မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – မေ/ဇွန် ၂၀၂၅
“In America, our origins matter less than our destination, and that is what democracy is all about.” – Ronald Reagan
အမေရိကသို့ပြောင်းခိုလာမည့်သူများအတွက် သမ္မတရော်နယ်ရေဂင်၏ ကမ္ဘာကျော်အသိပေးမိန်မှာချက်တခုဖြစ်သည်။ ဤသို့လျှင် အမေရိကားသည် ပြောင်းခိုသူများအားနွေးထွေးစွာ ကြိုဆိုလက်ခံ၍ တစိုက်မတ်မတ် ကမ္ဘာ့နံပါတ်တစ်စူပါပါဝါအဖြစ်တိုးတက်ရပ်တည်နေနိုင်ခြင်း ဖြစ်ပါ၏။
သမ္မတရေဂင်သည် (Immigration Reform and Control Act of 1986 – IRCA) ကို အတည်ပြုပြဋ္ဌာန်း၍ ထိုစဉ်က တရားမဝင် ဝင်ရောက်နေထိုင်သူ ခန့်မှန်းခြေ ၂.၇ သန်းအား လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ အမေရိကနိုင်ငံသားအဖြစ်သို့ တရားဝင်လမ်းဖွင့်ပေးခဲ့ဖူးသည်။ အပြန်အလှန်အားဖြင့် အမေရိကပြည်ထောင်စုတွင် ပြောင်းရွှေ့အခြေချသူများသည်လည်း မိမိတို့အခြေချရာနိုင်ငံ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ သစ္စာစောင့်သိခဲ့ကြပါသည်။
“ရေမြင့်ကြာတင့်” ဆိုသကဲ့သို့ပင် အမေရိကပြည်ထောင်စုသို့ ပြောင်းရွှေ့လာသူများသည် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးများကိုပင် မြှင့်တင်ဦးဆောင်လျက် ရှိကြပါသည်။ ဥပမာအားဖြင့်၊ အမေရိကား၏ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးများဖြစ်သည့် Microsoft, Alphabet (Google), Nvidia, Broadcom, Tesla, Oracle, နှင့် Adobe ကဲ့သို့သော ကုမ္ပဏီ (၇) ခု၏ အမှုဆောင်အရာရှိချုပ် (CEO) များမှာ ပြောင်းရွှေ့လာသူများ ဖြစ်ကြသည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အီလွန်မတ်စ်သည်လည်း တောင်အာဖရိကနိုင်ငံမှ အမေရိကားသို့ ပြောင်းရွှေ့လာသူတစ်ဦး ဖြစ်ပါသည်။
(၄၄)သမ္မတဘားရက်အိုဘားမား၏ ဖခင်သည် အမေရိကားသို့ ပညာသင်ကြားရန်ရောက်ရှိလာခဲ့သော ကင်ညာနိုင်ငံသားတဦးဖြစ်ခဲ့သည်။ ထို့အတူ (၄၅-၄၇)သမ္မတဒေါ်နယ်ထရမ့်၏ မိခင်သည်လည်း စကော့တလန်ပြည်မှ အမေရိကားသို့ ပြောင်းရွေ့ခိုလှုံလာသူဖြစ်ပေသည်။
“ရွှေမလို ငွေမလို ပညာသည်သာ”
ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကသည် အယ်လ်ဘတ် အိုင်းစတိုင်းကဲ့သို့ ဂျာမဏီမှ ပါမောက္ခ/ ပညာရှင်များကို လက်ခံ/ သူ၏ပညာရေးစနစ်ကိုတစိုက်မတ်မတ်မြှင့်တင်ခဲ့ရာ ၎င်း၏တက္ကသိုလ်များသည်ကမ္ဘာကျော်တက္ကသိုလ်များဖြစ်လာခဲ့သည်။ ပညာရေးထိပ်တန်းဖြစ်ခဲ့သော အင်္ဂလန်ပြည်မှ ရှေးတက္ကသိုလ်ကြီးများကိုပင် ကျော်ဖြတ်၍ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်အများစုမှာ အမေရိကန်ပြည်ထောင်စု၌ တည်ရှိလာခဲ့၏။ ထို့ကြောင့် ကမ္ဘာအနှံ့မှ ချမ်းသာကြွယ်ဝပြီး ထက်မြက်သူများသည် နှစ်စဉ်နှစ်တိုင်း တိုး၍ အမေရိကား၏ပညာရေးစနစ်တွင်ခိုလှုံသင်ယူ ပညာရင်နို့သောက်စို့ခဲ့ကြသည်။
၂၀၂၃-၂၄ တွင် အမေရိကပညာရေးကဏ္ဍသို့ နိုင်ငံခြားသားကျောင်းသားများပေးထည့်ဝင်ငွေသည် (၄၃.၈) ဘီလီယံရှိပါ၏။ ပညာရေးပြီးဆုံးပြီးနောက် အချို့ဇာတိနိုင်ငံ အိမ်ပြန်သည်၊ အချို့မပြန်ပဲအမေရိကား၏ လုပ်ငန်းအသီးအသီးတွင် ဝာာဝန်ထမ်းဆောင်ကြရင်း ပေးဆပ်ခဲ့ကြသည်။ ချိုင်းနားသည်လည်း သူ၏ခေါင်းဆောင်များနှင့် သားသမီးများကို အမေရိကားရှိတက္ကသိုလ်များသို့ ပို့လွှတ်ပညာသင်ကြားစေခဲ့ရာ လက်ရှိသမ္မတရှီကျင့်ဖျင်၏သမီးဖြစ်သူသည်လည်း ဟားဗတ်တက္ကသိုလ်ဘွဲ့ရ ဖြစ်ပါ၏။ ဤသို့အားဖြင့် အမေရိကား၏ ဒီမိုကရေစီအလေ့အထများနှင့် အမေရိကန်စိတ်ဓာတ်တို့ ကမ္ဘာဖြန့်နိုင်သည်ဟုဆိုနိုင်ပါ၏။
“မီဒီယာအမုန်း ပညာရေးအဆုံး”
လက်ရှိအမေရိကား၏ ထိပ်တန်း သတင်းစာ/မီဒီယာကြီးများ ၁၀၏ ၇ခု /၇၀%ကို ဘီလျံနာသူဌေးကြီးများက ပိုင်ဆိုင်ထား၏။
ထို ဘီလျံနာများသည် သမ္မတထရမ့်နှင့် ပုလဲပနံသင့်သူတို့ဖြစ်သလို သမ္မတ၏ကျမ်းကျိန်ပွဲ၌လည်း သန်းချီ ထောက်ပံ့လှူထားသောသူများဖြစ်လာသည်။
၂၀၂၄ ရွေးကောက်ပွဲတွင် ဝါရှင်တန်ပို့စ်ပိုင်ရှင် အမ္မဇုံစီအီးအို ဂျက်ဘေဇိုသည် ပို့စ်၏ဆယ်စုနှစ်ချီအစဉ်အလာဖြစ်သော ရွေးကောက်ပွဲဝင်သမ္မတလောင်းထဲမှ တဦးကို ထောက်ခံသည့် အယ်ဒီတာ့အာဘော် ရေးသားခြင်းအစဉ်အလာကို ဖျက်သိမ်းခဲ့သည်။ သမ္မတထရမ့် အိမ်ဖြူတော်ရောက်သည်တွင် ဖက်ဒရယ်မှထောက်ပံ့ထားသော ဂရန့်များကို ဖျက်သိမ်းရပ်စဲပစ်ကာ လွတ်လပ်သောမီဒီယာတို့အား ရပ်ဆိုင်း ပစ်လိုက်သည်။ PBS, VOA, NPR တို့ကဲ့သို့ ဆယ်စုနှစ်များစွာ ရပ်တည်နေသည့် မီဒီယာကြီးများပင် အဆုံးသတ်ရတော့မည့်အခြေစိုက်နေသည်။ဤအခြေအနေများကိုခြုံငုံကြည့်လျှင် အမေရိကန်သတင်းမီဒီယာလောကတွင် ဘီလျံနာများ၏သြဇာလွှမ်းမိုးမှု မြင့်တက်လာနေပြီး၊ အစိုးရ၏လုပ်ဆောင်ချက်အချို့ကြောင့် လွတ်လပ်သည့်မီဒီယာတို့၏ ရပ်တည်မှုမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီတည်း၊
