စိန်ရောင်လက်တဲ့ အိပ်ပျက်ညများ
ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက်တွင် ကိုယ်တစ်ပိုင်းကို ချောင်းရေထဲစိမ်ရင်း လက်ထဲမှာ သစ်သားအင်ပြားကို ဝေ့ကာ ဝိုက်ကာ ရေပေါ်လှုပ်ခါရင်း ဒေါ်သန်းဆင့် ရွှေကျင်နေသည်။ သူမ၏ ၁၃နှစ်အရွယ် သမီးလေး အေးဆင့်က ချောင်းကမ်းစပ်မှ မြေကြီးများ တူရွင်းပြားအတိုလေးဖြင့် တူးဆွကာ ရလာသော မြေကြီးများကို ဒေါ်သန်းဆင့်၏အနီးနား မြေပြင်ပေါ်တွင် ဂေါ်တောင်းနှင့်သယ်သယ်လာပြီး ပုံကာထားပေးနေသည်။ နွေရာသီ ကျောင်းပိတ်ရက်မို့ အားလပ်နေသော သမီးအေးဆင့်က ဒေါ်သန်းဆင့်ရွှေကျင်ရာတွင် တတပ်တအား ကူညီနိုင်ခွင့် ရနေလေသည်။ ဥရုချောင်းဆိုသည့် နံမည်ကျော်ချောင်းကမ်းဘေးမှာ သူမတို့ သားအမိနှစ်ယောက် မိန်းမသားတို့အင်အားလေးနှင့် ချောင်းကမ်းစပ် အပေါ်ယံမြေကြီးများကို တူးဆွကာ အင်ဟုခေါ်သော သစ်သားအပြားဝိုင်းဖြင့် မြေကြီးများကို တဖြေးဖြေး ဖယ်ရှားပစ်ပြီး ရွှေမှုန်ကလေးများကို ကဲ့ယူသော နည်းဖြင့် ရွှေကျင်နေကြခြင်းဖြစ်သည်။ မနက်စောစော ထမင်းချက်ပြီး သားအမိ၂ယောက်သား ထမင်းကို ဆားဖြူး၍ ဆီပါသည်ဆိုရုံမျှ နယ်ဖတ်ကာ စားခဲ့ကြပြီးနောက် ကျန်သောထမင်းနှင့် ဟင်းခေါ်နိုင်ရုံမျှ အချဉ်ရည် အနည်းငယ်နှင့် ငပိထောင်းတို့ကို ချိုင့်အစုတ်ကလေးဖြင့် ရွှေကျင်ရာသို့ ယူလာကာ နေ့လည် ရွှေကျင်နားချိန်တွင် စားသောက်ပြီးကြလေပြီ။
တစ်နေ့တာ ရွှေကျင်ပြီး ရလာသောရွှေမှုန်ကလေးများကို ပုလင်းသေးလေးတစ်လုံးနှင့် ထည့်ကာ သားအမိနှစ်ယောက်သား အိမ်ပြန်ကြရသည်။ သူမတို့လက်ထဲက ရွှေမှုန်ထည့်ထားသော ပုလင်းလေးသည် သူမတို့အတွက် မျှော်လင့်ချက် ဖြစ်လေသည်။ တစ်ရက်ကို ရွေးတစ်ခြမ်း၊ တခါတရံ တစ်ရွေးလောက်ရသော ရွှေမှုန်ကလေးများအား ညနေစောင်းအိမ်ပြန်ရင်း ရွှေဆိုင်တွင် သွားရောင်းချခြင်းဖြင့် ရလာသော ငွေကြေးလေးများဖြင့် တစ်နေ့လုပ် တစ်နေ့စားဖြင့် ဘဝကို ရုန်းကန် ရပ်တည်နေခဲ့ရသည်။ မိုးရာသီနှင့် ဆောင်းရာသီတို့တွင် ဒေါ်သန်းဆင့်အတွက် အလုပ်မရှား။ မိုးရာသီတွင် ရွာထဲမှ လယ်ပိုင်ရှင်များထံတွင် ကောက်စိုက်၊ ပျိုးနှုတ် လုပ်နိုင်သလို ဆောင်းရာသီ စပါးပေါ်ချိန်တွင် စပါးရိတ်သည့်အလုပ်ကို လုပ်နိုင်သည်။ ထိုအချိန်တွင်တော့ သမီးအေးဆင့်က ကျောင်းတက်၊ စာကျက်သည်။ တကယ်တမ်းတော့ ဒေါ်သန်းဆင့်တို့က ရွှေဘိုအနီးက ရွာလေးတစ်ရွာတွင် နေထိုင်ကြသူများသာ။ သူမယောက်ျား ကိုသက်လွင် ဆုံးသွားသောအခါ သမီးလေးတစ်ယောက်နှင့် ကျန်ရစ်ခဲ့သော ဒေါ်သန်းဆင့်မှာ ရွာတွင် ဆက်ပြီးမနေလိုတော့သဖြင့် အထက်အရပ်သို့ ရောက်လာပြီး ရွှေနှင့် ကျောက်ထွက်သည့် ဥရုချောင်းဘေး ရွာကလေးသို့ ရောက်လာကြခြင်းဖြစ်သည်။
