ရတနာ (၁)

ashinindakaMarch 26, 20111min21625

ရခဲတဲ့ မြတ်နိုးဖွယ်ကောင်းတဲ့ တန်ဘိုးရှိတဲ့အရာကို ရတနာတဲ့။
ရခဲမှ ရတနာ၊ သိခဲမှ ပညာဆိုတဲ့ မြန်မာအဆိုအမိန့်က
ရတနာဆိုတဲ့အဓိပ္ပါယ်ကို ထင်လင်းစေတယ်။
စိန် ရွှေ ငွေ ကျောက်သံ ပတ္တမြား စတာတွေဟာ
လွယ်လွယ်ကူကူနဲ့ မရနိုင်လို့ ရဘို့ရန် ရခဲလို့ ရတနာပစ္စည်းလို့ ခေါ်ကြတယ်။

ဒါ့ကြောင့် ဗမာလူမျိုးတစ်ယောက်ယောက်ကို
ရတနာ လို့ ပြောလိုက်တာနဲ့ သူတို့ရဲ့ အတွေးအာရုံထဲမှာ
စိန် ရွှေ ငွေ ကျောက်သံ ပတ္တမြားတွေ မြင်ရောင်လာတော့တာဘဲ။

ရတနာနဲ့ပတ်သက်လို
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀ဝ ဝန်းကျင် အိန္ဒိယနိုင်ငံ
ဝေသာလီတဝိုက်က ကုလားတွေ ဆွေးနွေးခဲ့ဘူးတယ်။

သူတို့ဆွေးနွေးတာက
ရခဲတဲ့ မြတ်နိုးဖွယ်ကောင်းတဲ့ တန်ဘိုးရှိတဲ့ ရတနာငါးမျိုးရှိတယ်တဲ့။

နံပါတ် (၁) က ဆင်ရတနာ
ရတနာ ဆိုတာက ရခဲတာ၊ မြတ်နိုးဖွယ်ရှိတာ၊ တန်ဘိုးကြီးတာ။
ဆင်ရတနာ ဆိုတော့ တန်ဘိုးကြီးတဲ့ဆင်။
ရိုးရိုးဆင်မဟုတ်ဘူး။ တော်တဲ့ ကောင်းတဲ့ဆင်။
ရှေးတုန်းက စစ်တိုက်ရာမှာ တော်တဲ့ တတ်တဲ့ စစ်ရေးကျွမ်းကျင်ပါးနပ်တဲ့
တန်ဘိုးကြီးတဲ့ဆင် လိုအပ်မှာအမှန်ပဲ။
ဒီလိုဆင်မျိုးက ရခဲလို့ ဆင်ရတနာလို့ ကုလားတွေ ပြောကြတာနေမှာ။

နံပါတ် (၂) က မြင်းရတနာတဲ့။ ဆင်ရတနာနဲ့ သဘောသွား အတူတူပါဘဲ။

နံတ် (၃) ရတနာကတော့
ဗမာလူမျိုးတွေ ရခဲတယ်၊ မြတ်နိုးဖွယ်ဖြစ်တယ်၊ တန်ဘိုးကြီးတယ်လို့ယူဆထားတဲ့
ရွှေ ငွေ ကျောက်သံ ပတ္တမြားတွေပါဘဲ။ ရှင်းပြဖွယ်မလိုတော့ဘူး။

နံပါတ် (၄) ရတနာက မိန်းမတဲ့။ မိန်းမရတနာပေါ့။
မိန်းမကလည်း ရိုးရိုးမိန်းမတော့ မဟုတ်ဘူး။
လွယ်လွယ်ကူကူနဲ့ ရတဲ့မိန်းမ မဟုတ်ဘူး။
ရခဲတဲ့မိန်းမ။ မိန်းမရတနာ။

နောက်ဆုံး နံပါတ် (၅) ရတနာက သူဌေးရတနာတဲ့။
ငွေချမ်းသာ၊ ရွှေချမ်းသာတဲ့သူကိုလည်း
သူဌေးရတနာလို့ ကုလားတွေက ပြောတယ်။

ဒါတွေက ကုလားတွေ စားပွဲဝိုင်းထိုင် ခေါင်းချင်းဆိုင် ဆွေးနွေးပြီး သတ်မှတ်ထားတဲ့ရတနာငါးမျိုးပဲ။

