အမှတ်တရ ဒီဇင်ဘာည

manawphyulayNovember 3, 20101min2224

ဒီနေ့တော့ ပြောချင်တဲ့အကြောင်းကတော့ ကျွန်မက စာဖတ်တာလည်း ဝါသနာပါသလို စာပေဟောပြောပွဲတို့ ဘာတို့ကိုလည်း သွားနားထောင်တာ ဝါသနာပါပါတယ်။ ဒီလို ဟောပြောပွဲတွေကတော့ ဟိုးအရင်တုန်းက မြို့တွေ၊ နယ်တွေ၊ ရပ်ကွက်တွေမှာ အမြဲလုပ်လေ့ လုပ်ထရှိပါတယ်။ ‘ဒီလိုလုပ်ခြင်းအားဖြင့် လူကြီးတွေနှင့် လူငယ်တွေဟာ တစ်ဦးနဲ့ တစ်ဦး မဝေးကွာဘဲနဲ့ နီးစပ်မှုရှိပြီး အပြန်အလှန် ပညာ၊ ဗဟုသုတ ဖလှယ်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ပြီးတော့
စာပေဟောပြောပွဲလုပ်ခြင်းကြောင့် အလိမ္မာစာမှာရှိဆိုသလို စာပေဘက်ကို ပိုမိုလေ့လာ လိုက်စားလာတာကို ထပ်မံတွေ့ရှိခဲ့ရပါတယ်။ အင်း… ဒီလိုပွဲမျိုးတွေ ခုနောက်ပိုင်း မတွေ့ရှိခဲ့တာ ကြာပြီလို့ ပြောရမလိုတောင် ဖြစ်နေခဲ့ပြီလေ။

ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဒီလိုပွဲကို လုပ်ပြီးဟေ့ဆိုရင် ဘယ်သူတာဝန်ယူပြီး လုပ်ပေးနိုင်တော့မှာလဲ။ ဘဝအခြေအနေက ရှိသေးတယ်လေ။ ဒါပေမဲ့ စာပေမြတ်နိုးတဲ့သူတိုင်း စာပေဟောပြောပွဲကို တောင့်တမိတာ အမှန်ပါဘဲ။ မနောလည်း အပါအဝင်ပေါ့။
အရင်တုန်းကတော့ ဟိုးမနောတို့ ငယ်ငယ်တုန်းက ဆိုရင် ပိုမှန်မယ်။ ရပ်ကွက်ထဲမှာ အမြဲဆိုသလို ဥပမာ ဒီဇင်ဘာလလို့အချိန်မျိုးဆိုရင် စာပေ ဟောပြောပွဲ လုပ်လေ့လုပ်ထရှိပါတယ်။ အဲဒီလိုလုပ်တုန်းကဆို မနောက အရမ်းပျော်တာ

မိုးမချုပ်သေးဘူး။ စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းကိုင်ပြီး သွားချင်နေခဲ့တာ။ အဲဒီတုန်းကဆို လူကြီးတွေက ဟဲ့ စာပေဟောပြာပွဲဆိုတာ လူကြီးတွေကိစ္စ၊ ကလေးနဲ့ ဘာဆိုင်လို့လဲလို့ အပြောခံရသေးတာလေ။ ငယ်တုန်းကတော့ သိပ်နားမလည်ဘူးလေ သွားချင်တာက ဟောမဲ့ စာရေးဆရာက ရယ်စရာပြောလို့ သွားနားထောင်တာ။ နောက်ပိုင်း ကျတော့ ကိုယ်မသိတဲ့အကြောင်းအရာတွေ သိလာရတယ်။ အဲဒီလို ဒီဇင်ဘာလမှာ သွားနားထောင်တာဆိုရင် အနွေးထည်တောင်

မပါဘူး။ သွားနားထောင်တယ်။ အိမ်ကလည်း ခဏဘဲ သွားတာဆိုပြီး ဘာမှမပြောဘူးလေ။ ညတော်တော်နက်လာတော့ ဦးထုပ်နဲ့ အနွေးထည်နဲ့ ယူပြီး ဖေဖေက လိုက်လာရော.. တစ်ခါတလေ ဟောပြောပွဲက ညလုံးပေါက်လုပ်တာဆိုတော့

မပြီးမချင်းကို မပြန်ဘူး။ ဖေဖေက သမီးပြန်ရအောင်လေ မနက်ကျောင်းတက်ရဦးမှာနော်လို့ သတိပေးတဲ့ အချိန်ဆို မနက် ၃ နာရီ၊ ၄ နာရီ ထိုးနေပြီ။ ဒါတောင် ဖေဖေပြန်အိပ်လေ။ သမီး မိုးလင်းမှာ ပြန်လာခဲ့မယ်လုပ်သေးတာ။ ဟိုးအရင်တုန်းက တက္ကသိုလ်နေဝင်းတို့၊ လူထုစိန်ဝင်းတို့ တော်တော်များများ နားထောင်ဖူးတယ်။

