ကြယ်နီတပွင့်(အပိုင်း-၁)
ကြယ်နီတပွင့်
(၁)
အချိန်ကား– (၂၀၀၇)ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်။
နေရာကား– ရန်ကုန်မြို့၊ ဆင်ခြေဖုံး ရပ်ကွက်တနေရာ။
‘မြေးလေးကလဲ နောက်ကျလိုက်တာကွယ်။ ဘာများ ဖြစ်နေသလဲ မသိဘူး‘
မှောင်ရိပ်က သန်းနေပေမယ့် လက်ကျန် ဖယောင်းတိုင်တိုလေးကို မီးမညှိရဲ။ မြေးလေးပြန်လာပြီးမှ ထမင်းလက်ဆုံစားကြရမှာမို့ ဖယောင်းတိုင်တိုလေးကို မီးညှိလို့ မဖြစ်နိုင်။ မြေးအဖွားနှစ်ယောက်ထဲ ရှိနေတဲ့ဘဝမှာ မြေးလေးမျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီးမှ ထမင်းစားလို့ မြိန်ခဲ့ရတဲ့ အချိန်ကာလတွေက ကြာခဲ့ပါပကောလား။
‘ဒီကလေးနှယ်နော်။ ဒုက္ခပါပဲ‘
ကျိုးတို့ကျဲတဲ ကြမ်းပြင်လေးပေါ်မှာ ခင်းထားတဲ့ ဖျာစုတ်လေးပေါ်မှာ လှဲချရင်း မြေးလေးအလာကို စောင့်မျှော်နေမိသည်။ အသက်ရှစ်ဆယ်အရွယ် ဇရာက ဖိစီးလာတာကြောင့်လား မသိ။ စိတ်က နည်းနည်း ပန်းလိုက်တာနဲ့ လူက မောပြီး နုံးချိနေတတ်သည်။ မြို့ထဲမှာ ဈေးသွားရောင်းသော ပျံကျဈေးသည် မြေးလေး ပြန်လာမှသာ ညနေစာဟင်းလေးများ ပါလာတာမို့ နေ့လည်စာ မစားထားရသည့် ဝမ်းဗိုက်ထဲက တကြုတ်ကြုတ်မြည်နေပြန်သည်။
အပြင်က အမှောင်ထုက တစတစ ကြီးစိုးလို့ လာနေသည်။ မြေးလေး အရိပ်အယောင်ကား ပေါ်မလာသေး။ စိတ်ပူပန်ရလွန်း၍ ရင်ဘတ်ထဲက အောင့်သလို ဖြစ်လာသည်။ အောင့်နေသော ရင်ဘတ်လေးကို ဖိရင်း မေတ္တာသုတ်ကို ရွတ်ဆိုပွားများနေမိသည်။ အခုတလော မြေးလေးပြန်ပြောနေတာတော့ ကြားရသည်။ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် သံဃာတော်များက စီတန်းလှည့်လည်ပြီး မေတ္တာပို့ ဆုတောင်းပေးနေကြသည်တဲ့။
‘အဖွား၊ သားပြန်လာပြီ‘
ရုတ်တရက် မြေးလေးရဲ့အသံကို ကြားလိုက်ရတော့ ဝမ်းသာသွားမိသည်။ ဒါပေမယ့် မြေးလေးအသံက ခါတိုင်းလို မဟုတ်။ မောပန်းနေသည်။ တိမ်ဝင်နေသည်။ တခုခုများ ဖြစ်နေလေရော့သလား။
‘ဖိုးသားလေးရေ၊ အဖွားဒီမှာ‘
အမှောင်ထဲမှာမို့ မြေးလေးကို အသံပြုရသည်။ မြေးလေးက အဖွားနားသို့ တရွေ့ရွေ့ လျှောက်လာသည်။
‘အဖွား၊ သားခေါင်းကို အရိုက်ခံရတယ်‘
‘ဟေ‘
လှဲနေရာမှ ကပျာကယာ ထထိုင်မိသည်။ နံရံပေါ်မှ မီးခြစ်လေးကို ယူပြီး၊ ဖယောင်းတိုင်တိုလေးကို အမြန်ထွန်းလိုက်မိသည်။ မြေးလေးက ဟန်မဆောင်နိုင်တော့ပဲ ဖျာပေါ်မှာ လှဲချလိုက်သည်။