သမ္မတထရမ့်သည် မီဒီယာများကို အမုန်းပြ/ဝေဖန်ကာ ၎င်း၏ကိုယ်ပိုင် ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်သော “Truth Social” တည်ထောင်သကဲ့သို့ ပညာရေးနယ်ပယ်တွင်လည်း သူသည် ၂၀၀၄ ခုနှစ်တွင် “ထရမ့်တက္ကသိုလ်” ကို တည်ထောင်ခဲ့ဖူးသည်။ သို့သော်၊ အဆိုပါတက္ကသိုလ်သည် လိမ်လည်မှုစွပ်စွဲချက်များဖြင့် တရားစွဲဆိုခံခဲ့ရပြီး ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ သန်း လျော်ကြေးပေးကာ အမှုကျေအေးခဲ့ရပြီးနောက် ရပ်ဆိုင်းသွားခဲ့သည်။
မကြာသေးမီက သမ္မတထရမ့်၏ သားဖြစ်သူ ဘာရွန်ထရမ့်သည် ဟားဗတ်တက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားခဲ့သော်လည်း အရွေးချယ်မခံခဲ့ရဟု သတင်းများထွက်ပေါ်ခဲ့သည်။ သမ္မတကတော် မယ်လာနီယာထရမ့်၏ရုံးကမူ ဘာရွန်သည် ဟားဗတ်သို့ ဝင်ခွင့် လျှောက်ထားခဲ့ခြင်းမရှိကြောင်း တရားဝင်ငြင်းဆိုထားသည်။ လက်ရှိတွင် သမ္မတထရမ့်၏ သား/သမီးများထဲ၌ ဟားဗတ်တက္ကသိုလ်ဘွဲ့ရ တဦးမှမရှိချေ။
၁၆၃၆ တွင်တည်ထောင်သော ဟားဗတ်တက္ကသိုလ်သည် ဝင်ခွင့်ခက်လွန်းသည်ထဲပါသည်။ လက်ခံနှုန်းမှာ ၃.၅၉%(Class of 2028)သာရှိသည်။ ဟားဗတ်တက္ကသိုလ်သည် အမေရိကား၏ ခေါင်းဆောင်များစွာကို မွေးထုတ်ပေးခဲ့သည်။ အမေရိကသမ္မတ ၈ဦးနှင့် လက်ရှိ စူပရင်းကိုသ့် တရားသူကြီးချုပ် ၄ပါး သည် ဟားဗတ်တက္ကသိုလ်ဘွဲ့ရများဖြစ်ပါ၏။
ထရမ့်သည် အမေရိက၏ပညာရေးကို သူအောင်မြင်စွာပြုစားနိုင်ခဲ့သော မီဒီယာကဲ့သို့ သဘော ထား မှောက်လိုလှန်လို ပြင်ပစ်ချင်ဟန်ရှိသည်။
“အမေရိက တခါးပိတ်ဝါဒ”
ကမ္ဘာ့ပညာရေးနှင့် သုတေသနနယ်ပယ်တွင် ထိပ်တန်းတက္ကသိုလ်များ၏ အဆင့်သတ်မှတ်ချက်တစ်ခုဖြစ်သော Nature Index အရ ပညာရပ်ဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍတွင် ထိပ်ဆုံး ၁၀ ဌာန၌ ချိုင်းနားနိုင်ငံမှ တက္ကသိုလ် ၉ ခုအထိ ပါဝင်လာသည်ကို တွေ့ရသည်။ သို့တိုင်အောင် ဟားဗတ်တက္ကသိုလ်သည် နံပါတ်တစ်နေရာတွင် ဆက်လက်ရပ်တည်နေဆဲပါ။ ဤအခြေအနေတွင် သမ္မတဒေါ်နယ်ထရမ့်ကဲ့သို့သော ပုဂ္ဂိုလ်အချို့မှ ဟားဗတ်တက္ကသိုလ်အပေါ် တိုက်ရိုက်ဝေဖန်မှုများ ပြုလုပ်ခြင်းသည် “ကိုယ့်ခြေထောက် ကိုယ်ရိုက်ချိုးခြင်း” ဟု ပညာရှင်အချို့က သုံးသပ်ကြသည်။