သူများလို ငွေအရင်းအနှီးလည်းမရှိ၊ အဆွေအမျိုးလည်းမရှိသော သည်ရွာကလေးတွင် သူမတတ်အားသမျှနှင့် မနေမနား အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ကိုင်ရင်း သမီးလေးကို ကျောင်းထားနိုင်ခဲ့သည်။ ရွာအစွန်မှ တဲဖြစ်ရုံသာသာ အိမ်ကလေးမှာ သားအမိနှစ်ယောက်သား နေထိုင်ရင်း ဘဝကို အသစ်ပြန်စခဲ့ရသည်။ ပင်ပင်ပန်းပန်း လုပ်ကိုင်ရသော်လည်း သမီးလေးရှိသေးရွေ့ သူမ အသက်ရှင်သန်နေရပါဦးမည်။ သည်သမီးလေးသည် သူမ၏ မျှော်လင့်ချက်လည်း ဖြစ်သည်လေ။ အင်ပေါ်တွင် တင်ကျန်နေရစ်သော ရွှေမှုန်ကလေးအနည်းငယ်ကို ပန်းကန်ပြားလေးပေါ် ရေဖြင့်သပ်ချလိုက်ပြီးနောက် ပန်းကန်ပြားမှတစ်ဆင့် ပုလင်းလေးထဲ စောင်းငှဲ့ထည့်လိုက်ရင်း သူမအတွေးတွေကို လက်စသပ်လိုက်ကာ မြေကြီးတူးနေသော သမီးအေးဆင့်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ပူပြင်းလှသော နေရောင်အောက်တွင် ပင်ပင်ပန်းပန်းလုပ်နေသော သမီးလေးကို သူမ မကြည့်ရက်ပါ။ သို့သော်လည်း ၂ယောက်ပေါင်းပြီး လုပ်တာက လုပ်အား ပိုတွင်ကျယ်သလို ရွှေများများလည်း ပိုရနိုင်သဖြင့် မလွဲသာလွန်း၍သာ သမီးကို ခေါ်လာရခြင်းဖြစ်လေသည်။ ဒီနှစ်ကျောင်းပြန်ဖွင့်လျှင် အေးဆင့်က ၉တန်းတက်ရတော့မည်။ သူမကို မြို့ကြီးတစ်ခုတွင် ကျောင်းသွားထားချင်စိတ်က ဒေါ်သန်းဆင့်ရင်ထဲ ခိုင်ခိုင်မာမာ ဖြစ်ထွန်းနေခဲ့သည်။ သို့သော် တစ်နေ့လုပ်မှ တစ်နေ့စားရသော သူမတို့ဘဝတွင် အေးဆင့်ကို မြို့ကျောင်းသို့ ပို့နိုင်ဖို့ဆိုသည်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပေလိမ့်မည်။
ဘေးနားပုံထားသော မြေကြီးကို အင်ထဲထည့်လိုက်ပြီး ရေနှင့်မြေကြီးများကို ဖျော်လိုက်ကာ ကျောက်ခဲကြီးများကို ရွေးထုတ်လိုက်ရင်း ရေထဲမှာ အင်ကို လှည့်ပတ်လိုက်တော့ မြေကြီးများက ရေနှင့်အတူ ချောင်းထဲ စီးမျှောသွားကြသည်။ အင်ထဲတွင် တဖြေးဖြေးနှင့် ကျောက်ခဲ ခပ်သေးသေးနှင့် မြေကြီးအနည်းငယ်တို့ ကျန်နေခဲ့သည်။ ဒေါ်သန်းဆင့်လက်က အင်ထဲမှ ကျောက်ခဲအချို့ကို ကောက်ကာ ရေထဲ လွင့်ပစ်လိုက်ရင်း သူမမျက်လုံးက လက်ခနဲဖြစ်သွားသော အရာတစ်ခုကို တွေ့လိုက်ရသည်။ လက်ဖြင့် ကောက်ကိုင်လိုက်တော့ ကျောက်ခဲ မဟုတ်သော တစ်စုံတစ်ရာကို ကိုင်မိလိုက်သည်။ လက်ထဲမှ အရာလေးကို နေရောင်အောက်တွင် ထောင်ကြည့်လိုက်တော့ ဝင်းခနဲဖြစ်သွားသည်။ ရွှေရောင်လက်နေသော လက်စွပ်လေးတစ်ကွင်း။ မြေကြီးတို့ ဖုံးလွှမ်းနေသော လက်စွပ်ကျောက်နေရာကို ပွတ်ဆေးလိုက်သည့်အခါ နေရောင်အောက်တွင် တဖျတ်ဖျတ် လက်နေသည်ကို တွေ့လိုက်ရသည်။ “ဘုရားရေ ဒါ စိန်ကို ရွှေနဲ့ ကွင်းထားတဲ့ တကယ့် လက်စွပ်အစစ်ပါလား” တခါတရံတွင် ဒေါ်သန်းဆင့်တို့ ရွှေကျင်ရင်း ကလေးကစားစရာ လက်စွပ်များ၊ နားကပ်လေးများ ပါလာတတ်သည်။ သို့သော် ဒီဟာလေးကတော့ လေးလေးပင်ပင်လည်းရှိသည်၊ တောက်ပ ပြောင်လက်နေသည်မှာလည်း ငြင်းမရအောင်တန်ဖိုးကြီးလှသော အဖိုးတန်လက်စွပ်မှန်း သိသာစေသည်။ ဖြူဖွေးဆွတ်ကြည်နေသော ဇီးသီးကင်းခန့် စိန်အရောင်က လင်းလက်တောက်ပလွန်းသဖြင့် သူမလက်များပင် တဆတ်ဆတ် တုန်ယင်လာသည်။ ဒေါ်သန်းဆင့် ဘဝတွင် ဒီလိုအဖိုးတန်ပစ္စည်းမျိုး ရဖို့မပြောနှင့်။ ကိုင်ဖူးသည့်အဆင့်ကိုပင် မရောက်ခဲ့ပါ။ ဒီလက်စွပ်လေးဟာ လူတွေ တပ်မက်ကြသော စိန်ဆိုသည့် တန်ဖိုးကြီး ကျောက်မျက်ရတနာသာ ဖြစ်ပေလိမ့်မည်။
ထိုစဉ် သူမအနားသို့ သမီးအေးဆင့်ရောက်လာပြီး “အမေ.. ဘာတွေ့လို့ ဒီလောက်ကြည့်နေတာလဲ” ဟု မေးလာသည်။ ဒေါ်သန်းဆင့်က “ ဒီမှာကြည့်စမ်းသမီး.. ဒီလက်စွပ်ဟာ စိန်အစစ်လက်စွပ်လေးတစ်ကွင်း ဖြစ်လိမ့်မယ်.. နေရောင်မှာ ဖျတ်ဖျတ်ကို လက်နေတာဘဲ.. ရွှေကလည်း အစစ်ဖြစ်တာ သေချာတယ်”
“ ဟင်.. အမေ .. သမီးသိပြီ.. ဒီလက်စွပ်ဟာ မိုးတွင်းတုန်းက ချောင်းထဲမှာ ရေချိုးရင်း လက်စွပ် ကျပျောက်သွားတဲ့ အဖွားလေး ဒေါ်သီတာရဲ့ လက်စွပ်ဖြစ်မယ်… အမေ အမေမှတ်မိလား.. ဒီလက်စွပ်ကို ရအောင်ပြန်ရှာနိုင်တဲ့သူကို ကျေးဇူးဆပ်မယ်လို့တောင် ကြောငြာသေးတယ်လေ .. ရွာထဲက ရေငုတ်ကျွမ်းကျင်တဲ့ သူတွေ တော်တော်များများ ဝိုင်းရှာကြပေမဲ့ … မိုးတွင်းတုန်းက ချောင်းရေက နောက်ကျိနေလို့ ဘယ်လိုမှ ရှာမရတော့လို့ ရှာတဲ့သူတွေ လက်လျှော့လိုက်တယ်လေ.. ”
ဒီတော့မှ ဒေါ်သန်းဆင့် ပြန်သတိရလာသည်။ ဟုတ်သည် သမီးအေးဆင့်ပြောတာ အမှန်ဖြစ်သည်။ ဒီရွာကလူတွေအားလုံးက ပိုက်ဆံချမ်းသာသူဖြစ်ဖြစ်၊ ဆင်းရဲသူဖြစ်ဖြစ် ချောင်းထဲမှသာ အားလုံးက နွေနွေမိုးမိုး ရေချိုးကြသည့် အကျင့်ရှိသည်။ ပြီးခဲ့သည့် မိုးရာသီတုန်းက ရွာထဲမှ ပိုက်ဆံချမ်းသာသော ဒေါ်သီတာက ချောင်းထဲရေဆင်းချိုးရင်း လက်စွပ်ကို မချွတ်မိသဖြင့် ဆပ်ပြာတိုက်နေစဉ် လက်စွပ်မှာ လျှောထွက်သွားပြီး ချောင်းရေထဲသို့ ကျသွားခဲ့သည်။ တန်ဖိုးကြီးလှသော စိန်လက်စွပ်ဖြစ်သဖြင့် လူအင်အားများနှင့် လိုက်ရှာကြသည် ဆိုတာကိုလည်း ကြားမိသည်။ ရေစီးသန်ပြီး နောက်ကျိနေသော ချောင်းရေကြောင့် ဘယ်လိုမှ ရှာမတွေ့တော့ဘဲ လက်လျှော့လိုက်သော်လည်း လက်စွပ်ပြန်ရအောင် ရှာပေးနိုင်သူအား ထိုက်တန်စွာ ကျေးဇူးဆပ်မည်ဟု ကြေငြာခဲ့ဖူးသည်။ ထိုလက်စွပ်သည် ဒေါ်သီတာတို့၏ မိဘ ဘိုးဘွားပိုင် အမွေဟုလည်း လူတွေ ပြောသံ ကြားဖူးခဲ့သည်။ ဒေါ်သီတာတို့ ရေချိုးဆိပ်သည် ဒေါ်သန်းဆင့်တို့ ရွှေကျင်နေသော နေရာ၏ အထက်ဖက် ခပ်လှမ်းလှမ်းတွင်ဖြစ်သည်။ ရေစီးကြောင့် ယခုနေရာထိ လိမ့်ဆင်းလာပြီး မြေကြီးအောက်ထဲတွင် နှစ်မြုပ်နေဟန်ရှိသည်။