‘ဒီနေ့ ဆင်မင်းဈေးဘက်မှာ စစ်သားတွေနဲ့ ကြံ့ဖွတ်ကောင်တွေက လူတွေကို သေနတ်တွေနဲ့ပစ်၊ တုတ်တွေနဲ့ ရိုက်ကြတယ် အဖွား‘
‘ဘယ်လိုဖြစ်ရတာလဲ မြေးလေးရယ်‘
‘သားက ဈေးရောင်းနေတာပါ။ ဆန္ဒပြစစ်ကြောင်း ရောက်လာတော့ သားလဲ တခြားလူတွေလိုပဲ အားပေးတာပေါ့။ အဲဒီမှာ စစ်သားတွေနဲ့ ကြံ့ဖွတ်ကောင်တွေက ရှေ့နောက်ညှပ်ပြီး လူမှန်သမျှကို ဆီးရိုက်ပြီးတာ။ ထွက်ပြေးတဲ့လူတွေကိုလဲ သေနတ်နဲ့ ပစ်တယ်။ သားတောင် အပြေးကောင်းလို့ လွတ်လာတာ‘
‘ဖက်ဆစ်တွေ၊ ကြေးစားစစ်သားတွေ။ ပြည်သူကို ဒုက္ခပေးပြန်ပြီ‘
အဖွားနှုတ်က နာကြည်းစွာ ပွင့်အန်လိုက်သော စကားလုံးများ ထွက်ပေါ်လာသည်။
‘ခေါင်းအရမ်းမူးတယ် အဖွား‘
‘ ဖြစ်မှဖြစ်ရလေ မြေးလေးရယ်။ အဖွား ဆရာဝန် သွားပင့်ပေးမယ်နော်‘
မြေးလေးက ခေါင်းကို ဖြည်းဖြည်းလေးခါသည်။
‘ပိုက်ဆံမရှိဘူးအဖွား။ သားမှာ ပိုက်ဆံနည်းနည်းလေးပဲ ကျန်တာ။ ဒီနေ့ည အဖွားစားဖို့ ဘာမှ ပါမလာဘူး။ နံနက်ကျမှ ဒီပိုက်ဆံလေးနဲ့ မုန့်ဟင်းခါးသွားစားနော်အဖွား‘
မြေးလေးက အိတ်ထဲမှ ပိုက်ဆံအနွမ်းလေးများကို ထုတ်ပြီး အဖွားလက်ထဲ ထည့်ပေးသည်။
‘အဖွားအတွက် ဘာမှ စိတ်မပူနဲ့နော်။ မြေးလေး အခုခေါင်းမူးနေတယ်မလား။ အိပ်လိုက်နော်။ မနက်ကျရင် ကောင်းသွားမှာပါ‘
မြေးလေးရဲ့ နဖူးပေါ်က ဆံစလေးများကို သပ်ပေးရင်း အဖွားရဲ့ မျက်လုံးက မျက်ရည်များ စီးကျလာသည်။ မြန်မာတမျိုးသားလုံးဆီမှာ စစ်ကျိန်စာများ သင့်နေလေလျော့သလား။ ဒီအတိုင်းပဲ အဖွားတွေးမိသည်။ အဖွားရဲ့ အတွေးစများကတော့ လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်ကျော် အချိန်ကာလဆီသို့။
(၂)
အချိန်ကား– ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ။
နေရာကား– ပဲခူးရိုးမ အနောက်ခြမ်းဒေသ။
‘သခင်သိန်းမြင့်ကို ဖက်ဆစ်တွေ မိသွားပြီ။ သူနဲ့ အတူ ကြေညာစာတမ်းတွေပါ မိသွားတယ်‘
‘ဘာစာတမ်းလဲဗျ‘
‘ဖတပလအဖွဲ့ချုပ်ကြီးက ထုတ်ဝေလိုက်တဲ့ နယ်ချဲ့ဖက်ဆစ်ဒမြ ဂျပန်လူရိုင်းများကို မောင်းထုတ်ကြ ဆိုတဲ့ ကြေညာစာတမ်း အမှတ် (၁)ပဲ‘
‘ဒါဆိုဘယ်လိုလုပ်ကြမလဲ‘
