ဘလော့ဂ်ဂါတိုင်းရဲ့တာဝန်
အခုတစ်လော blog တွေ၊ wiki တွေ အပြင် ကိုယ်ပိုင်ဒိုမိန်းတွေနဲ့ အုပ်စုတွေ၊ website တွေ တိုးတက်များပြားလာတာကို အချိန်တိုအတွင်းမှာ တွေ့ရှိလာရပါပြီ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လူငယ်လူရွယ်တွေ အချိန်ကို အလဟဿ မကုန်ဆုံးအောင် အသုံးချတတ်လာကြပြီလို့ မှန်းဆလို့ ရပါတယ်။ ဒါဟာ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ တိုးတက်နေတဲ့ ခေတ်အခြေအနေမှာ နည်းပညာတွေ တစ်နေ့ထက် တစ်နေ့ အသစ်အသစ်တွေ ပေါ်ထွက်လာနေချိန်မှာ ကျွန်မတို့တစ်တွေဟာ ခေတ်နောက် ပြတ်ကျန်လို့မရပါဘူး။ မီဒီယာစတိုင်သစ်တွေနဲ့အတူ တတ်နိုင်သရွေ့ ရှေ့ကို အရောက်လှမ်းနိုင်ဖို့ ကြိုးစားကြရမှာပါပဲ။ နောက်ပိုင်း blog တွေ များပြားလာတာနဲ့အမျှ အများရဲ့အမြင်မှာ ကွဲပြားခြားနားစွာ မြင်တတ်ဖို့လည်း လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ blog တွေဟာ လမ်းကြောင်းတစ်ခုတည်းအတွက် ရည်ရွယ်တာ မဟုတ်ပါဘူးဆိုတာပါပဲ။ ကိုယ်ပိုင် ခံစားချက်၊ ကိုယ်ပိုင်တွေ့ရှိချက်၊ ကိုယ်ပိုင်စွမ်းဆောင်ချက်တွေနဲ့အတူ အနုပညာတွေ၊ နည်းပညာ ဗဟုသုတတွေ၊ စီးပွားရေး၊ ပညာရေး အားလုံး အားလုံး လက်လှမ်းမီသလောက် ဝါသနာအရင်းခံပြီး ဖြန့်ဝေနေကြတာဟာ အလွန်တရာ ဝမ်းသာမိပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းရှိသလို၊ လူမှာလည်း လူ့စည်းကမ်းရှိသလို ဘလောဂ့်တွေမှာလည်း ဘလောဂ့်စည်းကမ်းဆိုတာ ရှိပါတယ်။ ဘလောဂ့်ဂါတစ်ယောက်ဟာ ကိုယ်ဖန်တီးတဲ့ အနုပညာအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူရပါတယ်။ မှန်ကန်တဲ့သတင်း၊ မှန်ကန်တဲ့လုပ်ဆောင်ချက်၊ မှန်ကန်တဲ့အကြောင်းအရာ ဒါတွေဟာ တိကျမှန်ကန်မှုရှိမှသာ ကိုယ့်ဘလောဂ့်မှာ တင်ပြကြခြင်း ဖြစ်ပါတယ်။ ငါသာစေ သူ နာစေဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်ခြင်းမျိုးက ရေရှည်မှာ တည်မြဲမှု မရှိရုံမျှမက ဘလောဂ့်ဂါ အများကိုလည်း ယုံကြည်မှု ကင်းမဲ့စေတဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ဘလောဂ့်ဂါတိုင်း နားလည်လက်ခံသဘောပေါက်ကြပါတယ်။ ကိုယ့်အမြင် သူ့အမြင် ဖလှယ်ခြင်းဟာလည်း ကောင်းတဲ့ လုပ်ဆောင်ချက်နဲ့ အောင်မြင်တိုးတက်မယ့် တက်လှမ်းတွေ ဖြစ်ပါတယ်။ ပြင်ပ ဘလောဂ့်ဂါများ နေရာအနှံ့အပြားမှာ များပြားနေတာကို တွေ့ရှိခြင်းအားဖြင့် ကိုယ့်နိုင်ငံသားတွေလည်း ဒီလို မီဒီယာအသစ်တွေ အများအပြား တိုးတက်စေချင်တာ အမှန်ပါ။ ဘလောဂ့်ဂါအချင်းချင်း ရိုင်းပင်းကူညီပြီး ပြည်ပ မီဒီယာသမားတွေ ကိုယ့်ဝန်းကျင်းအတွင်း မဝင်လာနိုင်အောင် အားလုံးကြိုးစားကြစေချင်ပါတယ်။ ပြည်ပနိုင်ငံသား ဘလောဂ့်တွေကို လေ့လာမိသလောက် ဘလောဂ့်ဂါတွေရဲ့ ၃၅ ရာခိုင်နှုန်းကသာ ဘလောဂ့်တင်ခြင်းကို ဂျာနယ်လစ်ဇင်ရဲ့ ပုံစံသစ်တစ်မျိုးအဖြစ် ရှုမြင်ကြပြီး ကျန် ၆၅ ရာခိုင်နှုန်းနီးပါးကတော့ ယင်းသို့ မယူဆပါဘူးလို့ ဆိုပါတယ်။ အဲ နောက်ပြီး မိမိတို့ဟာ တစ်ခါတစ်ရံမှာဖြစ်စေ၊ မကြာခဏဖြစ်စေ မိမိတို့သတင်းမှာ ဖော်ပြမယ့် အချက်အလက်တွေရဲ့ မှန်ကန်မှုနဲ့ပတ်သက်ပြီး စစ်ဆေးအတည်ပြုဖို့အတွက် အချိန်ပိုပေးပြီး လုပ်ကြတယ်လို့ ဆိုသူ အရေအတွက်ကတော့ ၅၆ ရာခိုင်နှုန်းမျှသာ ရှိပါတယ်။ ဒီတော့ ဘလောဂ့်ဆိုတာနဲ့ တစ်ခုထဲသော အကြောင်းအရာကို မမြင်စေချင်ပါဘူး။ ကိုယ့်ရေးသားချက်ကို ကိုယ်တာဝန်ယူရပါမယ်။ ဘလောဂ့်ဂါ တော်တော်များများ အင်း ပြောရရင်တော့ ၇ဝ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ သတင်းတွေကို အွန်လို်င်းတင်ရာမှာ သူတို့ရဲ့ အမည်ဝှက်ကိုသာ ဖော်ပြကြပါတယ်။
ဘလောဂ့်ဂါတွေဟာ သတင်းရေးရာမှာ သူတို့ရဲ့ အမည်မှန်ကို မဖော်ပြတဲ့အတွက် တကယ်လို့ သတင်းမှားတွေ ပေးခဲ့ရင်လည်း သူတို့ကို ခြေရာခံနိုင်မှာ မဟုတ်ပါဘူး။ ထိုအဖြစ်တွေကြောင့် တချို့ ဘလောဂ့်ဂါတွေ မှားယွင်းတဲ့ ကောလဟလသတင်းတွေကို ဖြန့်ဝေလာမိတဲ့အခါ ကျန်ဘလောဂ့်ဂါများကိုပါ ထိခိုက်နစ်နာစေမှု ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အထင်မှား အမြင်မှားမှုတွေလည်း ဖြစ်လာနိုင်စရာ ရှိလာပါမယ်။ ဘာပဲပြောပြော နည်းပညာတွေ တိုးတက်ပြန့်ပွားလာတာနဲ့အမျှ လူကြီး လူငယ် လူရွယ်တွေအားလုံး နည်းပညာ ဗဟုသုတအမြင်တွေ နေရာတိုင်းမှာ ရရှိလာနိုင်မယ်ဆိုရင်၊ နားလည်မှုတွေ မှန်ကန်လာနိုင်မယ်ဆိုရင် ဘလောဂ့်တွေ ဘယ်လောက်အရေးပါလာမလဲ။ နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေး အစိတ်အပိုင်းတစ်ခုအဖြစ် ဖြစ်မလာနိုင်ဘူးလို့ ပြောလို့ မရတော့ပါဘူး။ ဘလောဂ့်တွေဟာ ကျွန်မတို့နိုင်ငံသားတွေရဲ့ အခြေခံ အဆောက်အအုံကို ဖျက်ဆီးပစ်နေတယ်ဆိုတဲ့ တွေးထင်ချက်ဟာ ယေဘုယျအားဖြင့် ခိုင်လုံမှု မရှိဘဲ အယူအဆသဘောသက်သက်သာ ဖြစ်ပါတယ်။ ဘလောဂ့်တွေကြောင့် ငုံ့လျှိုးနေတဲ့ အနုပညာ၊ ကိုယ်တိုင်ဖန်တီးနိုင်မှု စွမ်းရည်၊ လူတိုင်း အရည်အချင်းရှိပါတယ်ဆိုတဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ ပညာတတ်ဝန်းကျင်တွေ အရာအားလုံး တိုးတက်များပြားလာတာနဲ့အမျှ နိုင်ငံတစ်ဝှမ်းလုံး အောင်မြင်ဖြစ်ထွန်းမယ့် လူငယ်လူရွယ်တွေ မွေးထုတ်လာနိုင်ခဲ့ပြီး တိုးတက်အောင်မြင်သော လုပ်ဆောင်ချက်တွေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးကို ရင်ဘောင်တန်းလာနို်င်မယ်လို့ ကျွန်မ မြင်မိပါတော့တယ်။
အခုအချိန်အတွက် မေးရမယ့် မေးခွန်းကတော့ ကျွန်မတို့အနေနဲ့ အများပြည်သူဆိုင်ရာ လူသားအားလုံးအတွက် နည်းပညာတွေ၊ ပညာဗဟုသုတ ဖလှယ်မှုတွေ ကိုယ်စွမ်းရှိသလောက် ဘယ်လို ဖြန့်ဝေသွားမလဲဆိုတာပါပဲ။
2 comments
Thaw Zin Loikaw
March 11, 2011 at 12:15 pm
Bloger တွေဘက်ကနေ ရပ်တည်ပြီးရေးသွားတာတွေ့ရတော့ ဝမ်းသာမိပါတယ်…Blogerတွေဟာ နာမည်ရင်းဝှက်ရတဲ့အကြောင်းအရင်းကတော့ မည်မည်ရရရှာလို့ရမယ်မထင်ဘူး….ဘာကြောင့်လဲဆိုရင်တော့ အခြေအနေမပေးဘူးလို့ပဲပြောပါစေ…
manawphyulay
March 11, 2011 at 1:12 pm
အခြေအနေမပေးတာထက် ကိုယ်တင်တဲ့အကြောင်းအရာကို တာဝန်မယူရဲတာလည်း ပါလိမ့်မယ်ထင်မြင်မိပါတယ်။