ဘုန်းကြီးပြောသောပုံပြင် (၁ )

zinmyotunNovember 28, 20101min1290

တခါတုန်းက မြို့ရွာနဲ့ မနီးမဝေး တောတွင်းတနေရာမှာ သစ်ခက်တဲလေးထိုးပြီး တရားအားထုတ်နေတဲ့ ရသေ့ကြီးတပါးရှိသတဲ့။ ဒီသစ်ခက်ကျောင်းသင်္ခမ်းလေးနားကို ခွေးပိန်မလေးတကောင်က လာပြီးတော့ ရသေ့ကြီးဆွမ်းစားပြီး ကျန်တဲ့ ဆွမ်းကျန်ဟင်းကျန်လေးတွေစားလေ့ရှိပါတယ်။ ဒီ ထမလေစား (ထမင်းလုံးအလေအလွင့်ကိုစားသော)ခွေးမလေးဟာ နေ့စဉ်နဲ့အမျှ ဆွမ်းကျန်လေးတွေ လာလာစားနေတာကြာလာတော့ ရသေ့ကြီးဟာ ခွေးမလေးကို သနားတဲ့အပြင် သံယောဇဉ်ဖြစ်လာပြီး … လူအဖြစ်ကို ဖန်ဆင်းပေးလိုက်သတဲ့။ (အဲဒီမှာ ရသေ့ကြီး စမှားတာပဲ)

ထမလေစား ခွေးမလေးဟာ အရှင်လတ်လတ် လူမိန်းကလေးဘဝကို ပြောင်းသွားတာပေါ့။ ရသေ့ကြီးဖန်ဆင်းထားတဲ့ မိန်းကလေးဆိုတော့လဲ ရုပ်ရည်ရူပကာက လှတပတ ရှိပါသတဲ့။
ဒီလိုနဲ့ ခွေးမလေး တဖြစ်လဲ မိန်းကလေးဟာ ရသေ့ကြီးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရင်း တောထဲမှာ နေလာလိုက်တာ တနေ့တော့ … တောကစားထွက်လာတဲ့ ဘုရင်ကြီးတပါးက တွေ့သွားပါလေရော။
ဒီမိန်းကလေးကိုတွေ့သွားတဲ့ ဘုရင်ကြီးဟာ ထုံးစံအတိုင်း နှစ်သက်သဘောကျတော်မူတာပေါ့။ သူတို့နှစ်သက်ပြီဆိုမှဖြင့် ပိုင်ရှင်ရှိမရှိမေးမြန်းပြီး (မေးလို့တော်သေးတာပေါ့) ဖခင်ဖြစ်သူ ရသေ့ကြီးထံမှာ တောင်းရမ်းပါတော့တယ်။

ဘုရင်မင်းမြတ်ကိုယ်တိုင်က တော်ကောက်တာဆိုတော့ ရသေ့ကြီးကလဲ ရုတ်တရက် ဒီမိန်းကလေးဟာ ခွေးမလေးပါ လို့ ပြောမထွက်ဘူးပေါ့။ ဒါပေမဲ့ … အခုလို မင်းကြီးကို လျှောက်တင်မှာကြားပါတယ်။
“မြတ်သောမင်းကြီး … အကျွန်ုပ်၏ သမီးဖြစ်သူ ဒီမိန်းကလေးဟာဖြင့် တောတွင်းသူ အရိုင်းအစိုင်းကလေး ဖြစ်ပါတယ်၊ ဒါကြောင့် အရှင်မင်းကြီးတို့ နန်းတွင်းရောက်တဲ့အခါ တစုံတရာ အပြစ်ကျူးလွန်မိခဲ့ပါလျှင် သနားသောအားဖြင့် အပြစ်မှ ခွင့်လွှတ်တော်မူပါ”
ဘုရင်ကြီးကလဲ နောင်ခါလာနောင်ခါဈေး … အခုလောလောဆယ် ဒီမိန်းကလေးကို ရရင်ပြီးရောဆိုပြီး ခွင့်လွှတ်မှာဖြစ်ကြောင်း ပြောပြီး ခွေးမိန်းကလေးကို ခေါ်သွားပါလေရော။

ရသေ့ကြီးက ဘုရင်ကြီးကိုမှာကြားပြီးတဲ့နောက် ခွေးမိန်းကလေးကို …

“ချစ်သမီး …မြင့်မြတ်တဲ့နေရာရောက်ရင် … မြင့်မြတ်တဲ့စိတ်မွေးပါ …”

