နောင်ဘဝထိချစ်ချင်တယ်…….
အဘွားအို နိုးလာတဲ့အချိန် နှလုံးခုန်သံက နှေးလိုက်မြန်လိုက်… သူ မောနေတယ်၊ အသက်ရှုမဝဖြစ်နေတယ်။ ဒီတစ်ရက် နှစ်ရက်အတွင်း သူသွားရတော့မယ်ဆိုတာ အဘွားအို သိနေတယ်။
အဘွားအိုအသက် ၇၆နှစ် ရှိပါပြီ။ နေကောင်းကျန်းမာတယ် ဆိုခဲ့ပေမယ့် အပူအအေး လွန်ကဲလာတဲ့ ဒီနှစ်ရာသီဒဏ်ကို သူတို့လိုလူအိုတွေ မခံနိုင်ခဲ့ကြဘူး။ ဒါကြောင့်သူကျန်းမာရေးလည်း နှစ်ကူးပြီးနောက်ပိုင်း တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာခဲ့တယ်။
ဘေးဘီကို အဘွားအို လှည့်ကြည့်လိုက်တယ်။ ကုတင်ဘေး ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ ၇၈နှစ် အဘိုးအိုကိုတွေ့တော့ စိတ်သက်သာရာ ရသွားတယ်။ နွေးထွေးတဲ့ နေရောင်ခြည်က ကောင်းကင်ပေါ်ကနေ ဖြာကျနေခဲ့တယ်။ အဘိုးအိုကိုငေးကြည့်ရင်း သူနဲ့အတူ ဖြတ်သန်းခဲ့ဖူးတဲ့ဘဝကို အဘွားအို ပြန်ပြောင်းအောင်းမေ့နေမိတယ်။
ငယ်ရွယ်နုပျိုတဲ့အရွယ်မှာ အဘွားအိုက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တယ်။ ကမ်းလှမ်းသူ၊ ဝိုင်းဝိုင်းလည်သူတွေ များပေမယ့် သူရင်မခုန်ခဲ့ဘူး။ သူ့အကြည့်က ရွာစာသင်ကျောင်းမှာ တစ်ဦးတည်းရှိတဲ့ ကျောင်းဆရာကိုပဲ မြင်ခဲ့တယ်။ ရည်မွန်ငယ်ရွယ်တဲ့ ကျောင်းဆရာမှာ ညှို့အားကောင်းတဲ့ မျက်လုံးတစ်စုံရှိတယ်။ လူကိုကြည့်တတ်တဲ့ သူ့အကြည့်မှာ အပြုံးတွေပါခဲ့လို့ အကြည့်ခံရသူတွေ ကြွေမယ်ဆိုလည်း ကြွေလောက်ခဲ့တယ်။
ရွာလယ်ကလမ်းမပေါ်မှာ ကျောင်းဆရာနဲ့သူ မကြာခဏ ဆုံမိကြတယ်။ တဒင်္ဂဆုံမိချိန် ကျောင်းဆရာရဲ့ စက္ကန့်ပိုင်းအကြည့်အောက်မှာ သူ့ခြေလှမ်းတွေမှားခဲ့တယ်။ ပါးအို့တွေ နီရဲခဲ့တယ်။ မျက်နှာချင်းဆိုင် ဖြတ်လျှောက်ချိန် ခဏသာတွေ့ဆုံတယ်ဆိုပေမယ့် အဲဒီအချိန်လေးက သူတို့နှစ်ဦးအတွက် အပျော်ဆုံးအချိန်ဖြစ်ခဲ့တယ်။ အဲဒီအပျော်ကို တစ်သက်သာအတွက် သူတို့မျှော်လင့်ခဲ့ကြတယ်။