အဲဒီလို နားမထောင်ရတာကြာပြီလို့ တွေးနေတုန်းမှာဘဲ ဟိုတစ်လောက ရပ်ကွက်ထဲမှာ အေအိုင်ဒီအက်လူနာတွေအတွက်နဲ့ မိဘမဲ့ကလေးများအတွက် ရန်ပုံငွေ ဟောပြောပွဲကျင်းပမယ်လို့ သိလိုက်ရတော့ အရမ်းဝမ်းသာသွားတယ်။ ခေတ်ကလည်း

သိပ်မကွာပါဘူး ဟိုးအရင်တုန်းက ဟောပြောပွဲလက်မှတ်တစ်စောင်ကို ၁၀၀၊ ၂၀ဝ နဲ့ ဝယ်ပြီး နားထောင်ရတယ်။ ဟော ခုတိုးတက်လာတဲ့ခေတ်မှာ ရန်ပုံငွေအတွက် လာရောင်းတဲ့ ဟောပြောပွဲ လက်မှတ်က ၁၀၀၀၊ ၂၀၀ဝ တဲ့။ ဒါပေမဲ့ တန်ပါတယ်။

ကိုယ်က နားထောင်ချင်တဲ့သူကိုး။ ဒါတောင် မနောက မဝယ်ရဘူးလေ။ အိမ်နားက ဝယ်ပြီး မနောုကို သွားနားထောင်ဖို့ လာပေးတယ်။ သူတို့က နောရဲ့ဝါသနာကို သိတယ်လေ။ ဒါနဲ့ အဲဒီနေ့က အလုပ်က ပြန်တော့ ထမင်းအမြန်စားပြီး သွားတာ ထုံးစံအတိုင်း အိမ်က ပွဲပြီးမှ ပြန်လာမှာဆို အနွေးထည်ယူသွားတဲ့ ဦးထုပ်ကော ဆောင်းသွားဦးဆိုလို့ ကမန်းကတမ်းဆွဲပြီး ထွက်ခဲ့ရတာ။ ဟိုရောက်တော့ ဆရာ ချစ်ဦးညိုက ခုလေးတင်ပြီးသွားတာတဲ့။
ဒါနဲ့ ဘယ်သူအလှည့်လဲလို့ကြည့်လိုက်တော့ စင်ပေါ်တက်လာတဲ့သူက ဆရာ အော်ပီကျယ်ဖြစ်နေတယ်။ သူ့စာအုပ်တွေလည်း ဖတ်ဖူးပါတယ်။ သူ ဆွဲတဲ့ ကာတွန်းတွေကိုလည်း သဘောကျတယ်။ အများအားဖြင့်က သရော်တဲ့ ပုံတွေများတာကိုး။

သူက သူ့ကိုယ့်သူ မိတ်ဆက်ပါတယ်။ ပြီးတော့ အရင်တုန်းက သူက ‘ဒီနယ်နဲ့ မစိမ်းပါဘူးတဲ့။ ဂျီတီအိုင်လာတက်ခဲ့ဖူးတယ်တဲ့။ အလွန်ဆုံး နှစ်သုံးဆယ်လောက်ဘဲ ကွာတာတဲ့။ သူတို့ ဂျီတီအိုင်လာတက်တုန်းက ဒီရပ်ကွက်ဟာ မတိုးတက်သေးတဲ့အချိန်တဲ့။ ဘယ်ကြည့်ကြည့် မီးလေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့တဲ့။ ဟော ခု သူ ထပ်ရောက်တော့ ဒီရပ်ကွက်ဟာ အရင်ကလိုဘဲ မီးလေးတွေ မှိတ်တုတ်မှိတ်တုတ်ပါဘဲတဲ့။ ဘာလို့လဲဆိုတော့ သူ ဟောနေတဲ့အချိန်မှာ

မီးပျက်သွားလို့ပါဘဲ။ သူ ပြောတာတွေကတော့ အများကြီးပါဘဲ။
တစ်ခုဘဲ ပြောပြတော့မယ်နော်။ အဲဒါက ဘာလဲဆိုတော့ သူမှာ ၅ တန်းအရွယ်သားလေး တစ်ယောက်ရှိပါတယ်တဲ့။ တစ်နေ့တော့ သူ စာရေးနေတုန်း သူ့သား စာကျက်နေပါရော။ စာကို အော်ကျက်နေတာ။ ဆရာ အော်ပီကျယ်က မေးလိုက်တယ်။
ဟဲ့သား ဘာကျက်နေတာလဲပေါ့။ သူ့သားက ပြောတယ်။ ဆရာမက တို့ဖေဖေအကြောင်း ကျက်ခိုင်းလိုက်တယ်တဲ့။ ဒါနဲ့ ဪ စာစီစာကုံးကို ကျက်ခိုင်းလိုက်တာလားပေါ့။ ဖေဖေတို့ခေတ်နဲ့ မတူတော့ဘူးလေလို့ သူ့သားက ပြန်ပြောပြီး စာကို