ဆိုပြီး မှာကြားရပြန်ပါတယ်။ခွေးမိန်းကလေးကလဲ ကောင်းပါပြီ အဘရသေ့ကြီး

ဆိုပြီး ဘုရင်ကြီးခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားပါသတဲ့။
***
နန်းတော်ထဲရောက်သွားတဲ့ ခွေးမိန်းကလေးဟာ အရာရာအထူးအဆန်းတွေချည်းမို့ အံ့ဘနန်းဖြစ်နေတာပေါ့။ ဘုရင်ကြီးကလဲ သူ့ကို သင်ကြားစရာရှိတာသင်ကြားစေပြီးနောက် အခမ်းအနားနဲ့ မိဖုရားမြှောက်လိုက်သတဲ့။ ကုသိုလ်ကံများ အကျိုးပေးချင်တော့ နေရင်းထိုင်ရင်း ခွေးမိဖုရားကြီးဖြစ်သွားတာပေါ့။ခွေးမိဖုရားကြီးဟာ နန်းတော်ထဲမှာ နေရထိုင်ရ အားလုံးအဆင်ပြေပေမဲ့

တစုံတခုကြောင့် စိတ်ထဲ နေမထိ ထိုင်မထိဖြစ်နေပါတယ်။ဘာလဲဆိုတော့ သူဟာ ခွေးဘဝကလာ

သူဖြစ်တဲ့အတွက် နန်းတော်ထဲမှာ ချွတ်ထားတဲ့ ခြေနင်း ဖိနပ်တွေကို မြင်တဲ့အခါ

ဒီဖိနပ်တွေရဲ့ သားရေနံ့က သူ့ကို ဆွဲဆောင်နေပြီး ဖိနပ်သားရေတွေကို ကိုက်ချင်စိတ်ကို မနည်းအောင့်အီးထားရလို့ပါပဲ။ဒီလိုနဲ့ လူခြေတိတ်တဲ့ ညရောက်တော့ … သူ့စိတ်ကို

မထိမ်းနိုင်တော့တာနဲ့ ခြေနင်းဖိနပ်တွေ ချွတ်ထားတဲ့ နေရာကို အမြန်သွားပြီး အာသာပြေအောင် ဖိနပ်တွေတရံပြီးတရံ ကိုက်ဝါးပါလေရော။မနက်မိုးလင်းတော့ ဖိနပ်မြီးတိုတွေ မြင်တဲ့အခါ

နန်းတော်ထဲမှာ ကြွက်စီကြွက်စီနဲ့ပေါ့။ ဘယ်ကခွေးလေခွေလွင့်က ဝင်ပြီး ငါတို့ဖိနပ်တွေ ကိုက်သွားသလဲ ဆိုပြီး နန်းတော်တခုလုံး အုံးအုံးကျက်ကျက်နဲ့ ဖြစ်နေတယ်။ နန်းတော်ထဲ ရှိသမျှ ခွေးလေခွေးလွင့်တွေ ဖယ်ရှားပစ်ပေမဲ့ နောက်တညမှာလဲ ဖိနပ်တွေ ကိုက်ခံရပြန်တာပဲ။ ဒီတော့ မဖြစ်ချေဘူး … မှူးကြီးမတ်ရာတွေက ဖိနပ်စားတဲ့ ခွေးကို ညဘက် စောင့်ဖမ်းဖို့ စီစဉ်ကြသတဲ့။

ဒါကိုသိတဲ့ ခွေးမိဖုရားကြီးဟာ ဖိနပ်မစားမိအောင် စိတ်ထိန်းတာပါပဲ။ ဒါပေမဲ့ ဗီဇဆိုတာ တော်ရုံနဲ့ ဖျောက်လို့ရတာမှ မဟုတ်ဘဲ။ ဆန္ဒ ဆိုတာလဲ ထိမ်းချုပ်ဖို့ ခက်သားလား။ ညရောက်တော့ သူ့စိတ်ကို သူ မလွန်ဆန်နိုင်ပြန်ဘူး။ သွားရေတမြားမြား ပါးစပ်တပြင်ပြင်နဲ့ ဖိနပ်တွေဆီ ရောက်သွားပြန်တာပဲ။

ခွေးအလာကိုသာ စောင့်နေတဲ့ မှူးမတ်တွေဟာ ခွေးမိဖုရားကြီးကိုတော့ ဘယ်သတိထားမိမှာတုန်း။ ဒီလိုနဲ့ နောက်တည ဖိနပ်တွေကိုက်ခံလိုက်ရပြန်ပါရော။ ဒီလို ခဏခဏဖြစ်လာတော့ ဘုရင်ကြီးနားကို ဒီသတင်း ပေါက်ကြားသွားသတဲ့။ (ဘုရင်ဆိုတာ တခုခုဆိုရင်နောက်ဆုံးမှသိရတာ)