ဒါပေမယ့် လူ့ဘဝက ဆန်းကြယ်လွန်းတယ်။ မျှော်လင့်၊ မမျှော်လင့်တာတွေ ဖြစ်ပျက်တတ်တဲ့အတိုင်း အဲဒီနှစ်မှာ ကုန်ကူးသွားတဲ့သူ့အဖေ အိမ်ပြန်လမ်းမှာ ဓားမြတိုက်ခံလိုက်ရတယ်။ ဓားမြရန်ကြောင့် အသက်ဆုံးရှုံးရလုဆဲဆဲမှာ သန်မာထွားကျိုင်းတဲ့ လူငယ်တစ်ဦး ဝင်ကယ်ခဲ့လို့ အဖေအသက်ချမ်းသာရာ ရသွားတယ်။ လူငယ်က အဖေ့အစား ဓားတစ်ချက် ဝင်ခံခဲ့သေးတယ်။
အဖေနဲ့အတူ ဒဏ်ရာကိုကုသဖို့ အိမ်ကို လူငယ်ရောက်လာခဲ့တယ်။ အဖေရဲ့ကျေးဇူးရှင်မို့ သူစိမ်းလူငယ်ကို အစာတစ်ခွက်၊ ဆေးတစ်ခွက်နဲ့ သူပြုစုခဲ့ရတယ်။ ဒဏ်ရာပျောက်တော့လည်း လူငယ်က အိမ်အလုပ်၊ ယာအလုပ်တွေကို ဝိုင်းကူလုပ်ပေးခဲ့တယ်။ သန်မာပြီး သွက်လက်တဲ့လူငယ်ကို အဖေအရမ်းသဘောကျခဲ့တယ်။
လူငယ်ကိုချီးမွမ်းတဲ့ အဖေရဲ့စကားတွေကို သူစိုးရိမ်စပြုလာတယ်။ စိုးရိမ်တဲ့အတိုင်းပဲ တစ်ညမှာ အမေနဲ့တိုင်ပင်နေတဲ့ အဖေ့စကားကို သူကြားလိုက်မိတယ်။ တံခါးဘောင်ကို နွမ်းလျလျမှီပြီး သူဘာအကြံမှ မထုတ်နိုင်ခဲ့ဘူး။
နောက်တစ်နေ့ ကျောင်းဆရာနဲ့ ဆုံတတ်တဲ့လမ်းဆီ သူတမင်သွားခဲ့တယ်။ လမ်းပေါ်ခေါက်တုံ့ခေါက်ပြန် လျှောက်ခဲ့ပေမယ့် ကျောင်းဆရာရဲ့ အရိပ်ကိုမတွေ့ခဲ့ရဘူး။ ရွာက ကလေးတစ်ယောက်ပြောပြမှ ကိစ္စရှိလို့ ကျောင်းဆရာမြို့အိမ်ပြန်သွားကြောင်း၊ ၃လလောက် ကြာမယ့်အကြောင်း သိလိုက်ရတယ်။
၃လပြည့်လို့ ကျောင်းဆရာရွာပြန်ရောက်ချိန် သူ့အိမ်ကို အရင်ပြေးခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှေ့မင်္ဂလာမဏ္ဍပ်က အဝေးကလာသူ အမောဆို့အောင် ဆီးကြိုနေခဲ့တယ်။ သူ့ကိုယ်ပေါ်မှာလည်း သတိုးသမီးဝတ်စုံနဲ့ တစ်ခြံလုံး ပြုံးပျော်ရယ်မောသံတွေ ပြည့်နေခဲ့တယ်။
အဲဒီနေ့ကစပြီး သူ့ဘဝထဲမှာ ကျောင်းဆရာ အပြီးအပိုင် ပျောက်ကွယ်သွားခဲ့ပြီး သူစိမ်းလူငယ် လုံးလုံးလျားလျား ဝင်ရောက်လာခဲ့တယ်။
နေပူတစ်လှည့်၊ မိုးရွာတစ်လှည့်နဲ့ ရာသီအလီလီ ပြောင်းလဲခဲ့တယ်။ သူနဲ့လူငယ် ရွာကနေမြို့ကိုပြောင်းပြီး ဘဝမျိုးစုံ အတူဖြတ်ကျော်ခဲ့ကြတယ်။ တစ်ယောက်ကိုတစ်ယောက် ဖေးမ၊ အားပေးလို့ … သားသမီးတွေတောင် အတောင်စုံလို့ အဝေးကို ပျံသန်းသွားခဲ့ကြပြီ။ သူတို့နှစ်ယောက်က အခုလို အိုမင်းကျန်ရစ်ခဲ့ကြတယ်။
မလွယ်ခဲ့ပါဘူး… တကယ်ကို မလွယ်ခဲ့ပါဘူး!