ဒီရတနာငါးမျိုးထဲမှာ ဆင်ရတနာဆိုတာ သူ့ခေတ်သူ့အခါက လိုအပ်နေတော့
ကောင်းပေ့ညွန့်ပေ့ တော်ပေ့တတ်ပေ့ဆိုတဲ့ ဆင်ကို
ရတနာဆိုတဲ့စကားလုံးနဲ့တွဲပြီး ဆင်ရတနာလို့ ခေါ်တာ နားလည်လို့ရပါတယ်။
မြင်းရတနာလည်း ထို့အတူပဲ။
ရေ ွှငွေ ကျောက်သံ ပတ္တမြားတွေကလည်း တန်ဘိုးရှိတော့ ရတနာတွေပေါ့။
နောက်ဆုံး ပိုက်ဆံချမ်းသာတဲ့သူဌေးသူကြွယ်ကို
ရတနာနဲ့တွဲပြီး သူဌေးရတနာလို့ခေါ်တာလည်း နားလည်လို့ရပါတယ်။

ဘာပြုလို့ မိန်းမကို ရတနာ (မိန်းမရတနာ) လို့ ကုလားတွေ သတ်မှတ်ကြတယ် မသိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊ ဒီငါးမျိုးကို ရတနာငါးမျိုးလို့
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀ဝ က အိန္ဒိယဒေသက ကုလားတွေ သတ်မှတ်ခဲ့ကြတယ်။

အရာဝတ္ထုတစ်ခုကို ဒီလိုမျိုး သတ်မှတ်ပြဌာန်းတဲ့နေရာမှာ
(၁) အချိန်ကာလ အရ
(၂) အရပ်ဒေသ အရ
မတူညီနိုင်ဘူး။ ကွဲပြားနိုင်တယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀ဝ ကျော်က ကုလားတွေက
တန်ဘိုးကြီး ဆင်၊ မြင်းတွေကို ရတနာလို့ သတ်မှတ်ခဲ့ပေမဲ့
ဒီနေ့ခေတ် ၂၁ ရာစု ကုလားတွေ သတ်မှတ်နိုင်မယ် မထင်တော့ဘူး။
ဆင်တွေ မြင်းတွေဟာ ဟိုတုန်းက စစ်တိုက်ဖို့ ခရီးသွားဖို့ အသုံးဝင်ချင် ဝင်မယ်။
ဒီနေ့က ဆင်တွေနဲ့ မြင်းတွေနဲ့ ခရီးသွားရတဲ့ခေတ်လည်း မဟုတ်တော့ဘူး။

ထို့အတူပဲ။
အင်မတန်ကိုယ်လုံးကိုယ်ပေါက်ပြေပြစ်ချောမောလှပတဲ့ မိန်းမကို
သူတို့ခေတ် သူတို့အခါက မိန်းမရတနာလို့ ပြောပေမဲ့
ဒီနေ့ခေတ်တော့ ဟုတ်ချင်မှ ဟုတ်တော့မှာ။။

အဲ့ဒီခေတ် တစ်ချိန်တည်းကတောင်မှ
ဆင်၊ မြင်း၊ မိန်းမ စတာတွေကို ကုလားတွေက ရတနာစာရင်းထဲ ထည့်ထားပေမဲ့
တရုတ်တွေက ထည့်ချင်မှ ထည့်မှာ။

အရပ်ဒေသမတူရင် တန်ဘိုးထားမှုလည်း ကွဲပြားနိုင်တယ်။

ဒါနဲ့စပ်လို့ သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံရောက်တုန်းက
အဖြစ်အပျက်လေးကို သတိရမိတယ်။

