ရွေးကောက်ပွဲ ရလဒ်များအား သပိတ်မှောက် ကန့်ကွက်ခြင်း

kaiNovember 8, 20107min1070

ရွေးကောက်ပွဲ ရလဒ်များအား သပိတ်မှောက် ကန့်ကွက်ခြင်း

နိဒါန်း

နှစ်ဆယ်ရာစုနှောင်းပိုင်း ကာလက အစပြုပြီး အာဏာရှင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတော်တော်များများမှာ ရွေးကောက်ပွဲတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တချို့ ရွေးကောက်ပွဲတွေကျတော့ စစ်မှန်တဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဦးတည်ပြီး ပေါ်ထွက်လာခဲ့တာပါ။ တချို့ရွေးကောက်ပွဲတွေကျတော့ မတရားမှု၊ မဲခိုးမဲလိမ်မှုတွေကို အခြေခံပြီး အာဏာရှင်စနစ်ကို ရွေးကောက်ပွဲနဲ့ အကာအကွယ်ယူထားတဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် (electoral authoritarianism) ကို အကောင်အထည်ဖော်ဖို့အတွက် ပေါ်ထွက်လာတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတခုဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိပဲ၊ ရွေးကောက်ခံအာဏာရှင်စနစ်ကို ဦးတည်နေခဲ့တယ်ဆိုရင် ရွေးကောက်ပွဲ မတိုင်ခင်မှာ သပိတ်မှောက်လေ့ ရှိကြသလို၊ ရွေးကောက်ပွဲကြီး ပြီးဆုံးသွားတဲ့ အချိန်မှာလဲ ရွေးကောက်ခံ အာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့ ရွေးကောက်ခံ အာဏာရှင်အစိုးရကို ဆက်လက် ဆန့်ကျင်လေ့ ရှိကြပါတယ်။

ဒီလိုဆန့်ကျင်ကြတဲ့ နည်းလမ်း အမျိုးမျိုး ရှိတဲ့အနက် ရွေးကောက်ပွဲရလဒ်တွေကို ကန့်ကွက် သပိတ်မှောက်တဲ့ နည်းလမ်းကို နိုင်ငံတော်တော်များများမှာ အသုံးပြုခဲ့ကြပါတယ်။ ဒီလို အသုံးပြုတဲ့ အခါမှာ ရွေးကောက်ပွဲဥပဒေ၊ ရွေးကောက်ပွဲကျင်းပပုံနဲ့ ရွေးကောက်ပွဲရလဒ်တို့ရဲ့ မတရားမှုတွေကို နည်းမျိုးစုံနဲ့ ဖော်ထုတ်ခြင်း၊ တရားမျှတမှုမရှိသော ရွေးကောက်ပွဲရလဒ်ဖြင့် တက်လာသော အစိုးရသစ်၏ တရားဝင်မှု (legitimacy) ကို အသိအမှတ်မပြုခြင်း၊ ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း စတာတွေ ပါဝင်ပါတယ်။ လူထုလှုပ်ရှားမှုများ အကောင်အထည်ဖော်တဲ့အခါ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတွေ အနေနဲ့ ဦးဆောင်ပါဝင်ခြင်း (သို့မဟုတ်) သွယ်ဝိုက် ဖော်ဆောင်ခြင်း (သို့မဟုတ်) ဖော်ဆောင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ကူညီအားပေးခြင်း တို့ကို ပြုလုပ်ကြပါတယ်။

ရွေးကောက်ပွဲရလဒ် ကန့်ကွက်သပိတ်မှောက်ခြင်းနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု

အာဏာရှင်ရွေးကောက်ပွဲတွေကို သပိတ်မှောက်တဲ့အခါမှာ မဲမပေးရေး၊ ပယ်မဲဖြစ်ရေး နည်းလမ်းတွေကို အသုံးပြုတဲ့ ရွေးကောက်ပွဲအကြိုကာလ လှုပ်ရှားမှုနဲ့ ရွေးကောက်ပွဲရလဒ်တွေကို သပိတ်မှောက် ကန့်ကွက်ရေး လှုပ်ရှားမှုဆိုပြီး နှစ်မျိုးရှိပါတယ်။ ရွေးကောက်ပွဲအကြိုကာလမှာ နည်းမျိုးစုံနဲ့ သပိတ်မှောက်ကြပေမယ့် အာဏာရှင်အစိုးရတွေက ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်ပြီး၊ မတရားတဲ့ ရွေးကောက်ပွဲရလဒ်တွေကို ကြေညာလေ့ရှိပါတယ်။ ရွေးကောက်ပွဲအလွန် ကာလမှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ရွေးကောက်ခံ အာဏာရှင်အစိုးရကို ဆက်ပြီး ဖွဲ့စည်းလေ့ရှိကြပါတယ်။