အတိတ်အကြောင်းကို တွေးတောရင်း အဘွားအိုရဲ့ရင်အစုံ မွမ်းကြပ်လာပြီး ချောင်းတစ်ချက်ဆိုးမိတယ်။ အဘွားအိုရဲ့ချောင်းဆိုးသံကြောင့် ဘေးမှာ နေ့လယ်တစ်မှေး မှေးအိပ်နေတဲ့အဘိုးအို လန့်နိုးသွားပြီး မြန်မြန်ထထိုင်လိုက်တယ်။ အဘွားအိုကို တစ်ချက်ကြည့်ပြီး တုန်ချိချိလက်နဲ့ ရေတစ်ခွက် ခပ်ပေးလိုက်တယ်။
ရေနွေးနွေးကို လက်နှစ်ဖက်နဲ့ဆုတ်ကိုင်ပြီး အဘိုးအိုကို သူကြည့်လိုက်တယ်။ ဒီအဘိုးအိုနဲ့ သူဒီတစ်သက် ဖြတ်သန်းခဲ့တာ ဘဝမှာ ဘာနောင်တ၊ ဝမ်းနည်းစရာတွေ ကျန်ခဲ့သလဲလို့ အဘွားအိုစဉ်းစားကြည့်တယ်။ ဟင့်အင်း…. ဘာမှ မကျန်ခဲ့သလိုဘဲ!
ဒီအဘိုးအိုရဲ့ စိတ်သဘောထားက နူးညံ့သိမ်မွေ့လွန်းတယ်။ အိမ်အတွက် အစစအရာရာ ဘာမှလိုလေသေးမရှိ စွမ်းဆောင်ခဲ့တယ်။ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခရောက်ပါစေ သူနဲ့သားသမီးတွေကို စိုးရိမ်သောက မရောက်အောင် ပြုစုစောင့်ရှောက်ခဲ့တယ်။ အဘိုးအိုနဲ့ သူ အတူနေပေမယ့် ပြောစရာစကား နည်းတယ်။ ဒါပေမယ့် နှစ်ရှည်လကြာထိ သူတို့အတွဲညီခဲ့ကြတယ်။ တစ်ခါတလေ တစ်ယောက်လက်ကို တစ်ယောက်ဆုတ်ကိုင်ပြီး နှစ်ယောက်အတူ ဘာစကားမှမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် တစ်နေကုန် သူတို့ထိုင်နိုင်ကြတယ်။
မိသားစုအတွက်၊ အိမ်အတွက် အရာရာပေးဆပ်ခဲ့တဲ့ အဘိုးအိုကို သူငေးကြည့်မိပြန်တယ်။
တစ်ခုသော ဆောင်းဦးကာလမှာ ကလေးတွေ ကျောင်းတက်ရတော့မယ်။ ကျောင်းလခလည်းမရှိ နေအိမ်မှာ အဟာရရှိတဲ့အစာတွေ မစားရတာလည်း ကြာနေခဲ့ပြီ။ အဘိုးအိုက နေအိမ်တစ်နေရာမှာ အကြာကြီးထိုင်ပြီး ရုတ်တရက် ပိုက်ဆံသွားချေးမယ်ဆိုပြီး ထွက်သွားခဲ့တယ်။ ဘယ်သူ့ဆီသွားချေးမလဲ? ဒီမြို့မှာ သူတို့ဆွေမျိုးတစ်ယောက်မှ မရှိဘူး။ သိတဲ့အသိတွေကလည်း သူတို့လိုပဲ ဆင်းရဲကြပ်တည်းသူတွေဖြစ်တယ်။ ဒါပေမယ့် ညနေရောက်တော့ ကျောင်းလခနဲ့ အဘိုးအို ပြန်လာခဲ့ပါတယ်။ လက်ထဲမှာလည်း ကြက်တစ်ကောင် ကိုင်ဆွဲလို့…
အဲဒီညက သူတို့မိသားတစ်စုလုံး နွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်ခဲ့ကြတယ်။ ဝလင့်ခဲ့ကြတယ်။
ညအိပ်ရာဝင်ခါနီး အဘိုးအိုလဲထားတဲ့ အဝတ်တွေကို သူကောက်သိမ်းတော့ အင်္ကျီလက်မောင်းတစ်နေရာမှာ သွေးစတစ်ချို့စွန်းနေတာကို တွေ့လိုက်တယ်။ အိပ်ပျော်နေတဲ့ အဘိုးအိုဆီ အမြန်သွားပြီး ကိုယ်ပေါ်သူရှာကြည့်တော့ လက်မောင်းတစ်နေရာမှာ ညိုမဲနေတဲ့အပ်ရာကို တွေ့လိုက်တယ်။
အော်.. ဒီယောက်ျား! ဒီအဘိုးကြီး! ဒီအိမ်အတွက် … ဒီမိသားစုအတွက် တစ်ကိုယ်လုံးမှာ အဖျားတွေစွဲကပ်နေခဲ့ပြီ။ အသက်ကြီးလာပေမယ့် နေ့တိုင်း လှုပ်လှုပ်ရှားရှား လှုပ်နေတုန်းပဲ။ မပင်ပန်းတတ်တဲ့ စက်ရုပ်တစ်ရုပ်လို ရုန်းကန်နေရတုန်းပဲ…
ဒီအဘိုးအိုကို သူလက်ထပ်ရတုန်းက အရမ်းစိတ်ထိခိုက်ခဲ့တယ်။ ဝမ်းနည်းခဲ့တယ်။ မနှစ်သက်ဘဲ အောင့်ကနမ်းခဲ့ရတယ်။ ဒါပေမယ့် အဘိုးအိုက ခုချိန်ထိ သူ့လက်ကို မြဲမြဲတွဲထားတုန်းပဲ။ သူ့အနားက တဖဝါးမခွါဘဲ ပြုစုစောင့်ရှောက်နေတုန်းပဲ….
အဘွားအို တွေးရင်းတောရင်း မျက်ရည်တွေ စီးကျလာခဲ့တယ်။ အဲဒီနောက် ကလေးငယ်တစ်ယောက်လို လေသံတိုးတိုးနဲ့ အဘိုးအိုကို မေးလိုက်မိတယ်။
“အဘိုးကြီး… တကယ်လို့ နောင်ဘဝဆိုတာရှိရင် ငါ့ကိုဇနီးမယားအဖြစ်နဲ့ ယူအုန်းမလားဟင်….”
ရုတ်တရက်မေးလိုက်တဲ့ အဘွားအိုစကားကြောင့် အဘိုးအို တဒင်္ဂမှင်သက်သွားမိတယ်။ ပြီးတော့ တွန့်နေတဲ့ပါးရေကို ပိုတွန့်အောင် ပြုံးရင်း….
“အင်း… မပြောတတ်သေးဘူး။ တကယ်လို့ နောင်ဘဝမှာ ငါသူဌေး သူကြွယ်ဖြစ်ခဲ့ရင် နင့်ကိုလာရှာမယ်။ နင့်ကို ယူပြီး ကောင်းကောင်းထားမယ်။ ပျော်ပျော်ရွှင်ရွှင်ထားမယ်။ တကယ်လို နောင်ဘဝမှာ အခုလိုပဲ ဆင်းရဲနေတယ်ဆိုရင် နင့်ကိုငါမယူဘူး။ နင့်ကို ငါကူညီမယ်။ သူဌေးတစ်ယောက် ရအောင်ကူညီပြီး ငါက နင်တို့နဲ့ နီးတဲ့နေရာမှာနေမယ်။ နင်တို့ပျော်ရွှင်နေတာကို အဝေးကနေ ငါငေးကြည့်မယ်”
အဘိုးအိုရဲ့ အဖြေကြားတော့ အဘွားအို ရယ်မိတယ်။
“အဘိုးကြီးကလည်း ငါ့တို့အိမ်အနီးနားမှာနေပြီး ဘာလုပ်မတုံး!”
