ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတိ(၁)
မြန်မာပြည်၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် သက်ရှိထင်ရှား ရှိမည်ဆိုပါက (၁၃၊၂၊၂၀၁၁)ရက်တွင် (၉၆)နှစ် ပြည့်ပြီ ဖြစ်သည်။ သူ၏ အတ္ထုပ္ပတ္တိအကျဉ်းကို တော်တော်များများ ဖတ်ဖူး မှတ်ဖူးကြလိမ့်မည် ထင်ပါသည်။ သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ဖတ်ဖူးမှတ်ဖူးကြသူများ ရှားလိမ့်မည် ထင်ပါသည်။ သို့အတွက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်မှ ဖော်ပြလိုက်ရပေသည်။ သည်စာကို ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ခေတ် ဗမာ့တပ်မတော်စစ်ဝန်ကြီးနှင့် စစ်သေနာပတိဘဝတွင် ရေးသားခဲ့ခြင်းဖြစ်သည်။ သည်စာသည် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာဘာသာဖြင့် ရေးသားခဲ့သည့် ဆောင်းပါးအနည်းငယ်မှ တစ်ခုဖြစ်သည်ကိုလည်း တွေ့ရသည်။
ဇာတိ
ဇာတိမြေလတ်ဟုခေါ်သော ဗမာပြည်၏ အပူပိုင်းဇုန်ဖြစ်သော မကွေးစီရင်စု၊ ယခု ရေနံချောင်းခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်း တစ်ဝက်ခန့်တွင် အပူပိုင်းဇုန် ကုန်းမြေပြင်များဖြစ်သော နှမ်း၊ပဲနှင့် ၎င်းဆီများ ထွက်၍ ကုန်ရောင်းကုန်ဝယ် အတော်တွင်ကျယ်သော မြို့ကလေးတစ်မြို့ ရှိလေသည်။ မီးရထားဘူတာရုံ အနီးအနားတွင် မီးရထားဘက်မှ ဆောက်ထားသော အိမ်တန်းလျားများနှင့် ပွဲစားကုန်သည်ဆိုင်များ အနည်းငယ် ရှိလေသည်။ ဘူတာ၏ ဝဲယာပတ်လည်တို့တွင် မြေပဲနှမ်းခင်းတို့ ရှိလေသည်။ ထိုယာခင်းများမှ ကျော်လွန်၍ အရှေ့စူးစူးသို့ ကြည့်လျှင် ရေးရေးထင်သော တောင်တန်းများကို နောက်ကခံကာ တောရကျောင်းနှင့် ကမ္မဋ္ဌာန်းထိုင်သူတို့၏ ဂူလိုဏ်များကို တွေ့နိုင်ပေသည်။ ထိုဂူ၏ အနောက်မြောက်ယွန်း ကိုက်လေးရာခန့်ပေါ်၌ “ခပေါင်းကုန်း” (သို့မဟုတ်) န-ကျားကူးခေါ်သော အိမ်ခြေတစ်ရာခန့်ရှိ ရွာကလေးရှိလေသည်။ ယင်းချောင်းဟုခေါ်သော သဲချောင်းကြီး၏ တစ်ဖက်ကမ်း (အနောက်ဘက်ကမ်း)၌ကား ယာခင်း၊ လယ်ကွင်းပြင်များနှင့် ဥယျာဉ်အချို့ကို တွေ့ရပေသည်။ ထိုမှလွန်လျှင် တောင်ကုန်းကျကျနေရာတွင် အရှေ့ဘက်မှ တာမြောင်းခံထားသော အိမ်ခြေ(၂၀၀)ခန့်ရှိ ရွာတစ်ရွာ ရှိလေသည်။
ရွာ၏ မြောက်ဘက်တွင် ကပ်လျက် (ရှေး လူကြီးများပြောသလို) လောကဓာတ် မြန်မာအထက်တန်းသင် ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိလေသည်။ ထိုမှ ယာတစ်ခင်းအလွန်တွင် (၅)ရက် တစ်ဈေးဖွင့်ရာ ဈေးပိုင်း ရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ်ဂါတ်တန်းလျားများ ရှိလေသည်။ ထိုအနီးတွင် စာတိုက် ရှိလေသည်။ ထို စာတိုက်ကို အနောက်မြောက်စောင်းစောင်း မလှမ်းမကမ်းတွင် အိမ်ခြေ(၁၅၀)ခန့် ရွာတစ်ရွာ ရှိပြန်လေသည်။ စာတိုက်နှင့် ရှေ့တည့်တည့် ပေတစ်ရာနှင့် မြေတလင်း ပြောင်ပြောင်ကို ကျော်လွန်၍ ကိုက်(၁၀၀)ခန့် အကွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့်ကပ်၍ မြို့အုပ်ရှိသည်။