အဲဒီအခါမှာ အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်းတွေကလဲ ဒုတိယလှုပ်ရှားမှု ဖြစ်တဲ့ ရွေးကောက်ပွဲရလဒ် ကန့်ကွက်သပိတ်မှောက်ခြင်းကို ဆက်လက်ပြုလုပ်ကြရပါတယ်။ လူအချို့ကတော့ တက်လာတဲ့ အစိုးရသစ်ဟာ ရွေးကောက်ပွဲရလဒ်နဲ့ တက်လာတဲ့ အစိုးရသစ်ဖြစ်တာကြောင့် တော်လှန်ရေး ဆက်လုပ်လို့ မရနိုင်တော့ဘူးလို့ ယူဆတတ်ကြပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်သပိတ်မှောက်ခြင်းကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ထိခိုက်စေနိုင်မလားဆိုပြီး တွေဝေတတ်ကြပါတယ်။ လက်တွေ့မှာ ဒီလို မဟုတ်ပါဘူး။

နိုင်ငံတခုမှာ ရွေးကောက်ပွဲရလဒ်နဲ့ တက်လာတဲ့ အစိုးရတိုင်းကို ဒီမိုကရေစီ အစိုးရလို့ မခေါ်တွင်နိုင်ပါဘူး။ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကို ခုတုံးလုပ်၊ ဒီမိုကရေစီကို အမည်ခံပြီး တက်လာတဲ့ ရွေးကောက်ခံ အာဏာရှင်အစိုးရတွေလဲ ကမ္ဘာပေါ်မှာ အများအပြားရှိပါတယ်။ ဒီလို အစိုးရတွေနဲ့ ရွေးကောက်ခံအာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့အတွက် ရွေးကောက်ပွဲရလဒ်တွေကို ကန့်ကွက်သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက် သပိတ်မှောက်ခြင်းအားဖြင့် ဒီမိုကရေစီရေးရာ ပြုပြင် ပြောင်းလဲခြင်းတွေကို အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်းကိုလဲ ရွေးကောက်ပွဲရေးရာ သုတေသီများက လေ့လာ တွေ့ရှိခဲ့ကြပါတယ်။

၁၉၉ဝခုနှစ်ကနေ၊ ၂၀၀ရ ခုနှစ်ကာလအထိ ကမ္ဘာတဝှမ်းမှာ ပေါ်ထွက်ခဲ့တဲ့ ရွေးကောက်ပွဲသပိတ်တွေကို ပညာရှင်များက လေ့လာကြည့်ကြရာမှာ အာဏာရှင်ရွေးကောက်ပွဲများကို ရွေးကောက်ပွဲအကြိုကာလမှာ သပိတ်မှောက် ခြင်းကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအပေါ်မှာ အကျိုးသက်ရောက်မှု ခြောက်ရာခိုင်နှုန်းပဲ ရှိခဲ့ပြီး၊ ရွေးကောက်ပွဲအကြိုကာလသပိတ်၊ ရွေးကောက်ပွဲရလဒ် သပိတ်နှစ်မျိုး စလုံးကို အသုံးပြုတဲ့အခါမှာတော့ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုအပေါ်မှာ အကျိုးသက်ရောက်မှု ၂၈ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဒီလို အကျိုးသက်ရောက်မှု တိုးတက်လာခြင်း အကြောင်းရင်းတွေထဲမှာ ရွေးကောက်ပွဲနဲ့ လူထုလှုပ်ရှားမှုတို့အကြားက ဆက်နွယ်မှုတွေနဲ့ ရွေးကောက်ပွဲအလွန်ကာလ အတိုက်အခံနိုင်ငံရေး အဖွဲ့များရဲ့ နိုင်ငံရေး လမ်းစဉ်တွေက အဓိက ကျပါတယ်။

