိမ်းထားတဲ့အထဲမှာ ချိုင်းနား၊ အင်ဒိုနီးရှား၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဗီယမ်နမ်၊ ယူဂါန်ဒါ၊ ထိုင်း စတဲ့ နိုင်ငံသားတွေ ပါကြောင်း သိရပါတယ်။

Feb 14 ။ စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီး တနှစ်အကြာမှာ စစ်ကောင်စီက လူငယ်ပေါင်း ၂ သောင်းကျော်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တနှစ်အကြာမှာ စစ်ကောင်စီက လူငယ်ပေါင်း ၂၃,၇၉၉ ယောက်ကို အဓမ္မဖမ်းဆီးခဲ့ကြောင်း အမျိူးသားညီညွတ်ရေးအစိုးရက ဖော်ပြပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဂျင်တီးနားနိုင်ငံ တရားရုံးက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း  UK နိုင်ငံ အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က သတင်းထုတ်ပြန်ပါတယ်။ အာဂျင်တီးနား တရားရုံးရဲ့ ဖမ်းဝရမ်းစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ပါ ပါဝင်လာပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ အရပ်သား ခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းမထုတ်ဖို့ BROUK ရဲ့တောင်းဆိုချက်ကို တရားရုံးက လက်မခံခဲ့တာပါ။

Feb 13 ။ ပြည်ပချေးငွေမရရှိတာ၊ ပြည်ပနိုင်ငံတွေဆီ သွားရောက်လုပ်ကိုင်နေသူတွေဆီက နိုင်ငံခြားငွေ ရသင့်သလောက် ပြန်မရတာတွေကြောင့် နိုင်ငံခြားဝင်ငွေ နည်းပါးနေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ‌ပြောခဲ့ပါတယ်။

စစ်ကောင်စီရဲ့ "မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်"ကို အသိအမှတ် မပြုကြောင်းနဲ့ ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က  ထုတ်ပြန်ကြေညာပြီး နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေလည်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ကော်မရှင်ကို အသိအမှတ် မပြုကြဖို့၊ တွေ့ဆုံခြင်းများ မပြုလုပ်ဖို့နဲ့ အစည်းအဝေးတွေ ဖိတ်ကြားခြင်း မပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။



Feb 12 ။ ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်း၊ ခိုးယူမှုပေါင်း ၃၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းမိတာ မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ DVB သတင်းက ပြောပါတယ်။မြန်မာပြည်ဟာ ကလေးစစ်သား စုဆောင်းမှု မြင့်တက်တဲ့နိုင်ငံတွေထဲ ပါဝင်နေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက အပြည်ပြည်ဆိုင်ရာ ကလေးစစ်သားအသုံးပြုမှု ဆန့်ကျင်ရေးနေ့မှာ သတင်းထုတ်ပါတယ်။

Feb 11 ။ မြန်မာ – ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင်း တရားမဝင် စီးပွားရေးလုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ချိုင်းနားနိုင်ငံသားတွေ ဒီလမကုန်ခင်မှာ မြို့ကနေ အမြန်ထွက်ခွာဖို့နဲ့ မလိုက်နာရင် ထိရောက်စွာ အရေးယူမယ်လို့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)အဖွဲ့က သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေ စစ်မှုထမ်းစဉ်ကာလမှာ အလုပ်ရှင်ဘက်က အခကြေးငွေ စီစဉ်ပေးရမယ်ဆိုတဲ့ စစ်မှုထမ်းနည်းဥပဒေပါ အချက်တွေကြောင့်  အလုပ်ရှင်တွေအနေနဲ့ အကျပ်အတည်းတွေ ရင်ဆိုင်နေရပြီး အလုပ်သမားတွေဘက်ကလည်း စစ်မှုထမ်းစာရင်းပါရင် အလုပ်ထွက်ဖို့ ဖိအားပေးခံရတာတွေ ကြုံနေရကြောင်း သိရပါတယ်။

Feb 10 ။ စစ်ကောင်စီအခြေစိုက် နေပြည်တော်မှာ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေနဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲကို ဒီနေ့ကနေ ၁၄ ရက်‌အထိ ဥပ္ပါတသန္တိစေတီတော်အနီး ပြုလုပ်ခဲ့ပါတယ်။