အခြားနယ်ပယ်စုံတွင်မူ ကမ္ဘာ့လူဦးရေ၏ ၄%သောအမေရိကန်တို့သည် ကမ္ဘာအကောင်းဆုံးတက္ကသိုလ်များ၏ ၇၅% ပိုင်ဆိုင်ထားရာ အမေရိကားထိပ်တန်းရောက် စူပါပါဝါဖြစ်နေသည်မှာ အမေရိကပညာရေရးစနစ်၏ မှန်ကန်သောမူဝါဒကြောင့် ဟု ရာစုနှစ်သမိုင်းက ထင်ရှားပြပြီးဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် ကျောင်းသားဗီဇာကို ပညာသင်ကြားရန်အတွက်သာ ကန့်သတ်ပြီး၊ အမေရိကဖွဲ့စည်းပုံ၏ First Amendmentပါ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် နိုင်ငံခြားသားများနှင့် တိုက်ရိုက်မသက်ဆိုင်ဟုဆိုကာ အချို့သော နိုင်ငံခြားသားကျောင်းသားများအား ပြန်လည်နှင်ထုတ်နေခြင်း ကျောင်းဗီဇာများအား ပိတ်ပင်ခြင်းတို့ သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မူဝါဒသဖွယ် ဖြစ်လာနေသည်ကို တွေ့ရသည်။
၁၈၅၃ ခုနှစ်က အမေရိကန်ရေတပ်၏ “Black Ships”စစ်သင်္ဘောများဂျပန်ကမ်းတွင်ရပ်ကာ အမေရိကသမ္မတ၏ သဝဏ်လွှာပေး၍ ရာစုနှစ်ချီကုန်သွယ်စီးပွံား ပိတ်ဆို့ထားသော ဂျပန်နိုင်ငံအား ဖွင့်လှစ်စေလိုက်သော အမေရိကားသည် နှစ်၁၇၀ ကျော် အကြာတွင် ကိုယ်တိုင်တခါးပိတ်ဝါဒဆန်သော မူဝါဒတချို့ကို ကျင့်သုံးလာနေသလောဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေသည်။
မကြာမှီနှစ်များတွင် အမေရိကားပြည်ဝင်ခွင့်ဟူသည် ခက်ခဲခြင်းတို့ဖြင့် အတိပြီးသွားနိုင်သည်။ နိုင်ငံတကာကုန်သွယ်စီးပွား ဆက်ဆံရေးများခက်ခဲသွားနိုင်သည်။ တနည်းဆိုရသော် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများအတွက် အနောက်တိုင်း၏ ခေတ်မီနည်းပညာ၊ ပညာရေးနှင့် သုတေသနဆိုင်ရာ အဖိုးတန် အရင်းအမြစ်များ ဆုံးရှုံးနိုင်ခြေ သို့မဟုတ် လက်လှမ်းမီရန် ခက်ခဲသွားနိုင်သည့် အလားအလာရှိ၏။
“ကျောင်းသားဟူသမျှ ကျောင်းတက်ကြ”
မြန်မာရှေးထုံးအရ ပညာရှာရမည်အသက်အရွယ်ဟူသည်ရှိ၏။ ဥစ္စာရှာရမည့် အသက်တန်းလည်း သတ်မှတ်ထားည်။ အချိန်သည် တရွေ့ရွေ့ကုန်ဆုံးနေပေရာ ပညာသင်ကြားရမည်အသက်အရွယ်တွင် မသင်ခဲ့မူ ပြန်မရတော့ပြီ။ ထိုထိုသူ၏ အနာဂတ်တွင် အဆင်းလမ်းက စောင့်နေပေလိ့မ်မည်။ အတက်လမ်းပြန်ရရန် ပညာတတ်သူထက် နှစ်ပြန်ဆကြိုးစားရပါလိမ့်။
