သည်းခံခြင်း To be tolerant

weiweiMarch 6, 20111min26212

မင်္ဂလာတရားတော်တွေကို နေ့စဉ်ရွတ်ဖတ်ပူဇော်ဖြစ်ပေမယ့် အတိအကျလိုက်နာဖို့ကျတော့ မေ့မေ့လျော့လျော့ ဖြစ်နေလေ့ရှိပါတယ်။ လူအများစုလဲ ကျွန်မလိုပဲ ဖြစ်နေကြလိမ့်မယ်လို့ထင်ပါတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ စားဝတ်နေရေး ပြသနာတွေနဲ့ လုံးလည်ချာလည်ဖြစ်နေပြီး တရားနှလုံးသွင်း ဆင်ခြင်နိုင်အားတွေ လျော့နည်းနေလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခုခုကြောင့် အလွန်အကျွံဖြစ်လာပြီလို့ သိလိုက်တဲ့အခါမှာတော့ ဆင်ခြင်မိရင်း မင်္ဂလာတရားတော်ကို သတိရမိပါတော့တယ်။

အခုတလော ကြုံတွေ့နေကျနဲ့ ပြုလုပ်မိနေကျအလုပ်ကတော့ သည်းခံခြင်းပဲဖြစ်ပါတယ်။ သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ်လို့ ပြောပေမယ့် အဲဒီအတိုင်းအတာဆိုတာကလဲ ကိုယ်ကသတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။ သည်းခံခြင်းဆိုတာက မိမိကို စိတ်အားဖြင့်ဖြစ်စေ၊ ရုပ်အားဖြင့်ဖြစ်စေ ထိခိုက်နာကျင်အောင်လုပ်တာကို အမျက်မထားပဲ သည်းခံ ခွင့်လွှတ်ခြင်းဖြစ်ပါတယ်။ သည်းမခံနိုင်လို့ အမျက်ထွက်မိရင် နောက်ဆက်တွဲပြသနာတွေမှာ ဆိုးကျိုးတွေပဲ ကြုံလာရတော့မှာဖြစ်ပါတယ်။

လွယ်ကူတဲ့ ဥပမာအနေနဲ့ ရာသီဥတု အလွန်ပူတဲ့အခါ သည်းခံရပါတယ်။ အပူသက်သာတဲ့နည်းလမ်းတွေ လုပ်နိုင်သလောက်လုပ်ပေမယ့် မရတဲ့အဆုံးမှာတော့ သည်းခံစိတ်ကိုမွေးနိုင်မှာသာ စိတ်သက်သာရာ ရပါတော့တယ်။ ခြင်ကိုက်လျင်လည်း အတူတူပါပဲ။ သည်းမခံလို့ ခြင်တွေကို ဒေါသစိတ်နဲ့ သတ်ဖြတ်မိရင် အကုသိုလ်စိတ်တွေက ဆင့်ကဲလာပါတော့မယ်။ အနာရောဂါတစ်ခုခုဖြစ်လာတဲ့အခါမှာလဲ သည်းခံစိတ်မွေးရပါတယ်။ ဝဋ်နာ ကံနာတွေပဲလို့ စိတ်ထဲမှာ ဆင်ခြင်ပြီး ပျောက်ကင်းစေမဲ့ ကုသနည်းတွေကို စနစ်တကျခံယူခြင်းဖြင့် မြန်မြန်ပျောက်အောင် အားထုတ်သင့်ပါတယ်။

အလုပ်ခွင်မှာ အားမတန်လို့မာန်လျော့ရတာမျိုးတွေကလဲ သည်းခံခြင်းတစ်မျိုးပါပဲ။ ကိုယ်ရသင့်တဲ့အခွင့်အရေးကို မရလို့ ဒေါသထွက်နေမယ့်အစား ဘာကြောင့်ဒီလိုမရတာလဲဆိုတဲ့အဖြေကို စိတ်အေးအေးနဲ့ ပြန်ရှာကြည့်လိုက်ရင် ကိုယ့်အားနည်းချက်ကိုသတိထားမိပြီး နောက်တစ်ခါ ပြန်ဆင်ခြင်နိုင်မှာ ဖြစ်ပါတယ်။