ဘုန်းကြီးတွေအနေနဲ့ လိုက်နာကျင့်သုံးရမဲ့ဝိနည်းသီလသိက္ခာပုဒ်က ၂၂ရ ခုရှိတယ်။
အဲ့ထဲမှာ သင်္ကန်းကို အဝန်းညီစွာ (ညီညီညာညာ) ဝတ်ရုံရမည် ဆိုတဲ့
သီလသိက္ခာပုဒ်ပါတယ်။
ဒီသီလသိက္ခာပုဒ်နဲ့ပတ်သက်ပြီး မြန်မာပြည်က ဆရာတော်သံဃာတော်အများစု
လက်ခံကျင့်သုံးတာက
သင်းပိုင်လို့ခေါ်တဲ့ အောက်ပိုင်းဝတ် အောက်ခံဝတ်သင်္ကန်းကို
ဒူးအောက်လက်ရှစ်သစ်ထားပြီး ဝိုင်းဝန်းညီညာအောင်ပြုလုပ်ကာ ဝတ်ဆင်ရမည်။
ဧကသီသင်္ကန်းလို့ခေါ်တဲ့ အပေါ်ရုံသင်္ကန်းကို ဒူးအောက် လက်လေးသစ်ထားပြီး
ဝိုင်းဝန်းညီညာအောင်ပြုလုပ်ကာ ဝတ်ဆင်ရမည် တဲ့။

သီဟိုဠ်နိုင်ငံရောက်လို့ သီဟိုဠ်သံဃာတော်များကို ကြည့်လိုက်တော့
မြို့ထဲသွားတဲ့အခါမှာဖြစ်စေ၊ ကျောင်းတွင်း နေနေတဲ့အခါမှာဖြစ်စေ
သူတို့ရဲ့သင်္ကန်းက ခြေမျက်စိ ဖုံးတဲ့အထိ ချဝတ်လေ့ရှိတယ်။

ဒါကို ဝိနည်းနဲ့အညီ
ဒူးအောက် လက်ရှစ်သစ်၊ လက်လေးသစ် ညီညီညာညာဝတ်ဖို့
သီဟိုဠ်ကုလားဦးဇင်းတစ်ပါးကို ပြောကြည့်တယ်။

သူက
ဗမာဘုန်းကြီးတွေ သင်္ကန်းဝတ်တာ တိုလွန်းကြောင်း၊
တိုနှံ့နှံ့ မဝတ်သင့်ကြောင်း၊ ခြေသလုံးသားပေါ်အောင် မဝတ်သင့်ကြောင်း၊
ခြေမျက်စိဖုံးမိအောင် ဝတ်သင့်ကြောင်း၊
ဒါမှ ဝိနည်းနဲ့ညီကြောင်း၊
ခြေသလုံးသားပေါ်နေရင် မိန်းမကလေးတွေမြင်တဲ့အခါ
ရာဂစိတ်ထကြွနိုင်ကြောင်း၊ sexy ဖြစ်ကြောင်း ပြန်ပြောပါတော့တယ်။
ဒါလဲ ဟုတ်ပေသားပဲ။

သူတို့နိုင်ငံက ကုလားမတွေက ယောက်ကျားသားတွေရဲ့ ခြေသလုံးသားမြင်ရင်
လိင်ကိစ္စထကြွတယ်ဆိုဘဲ။
သူ့အလိုအရ သူ့နိုင်ငံစိတ်စရိုက်အရ
သူတို့နိုင်ငံကို သွားပြီး ပညာသင်တဲ့ မြန်မာရဟန်းတော်များ
သင်္ကန်းဝတ်တဲ့အခါ ဒူးအောက် လက်ရှစ်သစ်၊ လက်လေးသစ်မက
ခြေမျက်စိဖုံးအုပ်သည်အထိဝတ်သင့်ပါတယ်။
ခြေသလုံးသား လုံခြုံအောင် ဖုံးအုပ်ထားသင့်ပါတယ်။

ဟိုတလောက အမေရိကရောက်မြန်မာရဟန်းတော်များ
ကားကို ကိုယ်တိုင်မောင်းပြီး ကြွချီနေတာ အာပတ်သင့်၊ မသင့် မေးပါတယ်။
ကားကိုယ်တိုင်မောင်းသွားသောရဟန်း အာပတ်အပြစ်သင့်စေ လို့
ဘုရားရှင် ဥပဒေမထုတ်ခဲ့ပါဘူး။ ဘုရားရှင်လက်ထက် ကားမှ မရှိသေးတာ။

အဲ ဒါပေမဲ့
ဝိနည်းသဘောက မကြည်ညိုသေးတဲ့သူ ကြည်ညိုအောင်၊
ကြည်ညိုပြီးသားသူ ပိုပြီးကြည်ညိုအောင် ကျင့်ဆောင်ရမှာ။