လူအများ ပူးပေါင်းပါဝင်တဲ့ လူထုတိုက်ပွဲတွေ စတင်အကောင်အထည်ဖော်ဖို့အတွက် ဟန်ချက်ညီ ချိတ်ဆက်လှုပ်ရှားမှုတွေ လိုအပ်ပါတယ်။ လူထုတိုက်ပွဲ အောင်မြင်ဖို့ ဆိုတာက လူအများက တချိန်တည်းမှာ သူတို့ရဲ့ လိုလားချက်တွေကို တပြိုင်နက် တောင်းဆိုနိုင်မှ ဖြစ်နိုင်တာပါ။ ဒီလိုတောင်းဆိုမှုတွေ လုပ်နိုင်ဖို့အတွက် လူထုလူတန်းစား အလွှာအသီးသီးမှာ ပါဝင်နေတဲ့ အစုအဖွဲ့တွေအကြား ချိတ်ဆက်လှုပ်ရှားပေးနိုင်မယ့် coordination mechanism တွေ ရှိရပါမယ်။ ရွေးကောက်ပွဲတွေဟာ ဒီလို coordination mechanism တွေ ပေါ်ထွက်လာရေးကို လုပ်ဆောင်ပေးနိုင်ပါတယ်။

ယေဘုယျအားဖြင့် ရွေးကောက်ပွဲအချိန်ကာလဆိုတာက ပြည်သူလူထုရဲ့ နိုင်ငံရေး ရေချိန် တက်နေတဲ့ ကာလဖြစ်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာချိန်၊ အစိုးရသစ်တွေ ဖွဲ့စည်းလာချိန်မှာ ရွေးကောက်ပွဲမသမာမှုတွေ၊ ဒီမိုကရေစီ အမည်ခံတဲ့ အာဏာရှင်အစိုးရတွေ တက်လာတာကို လူထုက မျက်ဝါးထင်ထင် တွေ့ကြရပါတော့တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ ပြောင်းလဲမှု မဟုတ်ဘူးဆိုတာကို လူအများက နားလည်သိရှိလာပါတော့တယ်။ အဲဒီအချိန်ကာလတွေကို အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ တော်လှန်ရေးသမားတွေက စနစ်တကျ အသုံးချတတ်ရင် လူထုလှုပ်ရှားမှုရဲ့ ဆုံချက် (focal point) ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်သပိတ်မှောက်ခြင်းဟာ ရွေးကောက်ပွဲအလွန်ကာလ နိုင်ငံရေး အခင်းအကျင်းအတွက် အလွန်အရေးကြီးပါတယ်။

ရွေးကောက်ပွဲရလဒ် ကန့်ကွက်သပိတ်မှောက်ခြင်းနှင့် ညီညွတ်ရေး တည်ဆောက်မှု

ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်သပိတ်မှောက်ခြင်းအားဖြင့် ကွဲပြားတဲ့ အမြင်နဲ့ အယူအဆတွေ ရှိခဲ့တဲ့ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတွေ အကြားက ညီညွတ်ရေးကိုလဲ တည်ဆောက်လာနိုင်ပါတယ်။ အာဏာရှင်တွေက ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ ရွေးကောက်ပွဲဖြစ်စဉ်ပေါ် မူတည်ပြီး အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေအကြားမှာ ကွဲပြားခြားနားတဲ့ အမြင်နဲ့ တုန့်ပြန်မှုတွေ ပေါ်ထွက်လာတတ်ပါတယ်။

ရွေးကောက်ပွဲဖြစ်စဉ်အရ ပထမအဆင့်အနေနဲ့ အာဏာရှင်တွေက ရွေးကောက်ပွဲကျင်းပဖို့ စတင်ပြင်ဆင်ပါတယ်။ ဒီလိုပြင်ဆင်မှုတွေကို ပြုလုပ်တဲ့အခါမှာ အာဏာရှင်တွေရဲ့ ကိုယ်စားပြု အဖွဲ့အစည်း (သို့မဟုတ်) ကြိုးကိုင်ထားသော အဖွဲ့အစည်းက သေချာပေါက် နိုင်နိုင်မယ့် ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေကို စတင်ပြုလုပ်လာလေ့ရှိပါတယ်။ ပြီးတော့ ဒုတိယအဆင့်အနေနဲ့ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာကို တရားဝင်ကြေငြာပါတယ်။ နိုင်ငံရေးပါတီ မှတ်ပုံတင် လျှောက်ထားခွင့်၊ ရှိပြီးသား နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ မှတ်ပုံတင်ခွင့် ဆိုင်ရာ ရွေးကောက်ပွဲဥပဒေတွေကို ထုတ်ပြန်ပါတယ်။

