ဗုဒ္ဓဘာသာ (၂)

ashinindakaDecember 24, 20101min1614

ကမ္ဘာပေါ်မှာရှိနေတဲ့ဘာသာကြီးလေးမျိုးကို အကြမ်းအားဖြင့်
(၁) ကိုယ့်ကိုယ်ကို မှီခိုအားကိုးရသောဘာသာနဲ့
(၂) သူများကို မှီခိုအားကိုးရသောဘာသာလို့
နှစ်မျိုးခွဲနိုင်တယ်။
ဒီနှစ်မျိုးထဲမှာ ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားပါ။

မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်၏၊
မိမိမှတပါး အဘယ်သူသည် (မိမိ၏) ကိုးကွယ်ရာ ဖြစ်နိုင်ပါအံ့နည်း၊
(အတ္တာ ဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရော သိယာ)
{One is one’s own refuge, who else could be the refuge?}
 လို့ မိမိကိုယ်ကို အားကိုးဘို့အတွက် ဘုရားရှင်က တိတိပပ ပြတ်ပြတ်သားသား
ပြောကြားခဲ့ပါတယ်။

ယုံကြည် ကိုးကွယ် ဆည်းကပ်တာနဲ့ပတ်သက်ပြီး
ကိုယ်ယုံကြည် ကိုးကွယ်ဆည်းကပ်တဲ့
ဘုရားရှင်အကြောင်းလေး နည်းနည်းတော့ သိထားသင့်တယ်။

မျိုးနွယ်အမည် ဂေါတမ၊ ကိုယ်ပိုင်အမည် သိဒ္ဓတ္ထခေါ်တွင်တဲ့
ဘုရားရှင်ကို ဘီစီ ၆ ရာစုနှစ်အတွင်း
အိန္ဒိယမြောက်ပိုင်း၊ သကျမင်းတို့၏ တိုင်းနိုင်ငံ (ယခုနီပေါပြည်) မှာ
ခမည်းတော် ဘုရင်သုဒ္ဓေါဒန၊ မယ်တော် မာယာတို့က မွေးဖွားခဲ့တယ်။

အဲ့ဒီခေတ် အဲ့ဒီအခါ ဓလေ့ထုံးစံအတိုင်း
သိဒ္ဓတ္ထမင်းသားသည် အသက်ငယ်ရွယ်စဉ် ၁၆ နှစ်သားအရွယ်မှာ
ယသော်ဓယာ ဆိုတဲ့အမျိုးသမီးနဲ့ ထိမ်းမြားလက်ထပ်ခဲ့တယ်။

ရှင်ဘုရင့်သားဆိုတော့ သူ့ငယ်ဘဝကို ချမ်းချမ်းသာသာဘဲ ဖြတ်သန်းခဲ့ရတာပေါ့။

ဒါပေမဲ့ ဘဝ၏သဘောအစစ်အမှန်ဖြစ်တဲ့
လူလောကရဲ့ ဒုက္ခဆင်းရဲတွေကို တွေ့မြင်သိရှိသွားပြီး
အဲ့ဒီဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးနည်းလမ်းကို
ရှာဖွေဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်။

တစ်ဦးတည်းသောသား ရာဟုလာကို မွေးဖွားပြီး မကြာမီ
အသက် ၂၉ နှစ်အရွယ်တွင်
သိဒ္ဓတ္ထသည် ထီးနန်းကို စွန့်ပစ်ခဲ့ကာ တောထွက်တော်မူခဲ့တယ်။

တောထွက်လာတဲ့ (သိဒ္ဓတ္ထ) ဂေါတမဟာ အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ဝှမ်းတကြော လှည့်လည်ပြီး
နာမည်ကြီး ဘာသာရေးတရားဟောဆရာများနဲ့တွေ့ဆုံကာ
သူတို့ရဲ့ နည်းနာနိဿယများကို လေ့လာခဲ့ပါသေးတယ်။
ကိုယ်တိုင်လဲ ပြင်းပြင်းထန်ထန် ခြိုးခြိုးခြုံခြံ ခြောက်နှစ်တိုင်တိုင် ကျင့်ခဲ့ပါတယ်။

ခြောက်နှစ်ကြာ ကျင့်တဲ့ သမရိုးကျလမ်းစဉ်က အဆင်မပြေလို့
ကိုယ်ပိုင်နည်းလမ်း တစ်မျိုး ပြောင်းကျင့်ကြည့်ပါတယ်။