ဘုရင်ကြီးက ဖိနပ်ကိုက်သောခွေးနှိမ်နင်းရေးကော်မတီ ဖွဲ့စည်းစေပြီး ဒီခွေးကို မိအောင်ဖမ်းနိုင်ရင်ဖမ်း … မဖမ်းနိုင်ရင် မင်းတို့ကို ပြစ်ဒဏ်ပေးမယ် လို့ အမိန့်ချမှတ်လိုက်တယ်။ (ခွေးတကောင်ကြောင့် ဒုက္ခရောက်ကြရတာလေ)
နန်းတော်ထဲမှာ ခွေးနှိမ်နင်းရေးကော်မတီက နေ့ဆိုင်းညဆိုင်းနဲ့ ချောင်းဖမ်းဖို့ ကင်းစောင့်ကြတယ်။
သန်းခေါင်ကျော်လောက်လဲကျရော …ခွေးမိဖုရားကြီးက ကုပ်ကုပ် ကုပ်ကုပ်နဲ့ ထွက်လာပြီး ဖိနပ်တွေ ကိုက်ဝါးနေတာကို ချောင်းနေတဲ့ မှူးမတ်တွေကတွေ့သွားတော့ … တယောက်မျက်နှာတယောက

ကြည့်ပြီး ခေါင်းယမ်းကြတယ်။ဘယ်လိုလုပ်ရပါ့။ တကယ့်မီးခဲပဲ။ ဘုရင်ကြီးကို ဘယ်လို

လျှောက်တင်မလဲ။ ဖိနပ်တွေ ကိုက်နေတဲ့ခွေးကို မမိရင်လဲ ငါတို့မှာ ပြစ်ဒဏ် ခံရပေအုံးမည်။

ဖိနပ်စားတာ မိဖုရားကြီးပါလို့ ပြောရင်လဲ … ….
***
မနက်မိုးလင်းတော့ ညီလာခံမှာ ဘုရင်ကြီးက မေးပါတယ်။ကဲ .. ဘယ်လိုလဲ …

ဖိနပ်ကိုက်တဲ့ ခွေးကို မိပြီလား ပေါ့။ ခွေးမိဖုရားကလဲ နဘေးနားမှာ ခစားရင်း မှူးမတ်တွေ ဘယ်လိုများဖြေမလဲလို့ ရင်တထိတ်ထိတ်နဲ့ပေါ့။မှူးမတ်တယောက်က ပြားပြားဝပ်ခစားနေရင်းက
“မှန်လှပါ … ဖိနပ်စားတဲ့ခွေးဟာ ကျွန်တော်မျိုးတို့ထက် ဘုန်းကံမြင့်မားတဲ့သူ ဖြစ်နေတာကြောင့် ကျွန်တော်မျိုးတို့တွေ့သော်လည်း ဖမ်းလို့ မမိပါဘုရား”

လို့ လျှောက်တင်တော့ …ဘုရင်ကြီးလဲ … ဒါဖြင့် ငါကိုယ်တော်မြတ်ကိုယ်တိုင် ဖမ်းမယ်

လို့ မိန့်တော်မူလိုက်ပါသတဲ့။

အဲဒီညမှာတော့ ခွေးမိဖုရားကြီးဟာ ဘုရင်ကြီးနဲ့အတူ အိပ်ရာညောင်စောင်းထက်မှာ လဲလျောင်းနေရပေမဲ့ အိပ်မပျော်နိုင်ဘူးတဲ့။ ဒီညအဖို့ ဖိနပ်မစားဘဲနေရ ကောင်းမလားတော့တွေးမိပါရဲ့၊ သို့သော်လဲ ရသတဏှာရဲ့ အလိုကို မလွန်ဆန်နိုင်ပေဘူး။ ခဏနေတော့ ဘုရင်ကြီး အိပ်ပျော်သွားပြီ အထင်နဲ့ တိတ်တိတ်လေး အိပ်ရာကထပြီး ဖိနပ်တွေရှိရာဆီကို သွားတယ်။ တကယ်တော့ ဘုရင်ကြီးက အိပ်ချင်ယောင်ဆောင်နေတာပါ။ ခွေးမိဖုရားကြီး ထသွားတာနဲ့ သူက နောက်က အသာလေးလိုက်သွားပြီး ချောင်းကြည့်တဲ့အခါ … လားလား ..ခွေးမိဖုရားကြီးဟာ ဖိနပ်တွေကို အားရပါးရ ကိုက်ဝါးနေတာ မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။ ဒီမြင်ကွင်းကြောင့် အံ့အားသင့်ပြီး “ဟင်” ခနဲ အာမေဋိတ် ထွက်သွားတော့ ဘုရင်ကြီးလိုက်ချောင်းတာကို ခွေးမိဖုရားကြီးလဲ သိသွားတော့တာပေါ့။