‘ကျုပ်တို့တွေ ကိုယ်ယောင်ဖျောက်ပြီး၊ အခုလုပ်နေတဲ့ ပြောက်ကျားအခြေခံဒေသဖော်ထုတ်ရေးနဲ့ ပြောက်ကျား တပ်ဖွဲ့ဖွဲ့စည်းရေးတွေကို အရှိန်မြှင့် လုပ်ကြဖို့ လိုတယ်။ စစ်တပ်ကို ဂျပန်တွေက မျက်စိဒေါက်ထောက်ကြည့်နေတာ။ လှုပ်ရှားဖို့ ခက်တယ်။ ကျုပ်တို့ ကွန်မြူနစ်ပါတီက ဖက်ဆစ်ဆန့်ကျင်ရေး လုပ်ငန်းတွေကို မြေအောက်တော်လှန်ရေး နည်းနာတွေနဲ့သာ ကြိုမလုပ်ထားရင် ဒီတော်လှန်ရေးကြီးကို ဆင်နွှဲဖို့ မလွယ်ဘူး။ ကျေးရွာတွေမှာ ပေးနေတဲ့ စစ်သင်တန်းတွေက တဆင့် တော်လှန်ရေးအင်အားတွေကို ကျစ်ကျစ်လျစ်လျစ် စုဆောင်းထားကြဖို့ လိုတယ်။ လုံခြုံရေးလဲ ဂရုစိုက်‘
အတွင်းခန်းမှာ ဆွေးနွေးနေကြတာ ဆိုပေမယ့် ထရံတချပ်သာ ခြားသည်မို့ တဘက်ခန်းမှ ပြောဆိုသံများကို အေးမ တယောက် အတိုင်းသားကြားနေရပါသည်။ အသက် (၁၅) နှစ်အရွယ်၊ ကျေးတောသူတယောက်အနေနဲ့ နားလည်သည်လဲရှိ၊ နားမလည်သည်လဲရှိ။ သို့ပေမယ့် ဖက်ဆစ်ကို ဆန့်ကျင်ရမည် ဆိုသည့် အသိတရားကတော့ ဘဝပေးအသိ ဖြစ်နေခဲ့ပြီ။ ကျေးရွာသူ၊ ရွာသားများအပေါ်တွင် အနိုင်ကျင့်ဗိုလ်ကျနေသော ဖက်ဆစ်လူရမ်းကားများကို မြင်ရလေတိုင်း အေးမ ရင်ထဲတွင် နင့်နေအောင် ခံစားခဲ့ရသည်။
‘သမီး။ အဖေ ခရီးထွက်စရာရှိတယ်။ အရာရာတိုင်းမှာ သတိရှိပါစေ။ အဖေနဲ့ ဆက်သွယ်ချင်ရင် ရွာဦးကျောင်းဆရာတော်ကို သွားလျှောက်‘
အဖေတခု၊ သမီးတခု ဘဝပေမယ့် အဖေ့ခရီးကို အေးမ မတားဖြစ်။ တတိုင်းပြည်လုံး ဖက်ဆစ်လက်အောက်က လွတ်မြောက်ဖို့ အရေးမှာ မိသားစုအရေးအတွက် အဖေ့ကို နောက်ဆံ မတင်းစေချင်ပါ။
‘လိုအပ်ရင် သမီးလဲ တိုက်ပွဲဝင်မယ် အဖေ။ သမီးအတွက် အဖေစိတ်ချပါ‘
အဖေက အေးမကို တချက်စိုက်ကြည့်ပြီး၊ ချာကနဲလှည့်ကာ သူ့ရဲဘော်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။ ဤသည်မှာ အဖေနဲ့ နောက်ဆုံးဆုံတွေ့ခဲ့ရတာမှန်း သူမကြိုမသိခဲ့ပါ။ ဖက်ဆစ်တော်လှန်ရေးကာလမှာ သူမတို့ နယ်ဘက်က ဖြတ်သွားသော ဂျပန်စစ်ကြောင်းကို တိုက်ခိုက်ရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့သည့် သတင်းကိုသာ တော်လှန်ရေးအပြီး ရွာကိုပြန်လာသော အဖေ့ရဲဘော်များထံမှ ကြားခဲ့ရပါတော့သည်။
(၃)
အချိန်ကား – (၁၉၅၆) ခုနှစ်၊ မတ်လ။
နေရာကား– ပဲခူးရိုးမ အနောက်ခြမ်းဒေသ။
‘ငါတို့က ဒီတခါတော့ ပွဲပြီးပြီ ထင်တာကွ။ ကွန်မြူနစ်ပါတီကလဲ ၅၅လမ်းစဉ်ကို ချထားပြီ။ ပမညတကလဲ ငြိမ်းချမ်းရေးတောင်းဆိုနေပြီ။ ဖဆပလက ဘာထကြောင်တာလဲ‘