ထိုဘုန်းကြီးကျောင်းနှင့် ဆက်၍ ထောင့်မှန်(RIGHT ANGLE)ကျကာ (၁၅)ပေခန့်မြင့်သော အုတ်တံတိုင်းကြီး လေးဖက်လေးတန် ခြံရံလျက် စေတီငယ်များအလယ်တွင် ရွှေရောင်တပြောင်ပြောင် တောက်နေသော စေတီတော်ကြီးတစ်ဆူနှင့် သပ်ရပ်ခမ်းနားသော ဇရပ်၊ တန်ဆောင်း၊ ကျောက်ကုန်းများ ရှိလေသည်။ ထိုမှ မြောက်ဘက် မလှမ်းမကမ်းတွင်ကား အိမ်ခြေ(၁၀၀)ကျော် ရွာတစ်ရွာ ရှိပြန်လေသည်။ ထိုရွာများအနက် ရွာကြီးသဖွယ် အိမ်ပေါင်းအများဆုံးနှင့် ဆိုင်ကန္နား အတော်အတန်ရှိ၍ စာရေး၊ စာချီ၊ မြို့အုပ်၊ ရှေ့နေ၊ ကုန်သည်များနေကြသော ရွာကား ဆိုခဲ့ပြီးသည့် သဲချောင်းကြီး အနောက်ဘက်ကမ်း တောင်ကုန်းပေါ်တွင် တည်လျက်ရှိ သော်ရွာပင် ဖြစ်လေသည်။ ထိုရွာကို နတ်မောက်ဟူ၍ လည်းကောင်း၊ တောင်ရွာဟူ၍ လည်းကောင်း ခေါ်ကြလေသည်။ ထိုရွာကို သမိုင်းစာအရကား ပီဠိယက္ခမင်း တည်ထောင်သွားသည်ဟု ဆိုလေသည်။
သို့သော် ကျွန်တော်၏ဘေး မှတ်တမ်းအရကား ပုဂံခေတ် အနော်ရထာမင်းစော အချိန်အခါလောက်တွင် ထိုရွာကို စတင် တည်ထောင်ခဲ့သည်ဟု မှတ်သားဖူးသည်။ ထိုရွာ၏ မြောက်ဘက်စွန်း၌ တစ်ရွာလုံးရှိ အိမ်ဝိုင်းများ အနက် အကျယ်ဆုံး အိမ်ဝိုင်းကြီးထဲတွင် ဧရာမ အိမ်ကြီး ရှိလေသည်။ မူလက ဆင်တစ်ရပ်ခန့် ဝင်နိုင်အောင်မြင့်၍ အဆောင်ပေါင်းများစွာ ရှိသော်လည်း ထိုအခါက အတောင် (၈)တောင်ခန့်မျှသာ ရှိတော့သည်။ အိမ်အမြင့်မှာလည်း (၃)ပေခွဲခန့်သာ ရှိတော့သည်။ ထိုအိမ်ကြီးကား ရှေးမြန်မာမင်းလက်ထက်က နတ်မောက်မြို့၊ မြို့သူကြီးအိမ်ပင် ဖြစ်လေသည်။ ယခုကား အိမ်မရှိတော့ပြီ။ ထိုအိမ် နောက်ဖေးဆောင်ငယ်တွင် ကျွန်ုပ်အား ဖွားမြင်ခဲ့လေသည်။ ကျွန်တော့်ကို မွေးဖွားစဉ်အခါက ကျွန်တော်တို့ နတ်မောက်သို့ မီးရထားလမ်း မပေါက်သေး။ သို့သော် ရည်ရွယ်ချက်ကား ထားပြီးဖြစ်လေသည်။ ယခုအခါကဲ့သို့ အနည်းငယ်မျှ မြို့မဆန်ဘဲ တောရွာစုကြီးတစ်ရွာမျှသာ ဖြစ်လေသည်။ နံနက် ညနေခင်းများတွင် ခလောက်သံ တဒေါင်ဒေါင်၊ နေ့လယ်နေ့ခင်းများတွင် ရက်ကန်းသံ တခြွင်ခြွင်နှင့် ကြားရတုန်းပင် ရှိလေသည်။
အချိန်ကား (၁၉၁၅)ခု၊ ဖေဖော်ဝါရီဖြစ်၍ ပထမကမ႓ာစစ်ကြီး၏ ဒုတိယနှစ်ထဲတွင် ဖြစ်ပေသည်။ ထိုအချိန် ထိုအခါကား ဂျာမနီသည် ရေငုပ်သင်္ဘောများဖြင့် ဗြိတိသျှရေတပ်တို့အား အကြီးအကျယ် ဒုက္ခပေးနေသည့် အချိန်အခါ ဖြစ်လေသည်။ အနောက် စစ်မျက်နှာပြင်ဟုခေါ်သော ပြင်သစ်နှင့် ဂျာမနီတို့ စစ်ခင်းရာ မျက်နှာ၌ကား ပထမအကြိမ် တိုက်ပွဲကြီးများမှာ မပြီးမဆုံးနိုင်သော သောင်မတင်ရေမကျ ရှေ့မတိုးနောက်မဆုတ် အခြေအနေပင် ရှိလေသည်။ အရှေ့မျက်နှာပြင်ဟု ခေါ်သော ရုရှားစစ်ခင်းရာ မျက်နှာမှာကား မဆူးရိရာနှင့် ဝါဇနစ်ဇူစစ်ပွဲကြီးများ ဖြစ်ပွားလျက် ရှိကြလေသည်။ ထိုနှစ် ဖေဖော်ဝါရီ(၁၃)ရက်၊ (၁၂၇၆)ခု၊ တပေါင်းလဆန်း(၁)ရက်၊ စနေနေ့ နံနက်လင်းအားကြီးအချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပထမဆုံး ရောက်ရှိလာခဲ့ရပေသည်။