မိသားစုတွေ သူငယ်ချင်းတွေကြားထဲမှာလဲ အတူတူပါပဲ။ အထင်လွဲမှုတွေ ရှိစမြဲပါပဲ။ အမြင်ချင်းမတူလို့ ဝေဖန်ထောက်ပြတဲ့အခါ ဒေါသထွက်လေ့ရှိပြီး အပြန်အလှန်စကားများရာကနေ အမုန်းတရားတွေ တိုးပွားလာနိုင်ပါတယ်။ အဲဒီလိုဖြစ်မယ့်အစား ကိုယ်မှန်တဲ့ကိစ္စဆိုရင်လည်း သူ့ခဗျာ မသိရှာလို့ အခုလိုပြောတာပဲဆိုပြီး နားလည်ခွင့်လွှတ်လိုက်ရင် စိတ်ပြေသွားတာပဲ မဟုတ်လား။ ကိုယ်ကမှားတာဆိုရင်တော့ သူများထောက်ပြတာကို ကျေးဇူးတင်သင့်ပါတယ်။

တစ်ဦးနဲ့တစ်ဦးလုံးဝမသိတဲ့ ဂေဇက်ထဲမှာ ပိုပြီးတော့တောင် သည်းခံစိတ်မွေးသင့်ပါသေးတယ်။ ကျွန်မက အပြင်မှာ အသက် ၆ဝ လောက်ရှိတဲ့ အဘွားကြီးဖြစ်တယ်ဆိုပါတော့ (ဥပမာပြောတာနော် ) … စာဖတ်သူတွေက မသိလို့ မရိုမသေပြန်ဆက်ဆံခဲ့ရင် ကျွန်မစိတ်ထဲမှာ သူတို့ခဗျာမသိလို့ အခုလိုပြောကြတာဆိုပြီး သည်းခံခွင့်လွှတ်ပါတယ်။

စိတ်ကို ထိခိုက်နာကျင်စေနိုင်တာက မိမိရဲ့ မာနစိတ်ကြောင့်ဖြစ်ပါတယ်။ မာန်မာနရှိသူကို မာနထိခိုက်စေမဲ့စကားလေးတစ်ခွန်းပြောမိရုံနဲ့ ဒေါသထွက်စေပြီး သည်းခံစိတ်တွေ ပျောက်သွားစေပါတယ်။ တစ်ခါတစ်ရံမှာ လျှပ်တစ်ပြတ်ဖြစ်မိလေ့ရှိပေမယ့် သတိနဲ့အချိန်မီပြန်တားဆီးနိုင်ရင် ကာယကံ ဝစီကံ မမြောက်ခင် တားဆီးလိုက်နိုင်မှာဖြစ်ပါတယ်။

ကျွန်မလဲ သာမန်လူသားတစ်ယောက်ဖြစ်လို့ မကြာခဏ သည်းခံစိတ်ပျောက်လေ့ရှိပါတယ်။ မာန်မာနကို နှိမ့်ချဖို့ လေ့ကျင့်ထားသင့်ပါတယ်။  ငါသိတာ ဘာမှမရှိသေးဘူးဆိုတဲ့စိတ်နဲ့ မာန်မာနမတက်မိအောင် ကြိုးစားလေ့ရှိပါတယ်။ တရားအားထုတ်မှု လေ့ကျင့်မှုများလာတဲ့အခါတွေမှာလဲ မာနစိတ်တွေလဲ ပါးလာလေ့ရှိပါတယ်။ တရားနဲ့ဝေးနေတဲ့အချိန်တွေမှာ သည်းခံစိတ်ပျောက်လေ့ရှိတာကို သတိထားမိပါတယ်။