အဲဒီအခြေအနေမှာ အာဏာရှင်ရွေးကောက်ပွဲမှာ ရှိပြီးသား အတိုက်အခံနိုင်ငံရေးပါတီတွေက ပါဝင်ယှဉ်ပြိုင်ဖို့မှတ်ပုံတင်ခြင်း၊ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းများက ပါတီသစ်ထောင်ခြင်း စတာတွေ ပြုလုပ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မှာလား (သို့မဟုတ်) ရွေးကောက်ပွဲကို သပိတ်မှောက်မှာလား ဆိုတာကို ရွေးချယ်စရာ ဖြစ်လာပါတယ်။ ရွေးချယ်မှုတွေ ဖြစ်လာတဲ့အခါ အတိုက်အခံနိုင်ငံရေး ပါတီတွေနဲ့ အဖွဲ့အစည်းတွေအကြားမှာ အုပ်စုကြီး နှစ်ခု ထွက်လာပါတော့တယ်။ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့် အုပ်စုနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်မယ့် အုပ်စုတွေ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအကြိုကာလမှာ အုပ်စုကြီး နှစ်ခုစလုံးက သူ့လုပ်ငန်းစဉ်နဲ့သူ အလုပ်လုပ်ကြပါတယ်။ ရွေးကောက်ပွဲဝင်တဲ့ အုပ်စုက ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်တွေ ချမှတ်ပြီး အလုပ်လုပ်ကြပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ အုပ်စုက မဲမပေးရေး၊ ပယ်မဲဖြစ်ရေး၊ ရွေးကောက်ပွဲ မသမာမှုများ ဖော်ထုတ်ရေး စတဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်ပြီး အလုပ်လုပ်ကြပါတယ်။ ဒီလို ဖော်ဆောင်ကြရင်း အုပ်စုကြီးနှစ်ခုအကြားမှာ အားပြိုင်မှုတွေ၊ တဘက်နဲ့တဘက် ဝေဖန်တိုက်ခိုက်မှုတွေကလဲ ပေါ်ထွက်လာတတ်ပါသေးတယ်။

ဒီလိုနဲ့ ရွေးကောက်ပွဲဖြစ်စဉ် တတိယအဆင့်ကို ရောက်လာပါတယ်။ အတိုက်အခံတွေအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်သည်ဖြစ်စေ၊ သပိတ်မှောက်သည်ဖြစ်စေ အာဏာရှင်အစိုးရတွေကတော့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်လေ့ရှိပါတယ်။ ရွေးကောက်ပွဲအကြိုကာလ မသမာမှုတွေအပြင် ရွေးကောက်ပွဲနေ့ မသမာမှုတွေကိုပါ ကျူးလွန်လေ့ရှိပါတယ်။ အထူးသဖြင့် အတိုက်အခံတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ထားခဲ့ရင် ရွေးကောက်ပွဲမဲပေးသူ အရေအတွက် ရာခိုင်နှုန်းကို တိုးမြှင့်ပြောလေ့ ရှိပါတယ်။ ရွေးကောက်ပွဲမှာ အတိုက်အခံတွေက ပါဝင်ယှဉ်ပြိုင်ခဲ့ရင်လဲ နောက်ဆုံးရလဒ်မှာ အာဏာရှင် လက်ကိုင်တုတ်အဖွဲ့အစည်းတွေကသာ မဲအများဆုံးရရှိအောင် မဲခိုးတာ၊ မဲလိမ်တာ၊ ကြိုတင်မဲရယူတာတွေ လုပ်ထားလေ့ရှိပါတယ်။ ရွေးကောက်ပွဲနေ့ မသမာမှုတွေကို ကျူးလွန်ပြီးတဲ့အခါ ရွေးကောက်ပွဲရလဒ်ကို အာဏာရှင်တွေက ကြေငြာပါတော့တယ်။