နောက်ပြီးတော့
ဘုရားရှင်ရဲ့ ဝိနည်းတော်ဥပဒေတွေကို ပညတ်ရခြင်းရဲ့ ရည်ရွယ်ချက်က
ရဟန်းတော်များအနေနဲ့ မိမိတို့မှီခိုပြီးနေနေတဲ့ လူ့အဖွဲ့အစည်းက လက်မခံတဲ့အပြုအမူမျိုးကို
မလုပ်ရပါဘူး။ မလုပ်သင့်ပါဘူး ရှောင်ကြဉ်ရပါမယ်။

ဆိုတော့
ရဟန်းတော်များ မှီခိုနေတဲ့ အမေရိကမှာရောက်နေတဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းက
ရဟန်းတော်များ ကားမောင်းတာကို အပြစ်မမြင်ဘူး၊ အပြစ်လို့ မယူဆဘူး၊
အကြည်ညိုမပျက်ဘူးဆိုရင်
ရဟန်းတော်များ ကားမောင်းတာ ပြဿနာမဟုတ်ပါဘူး။

မြန်မာပြည်မှာတော့ ရဟန်းတော်များ ကားကို ကိုယ်တိုင်မောင်းရင်
နှာခေါင်း ရှုံ့ကြတယ်။ အပြစ်မြင်ကြတယ်။ မကြည်ညိုဘူး။
ဒီတော့ မြန်မာနိုင်ငံက ရဟန်းတော်များအနေနဲ့
(လောလောဆယ်) ကားကိုယ်တိုင်မမောင်းသင့်သေးပါဘူး။

ချုပ်လိုက်ရင်
ရဟန်းတော်များအနေနဲ့ ကိုယ်မှီခိုနေတဲ့အဖွဲ့အစည်း အသိုင်းအဝန်း
အကြည်ညိုပျက်အောင် အမြင်ကပ်အောင် မနေနဲ့။
ဆွမ်းငတ်တတ်တယ် လို့ နားလည်မိပါတယ်။

25 comments

  • ဆူး

    March 26, 2011 at 3:22 pm

    ဆရာတော် များ လေယာဉ် မောင်းသင့်ပါတယ် ဘုရား..
    တနယ် တနယ် ဆွမ်းခံကြွရင် မပင်ပန်း.. ရပ်ဝေး ရပ်နီး အချိန်မလင့် နေ့မွမ်းမတည့်ခင် ကြွနိင်အောင်ပါ ဘုရား။
    ဟိုးအရင်တုန်းက ရဟန်းသံဃာများ ဈန် အဘိဉာဉ်တွေ ရပြီး ကောင်းကင်မှာ နေပြောက်မထိုးအောင် ကြွနိုင်ပေမဲ့ ယခု ခေတ်ကာလာ ပင်ကိုယ် အစွမ်းအစနဲ့ ပျံနိုင်မဲ့ ရဟန်းများ နည်းပါးသွားတဲ့ အတွက် ရုပ်ပစ္စည်း အားကိုးသင့်ပါတယ်ဘုရား။

    • ashinindaka

      March 26, 2011 at 10:50 pm

      ဒကာမဆူး၊ ဒီလိုပြော (ရေး) လိမ့်မယ်လို့ ထင်သားပဲ။ 🙂

  • ဆူး

    March 26, 2011 at 3:27 pm

    မေ့သွားလို့..
    မှတ်ချက်။။။
    ရဟန်း သံဃာများ အလျောက်ကောင်းတဲ့ ဒကာနဲ့ တွေ့ရင် အများကြီး သက်သာရာ ရကြောင်း ကြားဘူးနားဝ ရှိလို့ လျောက်ထားခြင်း ဖြစ်ပါကြောင်းဘုရား။