"မြန်မာပြည်အရေးဟာ US ရဲ့ လုံခြုံရေးကို ထူးခြားတဲ့ ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေပြီး အမျိုးသားအရေးပေါ်အခြေအနေအဖြစ် သက်တမ်း(၁)နှစ်  ထပ်တိုးကြောင်း သမ္မတထရမ့်ပ် လက်မှတ်ထိုးလိုက်တဲ့ အိမ်ဖြူတော်ကြေညာချက်ကို ကြိုဆိုကြောင်း" အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သမ္မတရုံးက ပြောခဲ့ပါတယ်။

Feb 09 ။ လူငယ်တွေကို အတွေးအခေါ် အယူအဆမှားယွင်းပြီး စိတ်ဓာတ်တွေ ဆုတ်ယုတ်ပျက်ပြားအောင် လူမှုကွန်ရက်တွေနဲ့ ကျင့်ဝတ်မဲ့ မီဒီယာတွေကတဆင့် လုပ်ဆောင်နေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုတွေမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု "နှောင်"ဇာတ်ကားနဲ့ "နေတိုး"၊ အကောင်းဆုံး အမျိုးသမီး  ဇာတ်ဆောင်ဆု "တိမ်ပန်းချီ" ဇာတ်ကားနဲ့ "ဝတ်မှုံရွှေရည်" ၊ အမျိုးသမီးဇာတ်ပို့ဆု "ဘိုးတော်ကင်း "ဇာတ်ကားနဲ့ "ခြူးလေး" ၊ အမျိုးသားဇာတ်ပို့ဆု "မီး"ဇာတ်ကားနဲ့ "အေးချမ်းမောင်" ၊ ရုပ်ရှင်ဒါရိုက်တာဆု "အိပ်မက်ကာရန်" ဇာတ်ကားနဲ့ ဒါရိုက်တာ"ဝင်းလွင်ထက်" ၊ ရုပ်ရှင်ဇာတ်ညွှန်းဆု "တိမ်ပန်းချီ" ဇာတ်ကားနဲ့ "အေးသီရိကို" ၊
ရုပ်ရှင်ဇာတ်ကားဆု "ချစ်သူသာ ပန်းတပွင့် ဖြစ်ခဲ့လျှင်" ဇာတ်ကားနဲ့ "Taurus V" ရုပ်ရှင်ထုတ်လုပ်ရေး၊ ရုပ်ရှင်ဓာတ်ပုံဆု ‘ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်’ ဇာတ်ကားနဲ့ "ကောင်းဇံ" ၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု ‘အိပ်မက်ကာရန်’ ဇာတ်ကားနဲ့ "ဓိရာမိုရ်" ၊ အကောင်းဆုံးရုပ်ရှင်အသံဆု "မီး" ဇာတ်ကားနဲ့ "အောင်မျိုးမြတ်"နဲ့ "ရဲဝင်း" ရရှိခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ‘နှောင်’ ဇာတ်ကားနဲ့ "အာကာကျော်"တို့ ရရှိခဲ့ပါတယ်။ ဆုပေးပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇနီးမောင်နှံ တက်ရောက်ခဲ့ပြီး ရုပ်ရှင်တသက်တာဆုကိုတော့ ဝါရင့်မင်းသမီးကြီးတွေဖြစ်တဲ့ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ မင်းသားကြီး ကြည်စိုး၊ ဒါရိုက်တာ မောင်နှင်းမိုးတို့ကို ပေးအပ်ချီးမြှင့်ခဲ့တာပါ။

Feb 08 ။ စစ်ကိုင်းတိုင်း၊ မုံရွာ၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ချိုင်းနား – ဝမ်ပေါင် ကြေးနီစီမံကိန်းနားမှာ မြန်မာစစ်ကောင်စီတပ်က လုံခြုံရေးအင်အားဖြည့်နေပြီး အဆောက်အအုံသစ်တွေလည်း ဆောက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ကျပ်သန်း ၇,၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေ ဖမ်းမိကြောင်း စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗဟိုအဖွဲ့က သတင်းထုတ်ပါတယ်။