ဖေဖော်ဝါရီ(၁၃)ရက်ကား နာမည်ကျော် နက္ခတ်ဗေဒင်ဆရာကြီး ကီရို၏ ပြောကြားချက်အရဆိုလျှင် တိုင်းပြည်တစ်ပြည်၏ အစိုးရထီးနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသော သူများကို မွေးဖွားတတ်သော ဇာတာဟု ဟောထားလေသည်။ ထိုနေ့တွင် မွေးဖွားသော ကျွန်တော်မှာ သူပုန်လောင်းကလေးဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ကြချေ။ ကျွန်တော် မွေးဖွားသည်နှင့် ပတ်သက်၍ ကျွန်တော်၏ ဇာတာအမည်မှာ(ထိန်လင်း) ဖြစ်လေသည်။ သို့သော် ကျွန်တော့်အထက် အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် အောင်ဆန်းဟု ခေါ်တွင်ခဲ့လေသည်။
မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှသော်လည်း ထိုင်နိုင် ထနိုင်သော ကလေးဘဝမှစ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ခွကျခဲ့သူ ဖြစ်ခဲ့သည်။ ကျွန်တော် ငယ်ငယ်တုန်းက တော်တော်နှင့် စကားမပြောတတ်ရကား။ လူကြီးမိဘများမှာ ဆွံ့အ၍ပင်နေသလားဟု စိုးရိမ် ကြောင့်ကြခဲ့လေသည်ဟု သိရလေသည်။ အနာအဖျားထူသည်။ အစားကြူးသည်။ အမဲသား၊ ငါးကို အလွန်ကြိုက်သည်။ ကျွန်တော်၏ မိခင်ဈေးသွားရာ ရံဖန်ရံခါ ကျွန်တော့်ကိုချီ၍ သွားလေသည်။ တစ်ခါသော် အမဲသားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု ကျွန်တော့် မိခင်က ပြန်၍ ပြောပြသဖြင့် သိရပေသည်။ လူရိုင်းဘဝက ကျွန်တော်လာသလား မသိ။ ယနေ့အထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများရှိသည်။
ရံဖန်ရံခါ လူယဉ်ကျေးများနှင့် အသားမကျခဲ့ချေ။ မျက်စိနောက်မြင်ပြင်းကပ်လာသည်။ ထိုအခါ လူယဉ်ကျေးများနှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိသည်။ လူရိုင်းကားကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ငါ့မြင်း ငါ့စိုင်းညောင်ကိုင်း ရောက်ရောက်ဆိုသည်ကို ကျွန်တော်ကြိုက်၏။ ကျွန်တော့်၏ စိတ်တွင် အင်မတန် စိုပြည်လတ်ဆတ်သော ဘဝဟု ယူဆသည်။ ဗမာပြည်ရှိလူသည် လူရိုင်းမျိုးဘဝ ရောက်ချင် ရောက်သွားပါစေ လွတ်လပ်ချမ်းသာစွာ ခေါင်းဆောင်နေနိုင်ပြီဆိုလျှင် မလွတ်လပ်သော လူ့ယဉ်ကျေးဘဝထက် ကျွန်တော် အဆတစ်ရာကြိုက်သည်။ နှစ်သက်သည်။ စိမ်းလန်း စိုပြည် ကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပမ်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးတူး အော်ဟစ်နေလိုသည်။
ငယ်ငယ်တုန်းက ကျွန်တော် အတီးအမှုတ်၊ အကအခုန် အတော်ဝါသနာပါ၏။ အထူးသဖြင့် ဆိုင်းတီး အတော်ဝါသနာပါသည်။ စားပွဲဖြစ်စေ၊ ခေါက်စရာတွေ့လျှင် အမြဲခေါက်လေ့ရှိရာ ကျွန်တော်၏လက်မှာ ယနေ့တိုင် အချိန်မှန်မှန် လက်ရေကွာကျခဲ့လေသည်။ သို့သော် ကျွန်တော်အနည်းငယ် ကြီးပြင်းလာသည်နှင့် လူကြီးမိဘများက ကျွန်တော့်အား အတီးအမှုတ် ဝါသနာကို ခွင့်မပြု။ နဂိုဝါသနာ မဟုတ်၍လား မသိ။ ယခု ဤစိတ်မျိုး ပျောက်ပြယ်သလောက် ရှိခဲ့ပြီ။ ကျွန်တော်ကား ငယ်ငယ်ကလေးက ယနေ့တိုင် လူရောစိတ်ရော ပျော့ပျောင်းသည်ဆိုသည့် အချက်ကို နားမလည်ခဲ့။ နားလည်ရန်လည်း မကြိုးစားခဲ့။ ကြိုးလည်း မကြိုးစားချင်။ ကျွန်တော်ကား စကားအပြောအဆို မဖွယ်မယဉ်ကျေး။ အသက် (၈)နှစ်ထဲ ရောက်၍ ကျောင်းစနေသည့်အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့် မလျှောက်တတ်။ အမူအရာလည်း ကြမ်း၏။ အလိုက်လည်း မသိ။ ညစ်လည်း ညစ်ပတ်သည်။ ကိုယ့်စည်းကမ်းဟူ၍လည်း တစ်ခုမှမရှိ။
