တို့တတွေ ဘာလုပ်ကြမလဲ – တင်မိုး
အမိနိုင်ငံက ငါတို့ခွာ
အမေရိကမှာ ငါတို့နေ
တို့တတွေ ဘာလုပ်ကြမလဲ။
ဆင်းရဲနိမ့်ကျ၊ မျက်နှာပန်းမလှတဲ့
တို့ဘဝတို့မြေကို
တို့တတွေ မြှင့်တင်ရမှာပဲ။
မလွတ်လပ်ရင် လွတ်လပ်အောင်လုပ်
ခလုတ်ကန်သင်းတွေကို အငုတ်ရှင်းရမှာပဲ။
တကိုယ်ရေ ကောင်းစားမှုကို
လစ်လျူရှုတန် ရှုရမယ်။
လူထုအကျိုး တနိုင်သယ်ပိုးရမယ်။
အမျိုးသားစိတ် အခြေခံနဲ့
မိခင်နိုင်ငံကို စောင့်ရှောက်ရမှာပဲ။
အစစပြည့်စုံတဲ့၊ သူတို့ဘုံ သူတို့နိုင်ငံမှာ
စည်းစိမ်ခံလို့ ပြည်ပြန်လှရေး
အတ္တအကျိုးငှာ၊ ငါတို့လာခြင်း မဟုတ်။
သူတို့ပညာ သူတို့စေတနာ
ကမ္ဘာလူသားထုကို
ဘယ်လိုများ အကျိုးပြုနိုင်သလဲ
ဆည်းပူးမှု စုဆောင်းမှု
မှတ်သားမှု၊ လေ့လာမှုတွေ
ပြုခဲ့ပြီးနောက်
ကိုယ့်နိုင်ငံထွန်းတောက်အောင်
ဘယ်လောက်များလုပ်ပေးနိုင်သလဲ
ဒီအတွေး ဒီအမြင်နဲ့
အသက်ရှင် နေထိုင်သင့်ပါတယ်။
ကမ္ဘာကြီးမှာ
ငါတငါတည်း၊ သာယာစီးဖို့ မဟုတ်။
အချင်းချင်းကို ကူညီ
တူညီတာတွေ တွဲလုပ်
အယုတ်အလတ်အမြတ်မရွေး
ကိုယ့်သွေးချင်းတွေ ကြင်နာ
မြန်မာဟာ မြင့်မြတ်တဲ့ နိုင်ငံသားရယ်လို့
ဂုဏ်ယူဖွယ် စိတ်ထားနဲ့
တရား ချစ်သူတွေ ဖြစ်ရမယ်။
သူ့နိုင်ငံကိုလေးစား
ကိုယ့်နိုင်ငံကို တိုးပွားအောင်
အများသူငါ ကြိုးစားကြပါစို့။
တင်မိုး
၁ဝ ဒီဇင်ဘာ ၂၀၀၆
မှတ်ချက်။ ။ ၂၀၀ရ ဇန်နဝါရီလထုတ် မန္တလေးဂေဇက်တွင် ပုံနှိပ်ဖေါ်ပြခဲ့သည်။ ဤကဗျာသည် ဆရာကြီးအသက်ရှင်နေစဉ်ကာလက နောက်ဆုံးပုံနှိပ်ဖေါ်ပြနိုင်ခဲ့သည့် ကဗျာဖြစ်ဟန်ရှိပါသည်။
ဆရာကြီးဦးတင်မိုးသည် ၂၀၀ရ ဇန်နဝါရီ ၂၂ ရက်နေ့တွင်ကွယ်လွန်ခဲ့ပါသည်။
5 comments
kai
February 27, 2011 at 10:53 am
ဘာရယ်မဟုတ်ပါဘူး..။ အင်တာနက်ထဲလျှောက်နှိုက်ရင်း .. ဆရာဦးတင်မိုးကဗျာတချို ့တွေ့တော့ ..သတိရသွားတာနဲ့..ဖိုင်တွေထဲပြန်မွှေ .. တွေ့တဲ့ကဗျာလေး ပြန်တင်ပေးလိုက်တာပါ။
ပြောရရင် ..သတင်းစာဆရာကြီး .. ကြေးမုံဦးသောင်းလည်း မကွယ်လွန်မှီက ..မန္တလေးဂေဇက်မှာ စာတွေရေးပေးသွားသေးတယ်..။
ပြန်ရှာတင်ပေးပါဦးမယ်..။
စာပေအာဇာနည်တွေကို … သတိတရပေါ့နော..။
fatty
February 27, 2011 at 1:33 pm
ဆရာကြီးပုံအားပြန်တွေ့ရတော့အထူးပင်အောင့်မေ့သတိတရဖြစ်မိပါသည်။ ကျနော် မြန်မာ့ရုပ်မြင်မှ အလှုပွဲတခုအကြောင်း ရိုက်ကူးဖို့ စဉ်းစားမိစဉ် ..မြန်မာပြည် အနယ်နယ်အရပ်ရပ်မှာ ရှင်ပြုနားသမင်္ဂလာပွဲ
များအကြောင်းလိုက်လေ့လာလိုက်တော့ အရပ်ဒေသအလိုက်အမျိုးမျိုးကွဲပြားနေတာတွေ့ရပါတယ်။ ရှင်ပြုပွဲမှာဝန်းခင်းပြီးလှည့်တာဆိုလို့အညာဘက်မှာဘဲ လုပ်ကြတာများပါတယ်။ ဒါပေမဲ့ ဝန်းခင်းတဲ့အစိအစဉ်မှာ
ဘယ်သူကရှေ့ ဘယ်သူကနောက် စတာတွေအတိအကျမရှိတော့ .. ဆရာကြီးဆီပြေးပြီး အကြံဉာဏ်များယူရပါတယ်။
ဆရာကြီးနဲ့ လဘက်ရည်ဆိုင်မှာ စကားလက်ဆုံကြရင်း ဆရာကြီးရှင်းပြတာတွေလိုက်ပြီးမှတ်သား။ နောက်ဆုံးတော့
ဆရာကြီးရဲ့ညွှန်ကြားချက်နဲ့အညီဘဲ အညာအလှုပွဲ .. ဆိုတဲ့ခေါင်းစဉ်နဲ့ ကြိးကျယ်ခန်းနားစွာရိုက်ကူးတင်ဆက်လိုက်
နိုင်ပါတယ်။ ….. သတိရနေဆဲပါဆရာ …။
unclegyi1974
February 27, 2011 at 4:40 pm
ကျေးဇူးပါကိုခိုင်
ဆရာ့ပုံနဲ့စာတင်ပေးတဲ့အတွက်
MaMa
February 28, 2011 at 2:05 am
ဆရာကြီးရဲ့ကဗျာက ဆရာကြီးရဲ့ မွန်မြတ်တဲ့စိတ်ထားကို လှစ်ပြနေတယ်။ (သူ့နိုင်ငံကိုလေးစား
ကိုယ့်နိုင်ငံကို တိုးပွားအောင်
အများသူငါ ကြိုးစားကြပါစို့။) ဆိုတာကို အကြိုက်ဆုံးပဲ။
maungmoenyo
February 28, 2011 at 3:57 am
တခု ထပ်ဖြည့်ပါရစေ။
ကိုယ့်အမျိုးသားချင်း (အထူးသဖြင့်တခြားနိုင်ငံမှာရောက်နေကြတဲ့) ညီညွတ်ကြဘို့ ဆရာကြီးကအထူးတောင့်တခဲ့ပါတယ်။
This is the best way to honor his legendary thoughtfulness!