  • kai

    March 26, 2011 at 10:35 pm

    ဝိနည်းနဲ့ပါတ်သက်လို့.. သံဃာတွေညီညွတ်ရင် ..ပြင်လို့ရတယ်လို့ ဘုရားရှင်ခွင့်ပေးခဲ့တယ်..မှတ်ဖူးပါတယ်..။
    အဲဒါကြောင့်… မြန်မာရဟန်းတော်များအတွက်ဆို… မြန်မာသံဃာတွေပေါင်းစုထားတဲ့ အစုဖွဲ့ကနေပြီး ..သေသေချာချာ လေ့လာပြီး.. ဝိနည်းတွေ(ခေတ်နဲ့လျှော်ညီအောင်)ပြင်ပေးသင့်တယ် ထင်မိတာပါပဲဘုရာ့..။

    ရဟန်းကားမောင်းနိုင်ဖို့နဲ့.. ငွေကြေး(ဝတ္တု)ကိုင်တွယ်ပြီး.. ငွေကြေးစီမံခွင့်ရဖို့ဟာ ဗုဒ္ဓသာသနာပြန့်ပွားရေးမှာ .. အင်မတန်အရေးကြီးတဲ့ ကိစ္စတခုလို့ ထင်မိပါတယ်..။
    ဒါတွေလုပ်ရင်ဝိနည်းမညီဘူးလိုဖြစ်နေတာဟာ..ရဟန်းတွေ ကမ္ဘာအနှံ ့ဗုဒ္ဓသာသနာပြုရာမှာ အခက်အခဲလည်းကြီးစွာဖြစ်စေလို့ပါ..။

    အမေရိကား-လေ့ာစ်အိန်ဂျလိစ့်လိုနေရာမျိုးမှာ … ကားမမောင်းနိုင်ရင် ဆွမ်းကိစ္စ၊ တရားဓမ္မပြဖို့ကိစ္စတွေဖြစ်နိုင်တော့မှာကိုမဟုတ်ပဲ.. ငွေကြေးကို စီမံခွင့်မရရင်တော့ .. ကမ္ဘာအနှံ့..ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာကို.. အမြတ်ခွန်၊ ကျောင်းပိုင်ဆိုင်မှု၊ ဘဏ်စံနစ်၊ အကြွေးစံနစ်.. စတဲ့ကိစ္စတွေ လုပ်လို့မရဘူးဖြစ်နေလို့ပါ..။

    ဒါကို တပည့်တော်လည်း ..အားရင်အားသလို သေသေချာချာလေ့လာနေပါတယ်..။
    တချိန်ချိန်မှာ.. အမေရိကားမှာ .. ထိထိရောက်ရောက်.. ဗုဒ္ဓသာသနာပြုနိုင်တဲ့ အခြေအနေတခုကို ဖန်တီးနိုင်ဖို့ပါ..။

    • ashinindaka

      March 26, 2011 at 10:46 pm

      ဒဲ့ဒိုးမရေးချင်လို့ အရိပ်အမြွက် အနည်းငယ် ရေးလိုက်တာပါ။

      • kai

        March 26, 2011 at 11:51 pm

        သံဃာတွေဟာ.. တိုက်ရိုက်ငွေကြေးစီမံခွင့်ကို ဝိနည်းအရရှောင်ရတော့ .. ဂေါပကအဖွဲ ့နဲ့.. ငွေအလှူများသူတွေရဲ့ လွှမ်းမိုးမှုအောက်ရောက်ပြီး .. ရှုပ်ထွေးလှတဲ့လူတွေရဲ့ လူမှုဆက်ဆံရေးတွေမှာပါ ပါဝင်ပါတ်သက်ရပါတော့တယ်..။

        အလှူငွေနဲ့ပါတ်သက်တဲ့..အခွန်ကင်းလွတ်ခွင့်… အမြတ်ခွန်ပေးရတာတွေမှာလည်း.. စံနစ်တကျမရှိတော့ပဲ.. ရှုပ်ထွေးကုန်တာမို ့.. အလှူရှင်တွေ..ပံ့ပိုးမယ့်သူတွေလည်း .. လက်ရှောင်တာတွေ ရှိလာပါတယ်..။

        သာသနာပြုရာမှာ ..အခက်အခဲတွေတော်တော်ဖြစ်ပါတယ်..။
        အဲဒါ.. သံဃာ့မဟာနာယကအဖွဲ ့ကို .. နိုင်ငံခြားက မြန်မာတွေ-လူတွေစုပြီး စာတင်ရှင်းပြရင်ရောဖြစ်နိုင်သလား ဘုရာ့..။

