စစ်သားနှင့် နိုင်ငံအုပ်ချုပ်ရေး
၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ ပုဒ်မ ၆ဝ အရ သမ္မတကို သမ္မတ ရွေးချယ်ရေးအဖွဲ့က ရွေးချယ် တင်မြှောက်မည် ဖြစ်ပါသည်။သမ္မတ ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် အုပ်စု ၃ ခုကို အခြေခံထားမည် ဖြစ်သည်။ ၎င်းတို့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ထိုလွှတ်တော်နှစ်ရပ်စလုံးမှ စစ်တပ်ကိုယ်စားလှယ်များက သီးခြား တတိယအဖွဲ့အဖြစ် ပါဝင်ပါမည်။ အဖွဲ့တခုချင်းစီက သမ္မတလောင်းတဦးစီကို ရွေးချယ်ရမည် ဖြစ်သည့် အတွက် စစ်တပ်ကလည်း တဦးကို ရွေးချယ်ပေးမည် ဖြစ်ပါသည်။
၁၉၉ဝ ပြည့်နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအများစုဖြင့် အနိုင်ရရှိသကဲ့သို့ နိုင်ငံရေး ပါတီ တခုသည် ပြည်သူ့လွှတ်တော်နေရာ ၃၃ဝ ၏ အများစုကို အနိုင် ရရှိနိုင်ပါသည်။ သို့ရာတွင် ၎င်းတို့၏ သမ္မတလောင်းသည် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်နိုင်ရန် သေချာပေါက် မျှော်လင့်ထား၍ မရနိုင်ပါ။ အကြောင်းမှာ အခြေခံဥပဒေပုဒ်မ ၅၉ (ဃ) က သမ္မတ တဦး၏ အရည်အချင်းများတွင် စစ်ရေးတွင် အကျွမ်းတဝင်ရှိရမည် ဆိုသည့် အချက် ပါဝင်နေသည်။ ၎င်းအချက်သည် စစ်သား မဟုတ်သည့် အရပ်သား သမ္မတလောင်း တဦးကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခြင်း မပြုရဟု မဆိုထားသော်လည်း ထိုသို့ကန့်သတ်ထားသည့်နှင့် တူပါသည်။
ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများတွင် သမ္မတ၏ အခွင့်အာဏာများကို ကန့်သတ်ထားပါသည်။ သမ္မတ၏ သဘောတူညီမှု မပါဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန တို့မှ ဝန်ကြီးများကို လွတ်လပ်စွာ ခန့်အပ် စီမံ ဆောင်ရွက်ပိုင်ခွင့် ရှိပါသည်။
ယင်းသည် စစ်တပ်နှင့် အရပ်သားအစိုးရတို့အကြား မျှတသည့် အာဏာခွဲဝေမှု ဖြစ်သည်ဟု အခြေခံဥပဒေကို လေ့လာဆန်းစစ်သူများက ပြောနိုင်ပါသည်။ တခြားသော ဒီမိုကရေစီ အခြေခံဥပဒေများနှင့် ဆန့်ကျင်လျက် ဤအခြေခံဥပဒေက စစ်တပ်ကို အကြွင်းမဲ့ အာဏာ ပေးအပ်ထားခြင်း ဖြစ်သည်။
အာဏာအရှိဆုံးသော အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ
အခြေခံဥပဒေတွင် အာဏာအရှိဆုံးအဖွဲ့သည် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ ဖြစ်ပါသည်။ အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည့် ထိုအဖွဲ့တွင် စစ်တပ်မှ ၆ ဦး ပါဝင်သည့် အတွက် ထိုအဖွဲ့သို့ ရောက်ရှိလာသော နိုင်ငံတော်၏ အရေးကြီးသည့် ကိစ္စရပ်အားလုံးသည်ကို စစ်တပ်က ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ပါလိမ့်မည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဓိက လုပ်ငန်းစဉ် ၄ ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ပထမလုပ်ငန်းမှာ အခြေခံဥပဒေပုဒ်မ ၃၄၂ အရ ကာကွယ်ရေးဦးစီးချုပ်ကို အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက ရွေးချယ် အတည်ပြုပြီး သမ္မတက ခန့်အပ်မည် ဖြစ်ပါသည်။
ဒုတိယလုပ်ငန်းမှာ နိုင်ငံတဝန်းလုံးတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့လျှင် အခြေခံဥပဒေပုဒ်မ ၄၁ရ နှင့် ၄၁၈ အရ သမ္မတသည် ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို ကာကွယ်ရေးဦးစီးချုပ်ထံ လွဲပြောင်းပေးရေး အတွက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
တတိယလုပ်ငန်းမှာ ကာကွယ်ရေးဦးစီးချုပ်က အရေးပေါ်အခြေအနေ ကာလတွင် တိုင်းပြည်ကို အများဆုံး ၂ နှစ်အထိ အုပ်ချုပ်မည် ဖြစ်ပြီး ထိုကာလ ကျော်လွန်သည့်အခါ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက အာဏာ ၃ ရပ်ကို သမ္မတကိုယ်စား ကျင့်သုံးမည်ဟု အခြေခံဥပဒေပုဒ်မ ၄၂၁၊ ၄၂ရ နှင့် ၄၃၁ တို့တွင် ပြဌာန်းထားပါသည်။
စတုတ္ထလုပ်ငန်းမှာ အခြေခံဥပဒေပုဒ်မ ၄၂၉ အရ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီသည် တိုင်းပြည်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခြင်းကို ရုတ်သိမ်းပြီး ၆ လအတွင်း ရွေးကောက်ပွဲများကို ကျင်းပပေးရေး ဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သော အခွင့်အရေးများအပြင် အခြေခံ ဥပဒေပုဒ်မ ၂ဝ (စ)အရ `တပ်မတာ်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်´ ဆိုသည့် နောက်ထပ် အရေးကြီးသော အချက်တခုကို ပြဌာန်းလျက် စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာကို ခိုင်မြဲစေရန် လုပ်ဆောင်ခဲ့ပါသည်။
အားလုံးကို ခြုံ၍ပြောရလျင် အခြေခံဥပဒေကို ခြိမ်းခြောက်လာသည်ဟု စစ်ဗိုလ်ချုပ်များက ယုံကြည်လာပါက မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးအောက်ကို အချိန်မရွေး ပြန်လည် ရောက်ရှိသွားနိုင်ပါသည်။