အာဏာရှင်တွေက ရွေးကောက်ပွဲရလဒ်ကို ကြေငြာပြီးချိန်မှာ အတိုက်အခံတွေဘက်က တုန့်ပြန်မှု ပြုလုပ်ရပါတယ်။ ဒါက ရွေးကောက်ပွဲဖြစ်စဉ်ရဲ့ စတုတ္ထ အဆင့်ပါပဲ။ အဲဒီအဆင့်မှာတင် အတိုက်အခံတွေမှာ အုပ်စု ငါးခု ကွဲသွားပါတော့တယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အုပ်စုကြီးမှာ ရွေးကောက်ပွဲရလဒ်ကို လက်ခံတဲ့ အုပ်စုနဲ့ ရွေးကောက်ပွဲရလဒ်ကို သပိတ်မှောက်တဲ့ အုပ်စု နှစ်စု ထပ်ပြီး ကွဲပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အုပ်စုကြီးမှာ ရွေးကောက်ပွဲရလဒ်ကို လက်ခံတဲ့ အုပ်စု၊ ရွေးကောက်ပွဲရလဒ်ကို သပိတ်မှောက်တဲ့ အုပ်စုနဲ့ ရွေးကောက်ပွဲရလဒ်ကိုလဲ လက်မခံ၊ သပိတ်မှောက် လှုပ်ရှားမှုတွေလဲ မလုပ်တော့တဲ့ အုပ်စု ဆိုပြီး သုံးစု ထပ်ပြီး ကွဲပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွေးကောက်ပွဲရလဒ်ကို လက်ခံတဲ့ အုပ်စုနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကတော့ ထူးထူးခြားခြား မရှိပါဘူး။ အနိုင်ရသူတွေက ရွေးကောက်ခံ အာဏာရှင်စနစ်ရဲ့ ယန္တရားထဲကို ရောက်သွားပြီး၊ အာဏာရှင်တို့ အလိုကျ လက်ညှိုးထောင်၊ ခေါင်းငြိမ့် လုပ်ရလေ့ရှိပါတယ်။ ဒုတိယတမျိုးဖြစ်တဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး၊ ရွေးကောက်ပွဲရလဒ်ကို သပိတ်မှောက်တဲ့ အုပ်စုကတော့ အာဏာရှင် ရွေးကောက်ပွဲရဲ့ မသမာမှုများကို ဖော်ထုတ်ခြင်း၊ အာဏာရှင်အစိုးရသစ်ရဲ့ တရားဝင်မှုကို အသိအမှတ်မပြုခြင်း၊ ဆန္ဒပြသပိတ်မှောက်မှုများ ပြုလုပ်ခြင်း လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်လာမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ကိုယ်တိုင်က ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်သပိတ်မှောက်လာမှာကို အာဏာရှင်အစိုးရတွေကလဲ စိုးရိမ်လေ့ရှိကြပါတယ်။ ဒါကြောင့်လဲ သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ အရေးပါသူတွေ ပါဝင်အရွေးခံကြတဲ့ ဒေသအချို့မှာ အာဏာရှင်လက်ကိုင်ဒုတ် အဖွဲ့အစည်းတွေကို ပါဝင်ယှဉ်ပြိုင်စေခြင်း မရှိပဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အလိုအလျောက်သတ်မှတ်ပေးမှုတွေနဲ့ အာဏာရှင် လက်ကိုင်ဒုတ် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေကို တမင်တကာ အရှုံးပေးထားမှုတွေ ပြုလုပ်လာတတ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ အနေနဲ့လဲ ခေါင်းဆောင်တွေ၊ အရေးပါသူတွေ ကိုယ်တိုင်က ရွေးကောက်ခံ အာဏာရှင်အစိုးရသစ် ယန္တရားထဲမှာ ပါဝင်ရတော့မှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲရလဒ်ကို သပိတ်မှောက်ဖို့ ခဲယဉ်းသွားစေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက အဖွဲ့အစည်းအလိုက် ရလဒ်ကို သပိတ်မှောက်ခြင်း မရှိခဲ့ရင်တောင် သပိတ်မှောက်လိုတဲ့ အစုအဖွဲ့လေးတွေ၊ လူပုဂ္ဂိုလ်တွေ ပေါ်ထွက်လာတတ်ပါတယ်။ ဒီလို အစုအဖွဲ့လေးတွေနဲ့ ရွေးကောက်ပွဲ အကြိုကာလမှာကတည်းက သပိတ်မှောက်ခဲ့တဲ့ နိုင်ငံရေးအင်အားစုတွေ ချိတ်ဆက်ပေါင်းစည်းပြီး ညီညွတ်ရေးကို တည်ဆောက်နိုင် ပါတယ်။ ရွေးကောက်ပွဲရလဒ် သပိတ်မှောက်ရေး လုပ်ငန်းစဉ်တွေကို ပူးပေါင်း အကောင်အထည်ဖော်နိုင်ပါတယ်။ ဒီလို အကောင်အထည်ဖော်ကြရာမှာလဲ ရွေးကောက်ပွဲ အကြိုကာလမှာ သပိတ်မှောက်ခဲ့တဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ အားလုံးက ရွေးကောက်ပွဲရလဒ်ကို သပိတ်မှောက်မယ်လို့ မယူဆနိုင်ပြန်ပါဘူး။ ဒီအင်အားစုတွေမှာလဲ အုပ်စုက သုံးမျိုး ကွဲတတ်ပြန်ပါသေးတယ်။

ပထမတမျိုးကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ပေမယ့် ရွေးကောက်ပွဲရလဒ်ကို လက်ခံတဲ့ အုပ်စုပါ။ အာဏာရှင်အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်း မလုပ်လိုတဲ့ နိုင်ငံရေးအင်အားစုတွေက ဒီအုပ်စုမှာ ပါဝင်လာလေ့ရှိပါတယ်။ ၁၉၉၅ ခုနှစ် အယ်လ်ဂျီးရီးယားမှာ အတိုက်အခံနိုင်ငံရေး ပါတီကြီးတခုက ဦးဆောင်ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်တွေ ပေါ်ထွက်လာတဲ့ အခါကျတော့ ရွေးကောက်ပွဲရလဒ်ကို သပိတ်ဆက်မမှောက်တော့ပဲ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရသစ်ကို အသိအမှတ်ပြုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒိုင်ယာလော့ခ်ခေါ်ပေးဖို့ တောင်းဆိုမှုတွေ လုပ်လာပါတော့တယ်။

ဒီလို ရှေ့နောက်မညီတဲ့ လုပ်ရပ်တွေကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ ပြည်သူလူထုမှာလဲ ရွေးကောက်ပွဲရလဒ်ကိုပဲ သပိတ်ဆက်မှောက်ရတော့မလိုလို၊ အသိအမှတ်ပြု ရတော့မလိုလိုနဲ့ အစိုးရသစ်ကိုလဲ မယုံကြည်၊ အတိုက်အခံနိုင်ငံရေးသမားတွေကိုလဲ စိတ်ပျက်လာကြရာက နိုင်ငံရေး ပဋိပက္ခရှည်ကြာမှုတွေ ဖြစ်ခဲ့ရပါတယ်။ တခါတရံမှာလဲ အာဏာရှင်အစိုးရတွေ ကိုယ်တိုင်က နိုင်ငံရေးပြဿနာတွေကို ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရသစ်နဲ့ ဖြေရှင်းမယ့် နိုင်ငံရေးအရိပ်အယောင်တွေပြပြီး ဒီလိုအုပ်စုတွေ ပေါ်ထွက်လာအောင် လမ်းကြောင်းပေးတာတွေ ရှိပါတယ်။ ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်းကတော့ အတိုက်အခံတွေရဲ့ ဦးနှောက်နဲ့ နိုင်ငံရေးရာ ကျွမ်းကျင်မှုပေါ်မှာပဲ မူတည် တွက်ချက်ဖို့ လိုပါလိမ့်မယ်။

ရွေးကောက်ပွဲအကြိုကာလမှာ သပိတ်မှောက်ခဲ့တဲ့ နိုင်ငံရေးအင်အားစုတွေအကြားမှာ ရွေးကောက်ပွဲ ရလဒ် ပေါ်ထွက်လာတဲ့အခါ လက်ခံခြင်း၊ ကန့်ကွက်ခြင်း လုံးဝမလုပ်တော့ပဲ အတိုက်အခံနိုင်ငံရေးကို သက်တမ်းတိုးချဲ့တဲ့ အုပ်စုတမျိုးလဲ ပေါ်ထွက်လာတတ်ပါတယ်။ ဒီလို အုပ်စုတွေက ရွေးကောက်ပွဲကို လူအများ သပိတ်မှောက်ကြတာ၊ မဲမပေးကြတာဟာ သူတို့ရဲ့ လုပ်ရပ်တွေအနေနဲ့ ဂုဏ်ယူဝမ်းမြောက်တတ်ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို အာဏာရှင်အစိုးရတွေက ကြေငြာလာတဲ့ အခါကျတော့လဲ အာဏာရှင်တွေဘက်က တဘက်သတ်လုပ်မှာကိုသိရက်နဲ့ ရသမျှ အင်အားလေးနဲ့ တိုက်ခဲ့ရတဲ့အတွက် အတိုက်အခံနိုင်ငံရေးအင်အားစုအနေနဲ့ တာဝန်ကျေတယ်လို့ ယူဆကြပါတယ်။ ထိပ်တိုက်ရင်ဆိုင်မှုလုပ်ရင် အာဏာရှင်တွေဘက်က အရေးယူမှုတွေ ပြုလုပ်လာမှာကို စိုးရိမ်ပြီး ပိုနေမြဲ၊ ကျားနေမြဲ အာဏာရှင်အသိအမှတ်ပြု အတိုက်အခံအနေနဲ့ ရပ်တည်ရရေးကိုပဲ ကြိုးပမ်းလေ့ရှိပါတယ်။ ရွေးကောက်ပွဲရလဒ်ကို သပိတ်မှောက်ရေးကိုလဲ ဆက်လက်အကောင်အထည် ဖော်ခြင်း မရှိသလို၊ တက်လာတဲ့ အစိုးရသစ်ကို ဆက်လက်တော်လှန်မယ့် လမ်းစဉ်တွေလဲ ချမှတ်ခြင်း မရှိပါဘူး။ အတိုက်အခံအနေနဲ့ ရပ်တည်ပြီး ငုတ်တုပ်ထိုင်နေမယ့် အုပ်စုဖြစ်ပါတယ်။