“အမေ ဒီလက်စွပ်ကို ဖွားလေး ဒေါ်သီတာတို့ကို ပြန်အပ်လိုက်ရင် သမီးတို့ ဆုငွေတွေ ရမှာဘဲနော်.. ” သမီးအေးဆင့်က ဝမ်းသာအားရ ပြောလိုက်သည်။ ဒေါ်သန်းဆင့်က လက်ထဲမှ လက်စွပ်ကို ကဗျာကယာ လက်ထဲတွင် ဆုပ်ကိုင်လိုက်ပြီး “ဘာလို့ပြန်ပေးရမှာလဲ သမီး.. ရေအဆုံး ကုန်းတစ်ဝက်ဆိုတာ ကြားဖူးတယ်မဟုတ်လား.. အခု အမေတို့က ရေထဲမှာ ကောက်ရတာမို့ အမေတို့ပိုင်ပြီ။ ဒေါ်သီတာကို ပြန်ပေးရင် သူတို့ပေးတဲ့ ဆုငွေက ဘယ်လောက်ရမှာမို့လဲ.. ဒါကို ကိုယ့်ဟာကို ရောင်းလိုက်ရင် ငွေတွေအများကြီးရမှာ သမီးရဲ့ .. အမေတို့ရဲ့ ပျက်စီးနေတဲ့ အိမ်ကိုလည်း ပြင်ဆောက်နိုင်မယ် သမီးကိုလည်း ကျောင်းကောင်းကောင်းမှာ ထားနိုင်တော့မယ်.. ”
“ဟင်.. အမေကလည်း ပိုင်ရှင်ဘယ်သူလဲဆိုတာ သိနေရက်နဲ့ ပြန်မပေးဘဲယူထားတာ ကောင်းပါ့မလား.. ပိုင်ရှင်မရှိတဲ့ ပစ္စည်းဆိုရင် တော်သေးတယ်.. ”
“ပါးစပ်ပိတ်ထား.. အေးဆင့်။ ဒီလက်စွပ်ရတဲ့ ကိစ္စ ဘယ်သူ့ကိုမှ မပြောနဲ့။ ဘယ်သူမှ မသိစေနဲ့။ သမီးနဲ့အမေတို့ ဒီရွာကနေ ထွက်သွားပြီး တစ်မြို့တစ်ရွာမှာ သွားပြီး ထုခွဲရောင်းချမယ်… ဒီရွာမှာ မုဆိုးမဘဝနဲ့ ဆင်းဆင်းရဲရဲ မျက်နှာငယ်ငယ်နဲ့ နေရတဲ့ အချိန်တွေကို မေ့ပစ်ရမယ်.. ဒါဘဲနော်. အမေထပ်ပြောမယ် ဒီကိစ္စကို သမီးဘယ်သူ့မှ မပြောရဘူး”
ဒေါ်သန်းဆင့်ရဲ့ လေသံမာမာအဆုံးမှာ မျက်နှာလေး ငယ်ငယ်ဖြင့် အေးဆင့် ငြိမ်ကျသွားကာ သူမ လုပ်လက်စ မြေကြီးတူးသော အလုပ်ကို ဆက်လုပ်နေသည်။ ဒေါ်သန်းဆင့်မှာတော့ သူတို့ ဒီလက်စွပ်ကောက်ရတာ ဘယ်သူများ မြင်သွားပြီလဲ ဟူသောစိတ်ဖြင့် ဘေးပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်ရသေးသည်။ သူမတို့နှင့် မလှမ်းမကမ်းတွင်တော့ သူမတို့လို ရွှေကျင်နေသော လူ သုံးလေးဦးရှိနေသည်။ သို့သော် ကြည့်ရသည်မှာ ဒေါ်သန်းဆင့်တို့ဘက် ကြည့်နေပုံလဲ မရ။ မြင်တွေ့ပုံလဲ မပေါ်သဖြင့် အနည်းငယ် စိတ်အေးသွားပြီး လက်စွပ်ကလေးကို အဝတ်ခြောက်ဖြင့် ပွတ်သုတ်ကာ သူမ အင်္ကျီအတွင်းအိတ်ထဲ ထည့်လိုက်မိတော့သည်။ စိန်လက်စွပ်ကို ဒီရွာလေးတွင် ရောင်းချ၍တော့ ဘယ်လိုမှ မဖြစ်နိုင်မှန်း ဒေါ်သန်းဆင့် သိပါသည်။ တစ်ရွာလုံးကလည်း ဒီလက်စွပ်အကြောင်း သိနေကြပြီးသားမို့ မြင်လိုက်တာနှင့် ဒေါ်သီတာလက်စွပ်မှန်း အားလုံးက သိကြမည်သာ။ ရွှေဆက်ကျင်ပြီး ငွေစုဆောင်းကာ ရလာသည့်ငွေနှင့် တစ်ခြားတစ်မြို့တစ်ရွာသို့ သွားကာ ရောင်းချနိုင်ဖို့ စိတ်ကူးမိလေသည်။
ထိုနေ့က ညနေစောင်းလို့ အိမ်အပြန်တွင် ရလာသော ရွှေမှုန်လေးများကို သူတို့ ရောင်းနေကျ ပန်းတိမ်ဆိုင်တွင် ဝင်ရောင်းတော့ ရွှေမှုန် ရွေးတစ်ရွေး ကျော်ကျော်အတွက် ပိုက်ဆံ ၆၅၀ဝခန့် ရလာသည်။ ကုန်စုံဆိုင်လေးတွင် ဆန်အနည်းငယ်နှင့် ငါးခြောက်နည်းနည်းတို့ကို ဝယ်ယူကာ သားအမိနှစ်ယောက် အိမ်ပြန်ကြတော့သည်။ အိမ်ရောက်လျှင် သူမတို့ တဲအိမ်အစုတ်ကလေးတွင် တန်ဖိုးကြီးပစ္စည်း