အမေရိကားသည် ပြည်ဝင်ဗီဇာများတွင် အလည်အပတ်/အလုပ်ဗီဇာများထက် ကျောင်း/ပညာရပ်ဗီဇာ F, M, J ကို သိသာစွာပိုမိုထုတ်ပေးခဲ့ဖူးသည်။ သို့သော် ရောက်ရှိလာသော ကျောင်းသားလူငယ်အများစုတို့သည် မြန်မာပြည်၏ အခြေအနေအရ TPS နှင့် နိုင်ငံရေးခိုလှုံခွင့်လွယ်ကူစွာရနိုင်ပေရာ အလုပ်လုပ်ခွင့်ပါတွဲပါလာသဖြင့် လျှောက်ယူရင်း အလုပ်လုပ်ငွေနောက်လိုက်ရင်း မူလရည်မှန်းချက်ပညာရေးကိုမေ့ပစ်ခဲ့ကြသည်။ ကျောင်းသားအရွယ် ကျောင်းမတက်ပဲ ဝင်ငွေရှာခခြင်းသည် သင်၏အနာဂတ်ကို သင်ကိုယ်တိုင်ဖျက်ဆီးနေသည်ပါ။
မိဘတစ်ဦး၏စေတနာဖြင့် အလေးအနက်တိုက်တွန်းလိုသည်မှာ ကျောင်းတက်ကြပါ၊ ကျောင်းသား ကျောင်းတက်ပါ။
သမ္မတဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများအရလည်း F-1 ကျောင်းသားဗီဇာဖြင့် လာရောက်၍ ကျောင်းမတက်ပဲနေခြင်းကို လုံးဝအားပေးမည်မဟုတ်ပါ။ အကယ်၍ သူ၏ လူသန်းပေါင်းများစွာကို နှင်ထုတ်မည့် မူဝါဒများ အကောင်အထည်ပေါ်လာပါက ကျောင်းစည်းကမ်းမလိုက်နာသော ကျောင်းမတက်သော ကျောင်းသားများ သို့မဟုတ် ကျောင်းထွက်ပြီးသူများသည် နှင်ထုတ်ခံရမည့်သူများစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နိုင်ခြေရှိပါသည်။
ရယူရန်ခက်ခဲတိုင်း ကိုယ်မကျန်စေပါနှင့်၊
ယခု ဂျူးဆန့်ကျင်သည်ဟု စွပ်စွဲခံရသော မွတ်ဆလင်အချို့နှင့် ချိုင်းနားမှကျောင်းသားများ အား တက္ကသိုလ်ဝင်ခွင့်/တက်ခွင့် ပညာသင်ကြားခွင့်ဆိုင်ရာကန့်သတ်မှုများ ထားခဲ့ပြီ။
အခြားလူမျိုးများအခက်သည် သင့်အတွက် အချက်ဖြစ်ပါစေ။ အခွင့်အလန်းရယူပါလေ။ နောင်ဆယ်စုနှစ်တွင် သင်နှင့် ကျောင်းမတက်/ဘွဲ့မရသူတို့၏ ဘဝလူနေမှုများ သိသာစွာ ပြတ်ပါလိမ့်။
အချိန်သည်တန်ဖိုးကြီးလွန်းလှပါသည်။ မိမိနှင့်ထိုက်တန်သောနေရာ မြင့်မားသော လူနေမှုရဖို့ရာ ပညာရေးကိုလက်မလွှတ်ပဲ မေးမြန်းစုံစမ်း မှန်ကန်သော ဆုံးဖြတ်ချက်များချကြစေလိုသည်။
ယခုကဲ့သို့ အမေရိကန်ပညာရေးသင်ကြားခွင့်များ စ,ပိတ်ခံထားရ /တုံ့ဆိုင်းကန့်သတ်ခံထားရ ကာလဝယ် အမေရိကပြည်တွင်းရောက်ပြီးနှင့်သူများ ဘက်ချလာတန်းမှသည် မဟာတန်း ပါရဂူလမ်းအထိ လှမ်းကြစေလိုသည်။
မြန်မာမှန်လျှင် ပညာရေးကိုအားပေးပါ။ တော်လှန်ရေး စစ်ရေးတို့တွင် ပညာရေးကို အနှောင့်အယှက်ကင်းလွတ်ခွင့်ပေးပါ။ ပညာရေးသည်သာ သင်နှင့်ငါ့လူမျိုး၏ အနာဂတ်ကို ပုံဖော်ပေးမည့် တခုတည်းသောသော့ချက် ဖြစ်သောကြောင့်တည်း။