ကိုယ့်ကို လာဆဲနေသည့်တိုင်အောင် ကိုယ်က မခံယူရင် ကိုယ့်ဆီမရောက်ပဲ သူ့ဆီသာ ပြန်ရောက်တဲ့ ဗုဒ္ဓတရားတော်ကိုလဲ သတိရလေ့ရှိပါတယ်။ စကားပုံတစ်ခုဖြစ်တဲ့ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ် ဆိုတဲ့ စကားလေးကိုလဲ အမှတ်ရမိပြီး အသိဉာဏ်မပြည့်လို့ စိတ်ကလှုပ်ခတ် စိတ်ဆိုးမိတာလို့လဲ တစ်ခါတစ်ရံ ဆင်ခြင်မိပါတယ်။

စာဖတ်သူအပေါင်းကို မင်္ဂလာတရားတော်ထဲက တစ်ခုဖြစ်တဲ့ ခန္ဓီစိတ်ကို မွေးခြင်းဖြင့် မင်္ဂလာရှိသော နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် …..

သည်းခံခြင်းသည် မြတ်သော မင်္ဂလာဖြစ်၏ …

ခန္ဓီစ ….. ဧတံမင်္ဂလ မုတ္တမံ

 

12 comments

  • ဆူး

    March 6, 2011 at 5:27 pm

    ကောင်းပါတယ်။ ပြည့်ဝအောင် ကြိုးစားနေဆဲပါဘဲ။
    စိတ်မတိုတတ်အောင် စိတ်ကို မွေးမြူနေပေမဲ့ စိတ်ဆိုတဲ့ အရာက အလွန်ထိန်းချုပ်ရခက်ပါတယ်။
    ဝိတက်များပြီး ကသိကအောက် ဖြစ်နေတော့ စိတ်ပြေအောင် ဖြေထုတ်တော့ သူများလည်း ကသိကအောက် ဖြစ်ရမှာဘဲ။
    ဒီတော့ မသိချင်ယောင်ဆောင်ပြီး ကျော်သွားတဲ့ နည်းလမ်းကို သုံးနေပါတယ်။ အမြင် သိပ်ဆိုးလွန်းရင်တော့ သည်းမခံဘူး။ သံသရာ တစ်လျှောက်လုံး ဒေါသ မဖြစ်ခဲ့တဲ့ ဘဝ ဆိုတာ မှ မရှိတာ။ အခုမှ အတင်းထိန်းနေတာ ဆိုတော့ တခါတခါ ဇာတိတော့ ပြမှာဘဲ။

  • weiwei

    March 6, 2011 at 5:46 pm

    ဒေါသရှေ့ထားရင် မှားလိမ့်မပေါ့ ဒကာမလေးရယ် ….
    စိတ်လျော့ စိတ်လျော့ … 🙂

  • bigcat

    March 6, 2011 at 9:26 pm

    ရှေးဘုရားတွေက တရားဟောရင် ခန္ဓီစ သီးခံက တရားရလို့ တလုံးပဲ ဟောတော်မူကြသတဲ့။
    ခက်တာက ငယ်ရွယ်သူအတော်များများ (ကျနော်အပါအဝင်) ကသီးခံတာကို ပျော့ညံ့တာ အရှုံးပေးတာလို့ အထင်မှားပြီး အလျော့မပေးချင်ကြ မပေးနိုင်ကြပါဘူး။ အသက်၅၅နှစ်အရွယ် အန်တီဝေလိုလူအဖို့ (ဥပမာပေးတာနော် :D) အသက်၆ဝသမားရဲ့ သီးခံစိတ်မွေးနိုင်ပေမဲ့ အသက်၂ဝလို ကျနော့်အတွက် အသက်၃ဝသမားစိတ်မွေးဖို့ အတော်ခက်ပါတယ်။ ဒါကြောင့်
    သီးခံတော့သံခီး၊ သံမခီးတော့ပြန်တီး၊ ပြန်တီးတော့ ရန်မပြီး နိုင်ကြတော့ပေါ့ခင်ဗျာ။

  • kyawmonkhant

    March 6, 2011 at 11:48 pm

    ပါဠိ စကားလုံး အမှန်က ခန္တီ စ ဖြစ်ပါတယ်။ ရွာသားများ အမှတ်မလွဲအောင်သတ်ပုံ အမှန်ကို ထောက်ပြခွင့်ပြုပါ။