အော်ကျက်နေပါရော။
ကျွန်တော်၏အဖေသည် ဦးဘဖြစ်ပါသည်။ ဒါကိုဘဲ ထပ်ခါတလဲလဲ ကျက်နေတော့ ဆရာ အော်ပီကျယ်က ကြာတော့ သူ့မိန်းမကို လှမ်းမေးရော။ မိန်းမရေ… တို့အိမ်ကို ဦးဘဆိုတဲ့လူ အလည်လာသေးလားပေါ့။ သူ့မိန်းမက ပြန်ပြောတယ်။
“ပေါက်ပေါက်ရှာရှာတော် ဘယ်က ဦးဘက အလည်လာရမှာလဲတဲ့။ ဒါနဲ့ သူက မဟုတ်ပါဘူးကွာ မင့် သားက ဒီဦးဘဘဲ ကျက်နေတာကိုကွလို့ ပြောလိုက်တယ်။ ဒါနဲ့ စာကျက်နေတဲ့ သားက ဖေဖေကလည်း ကျွန်တော်သူငယ်ချင်းရဲ့ အဖေလည်း

ဦးဘပဲတဲ့။ ကဲ ကောင်းရော။ အဲဒါက ဘာလဲဆိုတာကို ဆရာ အော်ပီကျယ်က ရှင်းပြပါတယ်။ ခုခေတ်လူငယ်တွေကို ဦးနှောက်နဲ့ မစဉ်းစားခိုင်းဘဲ ပုံသေနည်းနဲ့ တစ်သမတ်တည်း သင်ပေးတာကို ပြောသွားခဲ့ခြင်း ဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘာလာရင် ဘာလုပ်ရမယ်ဆိုတာ မပြောဘဲ။ ဒါပေးရင် ဒါကျက်ဆိုတဲ့ မူကို ကျင့်သုံးနေကျတာကို ပြောသွားခဲ့ပါတယ်။ အရမ်းလည်း နားထောင်ကောင်းပြီး ဗဟုသုတရရှိခဲ့ပါတယ်။ ဒါတောင် မနောက ပြန်မပြောတတ်လို့ ပြောတတ်သလို ပြောပြရတာပေါ့။ နောက်တစ်ခေါက်ကြုံရင် ဆရာမ သန်းမြင့်အောင်ရဲ့ ဟောပြောချက်များကို ထပ်မံ တင်ပြပါဦးမယ်ရှင်။

4 comments

  • kopauk mandalay

    November 3, 2010 at 2:23 pm

    ဒါပေမယ့် အခုခေတ်ကြီးမှာ အလွတ်ကျက်နိုင်တဲ့ကလေးကမှ (6)ဘာသာဂုဏ်ထူးထွက်တာ။
    စာစီစာကုံးကို ကိုယ့်စိတ်ကူးနဲ့ ကိုယ်ရေးတဲ့သူက အမှတ်မရဘူးလေ။
    အလွတ်ကျက်တဲ့ ကလေးက ထိပ်ရောက်နေတာ။
    စာပေဟောပြောပွဲတွေရယ် စာပေဆွေးနွေးဝို်င်းတွေကို သတိရ တမ်းတ မျှော်လင့်နေဆဲပါ။

  • ်fatty

    November 3, 2010 at 2:38 pm

    မနောက ပရဟိတ သမားမို့ တချိန်ချိန် ဟောပြောပွဲကို ကမကထများလုပ်ဖြစ်ခဲ့ရင် ကျနော့ကိုဖိတ်ပါ။
    ကျနော် ၁၅ ဝါ ရပြီးမှ လူထွက်ခဲ့တာ ..။

  • unclegyi1974

    November 3, 2010 at 3:48 pm

    မနောပြောတဲ့ကလေးစာကျက်ပုံကအကုန်မဟုတ်
    သေးဘူးကျန်အုန်းမယ်နဲ့တူတယ်
    အကုန်ဆိုရင်လဲဆရာအော် တမင်ချန်ခဲ့တာနေမှာ
    ဘာတွေလဲဆိုတာ မင်းလဲသိ ငါလဲသိ အားလုံးသိ
    ဟုတ်တယ်ဟုတ်

  • ဆူး

    November 4, 2010 at 3:16 am

    ဆူး ကတော့ စာကျက်ရမှာ သိပ်ပျင်းတာဘဲ.. ကျောင်းက ဆရာသင်တာ နားထောင်ပြီး ချရေးလိုက်တာဘဲ.. ကျက်တဲ့ စာ ဆို အမှတ်က အမြဲ နည်းတယ်..

Leave a Reply