Feb 07 ။ “ကမ္ဘာမကြေဘူး”သီချင်း အပါအဝင် မြန်မာ့ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းများစွာ ရေးသားခဲ့တဲ့ တေးရေး နိုင်မြန်မာ(အမည်ရင်း ဦးနိုင်ဦးမြင့်) အသက် ၆၈ နှစ်ဟာ ဒီနေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အမျိုးသမီး (၈၆)ဦး သေဆုံးခဲ့ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ စစ်အာဏာသိမ်းကာလ ၂၀၂၁ ကစပြီး ၄ နှစ်အတွင်း စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံ လုပ်နေကြောင်းလည်း မြန်မာအမျိုးသမီးသမဂ္ဂ BWU က ဖော်ပြခဲ့ပါတယ်။

Feb 06 ။ ၂၀၁၂ ကနေ လက်ရှိအချိန်အထိ ကလေးစစ်သား (၁,၀၅၇) ယောက် မိဘတွေဆီ ပြန်လွှဲပေးခဲ့ကြောင်း စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောပါတယ်။

မြန်မာပြည်ရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ မီဒီယာဖွံ့ဖြိုးရေးအတွက် US နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ(USAID)ကတဆင့် ပေးအပ်မယ့် ရန်ပုံငွေ US ဒေါ်လာ ၃၉ သန်းကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရပ်ဆိုင်းလိုက်ပါတယ်။

Feb 05 ။ မကွေးက မင်းဘူး မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်ကစ ကျင်းပနေပေမဲ့ ဘုရားဖူးလာရောက်သူတွေ မရှိသလောက် နည်းပါးနေကြောင်း ဒေသခံတွေ၊ ဘုရားဖူးခရီးသွားလုပ်ငန်းတွေကပြောပါတယ်။

အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့ ဆိုလာစနစ်နဲ့ တပိုင်တနိုင် လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်စေလိုကြောင်း ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

အမွေဆိုင် အငြင်းပွားမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ်(၅၄)ကို ဒီကနေ့ တတိယအကြိမ် လေလံတင်ရောင်းချပေမဲ့ ၀ယ်ယူသူမရှိ မအောင်မြင်ဘဲ  ပြီးဆုံးခဲ့ပါတယ်။

Feb 04 ။ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့တွေထဲ အဆင့် ၂ ထိ ရောက်ခဲ့ကြောင်း ကမ္ဘာ့လေထုအရည်အသွေးစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမယ့်အကြောင်း ဒီတလအတွင်းမှာပဲ အနည်းဆုံးနှစ်ကြိမ် ထုတ်ပြောထားပြီး  ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ ကြိုတင်ပြင်ဆင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Feb 03 ။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ နည်းဥပဒေအရ စစ်မှုထမ်းဖို့ အကျုံးဝင်သူဟာ ဆင့်ခေါ်ချိန်မှာ ရောက်မလာတာ၊ စာရင်းမသွင်းတာ ရှိတယ်ဆိုရင် မိသားစုကိုပါ အရေးယူမယ်လို့ ဆိုပါတယ်။

မြန်မာပြည်ထဲ အခြေစိုက်ပြီး ထိုင်းမြန်မာ နယ်စပ်တလျှောက် လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခုဆို နယ်စပ်တလျှောက် တောင်ဘက်ပိုင်းကို တိုးချဲ့လုပ်ကိုင်လာနေကြောင်း VOA သတင်းအရ သိရပါတယ်။

Feb 02 ။ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့အတွက် အမျိုးသမီးစာရင်း လိုက်လံကောက်ယူနေတယ်လို့ မြို့ခံတွေ ပြောကြောင်း DVB သတင်းကနေ သိရပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်အခြေစိုက် အမှတ် ၃၆၆ အမြောက်တပ်ရင်းကို မကြာသေးခင်ကပဲ ပူးပေါင်းတပ်တွေနဲ့အတူ သိမ်းပိုက်လိုက်ပြီးနောက်ဆက်တွဲ တိုက်ပွဲတွေ ပြင်းထန်နေခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြောပါတယ်။