မျက်စိရှေ့ကချစ်ရတဲ့ အဘွားအိုကို စိုက်ကြည့်ပြီး အဘိုးအို နက်နက်နဲနဲဖြေလိုက်တယ်။
“အင်း.. ဘာမှမလုပ်ပါဘူး။ ကျောင်းဆရာလုပ်မှာပေါ့”
ရုတ်တရက် အဘွားအို နုတ်ဆိတ်သွားခဲ့မိတယ်။ သူ့နဲ့တစ်သက်လုံး မညည်းမညူလက်တွဲလာခဲ့တဲ့ အဘိုးအိုကို ကြေကြေကွဲကွဲ ကြည့်ရင်း ဘာမှမပြောနိုင်ခဲ့ဘူး။ မျက်ရည်တွေသာ ပါးပြင်ပေါ် လှိမ့်ကျလာခဲ့တယ်။
တအောင့်ကြာမှ ဆို့ဆို့နင့်နင့် ….
“အဘိုးကြီး.. ငါသွားရတော့မယ်။ ငါ့ကိုဖက်ထားပေးပါ”
ထိုင်ရာမှာ အဘိုးအိုထလိုက်တယ်။ ညင်ညင်သာသာလေး.. ညင်ညင်သာသာနဲ့ အဘွားအိုကို ရင်ခွင်ထဲ ထည့်ပွေ့ထားလိုက်တယ်။ အဘိုးအိုရဲ့နားဘေးကပ်ပြီး အဘွားအို တိုးတိုးလေးညည်းနေတယ်။
“အဘိုးကြီး……. နောင်ဘဝ.. နောင်ဘဝမှာလည်း ငါတို့လင်မယားလုပ်ကြရအောင်….”
သူတို့ရဲ့မြေးလေး ညနေကျောင်းဆင်းပြန်လာတဲ့အချိန် နီရဲရဲ ဆည်းဆာနေရောင်က တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားတဲ့ အဘွားအိုနဲ့ အဘိုးအိုကိုယ်ပေါ် လွှမ်းခြုံနေခဲ့တယ်။
“ရှက်ရှက်.. ဘွားဘွားနဲ့ဘိုးဘိုး ရှက်ရှက်… ဘွားတို့ ဒီလောက်ရိုမန်တစ်ဆန်မယ်လို့ ထင်မထားဘူး…”
ဒါပေမယ့် မကြာပါဘူး… အဘိုးအိုနဲ့အဘွားအို တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး လူ့လောကထဲကနေ ပျော်ပျော်ရွှင်ရွှင် ထွက်ခွါသွားခဲ့ကြတယ်ဆိုတာကို လူတွေတအံ့တဩ သိလိုက်တော့တယ်။
မေးလ်ကနေ ရတာပါ
2 comments
kai
September 28, 2010 at 9:29 am
မိုက်လွန်းသူကို ..မိုက်တွင်းနက်သူဟုခေါ်ကြသည်။
ချစ်လွန်းသူကို..“ချစ်တွင်းနက်သူ” ဟုဆိုမည်..။
အမှတ်ရမိတဲ့… ဝတ္ထုတပုဒ်က စာသားလေးပါ။
အဘိုးအိုက..“ချစ်တွင်းနက်သူ”ပဲ..။
etone
September 28, 2010 at 9:34 am
မြန်မာစကားနဲ့နော် လွယ်မယောင်ယောင်နဲ့ ခက်ပါလား ။ ရေတွင်း … ။ မိုက်တွင်း… အခုတော့လည်း ချစ်တွင်းတဲ့… ဟီးဟီး ။