ဒီလိုနဲ့ ညနေချမ်းတချိန်ဝယ် နေရဉ္ဇရာမြစ်ကမ်းပါး ဗုဒ္ဓဂယာ
(ယခုဘီဟာနယ် – ဂယာမြို့အနီး) သစ်ပင်တစ်ပင်အောက်မှာ တရားထိုင်ဖြစ်ပါတယ်။
သက်တော် (၃၅) နှစ်မှာ ဂေါတမရှင်တော်မြတ်
သဗ္ဗညုတဉာဏ်ရပြီး ဘုရားအဖြစ်သို့ ရောက်ပါတယ်။ ဘုရားဖြစ်ပါတယ်။

ဘုရားဖြစ်ပြီးနောက်
ဗာရာဏသီအနီး ဣသိပတန (ယခု ဆာရ်နသ်) ရှိ
ဥယျာဉ်တစ်ခုမှာ တရားအတူကျင့်ဖက်ဖြစ်ခဲ့ဘူးတဲ့
ပဉ္စဝဂ္ဂီငါးဦိကို တရားဦး ဟောပါတယ်။

သက်တော် (၃၅) နှစ်မှာ ဘုရားဖြစ်ပြီး (၄၅) နှစ်ကြာ တရားဟောကာ
 သက်တော် (၈၀) မှာ
ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ်မှာ ပရိနိဗ္ဗာန်ပြုတော်မူတယ်။
ဒါဘုရားရှင်ရဲ့ ဘဝ အကျဉ်းလေးပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝ ကျော်က ပေါ်ပေါက်ခဲ့တဲ့ ဒီ ဗုဒ္ဓဘုရားရှင်တော်ကို
ဒို့ဗုဒ္ဓဘာသာဝင်တွေ ဘယ်လို စိတ်ကူးတွေနဲ့ ယုံကြည်ကြတာလဲ။
ဘယ်လို စိတ်ကူးတွေနဲ့ ကိုးကွယ်ကြတာလဲ။
ဘယ်လိုစိတ်ကူးတွေနဲ့ ရှိခိုးကြာတာလဲ။

ဒါနဲ့စပ်လို့ တွေ့ဘူးတဲ့ တရုတ်ဒကာကြီးတစ်ယောက်ကို သတိရမိတယ်။
စာရေးသူ အခုနေနေတဲ့ ကျောင်းကို တရုတ်ဗုဒ္ဓဘာသာဝင်တစ်ယောက်
သူအလုပ်မသွားခင် မနက်တိုင်း လာလေ့ရှိတယ်။
ဘုရားကို ဆီမီးပူဇော်တယ်၊ အမွှေးတိုင် ထွန်းတယ်၊ ဘုရားရှိခိုးတယ်။
ဒါသူနေ့စဉ်လုပ်နေတဲ့ အလုပ်။

တစ်နေ့ စာရေးသူထံလာ သူလာတယ်။ လျှောက်တယ်။
သူတဲ့၊
နေ့စဉ် ဘုရားကို ဆီမီးပူဇော်ပါတယ်တဲ့၊
အမွှေးတိုင် ထွန်းပါတယ်တဲ့၊ ဘုရားရှိခိုးပါတယ်တဲ့။

သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်က အလေးအပင်တွေ မ-ရတာတဲ့၊
 ပြီးခဲ့တဲ့လက အခန့်မသင့်ဖြစ်ပြီး ခါးနာနေတာတဲ့။
ဒါပေမဲ့ ဘုရားထံမှာ သူနေ့စဉ်လုပ်တဲ့ လုပ်ငန်းတွေ မပျက်ကွက်ခဲ့ပါဘူးတဲ့။

သူက နေ့စဉ်ပူဇော်ပသနေပေမဲ့ သူက ဘုရားကို ဂရုစိုက်ပေမဲ့
သူ့ကို ဘုရားက ဂရုမစိုက်ဘူးတဲ့။

စာရေးသူက
‘ဟ၊ ဘုရားက ဒကာ့ကို ဂရုမစိုက်ရအောင် ဘာတွေများဖြစ်နေလို့တုန်း၊ ရှင်းစမ်းပါအုံးဒကာရဲ့’
ဆိုတော့
တပည့်တော်ခါးနာနေတာ အခုထိမပျောက်သေးဘူး တဲ့။