    • Foreign Resident

      March 29, 2011 at 8:55 am

      Haa Haa Haa
      This is the first time ( so far, I know ),
      Thu Gyee ( Kai )’s comment was hidden due to low comment rating.
      Anyway, congratulate to those who dare to dis-like “Thu Gyee”
      Just make a joke naw.
      Please, don’t angry “Thu Gyee”

  • ashinindaka

    March 27, 2011 at 12:09 am

    မဖြစ်နိုင်ဘူး။ လောလောဆယ်အနေအထားအရ သံဃာ့နာယကအဖွဲ့သည် သံဃာအတွက် ဗုဒ္ဓဘာသာအတွက် အားကိုးရလောက်သော အမြင်ကျယ်သောအဖွဲ့အစည်း မဟုတ်သေးပါ။

  • bigcat

    March 27, 2011 at 12:50 am

    အရှင်ဘုရား….
    မြို့နေရဟန်းတော်များ ခေတ်နှင့်လျော်ညီစွာ ပြောင်းလဲနေထိုင်ရမယ်ဆိုတာ လက်ခံပါသည်။ သို့သော် လူနဲ့ပိုတူလာမှာကိုတော့ စိုးကြောက်ပါသည်။
    ဝိနည်းအပြောင်းအလဲ ကြီးကြီးမားမား ဥပမာ ငွေကြေးကိုင်ခွင့်သည် သံဃာများအတွက် အလွန်အန္တရာယ်များသည်။ အလားတူကိစ္စ များလာပါက လူအရိုအသေတန်မည်ကို စိုးရိမ်ပါသည်။ မဟာစည်ရိပ်သာကဲ့သို့ အုပ်ချုပ်ရေး၊ ပိုင်ဆိုင်ခွင့်တို့ကို ဂေါပကအဖွဲ့နှင့် တွဲဖက်ဆောင်ရွက်သော ဘုန်းကြီးကျောင်းအုပ်ချုပ်ရေး စနစ်သစ်ကို အားကောင်းအောင် ဆောင်ရွက်သင့်သည်။ ယင်းသို့ဆောင်ရွက်နိုင်ရန် မိမိတို့ယခု ပိုင်ဆိုင်ထားသော အခွင့်အာဏာ ရပိုင်ခွင့်များကို စွန့်လွှတ်ရဲသည့် သတ္တိရှိရမည်။ ကျောင်းထောင်ခါစတွင် အဆင်သင့်မဖြစ်သေးလည်း နောင်တချိန်တွင် လွှဲအပ်ရန် ပြင်ဆင်ထားသင့်သည်။ (အမေရိကန်ဥပဒေအရ ဘာသာရေး အလှူအတန်းများသည် ကျောင်းထိုင်ဘုန်းကြီး၏ ပုဂ္ဂလိက ပိုင်ဆိုင်မှု မဖြစ်ရ၊ ဘဏ္ဍာရေးကိစ္စများကို လူဝတ်ကြောင်အဖွဲ့မှ ဆောင်ရွက်ရသည်။)
    ပြောင်းလဲခြင်း သင်္ခါရသဘောအရ လူများ ခေတ်ပညာ ပိုတတ်လာသည်၊ တချိန်ထဲတွင် ဓမ္မစာပေများ၊ အကျင့်သိက္ခာများ အားနည်းလာသည်။ အကျိုးဆက်အားဖြင့် ပါဠိစာ ဘုရားစာ နှံ့စပ်တိုင်း လူဝတ်ကြောင်များ ဘုန်းကြီးများအပေါ် လေးစားသမှု ရှေးကလို မဖြစ်တော့။ လူအများ မာန်တက်လာသလောက် ဘုန်းကြီးများ ဘုန်းကျလာသည်။ ဘုန်ကြီးများတော်လျင် လူအများ လာရောက်ဖူးမျှော်ရပါသည်။ ပြောင်းပြန်ပြောလျင်တော့ လိုက်ခေါ်ရပါသည်။ အကျင့်စရဏကောင်းလျင် ကားမောင်းမောင်းမောင်း ဒုံးပျံစီးစီးမစီးစီး ပြသနာမကြီးပါ။ ရှင်းလို့ရနိုင်ပါသည်။ သဂျီးရဲ့ reverse engineering နှင့်တွေးလျင်တော့ ရုပ်ဝတ္ထုများနှင့် သိပ်နီးစပ်လွန်းလျင် သီလ သမာဓိ အားနည်းတတ်ပါသည်။ ဒါကြောင့် လူအများကို လိုက်ခေါ်မည့်အစား လာဖူးမျှော်ကြအောင် လူဝတ်ကြောင်များ လိုက်မတုနိုင်သော ဘုရားပညတ်ထားသည့် အကျင့်စရဏပိုင်း မြှင့်တင့်ရန် ပဓါနကျကြောင်း ရိုသေစွာ လျောက်ထားပါသည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 27, 2011 at 6:14 am