နောက်ဆုံးအုပ်စုတစုကတော့ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်သပိတ်မှောက်တဲ့ အုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုက ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်သပိတ်မှောက်ပြီး လူထုရဲ့ နိုင်ငံရေး နိုးကြားမှုရှိလာအောင် လှုံ့ဆော်ခြင်း၊ ရွေးကောက်ပွဲအလွန်ကာလ နိုင်ငံရေးအခင်းအကျင်းကို တော်လှန်ရေးအတွေးအခေါ်ပေါ် အခြေတည်တဲ့ အခင်းအကျင်းဖြစ်လာစေရန် ဖန်တီးဆောင်ရွက်ခြင်း၊ အသစ်တက်လာတဲ့ ရွေးကောက်ခံ အာဏာရှင် အစိုးရသစ်ကို ဆန့်ကျင်ခြင်း စတာတွေကို ပြုလုပ်မယ့် အုပ်စုဖြစ်ပါတယ်။ ရွေးကောက်ပွဲအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုကို ဒီအုပ်စုကို ဦးစီးနိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ပါတယ်။

ဒီအုပ်စုငါးခုမှာ ရွေးကောက်ပွဲရလဒ်ကို လက်ခံလိုက်တဲ့ အုပ်စုနှစ်ခုကို ဖယ်ရှားပြီး၊ ကျန်တဲ့ အုပ်စုသုံးခုအကြားမှာ ညီညွတ်ရေးတည်ဆောက်ဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲကို လက်ခံခဲ့ပြီးမှ ရလဒ်ကို သပိတ်မှောက်တဲ့ အုပ်စုနဲ့ ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲရလဒ်ကို သပိတ်မှောက်တဲ့ အုပ်စုတွေအကြား ကွဲပြားတဲ့အမြင်တွေကို ပြန်လည်ညှိနှိုင်းပြီး နိုင်ငံရေးပန်းတိုင် သတ်မှတ်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီးမှ ရလဒ်ကို ဆက်လက်သပိတ်မှောက်ရဲခြင်း မရှိပဲ အတိုက်အခံနေရာမှာ ငုပ်တုတ်ထိုင်နေမယ့် အုပ်စုကိုလဲ ဒီလို လုပ်ခြင်းအားဖြင့် နိုင်ငံရေးပဋိပက္ခရှည်ကြာပြီး တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို ထိထိမိမိ မီးမောင်းထိုး ရှင်းပြပေးပြီး၊ အာဏာရှင်ရွေးကောက်ပွဲရလဒ် သပိတ်မှောက်ခြင်းနဲ့ အစပြုတဲ့ ရွေးကောက်ခံအာဏာရှင်စနစ် တိုက်ဖျက်ရေး အရေးတော်ပုံကြီးမှာ လက်တွဲပါဝင်ဖို့ တိုက်တွန်းကြရန် လိုအပ်ပါတယ်။

ဒီအုပ်စုသုံးစုအကြားမှာ ညီညွတ်ရေးတည်ဆောက်နိုင်ဖို့အတွက် ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက် သပိတ်မှောက်ခြင်းကနေ အစပြုဖို့ လိုအပ်ပါတယ်။ ဒါမှလဲ ရွေးကောက်ပွဲ အလွန်ကာလမှာ ရွေးကောက်ခံ အာဏာရှင်စနစ် (electoral authoritarianism) တိုက်ဖျက်ရေးအတွက် လက်တွဲအလုပ်လုပ်ရမယ့် နိုင်ငံရေးအင်အားစုတွေကို ကွဲကွဲပြားပြားထင်သာ မြင်သာ ပေါ်ထွက်လာစေမှာဖြစ်ပါတယ်။