အသက် (၄၊၅၊၆) နှစ်တိုင်အောင် အိပ်ရာတွင် သေးပါ၏။ မီးဖိုကို ညညရှိခိုး၍ “အရှင်စဖိုည၊ ကျွန်တော်မနေ့” ဆိုခဲ့ရသည်ကို အမှတ်ရသေးသည်။ အသက် (၁၅) နှစ်ထဲ ရောက်သည့်အခါ၌ပင် အခြားအရပ် အိမ်တစ်အိမ် တစ်ည သေးပါဖူးသည်။ ထိုအခါကား ကျွန်တော် သည် ရေနံချောင်းမြို့၊ အမျိုးသား အထက်တန်းကျောင်းမှ (၆)တန်း အောင်၍ (၇)တန်းအဝင် ကျောင်းအပြန် ဖြစ်သည်။ ကျွန်တော်၏ အစ်ကိုအကြီးဆုံးမှာလည်း ၎င်းနှစ်တွင် ဘီအက်စ်စီ သချင်္ာဂုဏ်ထူးတန်းကို အောင်ခဲ့၍ ရေနံချောင်း ကျွန်တော်တို့ကျောင်းတွင် မိမိကျောင်းဟောင်းဖြစ်သည့်အတိုင်း ကျောင်းဆရာဝင် ရောက်လုပ်ကိုင်ရန် ကျွန်တော်နှင့်အတူပင် လိုက်ပါလာလေသည်။ ထိုအခါ ရေနံချောင်းမြို့သို့ နတ်မောက်မှ သွားသည့်နည်းမှာ တောင်တွင်းကြီးသို့ ရထားစီး၊ တောင်တွင်းကြီးမှ မိကျောင်းရဲသို့ ကားစီး၊ မိကျောင်းရဲ မှ ရေနံချောင်းသို့ သင်္ဘောစီး၊ သို့မဟုတ်လျှင် မကွေးသို့ ဘတ်စကားစီး၊ မကွေးမှ သင်္ဘောစီးရလေသည်။ (၂)ရက် ကြာလေသည်။
နောက်၌ကား ကျောက်ပန်းတောင်းမှ တစ်ဆင့် မီးရထားတစ်တန်၊ မော်တော်ကား တစ်တန်သွား၍ ရေနံချောင်းသို့ နေ့ချင်းပေါက်လေသည်။ ထိုနှစ်တွင် ကျွန်တော်တို့ မကွေးမှ တစ်ဆင့်သွားကြသည်။ မကွေးမြို့တွင် အပျိုပေါက်စ ခပ်ချောချော မိန်းကလေးရှိသော အသိအိမ်တွင် တည်းခိုကြသည်။ လူပျိုပေါက်စဖြစ်သော ကျွန်တော်မှာ သူစိမ်းတစ်ရံစာအိမ်တွင် မနေတတ်။ အထူးရှက်တတ်သည်။ မိန်းကလေးနှင့်ဆိုလျှင် သာ၍ပင် ရှက်တတ်သည်။ ထို့ကြောင့် ထိုညအိပ်ခါနီး ရှက်လွန်း၍ သေးမပေါက်မိ။ ညအိပ်သည့်အခါ မအောင့်နိုင်ဘဲ သေးပါလေသည်။ ကျွန်တော်လည်းပါပြီးမှ သိလေသည်။ ဤမျှ ကျွန်တော်မသိမ်မွေ့။
ညီအစ်ကို မောင်နှမများထဲတွင် ကျွန်တော်အငယ်ဆုံး ဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ အိမ်စံချိန်နှင့်ကြည့်လျှင် ကျွန်တော် အလိုလိုက်ခံရဆုံး ဖြစ်၏။ အဆိုးဆုံးဟုလည်း အိမ်နီးနားချင်းပါမက ရွာနီးနားချင်းပါ အသိအမှတ်ပြုခံရ၏။ ကျွန်တော်၏အထက် အစ်ကို ကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက်(၃)နှစ်ခွဲ၊ (၄) နှစ်မျှ ကွာ၏။ သူနှင့်ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဖက်ဖြစ်၏။ သူက လက်မြန်၏။ ကျွန်တော်က အားကြီး၏။ မချိန်မဆ လက်လွတ်စပယ် လုပ်ခဲ့၏။ သူကနု၏။ မင်းသားကျချင်၏။ ကျွန်တော်ကကြမ်း၏။ သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်၏။ အစားဆိုလည်း အစားတိုင်းမစား။ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည်မစားတော့။ ကျွန်တော်က ဖုတ်ဖက်ခါ၍ စားနိုင်လျှင်စား၏။ သူကအဝတ်များကို သပ်သပ်ရပ်ရပ် ဝတ်တတ်၏။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ။ ကျွန်တော်က ကြိမ်ဖန်များစွာ လှဲဖူး၏။ သူကပါး၏။ လျင်၏။ ကျွန်တော်က ထူ၏။ အေး၏။