သိုဝှက်သိမ်းဆည်းဖို့ နေရာတစ်ခုခုကို လိုက်လံရှာဖွေသော်လည်း လုံခြုံစိတ်ချရာ နေရာဟူ၍လည်း မတွေ့မိပေ။ လက်စွပ်လေးကို ဟိုနားထားရကောင်းနိုး၊ ဒီနားဖွက်ရကောင်းနိုးဖြင့် ထားစရာနေရာ ရှာမတွေ့ဘဲ ဗျာများနေသော ဒေါ်သန်းဆင့်ကို ကြည့်ပြီး အေးဆင့်က တစ်ခုခု ပြောချင်ဟန်ဖြင့် ခနခန လှမ်းကြည့်သော်လည်း သူ့အမေစိတ်ကို သိနေသဖြင့် ဘာမှတော့ မပြောပေ။ အေးဆင့်စိတ်ထဲကတော့ လက်စွပ်ကို ပိုင်ရှင်ထံပြန်အပ်ကာ ပေးသည့်ဆုငွေလေးနှင့်သာ တင်းတိမ် ရောင့်ရဲလိုက်စေချင်သည်။ သို့သော်လည်း သက်ပြင်းလေးသာ ချလိုက်မိရင်း ညစာ ထမင်းအိုးလေးတည်ကာ ငါးခြောက်တစ်ပိုင်းလေးကို မီးဖုတ်လိုက်ရင်း အိမ်ဘေးတွင် စိုက်ထားသော ဟင်းချိုရွက်တစ်ချို့ကို ခူးကာ အရည်သောက်တစ်ခွက် ချက်လိုက်ပြီး ထမင်းစားဖို့ ပြင်လိုက်တော့သည်။ သားအမိနှစ်ယောက် ထမင်းစားကြရင်း စကားမပြောမိကြ။ အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေမိကြသည်။
ညအိပ်ချိန်ရောက်သောအခါ လက်စွပ်ကို ဘယ်နားထားရမည်မှန်း ထားဖို့နေရာ ရှာမရသော ဒေါ်သန်းဆင့်သည် စိတ်မချသဖြင့် ခေါင်းအုံးအောက်တွင် ထားကာ အိပ်လေတော့သည်။ ညသာ တဖြေးဖြေး နက်လာသော်လည်း အိပ်၍ မပျော်နိုင်၊ အိမ်ထဲတွင် ကြွက်ဖြတ်ပြေး၍ ချိုးချိုးချွတ်ချွတ် အသံကြားလျှင် ချက်ခြင်း လန့်နိုးလာတတ်ပြီး သူမလက်က ခေါင်းအုံးအောက်သို့ အလိုလို ရောက်ရောက်သွားတတ်သည်။ မလှမ်းမကမ်းမှ ခွေးဟောင်သံ ကြားပြန်လျှင်လည်း သူတို့အိမ်အနီးသို့ သူခိုးများ ကပ်လေသလားဟု ပူပန်စိတ်များ ဖြစ်ရပြန်သည်။ အေးဆင့်ဘက်သို့ ကြည့်လိုက်သည့်အခါတွင် အေးဆင့်မှာ ဟောက်သံလေးများပင်ထွက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေသည်။ အိပ်မပျော်နိုင်သော ဒေါ်သန်းဆင့်သာ ခြေသံတွေကို ကြားမိသလိုလို၊ တစ်စုံတစ်ယောက်က သူမတို့ အိမ်ကို ချောင်းနေသလိုလို စိတ်ထဲ ခံစားရကာ တစ်ညလုံး ခြောက်ခြားစိတ်၊ ထိတ်လန့်ပူပန်စိတ်တို့ဖြင့် တစ်ရေးမှ မမှေးနိုင်တော့ဘဲ မိုးလင်းသွားရတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိပ်ရာမှထကာ မနက်စာစားဖို့ ဆန်ဆေး ထမင်းအိုးတည်ရင်း သူမလက်ထဲရောက်နေသော စိန်လက်စွပ်အတွက် ဘယ်နေရာမှာ ဖွက်ထားရမည်ကိုသာ ထိုင်စဉ်းစားနေမိကာ မီးဖိုဘေးတွင် ခေတ္တမျှ ငိုက်သွားမိတော့ ထမင်းအိုး မီးတူးသွားသည်ပင် မသိလိုက်မိတော့ချေ။ ထိုချိန်တွင် အိပ်ရာမှ နိုးလာသော အေးဆင့်က “အမေ ထမင်းအိုး မီးတူးနံ့ရတယ်” ဟု လှမ်းပြောလိုက်မှ ထမင်းအိုးရေခမ်းနေပြီး မီးတူးနေတာကို သတိထားလိုက်မိတော့သည်။ “အမေဒီနေ့အစောကြီး ထတယ်.. ညက အိပ်မပျော်ဘူးလား” ဟု အေးဆင့်က လှမ်းမေးတာကို “ဟုတ်တယ်.. အိပ်မပျော်လို့ ” ဟုသာ ပြန်ဖြေလိုက်ပြီး ညနေက ကျန်သော ငါးခြောက်ဖုတ်ကလေးနှင့် မနက်စာစားဖို့ ပြင်ဆင်လိုက်သည်။ ရွှေကျင်သွားလျှင် ထည့်သွားဖို့ ငါးခြောက်ကို အနည်းငယ် ထပ်ဖုတ်လိုက်သည်။ သားအမိ၂ယောက် မနက်စာစားပြီး ရွှေကျင်ထွက်လာတော့ သူမတို့ အိမ်အစုတ်ကလေးတွင် ထားခဲ့ဖို့ ဘယ်လိုမှ စိတ်မချနိုင်သော စိန်လက်စွပ်က ဒေါ်သန်းဆင့် အင်္ကျီအိတ်ထဲ ပါလာပြန်သည်။