ကိုသာဒင်ရဲ့ စကားသံကြောင့် အေးမခေါင်းထောင်သွားမိသည်။ အေးမလဲ ဒီအဖြေကို ကြားချင်ပါသည်။ အေးမရဲ့ ငယ်ချစ်ဦး ကိုချစ်ဖေက ဗမာပြည်ကွန်မြူနစ်ပါတီဝင်။ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲဖို့ ထွက်သွားပြီး နောက်ပိုင်းမှာ ရွာသို့ တခါတရံသာ ပြန်ရောက်လာတတ်သည်။ အချစ်ရေးထက် စစ်ရေးကို အလေးပိုရမည့် အချိန်မို့ အတူနေဖို့ အရေးကို မတွေးဖြစ်ကြသေး။ အသက်တွေကသာ တစတစ ကြီးလို့လာနေသည်။
‘အဲဒါပြောတာပေါ့ကွ။ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၅၅ လမ်းစဉ်ကို ဖော်ဆောင်နေတဲ့ ကွန်မြူနစ်ပါတီကိုကျတော့ လက်နက်ကိုင်ပုန်ကန်နေတဲ့ သောင်းကျန်းသူအဖွဲ့လို့ သမုတ်တယ်။ ပြည်တွင်းစစ်ရပ်စဲရေးကို တောင်းဆိုနေတဲ့ ပမညတကိုကျတော့ မြေပေါ်ကွန်မြူနစ်အဖွဲ့လို့ သမုတ်တယ်။ ဖဆပလကကျတော့ တတိုင်းပြည်လုံးမှာ သောင်းကျန်းရမ်းကားခဲ့တဲ့ ခါးပိုက်ဆောင်တပ်တွေကို ပျူစောထီးဆိုပြီး အမည်ပြောင်းဖွဲ့တယ်။ တရားဝင် လက်နက်ကိုင် ရမ်းကားခွင့်တွေ ပေးလိုက်တယ်။ ဒီနှစ်ဦးမှာပဲ အောင်မာဃ စစ်ဆင်ရေးကြီးကို စပြီး ဆင်နွှဲပြန်တယ်။ ငြိမ်းချမ်းရေးအသံကို စစ်သံနဲ့ ဖုံးလွှမ်းပစ်လိုက်တာပဲ။ ဒါတွေကို ကြည့်ရင် ဖဆပလရဲ့ သဘောထားအမှန်ကို တွေ့နေရပြီကွ။ ဖဆပလ လုပ်နေတာ ငြိမ်းချမ်းရေးမဟုတ်ဘူး။ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးကို ခေါင်းမထောင်နိုင်အောင် ထိန်းချုပ်ပြီး သူတို့ အာဏာတည်မြဲရေးကို လုပ်နေတာပဲ‘
‘ဒါကြောင့်လဲ လာမယ့် ဧပြီလမှာကျင်းပမယ့် ပါလီမန်ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ ‘ဖဆပလကြီး အနှစ်လေးဆယ် အာဏာတည်စေရမယ်‘ ဆိုတဲ့ ကြွေးကြော်သံကို ကြွေးကြော်ပြီး စည်းရုံးနေတာပေါ့။ ပြည်တွင်းစစ်ဘေး သင့်နေကြတဲ့ ပြည်သူတွေကိုမှ အားမနာပါးမနာကွာ။ အာဏာတည်မြဲရေး ကြွေးကြော်နေကြတာ‘
‘ငါကတော့ ပမညတရဲ့ ကြွေးကြော်သံကို ကြိုက်တယ်။ ပြည်တွင်းစစ်မုချ ရပ်စဲရမယ်လို့ ကြွေးကြော်ထားတာ။ ဒီအခြေအနေအတိုင်းဆိုရင် လူထုက ပမညတကိုပဲ မဲပေးမှာပဲကွ။ ပမညတပဲ နိုင်လိမ့်မယ်‘
‘မထင်နဲ့ကွ။ ဖဆပလက အာဏာရှိတဲ့ အစိုးရလေ။ သူတို့အာဏာစက်ရယ်၊ ပျူစောထီးတွေရယ်ကို သုံးပြီး ဖဆပလကိုယ်စားလှယ် အနိုင်ရရေးကို ကလိန်ကကျစ် လုပ်ကြမှာပဲ‘