ကျွန်တော်၏ မြို့ကား ရွာသာသာ တောအရပ်ပင် ဖြစ်သည်။ ကျွန်တော်ငယ်စဉ်က ယခုထက်ပင် ကျွန်တော်တို့အရပ်မှာ တောကျ၏။ ထိုအခါ ကလီဖားခေါ် ဆံပင်ညှပ်ကုလား တစ်ယောက်တလေသာ ရှိ၏။ သို့ဖြစ်ရာ ၎င်းကလီးဖားမှာ လက်မလည်။ ကျွန်တော်တို့အား ကတုံးရိတ်ရန်၊ တစ်ခါတစ်ခါ ရိတ်တတ်သည့် အိမ်နီးချင်းတို့ကို ခိုင်းရလေသည်။ တစ်ခါတစ်ခါ ကျွန်တော်တို့ ဖခင်ကိုယ်တိုင် ရိတ်ပေးလေသည်။ ကျွန်တော်၏ဖခင်မှာ ယခုကွယ်လွန်သည်မှာ (၁၅) နှစ်ကျော်လေပြီ။ ကျွန်တော်၏ ဖခင်သည် ကျွန်တော်နှင့် အမူအရာမှာ အတော်ဆင်သည်။ တစ်နေ့နေ၍ စကားတစ်ခွန်းမပြော။ မျက်နှာထားဆိုး၏။ ဆိုးသည့်အထဲ ကျောက်ပေါက်မာများလည်း ရှိ၏။ လောကွတ်မရှိ၊ ဟန်မရှိ၊ ဘာသိဘာသာ နေတတ်၏။ အကိုင်အတွယ်၊ အသွားအလာ၊ အမူအရာကြမ်း၏။ ငြင်းမိလျှင် လျှော့မပေးတတ်။ သို့သော် စိတ်နှလုံးက အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော။ ထို့ကြောင့် ရှေ့နေစာမေးပွဲ ဝင်ထားသော်လည်း ရှေ့နေလိုက်၍ စားသည်ကို ကျွန်တော် မမှတ်မိ။ ယာလုပ်၊ ကုန်ကူး၊ ငွေချေး၍သာ စီးပွားဖြစ်သည်။ စီးပွားဖြစ်ခြင်းမှာလည်း ကျွန်တော်တို့မိခင်၏ ဒိုးတူပေါင်ဖက် ကူညီမှုကြောင့်ပင် ဖြစ်လေသည်။
ကျွန်တော်တို့အား အခြားသူတစ်ဦးဦးက ခေါင်းရိတ်ပေးလျှင် အင်မတန်ညင်သာ၏။ ကျွန်တော်တို့ ဖေဖေက ဓား မထက်တထက်ကို ကောင်းကောင်းမသွေးဘဲ အတင်းတွန်းချ၍ ရိတ်၏။ အထူးပင် ခေါင်းရည်နာ၏။ ကျွန်တော်တို့သည် ၎င်းခေါင်းရိတ်မည့် အခါကို ရွံ့၏။ တွန့်၏။ သို့သော် ခေါင်းရိတ်သည့်အခါတိုင်း ကျွန်တော့်အစ်ကိုက အမြဲငို၏။ ငိုတိုင်း ခေါင်းပုတ်ခံရ၏။ ကျွန်တော်က မငို၊ ကြိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ်လွတ်၏။ ကျွန်တော်၏ အစ်ကိုကား စိတ်မြန်၏။ ကျွန်တော်တို့ ညီအစ်ကို (၄)ယောက် ရှိသည့်အနက် ဒုတိယ အစ်ကိုကြီးသာလျှင် စိတ်ရှည်၍ သိမ်မွေ့၏။ တစ်သက်လုံး မည်သူနှင့်မျှ ရန်မဖြစ်ဖူး။ ကျွန်တော်ကား စိတ်ရွတ်၏။ ကျွန်တော့်အစ်ကိုကား သူများ အပြောမခံ။ သူကသာ ဦးအောင်ပြောခဲ့၏။ ကျွန်တော်ကား သူများအပြောသာခံရ၏။ မြှောက်လို့ မြှောက်မှန်းမသိ။ ခြောက်လို့ခြောက်မှန်းမသိ။ ထုံပေပေ အလွန်နိုင်၏။ တစ်ခါသော် (၁၀) မိုင်ခန့်အကွာ ရွာတစ်ရွာသို့ ကျွန်တော်၏ မိဘများနှင့် လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူလောက်ကလေး တစ်ယောက်က ကျွန်တော့်အားမြှောက်၍ “ဗိုလ်ကြီး” “ဗိုလ်ကြီး”ဟု ခေါ်ရာ ကျွန်တော့်မှာ များစွာသဘောကျကာ တန်းလျက်ဖြူဆုပ်တွေ ခေါ်တိုင်းပေးခဲ့သည်။
ကျွန်တော်သည် လိမ်လည်လေ့မရှိ။ လိမ်လိုသော်လည်း မလိမ်တတ်။ ခဏချက်ချင်းပင် ဖြောင့်ချက်ပေး၏။ ကျွန်တော်တို့နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်း ပိတ်၏။ သို့သော် ယောက်ျားကလေးများမှာ ဥပုသ်နေ့ပင် ဖြစ်သော်လည်း ကျောင်းသို့သွားရ၍ ရေခပ်၊ မြက်နုတ်လုပ်ရသည်။ အလုပ်မရှိလျှင်လည်း ကျောင်းမှာပင် နေရသည်။ တစ်နေ့သော် နေ့ခင်းတွင် ကျောင်းသားများ အလုပ်မရှိ၍ “အလုပ်မရှိရင် အိပ်နေကြ၊ မကစားကြနဲ့”ဟု ဘုန်းကြီးက အမိန့်ရှိလေသည်။ အားလုံး ကျောင်းသားများအား “မအိပ်ချင်ဘူးလား” မေးသည့်အခါ မအိပ်ချင်ကြသော်လည်း အိပ်ချင်သည်ဟု ဘုန်းကြီးအလိုကျ လျှောက်ကြသည်။ ကျွန်တော့်အား ဘုန်းကြီးက “အောင်ဆန်းကော မအိပ်ချင်ဘူးလား”ဟု အထူးတလည်မေးရာ ကျွန်တော်က “မအိပ်ချင်ပါဘုရား”ဟု ပြန်လျှောက်ရာ ဘုန်းကြီးမှာ ပြုံး၍ နေလေတော့သည်။