ထိုနေ့လည်း ရွှေကျင်နေရင်း မလှမ်းမကမ်းမှ အခြားရွှေကျင်သူများက သူမတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်ဟု ဒေါ်သန်းဆင့် စိတ်ထဲ ထင်နေမိသည်။ မနေ့ကများ သူတို့သားအမိ စိန်လက်စွပ်ရသွားတာကို တွေ့များသွားလေသလား ဟု မလုံမလဲစိတ်က ဒေါ်သန်းဆင့်ကို တစ်ချိန်လုံး ဒုက္ခပေးနေလေတော့သည်။ ရွာထဲမှာ လူတစ်ဦးစ နှစ်ဦးစ ရွှေကျင်သည့်အနားမှ ဖြတ်သွားပြန်လျှင်လည်း သူမတို့ကို လာစောင့်ကြည့် နေသူများလားဟု စိုးရိမ်စိတ်က ငယ်ထိပ်ကို ဆောင့်ဆောင့်တက်လာသေးသည်။ လက်က အကျင်္ီချွေးခံအိတ်ထဲသို့ ရောက်ရောက်သွားတတ်ပြီး လက်စွပ်ရှိမှ ရှိသေးရဲ့လားဟုလည်း စမ်းနေရသည်က အလုပ်တစ်ခု။ ညက တစ်ညလုံးလဲ အိပ်မပျော်ခဲ့သဖြင့် ရွှေကျင်ရသည်မှာလည်း လက်က မသွက်လက်၊ မှိုင်တိမှိုင်တိုင် ဖြစ်နေသော သူမကို အေးဆင့်က လှမ်းလှမ်းကြည့်ကာ “အမေ နေမကောင်းဘူးလား” ဟု မေးတတ်သည်။ သူက “ကောင်းပါတယ်” ဟုသာ ပြန်ဖြေရင်း ရွှေကို ဆက်ကျင်နေမိသည်။ ထိုနေ့က ခါတိုင်းထက် ရွှေကျင်နိုင်စွမ်းအား ကျဆင်းသဖြင့် ညနေပိုင်း ပန်းတိမ်ဆိုင် ရောက်သော် ဆိုင်ကကောင်လေးက အလေးချိန်ချိန်တော့ ရွှေ ရွေးတစ်ခြမ်းခန့်သာ ရပြီး ပန်းတိမ်ဆိုင်က ပိုက်ဆံ ၃၀၀ဝ ပေးလိုက်လေသည်။ အိမ်ပြန်ရောက်လို့ ညနေစာစားချိန်တွင် အိပ်ရေးပျက်သောအရှိန်ဖြင့် ဒေါ်သန်းဆင့်မှာ ထမင်းပါ စားမဝင် ဖြစ်ရတော့သည်။ ညအိပ်ချိန်ရောက်လျှင်လည်း မနေ့ညက ကဲ့သို့ပင် အသံ တစ်စုံတစ်ရာကြားတိုင်း ထိတ်ခနဲဖြစ်ဖြစ်သွားကာ ဆက်အိပ်လို့မရ ဖြစ်နေပြန်သည်။ မှေးခနဲ ပျော်သွားမည်ကြံတိုင်းလည်း ခေါင်းအုံးအောက်တွင် ထားထားသော လက်စွပ်အတွက် စိုးရိမ်ပူပန်စိတ်များဖြင့် လက်က ဆတ်ခနဲရောက်သွားတတ်ပြီး မျက်လုံးအစုံက ပြန်အိပ်မရ ဖြစ်ပြန်သည်။
အရင်တုန်းကများ ခေါင်းချလိုက်တာနှင့် တစ်နေကုန်ပင်ပန်းနေသော လူက တုံးခနဲ အိပ်ပျော်သွားသည်မှာ မနက်မိုးလင်းသည်ထိ တစ်ရေးမှ မနိုးတတ်ခဲ့၊ သူမတို့ အိမ်အစုတ်ကလေးကို သူခိုးကပ်မှာလဲ ပူစရာမလို၊ အေးအေးချမ်းချမ်း အိပ်ပျော်သွားတတ်ခဲ့သည်သာ။ ကြွက်သံဖြစ်စေ၊ ကြောင်သံဖြစ်စေ ဒေါ်သန်းဆင့်ကို အိပ်ရာမှ နိုးအောင် မတတ်နိုင်ခဲ့။ ခုတော့ လေတိုက်သံကြားလျှင်ပင် စိတ်တို့က ခြောက်ခြားလာရသည်။ ခွေးဟောင်သံသည်လည်း သူ့အတွက် တုန်လှုပ်စရာ ဖြစ်ရတော့သည်။ ဒေါ်သန်းဆင့်အတွက် စိန်လက်စွပ်လေးတစ်ကွင်း ကောက်ရချိန်မှစလို့ ညစဉ်ရက်ဆက် အိပ်ပျက်ညတွေသာ ဖြစ်လာရတော့သည်။ အိပ်ရေးပျက်တော့ အစားလဲ မစားနိုင်၊ အလုပ်လဲ ကောင်းကောင်းမလုပ်နိုင် ဖြစ်လာကာ တစ်ပတ်ကျော်လာပြီး နောက်ဆုံးတွင် ရွှေကျင်နေရင်း မိုက်ခနဲဖြစ်သွားကာ မူးလဲသည့်အဆင့်သို့ ရောက်လေတော့သည်။