‘ဒါဖြင့် စစ်တပ်ကကော ဘာလုပ်မယ်ထင်လဲ။ ကြားနေမယ်လို့ ပြောနေတယ် မဟုတ်လား‘
‘မထင်စမ်းပါနဲ့ကွာ။ စစ်တပ်မှာက ဆိုရှယ်လစ်အနွယ်ဝင်တွေ အများကြီးပဲ။ ငြိမ်းချမ်းရေးဆိုတာကိုလဲ စစ်ခေါင်းဆောင်တွေက လက်ခံချင်ကြတာမဟုတ်ဘူးလို့ ကြားတယ်။ သူပုန်နဲ့ မဆွေးနွေးဘူး ဆိုတာမျိုးပေါ့ကွာ‘
‘တင့်လွင်ရေ။ မင်းကတော့ သတင်းစုံတယ်ကွာ။ တို့ရွာမှာ မင်းလို လူတယောက် ရှိနေလို့ နိုင်ငံရေးနဲ့ မျက်ချေမပြတ်ရတာ‘
‘ကျုပ်တို့ရွာက နိုင်ငံရေးနဲ့ မဝေးပါဘူး။ မျက်နှာဖြူကောင်တွေကို ချခဲ့တဲ့ လူတွေလဲရှိတာပဲ။ အေးမအဖေတို့လို ဖက်ဆစ်ကို အသက်ပေး ဆန့်ကျင်သူတွေလဲ ရှိတာပဲ။ ချစ်ဖေတို့လို ကွန်မြူနစ်တွေလဲ ရှိတာပဲ။ တင့်လွင်တို့လို မြို့ကို အရောက်အပေါက်များတဲ့ လူတွေလဲ ရှိတာပဲ‘
အဖေ့အကြောင်း၊ ချစ်သူအကြောင်းတွေ ပြောကြတော့ အေးမ မျက်နှာလေး ငယ်သွားရသည်။ ကွန်မြူနစ်ပါတီက ငြိမ်းချမ်းရေး လမ်းစဉ်ချမှတ်သည် ကြားရတော့ အေးမမှာ ဝမ်းသာလိုက်သည်ဖြစ်ခြင်း။ အခုတော့ ငြိမ်းချမ်းရေးဆိုတာ တဘက်က လိုလားရုံနဲ့ မပြီးပဲ အခြားတဘက်ကပါ လိုလားမှသာ ရနိုင်သည့် အရာ ဆိုတာကို အေးမသဘောပေါက်သွားပါပြီ။
‘ချစ်ဖေဆိုလို့ ဒီကောင်ကြီးကို သတိရလိုက်တာကွာ။ ခုဘယ်ရောက်နေလဲ မသိဘူး‘
‘အေးမပြောဖို့လဲ ထားပါဦးကွာ။ ဒီတခါ လာရင်တော့ တခါတည်းသာ လိုက်သွားတော့ အေးမရေ။ ခု ရွေးကောက်ပွဲမှာလဲ ဖဆပလပဲ နိုင်ချင်နိုင်သွားမှာ။ ဖဆပလသာ နိုင်သွားရင်တော့ ငြိမ်းချမ်းရေးနဲ့ ဝေးပြီ။ နင်တို့လဲ နီးတော့မှာ မဟုတ်ဘူး‘
‘ကိုအေးနိုင်ကြီးကလဲတော်။ ပါးစပ်ပုပ်ကြီးနဲ့ မပြောပါနဲ့။ အေးမလဲ ဆုံးဖြတ်ထားပြီးပါပြီ။ ဒီတခါ သူလာရင်တော့ တခါတည်းပဲ လိုက်သွားတော့မယ်‘
ငြိမ်းချမ်းရေး မလိုလားတဲ့ ကြေးစားစစ်သားတွေနဲ့ တိုက်ပွဲဝင်ရင်း ကျဆုံးသွားသည်မို့ ကိုချစ်ဖေတယောက် ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်သည်ကိုသာ အေးမ ကြိုသိနိုင်ခဲ့ပါလျှင်။
(၄)
အချိန်ကား– (၁၉၇၄) ခုနှစ်၊ ဇွန်လ (၆) ရက်။
နေရာကား– ရန်ကုန်မြို့၊ ဆင်ခြေဖုံးရပ်ကွက်တနေရာ။
‘အေးမရေ။ ဒီနေ့ည ငါ့ကို မမျှော်နဲ့။ ငါပြန်လာချင်မှ ပြန်လာမှာ‘
‘ဘာဖြစ်လို့လဲ ကိုသာဒင်ရယ်။ မထိတ်သာ မလန့်သာ ရှိလိုက်တာ‘