ကျွန်တော်သည် ငယ်စဉ်က ချောင်တစ်ချောင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍နေသော်လည်း နေတတ်သည်။ ကလေးနှင့်မလိုက်။ အများအားဖြင့် ဣန္ဒြေကြီးသည်။ ကစားခုန်စားများစွာ မလေ့ကျင့်။ သို့သော် ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းမျိုးကိုမှ နှစ်သက်သည်။ တွတ်ထိုးခြင်း၊ ကျည်းသားရိုက်ခြင်း စသည်တို့ကို ဝါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကို မကြိုက်။ ရွရွလုပ်ရသော အလုပ်ဆိုလျှင် ကျွန်တော်နှင့်မဖြစ်။ အချုပ်ဆိုလျှင် ကျွန်တော်၏ ကလေးဘဝမှာ ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ လျှိုမြောင်ချောက်စောင်းကဲ့သို့ အဖုအထစ် အပြစ်အနာအဆာများသည်။ စိမ်းလန်း စိုပြည် ညီညာသော မြက်ခင်းသဖွယ် ရှုချင်စဖွယ် မဟုတ်ပေ။ အသက်(၁၀)နှစ်ခန့်အထိ အနာရောဂါနှင့် ကင်းသည်ဟူ၍ မရှိ။ သေလုမတတ် အကြိမ်ကြိမ်ဖြစ်ဖူး၏။ ဝဲနာအကြီးအကျယ်(၃)လကျော် စွဲ၏။ ထိုအခါ ကျွန်တော်သည် ဘယ်တော့များမှ ငါ ကျန်းကျန်းမာမာ အမြဲနေရပါမည်နည်းဟု တမ်းတမိ၏။
ကျွန်တော်သည် ထိုကလေးဘဝကပင် သူပုန်စိတ်ထား ရှိလေသည်။ အကြံကြီးသူ ဖြစ်လေသည်။ (ဗမာပြည်ကို အင်္ဂလိပ်လက်မှ ပြန်ရရန် သူပုန်ထနည်း အမျိုးမျိုးကို စဉ်းစား စိတ်ကူးခဲ့လေသည်။ တစ်ခါတစ်ရံလည်း ဟုတ်တိပတ်တိ စိတ်ကူး၏။ တစ်ခါတစ်ရံလည်း ပြဒါးရှင်လုံး စသည်တို့ကို ရှာဖွေလိုသေ ာစိတ်များ ပေါ်ပေါက်၏။ ပြဒါးရှင်လုံး စသော အစွမ်းအားဖြင့် ဗမာပြည်ကို ကယ်တင်လို၏။) ကျွန်တော် ရန်မဖြစ်တတ်။ သို့သော် ကျွန်တော်သည် သတ္တိထူးချွန်သူဟု မဆိုနိုင်။ ငယ်ငယ်က သရဲတစ္ဆေ အလွန်ကြောက်တတ်သည်။ ရန်ဖြစ်ခဲ၏။ ကျွန်တော့် အစ်ကိုကား ရန်ခဏခဏဖြစ်၏။ ဦးအောင်ရိုက်နှက်၍ အိမ်ပြေးလာခဲ့၏။ သို့နှင့် မကြာမကြာ အတိုင်ခံရ၍ မိဘများ အရိုက်ခံရ၏။ ကျွန်တော်ကား ဤကဲ့သို့ မဖြစ်ဖူး။ ရန်တစ်ခါသာ အကြီးအကျယ် ဖြစ်ဖူး၏။ ထိုအခါ လူချင်းထိုး သတ်ပုတ်ခတ်စဉ်၌ကား ကျွန်တော်ကနိုင်၏။ လူချင်းပြန်ဖြည်သည့်အခါ မရှောင်မတိမ်း ထုံပေပေနေသဖြင့် ခုံဖိနပ်နှင့် အပေါက်ခံရ၍ ခေါင်းပေါက်ဖူး၏။ ထိုအခါမှ ကျွန်တော၏ ရန်ဖြစ်ဘက်ကို လိုက်လေရာ ခေါင်းမူး၍မမီ။ ထိုလိုက်သည့်အချိန်ကား သတ္တိကောင်းပါ၏။ ခေါင်းမူးလာ၍ ခေါင်းစမ်းကြည့်၍ သွေးတွေမြင်သဖြင့် ခေါင်းပေါက်မှန်း သိသောအခါ ကျွန်တော် ငိုလေတော့သည်။ သတ္တိခေသွားလေတော့သည်။ ရွယ်တူ ကလေးချင်းများပေါ်တွင် တစ်ခါတလေ အနိုင်ကျင့်ချင်သည့် စိတ်ကားရှိသည်။
တစ်ခါတွင်ကား ဘုန်းကြီးကျောင်းနေစဉ် ကြက်တောင်ရိုက်ကစားခြင်းမှ ကျောင်းသားနှစ်ယောက် ရန်ဖြစ်ရာ ကျောင်းသားတစ်ယောက် ထိပ်ပေါက်၏။ သို့ဖြစ်၍ ထိပ်ပေါက်ခံရသော ကျောင်းသားမိဘများက ဘုန်းကြီးအားလျှောက်ရာ ဘုန်းကြီးက ဤကစားမျိုးကို အားလုံးကျောင်းသားများ ကျောင်းဝင်း အတွင်းမှာသော်လည်းကောင်း၊ အပြင်မှာသော်လည်းကောင်း မကစားရဟု ပညတ်လေသည်။ ထိုပညတ်ချက်ကို ကျွန်တော်နှင့် ညီအစ်ကိုဝမ်းကွဲများက သဘောမကျသဖြင့် အာဏာဖီဆန်ကာ ရွာထဲတွင် ကစားလေတော့သည်။ ကျွန်တော်တို့ ကစားနေသည်ကို အခြားကျောင်းသား တစ်ဦးနှစ်ဦးက မြင်၍ ဘုန်းကြီးထံ သွားရောက် တိုင်တန်းသောအခါ ဘုန်းကြီးက ကျွန်တော့်မိခင်နှင့် ဦးလေးများကိုပါခေါ်၍ ၎င်းတို့ရှေ့တွင် ကျွန်တော်တို့အား ပြင်းထန်စွာ ရိုက်နှက်လေတော့သည်။ ကျွန်တော်မှာ ပထမကြိတ်ခံသော်လည်း နောက်ပိုင်းတွင် သတ္တိမကောင်းနိုင်တော့ဘဲ ငိုလေတော့သည်။