အေးဆင့်က အခြားသူများကို လှမ်းအော် အကူအညီတောင်းသဖြင့် အနီးအနားမှ ရွှေကျင်နေသူများ အပြေးအလွှား ရောက်လာကြကာ ဒေါ်သန်းဆင့်ကို ဝိုင်းပြုစုကြသည်။ ထို့နောက်တော့ အခြားသူများက အားနည်းလို့ မူးလဲတာဖြစ်ကြောင်း ဆေးရုံသွားကာ ဆရာဝန်နှင့် သွားပြသင့်ကြောင်း ဝိုင်းဝန်းတိုက်တွန်းကြသည်။ သို့သော် အကျီ်အိတ်ထဲမှ လက်စွပ်ကို လက်နှင့်ဖိထားရင်း ဆေးရုံသွားဖို့ကို တွင်တွင်ငြင်းကာ သားအမိ နှစ်ဦးသား အိမ်သို့ ပြန်ခဲ့ကြသည်။ အေးဆင့်ကလည်း လမ်းတွင် ဆေးရုံသွားဖို့ကို တစ်ဖွဖွ ပြောလာသော်လည်း ဒေါ်သန်းဆင့်က ခေါင်းမာမာနှင့် ငြင်းပစ်သည်။ ဆေးရုံရောက်လို့ ဆရာဝန်က နားကြပ်ဖြင့် ဟိုစမ်းသပ် သည်စမ်းသပ်လုပ်လျှင် သူမအိတ်ထဲမှ လက်စွပ်ကို စမ်းမိသွားမှာကို စိုးနေသည်လေ။ သူမတို့လို ဆင်းရဲသူလက်မှ စိန်လက်စွပ်ကို တွေ့သွားခဲ့လျှင် မယုံသင်္ကာ ဖြစ်လာနိုင်စရာတွေ ပေါ်ပေါက်လာဦးမည်.. ထိုအသိဖြင့် ဆေးရုံသွားဖို့ ဒေါ်သန်းဆင့်ကို ဘယ်လိုပြောပြော လက်မခံနိုင် ဖြစ်နေရလေသည်။
အိမ်ပြန်ရောက်လျှင် သမီးအေးဆင့်က “စိန်လက်စွပ်ကို ပိုင်ရှင်လက် သွားအပ်ကြပါစို့ ” ဟု ဒေါ်သန်းဆင့်ကို တောင်းပန်သည်။ ဒေါ်သန်းဆင့် ဘာမှ ပြန်မပြောဖြစ်ပေမဲ့ ထိုညက စိန်လက်စွပ်နှင့်ပတ်သက်ပြီး ဘာဆက်လုပ်ရမည်ဆိုတာကို တစ်ညလုံး ဒေါ်သန်းဆင့် စဉ်းစားနေမိသည်။ ဒီစိန်လက်စွပ် သူမလက်ထဲ ရောက်ကတည်းက ညတိုင်းလည်း ထိတ်လန့်ခြင်း၊ စိုးရွံ့ခြင်းများဖြင့် အိပ်မပျော်နိုင်ခဲ့။ အအိပ်ပျက်၊ အစားပျက်ဖြစ်ရသလို အလုပ်အကိုင်လည်း ကောင်းကောင်းမလုပ်နိုင်၊ ပိုက်ဆံပင် ခါတိုင်းလို ရအောင် မရှာနိုင်တော့။ ဒေါ်သန်းဆင့် စိတ်ထဲတွင်လည်း ဒီလက်စွပ်သည် သူမနှင့် မထိုက်၊ ပိုင်ရှင်ရှိသော ပစ္စည်း၊ သူတစ်ပါးမသိအောင် ယူထားရသော ပစ္စည်းမို့လားမသိ၊ လိပ်ပြာမလုံ ဖြစ်ရကာ စိုးတထိတ်ထိတ်နှင့် ဖြတ်သန်းရသော နေ့ရ့က်များသည်ပင် နေပျော်ချင်စရာ မကောင်းတော့။ ဒီပစ္စည်းကို ပိုင်ရှင်လက်သို့ ပြန်အပ်လိုက်သည်ကသာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု နောင်တ ရမိတော့သည်။ ထို့နောက်တော့ မနက်မိုးလင်းတာနှင့် ဒေါ်သီတာတို့အိမ် သွားကာ လက်စွပ်ကို သွားပြန်အပ်မည်ဟု စိတ်ကိုဒုန်းဒုန်းချ ဆုံးဖြတ်လိုက်တော့မှ ဒေါ်သန်းဆင့်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရလေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်နေ့မနက်တွင် သမီးအေးဆင့်ကို