အိမ်ထောင်ဦးစီး လင်ယောက်ျားဖြစ်သူက ပြောလာတာမို့ အေးမ လန့်သွားရသည်။ ငယ်ချစ်ဦးနှင့် လွဲခဲ့ရပြီး နောက်ပိုင်းမှာ ရွာမှ ကိုသာဒင်နှင့် အိမ်ထောင်ကျခဲ့သည်။ ကလေးလေး တယောက်ရလာတော့ ကိုသာဒင်က သားလေးရှေ့ရေးအတွက် ရန်ကုန်မြို့ကြီးကို ပြောင်းမည်ဆိုသည်။ ဒီလိုနဲ့ ရန်ကုန်ရောက်လာတော့ လက်လုပ်လက်စားဘဝမှာ ရုန်းကန်လှုပ်ရှားကြရင်း ကိုသာဒင်က ဆင်မလိုက်သင်္ဘောကျင်းမှာ အလုပ်ရသည်။ နိုင်ငံရေးနဲ့ မျက်ချေမပြတ်သူမို့ အလုပ်သမားအကြားတွင် ကိုသာဒင်ရဲ့ အမည်က ရေပန်းစားသည်။ အေးမတို့ရဲ့ တဲအိမ်လေးမှာ လာစုရင်း အလုပ်သမားအခွင့်အရေး ဆိုတာတွေကို ပြောဆိုတတ်ကြသည်။ အသေးစိတ်ကို နားမလည်ပေမယ့် တနေ့တခြား ကျပ်တည်းဆင်းရဲနေတဲ့ လက်တွေ့ဘဝမှာ ဆုံးရှုံးနေတဲ့ အခွင့်အရေးတချို့ ရှိနေတယ်ဆိုတာကိုတော့ အေးမ နားလည်နေမိပါသည်။ အခုတလော ကိုသာဒင်တို့ ပြောနေတဲ့ မြစ်ငယ်မီးရထား စက်ခေါင်းပြင်စက်ရုံက အလုပ်သမားလှုပ်ရှားမှု ဆိုတာတွေ၊ ရေနံမြေအလုပ်သမား လှုပ်ရှားမှု ဆိုတာတွေများ ရန်ကုန်ကို ကူးစက်လာလေ့ရော့သလား။
‘တော် အိမ်မပြန်လာမှာ ဟိုကိစ္စတွေနဲ့များ ဆက်စပ်နေသလားဟင်‘
လင်ယောက်ျားဖြစ်သူအား မရဲတရဲနှင့် မေးမိသည်။
‘ဘယ်ကိစ္စတွေလဲ အေးမရ‘
‘ဟိုကိစ္စတွေလေ။ တော်တို့ ပြောနေတဲ့ အလုပ်သမားလှုပ်ရှားမှု ဆိုတာတွေ‘
‘ဟုတ်တယ်အေးမ။ မနေ့တုန်းက ရန်ကုန်က မီးရထားအလုပ်သမားတွေ အင်းစိန်ဘက်ကို ချီတက်သွားကြတယ်လို့ သတင်းကြားရတယ်။ တို့သင်္ဘောကျင်းထဲမှာ ဒါပဲ ပြောနေကြတာပဲ။ ဒီနေ့တော့ တခုခုထူးမှာသေချာတယ်။ သပိတ်ဖြစ်လာရင် ငါလဲ ဝင်ပါမယ်။ အလုပ်သမားတွေ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်မယ်။ ဒါကြောင့် ဒီနေ့ည ငါအိမ်ပြန်လာချင်မှ လာမယ်လို့ ပြောတာ‘
‘ရပါတယ်တော်။ အများအတွက် အရေးပဲ။ အေးမ အားပေးပါတယ်။ သားရေ။ မောင်အေးချမ်း။ သားအဖေအလုပ်သွားတော့မယ်။ လာနှုတ်ဆက်လိုက်ဦး‘
ဘာလိုသဘောကြောင့် ဒီလိုတွေ လုပ်ဖြစ်ခဲ့တာမှန်း အေးမ မသိပါ။ သို့ပေမယ့် အိမ်ထဲမှာ အိပ်နေသော သားလေးကို နံနက်အစောကြီးနှိုးပြီး အဖေကို နှုတ်ဆက်ဖို့ ပြောဖြစ်ခဲ့တာတော့ သေချာသည်။