အခြေခံအတွေးအခေါ် မတူညီသူတွေအကြားမှာ ညီညွတ်ရေး တည်ဆောက်ဖို့ ကြိုးပမ်းတာထက်စာရင် လုပ်နည်းလုပ်ဟန်ကွဲပြားပေမယ့် အခြေခံ အတွေးအခေါ် တူညီသူတွေအကြားမှာပဲ ညီညွတ်ရေး တည်ဆောက်တာက ရေရှည်နိုင်ငံရေးပန်းတိုင်အတွက် ပိုပြီး သင့်တော်ပါတယ်။ တိုက်ပွဲတပွဲမှာ စမတိုက်ခင်ကတည်းက လက်နက်ချရင် ကောင်းမလား၊ အပစ်အခတ် ရပ်စဲရေး လုပ်ရင် ကောင်းမလားလို့ တွေးနေတဲ့ ရဲဘော်အင်အား တရာထက် အောင်ပွဲရတဲ့အထိ စစ်နည်းဗျူဟာ မျိုးစုံသုံးပြီး တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ရဲဘော် ဆယ်ယောက်က ပိုပြီး တန်ဖိုးရှိကြောင်းကို စစ်ရေး နားလည်သူတိုင်း သိရှိကြပါတယ်။ နည်းဗျူဟာတွေက ကွဲပြားချင် ကွဲပြားနိုင်ပေမယ့် အခြေခံအတွေးအခေါ် ညီညွတ်မှ ထိရောက်မှု ရှိနိုင်မှာ ဖြစ်ပါတယ်။

နိဂုံး

ချုပ်၍ ဆိုရရင် ၁၉၉ဝ ခုနှစ်ကနေ၊ ၂၀၀ရ ခုနှစ်အကြားမှာ ဖြစ်ပွားခဲ့တဲ့ ရွေးကောက်ပွဲအကြိုကာလ သပိတ်နဲ့ ရွေးကောက်ပွဲရလဒ် သပိတ် စုစုပေါင်း ၅၁ ခု ကို ပညာရှင်တွေရဲ့ ဆန်းစစ်ချက်အရ ရွေးကောက်ပွဲ အကြိုကာလသပိတ် တမျိုးတည်းကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲနိုင်မှု ခြောက်ရာခိုင်နှုန်းသာ ရှိခဲ့ပြီး၊ ရွေးကောက်ပွဲအကြိုကာလ သပိတ်နဲ့ ရွေးကောက်ပွဲရလဒ် သပိတ်နှစ်မျိုးကို ပေါင်းစပ်အသုံးပြုမှုကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲနိုင်မှု ရာခိုင်နှုန်း ၂၈ ရာခိုင်နှုန်းအထိ တိုးတက်သွားခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ကြရပါတယ်။ ဒါက ရေရှည်အကျိုးကျေးဇူးဖြစ်ပါတယ်။ ရေတိုအကျိုးကျေးဇူးအနေနဲ့လဲ ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်း အတွက် လိုအပ်တဲ့ ညီညွတ်ရေးတည်ဆောက်မှုကို ရွေးကောက်ပွဲရလဒ်အား ကန့်ကွက်သပိတ်မှောက်ခြင်းဖြင့် ဖော်ဆောင်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (၇၊ ၁၁၊ ၂၀၁၀)

ရည်ညွှန်းကိုးကား။ ။

Algeria: “Opposition calls for reconciliation”, 1995. Middle East Economic Digest.

Beaulieu, Emily. (2007) “Election Boycotts as Bargaining Ploys for improving Democracy”, R&R

Francisco, Ronald A. (1993) “Theories of Protest and the Revolutions of 1989”, American Journal of Political Science 37(3): 663-680.

Kuzio, Taras. (2005) “The Opposition’s Road to Success”, Journal of Democracy 16(2): 117-130.

Schedler, Andreas. (2002) “The Nested Game of Democratization by Elections”, International Political Science Review 23(1): 103-122.

Schedler, Andreas. (2006) “Electoral Authoritarianism: The Dynamics of Unfree Competition” Boulder: Lynne Rienner Publishers.