Feb 01 ။ မြန်မာစစ်ကောင်စီအနေနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ (ယူကေ၊ US ၊ ဩစတေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ နော်ဝေ နဲ့ ဆွစ်ဇာလန်) ၉ နိုင်ငံတို့ ပူးတွဲထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD)က စစ်အာဏာသိမ်း ၄ နှစ်ပြည့်တဲ့ ဒီနေ့ မှတ်တမ်းတင်ထုတ်ပြန်လိုက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့စစ်တပ်ကို နိုင်ငံတကာက မျက်ကွယ်မပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Jan 31 ။ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ မှာ နိုင်ငံကို အရေးပေါ်အခြေအနေကြေညာပြီး သက်တမ်းကို တနှစ်တကြိမ်၊ အဲ့ဒီနောက်မှာ ခြောက်လတကြိမ် သက်တမ်းတိုးပြီး အုပ်ချုပ်နေရာကနေ ဒီနေ့မှာ နောက်ထပ် ၆လ သက်တမ်းထပ်တိုးခဲ့ပါတယ်။

စစ်မှုထမ်းအသက် သတ်မှတ်ချက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပအလုပ်အကိုင်အတွက် စာချုပ်- ချုပ်တာတွေ စစ်ကောင်စီက အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းကြောင်း သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

Jan 30 ။ မြန်မာစကားမပြောတတ်တဲ့ ချိုင်းနားနိုင်ငံသားတွေ ရှမ်းပြည်နယ်တောင်ပိုင်းကနေ အဝေးပြေးဘတ်စ်ကားစီးပြီး ရန်ကုန်မြို့ကို အလုံးအရင်းနဲ့ ဝင်ရောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်း ၄ နှစ်အတွင်း ပြည်သူတွေရဲ့ ဘဝတွေ လုံခြုံမှု ပိုမိုကင်းမဲ့လာပြီး စစ်တပ်ရဲ့ဖိနှိပ်မှုတွေ တိုးလာတာ၊ လက်နက်ကိုင် စစ်ပွဲတွေနဲ့ ကျပ်တည်းမှုတွေ များလာတာကို ဘယ်တုန်းကမှနဲ့မတူအောင် ကြုံနေကြရကြောင်း ရန်ကုန်အပါအဝင် မြို့ကြီးတွေရဲ့ ဒေသခံတွေက ပြောပါတယ်။

Jan 29 ။ စစ်အာဏာသိမ်းကာလအတွင်း ရခိုင်ပြည်နယ်ထဲမှာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ လုပ်ငန်းတွေအားလုံး အဆိုးရွားဆုံးအခြေအနေ ရောက်သွားကြောင်း ရခိုင်ဒေသခံတွေ ပြောတာကို VOA သတင်းက ဖော်ပြပါတယ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်း၊ ညောင်ဦး စတဲ့မြို့တွေနဲ့ မကွေးတိုင်း ချောက်၊ ရေနံချောင်းစတဲ့ မြို့တွေမှာ မြို့စောင့်တပ်ဖွဲ့စည်းရေးနဲ့ ထောက်ပံ့ရေးအတွက်ဆိုပြီး စစ်ကောင်စီတပ်က စစ်မှုမထမ်းမနေရ လူငယ်တွေကို ခေါ်နေတာကြောင့် ငွေပေးပြီး ပြန်ရွေးနေရကြောင်း VOA သတင်းက ပြောပါတယ်။

Jan 28 ။ ရခိုင်ရိုးမနဲ့ ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီတပ်စခန်းတချို့ AA သိမ်းပိုက်ခဲ့ပြီး ရခိုင်ပြည်နယ် ထိစပ်ဒေသ ဧရာဝတီ၊ မကွေးနဲ့ ပဲခူးတိုင်းတွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ဒီလ နှစ်ဘက်အပြန်အလှန်ထိုးစစ်တွေကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့ပါတယ်။

စစ်အာဏာသိမ်း ၄ နှစ်ကာလအတွင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၅ ဇန်နဝါရီ ၂၅ ထိစာရင်းအရ သတင်းသမား ၄၃ ယောက် အကျဉ်းချခံနေရဆဲဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က ကြေညာချက်ထုတ်ခဲ့ပါတယ်။

Leave a Reply