ကိုသာဒင်ထွက်သွားတော့ အေးမလဲ တနေ့တာအတွက် ပြင်ဆင်ရသည်။ တောရွာကတက်လာပေမယ့် မြို့ရောက်တော့လဲ မြို့နဲ့အညီ လှုပ်ရှားရုန်းကန်ရပြီ။ ယောက်ျားလုပ်စာ နဲ့တင် အိမ်အတွက် မဖူလုံတော့။ ဒါကြောင့် ဈေးထဲသွားပြီး စက်ချုပ်ဆိုင်များမှ လက်ချုပ်ထည်များကို လိုက်ကောက်ပြီး အိမ်မှာ တနိုင်တပိုင် အလုပ်လုပ်ရသည်။ ဒီနေ့တော့ အင်းစိန်ဈေးထဲက ယူလာသော ချုပ်ထည်များကို လက်စသပ်ပြီး ပြန်သွားပို့ရမည်။
နေ့လည်ပိုင်းတွင် ဈေးသို့သွားမည်ဆိုပြီး ထွက်လာသော အေးမတယောက်မှာ ဈေးသို့မရောက်။ အင်းစိန်လမ်းမကြီးပေါ်တွင် လျှံကျနေသော ကြွေးကြော်သံများက အေးမစိတ်တို့ကို ဆွဲညှို့ယူသွားသည်။
ဆန်လုံလောက်စွာ ရရှိရေး – ဒို့အရေး၊ ဒို့အရေး
လုပ်ခွင်သက်သာချောင်ချိရေး– ဒို့အရေး၊ ဒို့အရေး
ကုန်ဈေးနှုန်းကျဆင်းရေး – ဒို့အရေး၊ ဒို့အရေး
အလုပ်သမားကောင်စီ– ဖျက်သိမ်းပေး၊ ဖျက်သိမ်းပေး
အလုပ်သမားထုကြီး၏ ညီညီညာညာ တောင်းဆိုလိုက်သော ကြွေးကြော်သံများက အင်းစိန်လမ်းမကြီးပေါ်တွင် လျှံကျလို့နေသည်။
အေးမရောက်နေသော နေရာနှင့် အနီးဆုံးမှ စက်ရုံရှေ့သို့သွားကြည့်လိုက်မိသည်။ သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ။
စက်ရုံထဲမှ အလုပ်သမားများက ဂိတ်ဝမှနေပြီး သပိတ်တရားများဟောနေကြသည်။ လူများကလဲ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ အလုပ်သမားကြီးတယောက်ရဲ့ အလုပ်လုပ်ရင်း ထမင်းငတ်နေရသောဘဝမှာ ဆန်လုံလောက်စွာရဖို့ တောင်းဆိုနေရခြင်းဖြစ်ကြောင်း ပြောနေတာကို ကြားရတော့ မိသားစုအားလုံး ဝဝလင်လင်စားဖို့ ဘယ်တော့မှ အလုံအလောက် မရှိနေသော အိမ်မှ ထမင်းအိုးလေးကို သွားသတိရမိသည်။
ကုန်ဈေးနှုန်းကျဆင်းရေးကို တောင်းဆိုသော အလုပ်သမားများရဲ့ ကြွေးကြော်သံများကိုလဲ နှစ်နှစ်ခြိုက်ခြိုက် ထောက်ခံလိုက်မိသည်။ တယောက်ပြီးတယောက် သပိတ်တရားတက်ဟောသူများကို ကြည့်နေမိရင်း ကိုသာဒင်ကို သတိသွားရမိပြန်သည်။ ကိုသာဒင်လဲ ဆင်မလိုက်သင်္ဘောကျင်းမှာ ဒီလိုပဲ တရားတက်ဟောနေပြီလား မသိ။
‘ဟဲ့။ ဟိုမှာ စစ်ကားတွေ လာနေကြပြီတော့‘
မြို့ထဲဖက်က စစ်ကားတွေ တန်းစီဝင်လာကြတာမို့ လူထုထဲ တယောက်တပေါက် ပြောနေကြသံတွေ ထွက်လာသည်။ ရှေ့ဆုံးကားပေါ်မှ စစ်သားများက ကြေးစားစစ်သားများပီပီ ခံစားချက်မပါသော ကျောက်ရုပ်မျက်နှာများဖြင့် ကားပေါ်မှ တဖွဲဖွဲ ဆင်းလာကြသည်။ အသင့်အနေအထားနဲ့ လှံစွပ်တပ်သေနတ်များကို ကိုင်ပြီး ရင်ဘောင်တန်း ရပ်နေကြပေမယ့် လူထုကြီးက နောက်ဆုတ်မသွား။ အလုပ်သမားခေါင်းဆောင်ရဲ့ သပိတ်တရားသံများကို ဆက်လက်နားစွင့်နေကြသည်။