    • kai

      March 7, 2011 at 1:58 am

      စာလုံးပေါင်းအမှားထောက်ပြတာကို အမြဲကြိုဆိုပါတယ်ခင်ဗျား..။
      ကျုပ်ကိုလည်း အမှားတွေ့ရင်ထောက်ပြကြပါနော…။ 🙂

  • kai

    March 7, 2011 at 12:31 am

    အဲဒီသည်းခံ ဆိုတာကို … သိပ်တော့မကြိုက်ဖူး..။
    အားမတန်လည်း မာန်တော့မလျှော့စေချင်ဘူး..။
    သဘာဝတရားကြီးကိုလည်း.. သည်းခံ ခံစားမနေစေချင်ဘူး..။ ပူရင်အေးအောင်လုပ်..အေးရင်ပူအောင်လုပ်ရမှာပဲ..။
    နောက်ဆုံးကုန်ကုန်ပြောရင်..သေမင်းနဲ့တွေ့လည်း.. သေမင်းကို နိုင်အောင်ပြန်ချရမှာပဲ..။
    ဗုဒ္ဓဘာသာက အဲဒီသည်းခံ..သည်းခံတွေကြောင့်ပဲ..အိန္ဒိယက ထွက်ပြေးခဲ့ရတာ..။
    အဲ.. အမျက်ထွက်ပြီး တုန့်ပြန်တာတော့ ဘယ်ဟုတ်မလဲနော..။ အမျက်ဒေါသက အမှားပါတတ်တာပဲ..။
    ကိုယ့်ကိုယ်.. စိတ်ပိုင်းရုပ်ရိုင်း ဆိုင်ရာအရ ထိခိုက်စေလာရင်… သည်းခံမနေပဲ.. အစွမ်းရှိသလောက်တုံ့ပြန်ရမှာကို ပြောတာပါ..။

    ဂေါတမဗုဒ္ဓလည်း.. အောင်ခြင်းရှစ်ပါး..လှမ်းကြည့်… တခုမှသည်းမခံဖူး..။
    အနိုင်ရအောင် တိုက်တာချည်းပဲ..။
    နဂါးလာလည်း..သူ့ထက်ကြီးတဲ့နဂါးနဲ့ ပြန်ချဆုံးမခိုင်းတယ်..။
    ဆင်ကြီးလည်း.. ဒူးထောက်ကျအောင် ..စိတ်စွမ်းအင်နဲ့လုပ်တယ်..။
    ဗိုက်ကြီးသည်လည်း… သူနဲ့ရတဲ့ဗိုက်မဟုတ်ကြောင်း..ကြွက်ယောင်ဆောင်ဖေါက်ပြစေတယ်..။

    နောက်ဆုံး.. ကုန်ကုန်ပြောရရင်.. သူ့ကျောင်းဘေး ဟိန္ဒူတွေကျောင်းလာဆောက်တာလည်း .. ဘုရင့်သွားပြောပြီး … ကန့်ကွက်တာပဲ..။
    ဆိုတော့…။
    မြန်မာလူငယ်တွေ… ဘယ်တော့မှသည်းမခံပဲ.. နေစေချင်ပါတယ်..။

    သမ္မတဝင်ပြိုင်ခဲ့တဲ့… ဆီနိတ်တာမက်ခ်ကိန်းစကားငှားပြောရရင်..။
    “Fight with me. Fight for what’s right for our country. Fight for the ideals and character of a free people.”
    fight, fight, fight, fight, fight, fight, fight, fight, fight, fight 🙂 🙂
    ဖိုက် ဆိုတာကို ..ဟောပြောပွဲတခုမှာ ၁ရခါ တောက်လျှောက်ပြောသွားခဲ့တယ်..