    ဟုတ်တော်မူပါတယ်ဘုရား
    ဘဒ္ဒန္တ ကိုကိုကြောင် အမိန် ့ရှိတာကိုပါ
    ပုဂ္ဂိုလ်ဒေသတော့ ခွဲသင့်မယ်ထင်ပါတယ်
    ဥပမာ အကြောင်းကြောင်းကြောင့် ကိုယ်တော်တွေ ကားမောင်းလို ့ရတယ်ဆိုပြီး လုပ်လိုက်ရင်
    အစဉ်လာ တစ်ခုလို ကိုယ်တော်လေးတွေလည်း ဆွမ်းခံရင် ဆိုင်ကယ်တွေ
    ဘိုင်စကယ်တွေနဲ ့မဖြစ်သွားဘူးလို ့မပြောနိုင်ပါဘူး
    ယနေ ့တောင်မှ တစ်ချို ့ ကြေးလက်တွေမှာ
    ဘုန်းကြီးတွေ ကအကြောင်းရှိရင် ( ဘာအကြောင်းလည်းမသိပါ ) ဆိုင်ကယ်နဲ ့ဒိုးပါတယ်
    ဆွမ်းကွမ်းကိစ္စတွေကို ဖုန်းတွေနဲ ့တော်ကီပွားကြပါတယ်
    ဝိနည်းမှာတော့ မရှိဘူး ဒါကိုတော့ ကိုယ့်စိတ်ကမဖြစ်ရင်ပြီးတာဘဲဆိုပြီး
    ခပ်တည်တည်နဲ ့လုပ်လာတာကိုမြင်ရပါတယ်
    စာပေတွေကို ကောင်းကောင်းတတ်မြောက်လာပြီ ဖြစ်ပေမယ့်
    ကိုယ့်ရဲ ့ရဟန်းကိစ္စကို ပြီးအောင်မလုပ်သေးဘဲ အခြားသူတွေကို
    သာသနာပြန် ့ပွားရေးလိုက်လုပ်နေတဲ့ ဆရာတော်တွေလည်းရှိပါတယ်
    ဝေဖန်ဘို ့တော့ တော်တော် အလိုမရှိပါ
    ပြောရလျှင်တော့ အများကြီးပါဘုရား

    • ashinindaka

      March 27, 2011 at 12:34 pm

      အကောင်းဆုံးကို စဉ်းစားဒကာပု

  • zaw min

    March 27, 2011 at 1:40 pm

    အတ္တာ ဟိ အတ္တနော နာထော၊ကော ဟိ နာထော ပရော သိယာ။
    အတ္တနာ ဟိ သုဒန္တေန၊နာထံ လဘတိ ဒုလ္လဘံ။
    ရခဲလှသောလူ့ဘဝ၊ကြုံခဲလှသော သာသနာ၊နာခဲလှသော တရား။ဤမျှဖြင့် မိမိကိုယ်မိမိ အဖိုးထိုက်လှသော ရတနာကိုပိုင်ဆိုင်ပါလျှက် ဆက်၍သာမိုက်တွင်းနက်မိပါလျှင် ကျီးမိုက်နှင့်ကြီးမိုက် ဇတ်အတိုင်းသာဇတ်သိမ်းရဖွယ်ရှိပါလေတော့သည်။