ပြည်သူ လူထုကြီးနဲ့ အလုပ်သမားထုတို့ တသားတည်း ဖြစ်သွားသည်။ အန္တရာယ်အနံ့ကို ရနေပေမယ့် အေးမတယောက် ဆက်ပြီး ရပ်နေမိသည်။ လူအုပ်ကြီးကလဲ တစထက်တစ ပိုပြီး များလာသည်။
မကြာပါ။ လှိုင်ရဲစခန်းထဲက ပုလိပ်တွေ ထွက်လာပြီး အေးမတို့ လူအုပ်ကြီးကို ဘယ်ညာဝင်ရိုက်တော့တာကြောင့် အားလုံးဝရုန်းသုန်းကားတွေ ဖြစ်ကုန်သည်။ သေနတ်နှင့် ပစ်သံများလဲ ကြားရသည်။ သူမနားက လူအုပ်ကြီးကတော့ ဆောက်လက်စတိုက်က အုတ်နီခဲတွေကောက်ပြီး စစ်သားတွေကို ပြန်ပစ်ကြသည်။
ရုတ်ရုတ်သဲသဲကြားမှာ ပြေးရင်းလွှားရင်း ဖက်ဆစ်တော်လှန်ရေးကာလကို အေးမ ပြန်သိရသွားမိသည်။ တကယ်ဆို ဒီကြေးစားစစ်သားတွေဟာ ဖက်ဆစ်လူရမ်းကားတွေထက်တောင် ပိုပြီး ယုတ်မာ မိုက်ရိုင်းသေးတာပဲ။ လက်နက်မဲ့ ပြည်သူလူထုကြီးများကို သေနတ်နဲ့ ပစ်သတ်ကြရတယ်လို့။ မြန်မာပြည်သူလူထုကြီးဟာ လူမျိုးခြားဖက်ဆစ်တွေကိုတောင် ရရာလက်နက်စွဲပြီး ညီညီညွတ်ညွတ်နဲ့ တော်လှန်ခဲ့ကြသေးတာပဲ။ ဘာဖြစ်လို့များ ကိုယ့်အမျိုးသားထဲကနေ အသားထဲက လောက်ထွက်သလို ပေါ်လာတဲ့ ဖက်ဆစ်ကြေးစားစစ်သားတွေကိုကျမှ တမျိုးသားလုံး ညီညီညွတ်ညွတ်နဲ့ ရရာလက်နက်စွဲပြီး မတော်လှန်ကြရသေးတာလဲ။ ပြေးရင်းလွှားရင်း တွေးနေမိသည်။
ကိုသာဒင်အတွက်လဲ စိတ်ပူမိသည်။ သင်္ဘောကျင်းဘက်မှာကော ဘာတွေ ဖြစ်နေပြီလဲ မသိ။ ကိုသာဒင် အိမ်ပြန်လာတဲ့နေ့ကျတော့မှပဲ အကြောင်းစုံ မေးရပေတော့မည်။
တည၊ နှစ်ည။
ကိုသာဒင့် ပြန်အလာကို အေးမစောင့်မျှော်နေမိသည်။ သို့ပေမယ့် ကိုသာဒင်ကား ပေါ်မလာခဲ့။ ကိုသာဒင့် သူငယ်ချင်းတယောက်သာ ရောက်လာသည်။ အေးမသိချင်သော သင်္ဘောကျင်းက အလုပ်သမားလှုပ်ရှားမှုအကြောင်းကိုလဲ သူကပဲ ပြောပြခဲ့ပါသည်။
‘မထင်ထားဘူး မအေးမရာ။ ဒီလောက်ရက်စက်လိမ့်မယ်လို့။ လက်နက်မဲ့ အလုပ်သမားတွေကို ကွန်မင်ဒိုတပ်တွေနဲ့ ဝင်စီးပြီး ပစ်သတ်ကြတာ။ သင်္ဘောကျင်းက လမ်းတွေပေါ်မှာ သွေးတွေ စွေးစွေးနီနေတာပဲ။ ကိုသာဒင်ကြီးက အလုပ်သမား ရဲဘော်ကောင်း တယောက်ပါဗျာ။ ဒီသပိတ်တိုက်ပွဲမှာ အသက်စွန့်ပြီး ပါဝင်သွားခဲ့တယ်‘
အေးမရဲ့ မျက်ဝန်းမှ မျက်ရည်တသွင်သွင် စီးကျလာရုံမှတပါး ဘာများ ပြောနိုင်ပါဦးမည်နည်း။