  • bigcat

    March 7, 2011 at 3:03 am

    တောက်.. သူမှားတာနဲ့ ငါပါလိုက်မှားရတယ်။ အပျင်းကြီးပြီး ကော်ပီကူးမိတဲ့ ငါကံ။ 🙁

  • etone

    March 7, 2011 at 5:11 am

    ဟုတ်ပါတယ် မဝေပြောတာမှန်ပါတယ် ။ သည်းခံတယ်ဆိုတာ အတိုင်းတာ တစ်ခုထိပဲ ရပါတယ် ။ အတိုင်းတာဆိုတာကလည်း ကိုယ်သတ်မှတ်ထားတဲ့ စံညွှန်းအတိုင်းပေ့ါ .. ။ သည်းခံပြီး ဘာမှ မပြောပဲ မဆိုပဲ ဖြစ်လာသမျှ င့ါကံမှတ်ပြီး ငုံခံနေရင်တော့ နင်းပြားဘဝရောက်သွားနိုင်ပါတယ် … ။ လူဆိုတာမျိုးကလည်း ရေနစ်သူ ဝါးထိုးကူတဲ့လူမျိုးက များသားဆိုတော့ ပြောသင့်တာကိုတော့ ပြောရမယ်လို့ ခံယူထားပါတယ် … ။ ပြောမှသိ ၊ ထိမှ နာ တတ်တဲ့ လူမျိုးတွေ အတွက်တော့ ကိုယ့်ရဲ့ သည်းခံခြင်းက တန်ဖိုးမဲ့သွားတတ်ပါတယ် ။

  • hmee

    March 7, 2011 at 9:00 am

    ဟုတ်တယ် etone ရေ တချို.လူတွေက ခေါင်းငုံခံမှန်းသိရင် ပိုလုပ်ချင်တယ်။ တခါတလေ ကိုယ်ဘက်ကမှန်ပေမဲ့ မတတ်သာလို. ခေါင်းငုံခံရရင် ရင်ဘတ်ကိုဓါးနဲ့တဆတ်ဆတ် ထိုးခံရသလို တော်တော်အခံရခက်တယ်။

  • Gipsy

    March 7, 2011 at 9:12 am

    သူကြီးကတောင်လာပြီးဆုံးမဩဝါဒ ပေးနေရပြီ…။
    မဟုတ်တာ လာလုပ်ရင် ခံနဲ့ဗျာ..။
    ခံရတယ် ဆိုတာ ကြားလို့ကောင်းတဲ့အရာမှမဟုတ်တာ…။
    င်္Fight :::::::::::::::::::::::::::::::::::

  • weiwei

    March 7, 2011 at 12:34 pm

    တချို့ကိစ္စတွေက အများနဲ့ရင်ဆိုင်ရသလို တချို့ကိစ္စတွေကတော့ တစ်ယောက်ထဲ ကိုယ့်စိတ်နဲ့ကိုယ် တိုက်ခိုက်ရပါတယ် … သည်းခံကျော်လွှားနိုင်မှ ကိုယ့်စိတ်ကိုယ်အောင်နိုင်သူဖြစ်မှာကို ရည်ရွယ်ပြီး သည်းခံခြင်းကို လေ့ကျင့်သင့်ကြောင်း တိုက်တွန်းရခြင်းဖြစ်ပါတယ် …

  • သူရိန်

    March 7, 2011 at 3:44 pm

    ဪ သည်းခံခြင်းဆိုတာ သည်ခံနှိုင်လေစွမ်းအားရှိလေပဲ ရိုးရိုးလေးသည်းခံရင် ရိုးရိုးလေးစွမ်းအားပဲရမှာပေါ့
    သည်ခံနှိုင်လေ ခရီးရောက်လေပဲ ဒေါသဟာသည်ခံခြင်းရဲ့ဆန့်ကျင့်ဘက်ပဲ လူတိုင်းဒေါသရှိတယ် သည်းခံခြင်းဟာလူတိုင်းမရှိဘူး သူတော်ကောင်းတွေမှသာကျင့်သုံးလေ့ရှိတဲတရားဖြစ်တယ် ဒါကြောင့်မေတ္တာတရားရှေ့ထားပြီးသည်းခံကြပါ

Leave a Reply