ကျွန်တော်သည် ထိုသို့သွားရောက် တိုင်တန်းသူ ကျောင်းသားကို ယနေ့တိုင် အခဲမကျေချင်လှ။ ဤကဲ့သို့ အလုပ်ပိုမေတ္တာကို မျက်နှာလိုမျက်နှာရ အထက်လူကြီးအား တိုင်ခြင်းတောခြင်းကို ငယ်ငယ်ကလေးကစ၍ ယနေ့တိုင် ကျွန်တော် အထူး စက်ဆုပ်လှသည်။ ယခုခေတ်သစ် ကျောင်းများတွင် ကျောင်းသားများအား ဤအကျင့်မျိုးကို အားမပေးဘဲ ဖျောက်ဖျက် စေသင့်လေသည်။ ဤအကျင့်မျိုးကား အကျင့်ယုတ် ဖြစ်လေသည်။ကျွန်တော်တို့၏ မိဘကား ပစ္စည်းဥစ္စာ အတော်အသင့်ရှိ၍ ကြွေးရှင်မြီရှင်ဖြစ်ရာ ဆင်းရဲသားအများအပြားနှင့် ဆက်ဆံရပေသည်။ ကျွန်တော်တို့၏ မိခင်မှာ ဓနရှင် ကလေးအတန်းအစားထဲတွင် သမာသမတ်ရှိ၍ စိတ်ကောင်းရှိလေသည်။ သို့ပင်ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများ မပေးဆပ်နိုင်၍ ကြိမ်းမောင်းသောအခါ ကျွန်တော်အထူးပင် စိတ်မကောင်းဖြစ်မိ၏။ ထိုအခါ ကျွန်တော်က ငွေတိုးကြီးစနစ်၏ ဆိုးဝါးပုံကို မျက်ဝါးထင်ထင် တွေခဲ့ရပေသည်။ များသော ဆင်းရဲသားတို့မှာ ကြွေးတစ်ခါယူမိလျှင် ကျေနိုင်စရာ မရှိပေ။
ဤစနစ်ကို ယခုခေတ်သစ်တွင် အလျင်အမြန် ပြင်ဆင်သင့်သည်။ ၎င်းအပြင် ယခုလက်ရှိ ဆင်းရဲသားကြွေးမြီများကို အားလုံးလျှော်ပစ်ရန် သင့်လေသည်။ ထိုကြွေးများမှာ အတိုး၏အညွန့် အကြွေးများသာ ရှိတော့မည်မှာ ကျွန်တော်ယုံမှား သံသယမရှိပေ။ ကျွန်တော်ကား ကြွားရမည်ဆိုလျှင် မျိုးကြီးဆွေကြီးမှ ပေါက်ဖွားသူဖြစ်သည်။ ကျွန်တော်၏ ရှေးအဆက် အနွယ်တို့မှာ ပုဂံပြည် တရုတ်ပြေးမင်းလက်ထက် ဂျင်ဂျစ်ခန်း အမှူးရှိသော တရုတ်တို့ ဝင်ရောက် နှောင့်ယှက်သောအခါ နိုင်ငံခြားသားတို့၏အောက် မနေလို၍ လွတ်ရာကျွတ်ရာ ယခု ကျွန်တော်မွေးဖွားရာဒေသသို့ စုန်ခဲ့လေသည်ဟု ဦးလေး တစ်ယောက်က ပြောပြဖူးလေသည်။
အလောင်းဘုရား တတိယနိုင်ငံ ထူထောင်စဉ်အခါက တိုင်းပြည်မှာ ဖရိုဖရဲဖြစ်၍နေရာ ရွှေဘိုမှ ဦးအောင်ဇေယျက ထ၍ ကျွန်တော်တို့၏ အဆက်အနွယ် ပင်းမင်းကြီးဦးမြ (နာမည်ကောင်းကောင်း မမှတ်မိ) ဆိုသူမှာလည်း မိမိနယ်ကို အုပ်စီးခေါင်းဆောင်၍ ဗမာ့ထီးနန်း ထူထောင်ရန် ကြံလေသည်။ နောက်မှ အလောင်းဘုရား အကြောင်းကြားသဖြင့် လူများစေလွှတ် စုံစမ်းစေ၍ အလောင်းဘုရား၏ ဘုန်းလက်ရုံး အကြောင်းကြား သိရသည့်အခါ အလောင်းဘုရားထံ ဝင်ရောက်၍ သက်စွန့်ကြိုးပမ်း အမှုထမ်းလေသည်ဟုလည်း မှတ်သားရဖူးသည်။ မင်းတုန်း ဘုရင်လက်ထက်တွင် သက်တော်ရှည် အမတ်ဖြစ်သော ခမ်းပေါက်မင်းကြီးမှာ ကျွန်တော်တို့၏ အမျိုးအနွယ်ဖြစ်သည်ဟု ကြားဖူးသည်။