ဒါပေမဲ့ ဘုရင်ကြီးဟာ အသာလေး လှည့်ထွက်ပြီး အိပ်ရာထဲပြန်သွားခွေနေပြီး သက်မကြီးတွေ တချချနဲ့ တညလုံး မအိပ်နိုင်တော့ဘူး။ဒီမိန်းကလေးရဲ့ အကျင့်ဟာ ဆိုးလှချည့်။ ဒါကြောင့် ရသေ့ကြီးကငါ့ကိုမှာတာ

နေမှာ။ ဘယ်လိုလုပ်ရမလဲ … ဆက်ထားပြန်ရင်လဲ ရှိရှိသမျှ ဖိနပ်တွေ မြီးတိုတွေချည်းဖြစ်ကုန်မဲ့ အပြင် … အကြောင်းသိနေတဲ့ မှူးမတ်တွေရဲ့ ကဲ့ရဲ့စရာဖြစ်အုံးမယ်၊ ပြစ်ဒဏ်ပေးပြန်ရင်လဲ …. ရသေ့ကြီးကို ကတိဖျက်ရာကျမယ် … ။ စသဖြင့် တောင်တွေး မြောက်တွေး စိတ်မအေးနိုင်ဖြစ်နေတော့တယ်။

ခွေးမိဖုရားကြီးကလဲ သဘောပေါက်ပါတယ်။ ဘုရင်ကြီးတော့ ငါဖိနပ်ကိုက်တာ သိသွားပြီ၊ ငါ့အကြောင်း ရသေ့ကြီးကို သွားမေးပြီး ငါဟာ ခွေးမှန်းသိရင် ငါ့ကို သတ်မှာဘဲ။ ဒီတော့ ငါက အရင် ရသေ့ကြီးဆီသွားပြီး ငါ့အကြောင်း မဖော်နိုင်အောင် သတ်ပစ်ရမယ် လို့ မိုက်မဲစွာတွေးပြီး မိုးမလင်းခင်ဘဲ နန်းတော်ထဲက ထွက်ပြီး ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းဆီ သွားသတဲ့။

ရသေ့ကြီးက ဈာန်အဘိညာဉ်ရထားသူဆိုတော့ ဆင်ခြင်ကြည့်လိုက်တဲ့အခါ ခွေးမိဖုရားကြီး သူ့ကိုသတ်ဖို့ လာနေတာကို သွားမြင်တယ်။ဒါနဲ့ပဲ …“ဪ … ငါသနားပြီး ကယ်ထားတဲ့သူက ငါ့ကိုသတ်ဖို့

လာနေပြီ …. မိုက်မဲလေစွ … အင်း … သတ္တဝါတခု ကံတခုပေပဲ …” လို့ စိတ်ထဲ တွေးလိုက်မိတာနဲ့ ဗြုန်းဆို မိဖုရားအသွင်ကနေ မူလနဂိုအတိုင်း ခွေးဘဝကူးပြောင်းသွားပြီး လမ်းခရီးချောက်ကမ်းပါးထဲ လိမ့်ကျသေဆုံးသွားပါသတဲ့။

မြင့်မြတ်တဲ့ နေရာ ရောက်ရင် မြင့်မြတ်တဲ့ စိတ်ထားတတ်ရမယ် ဆိုတဲ့ ရသေ့ကြီးရဲ့ မိန့်ကြားချက်ကို နားမထောင် တဲ့အတွက် ခွေးမလေးဟာ ခုလို ဒုက္ခရောက်ရတယ်။
အတွေးအခေါ် အမြော်အမြင် ဆင်ခြင်ဉာဏ် နည်းပါးတဲ့သူမျိုးကို ဘယ်လိုကြီးမားတဲ့ ကရုဏာနဲ့ မြှင့်တင်ပေးလို့မှ မရဘူး … အဲလို မြှင့်တင်ပေးရင် ကိုယ်သာ ဒုက္ခတွေ့ရနိုင်တယ် … လို့ ဘုန်းကြီးကပြောရင်း သူ့ပုံပြင်ကို နိဂုံးချုပ်လိုက်ပါတယ်။

အခု ဘုန်းကြီးပြောသောပုံပြင် လေးထဲကနေကျွန်တော်တို့သူငယ်ချင်းတွေအားလုံးသင်ခန်းစာ

လေးတခုလောက်တော့ ရကြမှာပါ..သူငယ်ချင်း အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ..။

( အမ မေဓါဝီဘလော့ မှ ကူးယူဖော်ပြပါသည်ခင်ဗျာ..)