ခေါ်ကာ ဒေါ်သီတာတို့ အိမ်ဘက်သို့ ထွက်လာခဲ့ကြသည်။ ကျယ်ကျယ်ဝန်းဝန်း ခမ်းခမ်းနားနားရှိသော ဒေါ်သီတာတို့အိမ်မှာ ဒေါ်သန်းဆင့်တို့ တဲစုတ်ကလေးနှင့် ကွာချင်တိုင်း ကွာနေတော့သည်။ ဒေါ်သီတာနှင့် တွေ့သောအခါ လက်စွပ်ကို တအံ့တဩ ကြည့်ရှုစစ်ဆေးပြီး သူ့လက်စွပ် ဟုတ်မှန်ကြောင်းပြောကာ ဘယ်လိုတွေ့လာသလဲဟု မေးလေသည်။ ရွှေကျင်ရင်း ကောက်ရလာသည် ဟုပြန်ဖြေလိုက်တော့ သူမတို့သားအမိကို ကျေးဇူးတင်စကား အထပ်ထပ်ဆိုသည်။ ထိုလက်စွပ်လေးကို ကာလတန်ဖိုးထက် ဘိုးဘွားအမွေပစ္စည်းမို့ သူမတို့က ပိုပြီး တန်ဖိုးထားခဲ့ကြောင်း၊ ခုလို ရိုးရိုးသားသား လာပြန်ပေးသည့်အတွက် ပြောမပြတတ်အောင်ကျေးဇူးတင်ကြောင်း ပြောကာ ဒေါ်သန်းဆင့်တို့မိသားစု လိုအပ်သမျှ ကူညီထောက်ပံ့မည်၊ ပျက်နေသော အိမ်ကိုလည်း ပြင်ဆင်ပေးမည်။ အေးဆင့်ကလေးကိုလည်း တက္ကသိုလ် ပြီးချိန်ထိ ကျောင်းကိစ္စ တာဝန်ယူပေးမည် ဟု ကမ်းလှမ်းလေသည်။ ပီတိမျက်ရည်တို့ဖြင့် ကျေးဇူးစကားကို ဝမ်းမြောက်ဝမ်းသာ ပြန်ပြောခဲ့မိပြီး ဒေါ်သန်းဆင့်တို့ သားအမိ ဒေါ်သီတာတို့အိမ်မှ ပြန်ထွက်လာခဲ့ကြသည်။
ပေါ့ပါးသွက်လက်နေသော ခြေလှမ်းများဖြင့် လျှောက်လာသော သူမတို့ သားအမိ၏ အိမ်အပြန် လမ်းတစ်လျှောက်တွင် အဖြစ်အပျက်ကို ကြားသိပြီးသော ရွာထဲရှိ လူတိုင်းက သူမတို့၏ ရိုးသားမှုအတွက် ဝိုင်းဝန်းချီးကျူးကြသည်။ ဆင်းရဲလွန်းသောကြောင့် ခါတိုင်း ဆေးဖော်ကြောဖက်ပင် မလုပ်ကြသူများပင် သူမတို့သားအမိကို ဖော်ဖော်ရွေရွေ နှုတ်ဆက်စကားဆိုကြသည်။ ရင်ထဲတွင်ဖြစ်နေခဲ့သော ပူလောင်သောကများကြောင့် တင်းမာနေခဲ့သော ဒေါ်သန်းဆင့်၏ မျက်နှာပြင်ထက်တွင်လည်း ခါတိုင်းနှင့် မတူသော အပြုံးလေးဖြင့် လန်းဆန်းနေပါတော့သည်။
ရိုးသားမှုသည် အလွန်တန်ဖိုးကြီးကြောင်း ဒေါ်သန်းဆင့် ကောင်းကောင်းကြီး နားလည်လိုက်ပါပြီ။ ပိုင်ရှင်လက်သို့ ပြန်အပ်ပြီး၍ သူမလက်ထဲတွင် စိန်လက်စွပ် မရှိတော့သည့် အချိန်မှစကာ ဒေါ်သန်းဆင့်အဖို့ စိတ်အေးအေး၊ နောက်ကြောင်းရှင်းရှင်းနှင့် ညစဉ်ညတိုင်း အိပ်ရေးဝဝ အိပ်နိုင်တော့မည်မှာ သေချာလှပါသည်လေ။
အစိမ်းရောင်လွင်ပြင်
One comment
kk
September 24, 2010 at 4:47 pm
လောကကြီးမှာ အချောင်ရယူထားတဲ့ ပစ္စည်းကိုဆုပ်ကိုင်ထားတဲ့သူတိုင်းသာ
ဒီလို ခံစားမှုတွေရှိပြီး ရိုးသားစွာ ပိုင်ရှင်ဆီပြန်ပေးချင်ကြမယ် ပြန်လဲပေးကြမယ်ဆိုရင်ဖြင့်
ပစ္စည်းပျောက်ယတြာတွေ ဗေဒင်ဆရာတွေ ထမင်းငတ်မယ်
ဒီလိုမျိုးမရှိဘူးလို့မဆိုလိုပေမယ့် ကေကေ့တသက်တာမှာတော့ (ကံမကောင်းစွာဖြင့်)
ပျောက်ဆုံးပြီးသော အဖိုးတန်ပစ္စည်းများ ကောက်ရသူများမှ ပြန်ပေးခြင်းမကြုံဘူးပါ
ဘယ်သူမှကောက်မရတာလဲဖြစ်နိုင်တာပေါ့နော်…ဟီဟိ..