အော်၊ ဒကာ့နှယ်၊
ဒကာခါးနာနေတာကို ဘုရားက ပလ္လင်ပေါ်က ဆင်းလာပြီး နှိပ်ပေးရအုံးမှာလားဟဲ့
လို့ ပြောဆိုပြီး ဗုဒ္ဓဘာသာအကြောင်းရှင်းပြကာ
ကထိန်ပဒေသာပင်ကရထားတဲ့ ရှမ်းဆရာကြီးဦးစိုင်း လိမ်းဆေးလူးခိုင်းလိုက်တာ
ခါးနာ တဖြေးဖြေးသက်သာပြီး ပျောက်သွားတယ်လို့ သိရတယ်။

ဒီတရုတ်ဒကာကြီးလို ခါးနာပျောက်ချင်လို့
ဘုရားရှင်ကို ရှိခိုးကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးနေမှာ။

4 comments

  • kai

    December 24, 2010 at 10:05 am

    ဂေါတမဗုဒ္ဓလက်ထက်တော်က .. ဘုရားရှင်ဆီမှာ ..တခုခုကပ်လှူပြီးဆုတောင်းကြတဲ့ အခါ ဘုရားရှင်က ဘယ်လိုဆုပေးသလဲဆိုတာလေး…ပါဌိနဲ့ ဘာသာပြန်လေးနဲ့.. ရေးပေးပါဦးဘုရား..။

    • ashinindaka

      December 24, 2010 at 10:32 am

      တခုခု ကပ်လှူပြီး ဆုတောင်းတဲ့အခါ ဘုရားရှင်က ဆုပေးတာတော့ မတွေ့ဖူးဘူး။ လှူတဲ့အခါ ရရှိလာမဲ့ ရရှိတတ်တဲ့ အကျိုးတရားတွေကိုတော့ ဟောတယ်။ တခါက မိဘတွေ ဘုရားရှင်ထံလာပြီး ရှိခိုးတော့ သုခီ ဒီဃာယုကော ဟောတု၊ ချမ်းသာပြီး အသက်ရှည်ပါစေ လို့ ပြောဘူးတယ်။ ဒါပေမဲ့ သားလေးလာရှိခိုးတဲ့အခါ အဲ့လို ဘုရားရှင်က မပြောတော့ဘူးတဲ့။ ဘာလို့လဲဆိုတော့ နောက် (၇) ရက်အကြာ သေတော့မှာဆိုတာ သိနေလို့ဆိုလားပဲ။ ဆိုတော့ ဘုရားရှင်က ချမ်းသာအောင် အသက်ရှည်အောင် လုပ်ပေးလို့မရတာတော့ ထင်ရှားတယ်။ ဒါပေမဲ့ အနှောက်အယှက်တွေက ကာကွယ်ဘို့ ပရိတ်ရွတ်ပေးလို့ အဆင်ပြေတာတွေတော့ စာပေထဲမှာရော၊ လက်တွေ အပြင်လောကမှာရော ရှိပါကြောင်း။

  • R Ga

    December 24, 2010 at 10:35 am

    ကိုယ်ကိုယ်တိုင် လုပ်မှ ကိုယ်ကိုယ်တိုင်ရတာ ဗုဒ္ဓဘာသာလို့သိဖူးပါတယ်။
    ဦးဇင်းပြောတဲ့ တရုတ်ကြီးလို လူတွေဒီမှာတော့များကြီးပဲ..တပည့်တော်ကတော့ ဖြူးဆရာတော် ဘုရားရဲ့ သွေးနဲ့ ရေးတဲ့ သာသာနာ အခွေနားထောင်ပြီးကတည်း
    က…ဘာသာရေးအမြင်တွေ လုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။ အခုတော့ ဝိပဿနာကို နည်းနည်းစိတ်ဝင်စားနေပါတယ်။

    • ashinindaka

      December 24, 2010 at 10:39 am

      ကောင်းတယ်ဒကာ၊ နိုင်ငံရပ်ခြားရောက်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် ကိုယ့်ဘာသာအကြောင်းကို သေချာသိစေချင်တယ်။ ဂုဏ်ယူစေချင်တယ်။ Superstition တွေနဲ့ အချိန်ကုန် မခံစေချင်ဘူး။

Leave a Reply