မင်းတုန်းဘုရင်၏ သမားတော်တစ်ဦး (လူအမည်မှာ ဦးကျော်ဇံဖြစ်လေသည်။ ဘွဲ့ကိုကား မသိ။) မှာလည်း ကျွန်တော်တို့ အမျိုးအနွယ်ဝင် ဖြစ်လေသည်။ စုံနံ့သာမြိုင်ရေးသော ဆရာကြော့မှာ ဦးအောင်ဇံ၏ မြေးပင်တည်း။ ရှင်အဂ္ဂသမာဓိမှာလည်း ကျွန်တော်တို့အမျိုးဟုပင် သိရသည်။ ကျွန်တော်တို့ဘေးမှာ နတ်မောက်မြို့သူကြီး ဖြစ်လေသည်။ စာတတ်သည်။ ဉာဏ်ထက်သည်။ လက်မြောက်သည်။ စိတ်ထက်သည်ဟူ၍ ကြားနာဖူးသည်။ မိမိအထက် မြို့ဝန်နှင့်မတည့်၍ အလုပ်ပြုတ်ဖူးလေသည်။ အလုပ်ပြုတ်သဖြင့် မန္တလေးရွှေ့မြို့တော်သို့ တက်၍ အရာခံနေဆဲ အနိစ္စရောက်လေသည်ဟု တစ်ခါက ပုရပိုက်မှတ်တမ်းတွင် ဖတ်ရဖူးသည်။
(စကားအလျဉ်းသင့်၍ ရေးရဦးမည်။ ရှေးကလည်း DIARY ဒိုင်ယာရီခေါ် နေ့စဉ်မှတ်တမ်း ရှိလေသည်။ ဘယ်သွားသည် စသည်ကို မှတ်ထားချက်များ တွေ့ရလေသည်။) ကျွန်တော်တို့ ဘေးတွင် အစ်ကိုကြီးတစ်ယောက်နှင့် ညီနှစ်ယောက်ရှိသည်ဟု သိရသည်။ အစ်ကိုကြီးမှာ ရန်ကုန်ဆိပ်ကမ်းအုပ်ဖြစ်သည်ဟု သိရသည်။ ညီအငယ်တစ်ယောက်မှာ တရုတ်မြို့ဝန် ဦးဘွားဟူ၏။ မြင်ကွန်း မြင်းခုံတိုင်တို့ ငယ်ဆရာဖြစ်သည်။ ၎င်းမင်းသားများအထတွင် မြင်ကွန်းမင်းသားတို့အတွက် ဓားပြတိုက် ငွေရှာ ပေးရလေသည်။ ထိုအချက်ကို နေပြည်တော်က သိလေ၍ ဦးဘွား ရာထူးကျလေသည်။ ကျွန်ယုံ၏ သစ္စာကြီးမှုကြောင့် အမှုမထင်ရှား၍ လည်းကောင်း၊ မင်းတုန်းမင်းကဲ့သို့ သိမ်မွေ့သော မင်းလက်ထက်ဖြစ်၍ လည်းကောင်း အသက်ချမ်းသာရာ ရလေသည်။ နာမည်ကျော် ဦးမင်းရောင်(ဗိုလ်လရောင်)မှာ ကျွန်တော်တို့ ဘေးကတော်၏ တူတော်သည်။ ဦးမင်းရောင်ကား လက်ရုံးအားကိုး ဖြစ်သည်။ အမိုက်ဆုံးဆိုသူများကို တပည့်လုပ်ထားသည်။
၎င်း၏ တပည့်တစ်ယောက် (နာမည်ကား မမှတ်မိ)သည် ဇာတ်ပွဲများတွင် လူပြက်ပြက်သည့်အခါ အများရယ်တုန်း မရယ်။ အများရယ်ပြီးမှ တစ်ယောက်တည်း ကျယ်လောင်စွာ အကြာကြီး ရယ်တတ်သည်ဟု သိရသည်။ ဤကဲ့သို့ အရွဲ့တိုက်ရယ်သည်ကို ဗိုလ်လရောင်တွေ့၍ အားရကာ ဆုချလေတော့သည်။ တစ်ခါလည်း ၎င်း၏တပည့်နှင့် ၎င်း၏ညီ သုံးမြို့ဝန် ဦးမင်းမောင်၏ တပည့်တို့သည် ၎င်းတို့၏ဘွားအေ မယ်တော်ပျံတွင် လက်ဝှေ့ထိုးကြသည်။ ဦးမင်းရောင်၏ တပည့်ရှုံးသည်။ ညီဖြစ်သူ ဦးမင်းမောင်က မိမိ၏ တပည့်နိုင်သဖြင့် ပဝါတစ်ပိုင်း ဆုချလေသည်။ ထိုအခါ ဗိုလ်လရောင်က မခံချင်၍ မိမိတပည့်ကို ရှုံးလျက်နှင့်ပင် ပုဆိုးတစ်ထည် ဆုချလေသည်။ တစ်ခါလည်း ကြက်သားစားလို၍ ဦးမင်းမောင်အား ကြက်အသတ်ခိုင်းလေသည်။ ဦးမင်းမောင်ကား ဗိုလ်လရောင်နှင့်မတူ။ လူပျော့ဖြစ်လေသည်။ စောင်းတီး၊ သီးချင်းဆိုတော်သည်။ စကားပြော ချိုသာသည်။ အထက်လူကြီးများ၏ အချစ်တော်တစ်ဦးဟု သိရသည်။ ဦးမင်းမောင် ကြက်မသတ်နိုင်။ ထို့ကြောင့် ဗိုလ်လရောင်က သူကိုယ်တိုင်သတ်၍ ချက်စားလေသည်။ ပိုသည့်ဟင်းကို ညီအားမကျွေး ပစ်သောဟူ၏။ ဤကား ကျွန်တော်၏ အမျိုးအနွယ်အကြောင်း သိသမျှပင်တည်း။
3 comments
bigbird
March 16, 2011 at 8:51 am
အခုလို ကျကျနန သိခွင့်ရတဲ့အတွက် အာဂ ကို အများကြီးကျေးဇူးတင်ပါတယ်။
ဖက်လေ..လွမ်းလေ..လွမ်းလိုမပြေနိုင်ပါဘူး။
R Ga
March 16, 2011 at 12:04 pm
ဖတ်ရှုတဲ့ ငှက်ကြီးကိုလည်းကျေးဇူးတင်ပါတယ်။ ကျွန်တော်အာသီသကတော့ လူများများကို ဗိုလ်ချုပ်ရဲ့ အကြောင်းတွေကိုဖတ်စေချင်ပါတယ်။ သိလည်းသိစေချင်ပါတယ်။
Toungoo Thar
November 2, 2011 at 1:10 am
Thanks a lot.