  • ဆူး

    March 28, 2011 at 3:59 pm

    ဦးကြောင်ကြီးနဲ့ ဘကြီးပု တို့ ကွန်မန်းများကို ဆူး သဘောကျတယ်။
    ဘုန်းကြီးကို ဘုန်းကြီးလိုနေ ဆိုပြီး ဂျောင်ထိုးချင်တဲ့ စိတ်ရှိလို့ မဟုတ်ပါဘူး။
    တရားက လူကို စောင့်ပါတယ်။ လူက တရားစောင့်မယ်ဆိုရင်…..
    ရဟန်းသံဃာများ ဆွမ်းခံကြွရင်တောင် ဖိနပ်မပါ ခြေဗလာနဲ့ နေပူကျဲတဲ ကြွရပါတယ်။
    ကြည့်ပြီး ပိုပြီး ကြည်ညိုမိပါတယ်။ အဘယ်ကြောင့်ဆိုသော်.. သာသနာမှာနေတာ ပင်ပန်းလှပါလားဆိုတဲ့ အတွေးနဲ့ သံဃာများကို စာနာမိပါတယ်။
    ဝိနည်းထိုသော ရဟန်း တပါးအား သွားစရာ စီးတော်ယာဉ် အနေနဲ့ အကြောင့် မေးမြန်းဘူးပါတယ်။
    ကျွဲ နွား ဆင် စတဲ့ တိရိစာ္ဆန်များ မစီးအပ်ဘူးလို့ မှတ်သားမိပါတယ်။ အဘယ်ကြောင့်ဆိုသော်.. ထို သတ္တဝါများ အလိုဆန္ဒမရှိဘဲ တဦးတယောက်ရဲ့ ဆန္ဒကို လိုက်၍ ပို့ဆောင်ရသည့် အတွက် အာပတ်သင့်တယ်လို့ ကြားဖူးနားဝ ရှိပါတယ်။ ဆိုက်ကားကော လို့ မေးတဲ့ အခါမှာလည်း လိုက်ပို့ပေးတဲ့ လူရဲ့ စိတ်စေတနာ ကို ကြည့်ပြီး ညှင်းဆဲသလို မဖြစ်ရင် စီးအပ်ပါတယ်လို့ ပြောတာ ကြားဖူးပါတယ်။ တခြား ကား ဆိုင်ကယ် လေယာဉ်ပျံ စတာတွေကတော့ စက်ဖြစ်တဲ့ အတွက် လွတ်လပ်စွာ စီးနိုင်တယ်လို့လည်း ကြားဖူးပါတယ်။
    ဝေဖန်သလို ဖြစ်သွားရင် ခွင့်လွတ်ပါ။ နိုင်ငံခြားမှာ နေတဲ့ ရဟန်းလည်း ဖြစ် ငယ်ရွယ်တဲ့ ရဟန်းလည်းဖြစ် ခေတ်နဲ့ လျှော်ညီတဲ့ အသုံးအဆောင် တွေ ပညာတွေ သိဖူး သင်ဖူး အသိပညာ ဗဟုသုတ ကြွယ်ဝ တဲ့ ရဟန်း ဖြစ်နေတဲ့ အတွက် အရှင်ဘုရား အတွေးနဲ့ အရေးပိုင်းတွေက ဝိနည်း စည်းကမ်း တွေ အလိုမကျတဲ့ ပုံစံမျိုး ဖြစ်နေတာရှိတယ်လို့ ဖတ်မိတဲ့ စာတွေမှာ ခံစားမိပါတယ်။ မှားရင်တော့ ခွင့်လွတ်ပါ။ အရှင်ဘုရား ဝတ်ရုံထားတဲ့ သင်္ကန်းကို လေးစားသော အားဖြင့် ရိုသေလေးစားစွာ လျောက်ပါတယ်။ ဉာဏ်ရည် ပြည့်ဝလို့ ပညာတွေ များစွာ တတ်မြောက်တယ် ဆိုတာ ယုံကြည်ပါတယ် အရှင်ဘုရား တရားများများ အားထုတ်ပြီး အနှစ်ကော အကာကော ပြည့်စုံတဲ့ ရဟန်းတပါးဖြစ်အောင် အရင်ပြုလုပ်သင့်တယ်လို့ မြင်မိပါတယ်။ သံဃာ့နာယက ဆိုတာ အစိုးရရဲ့ လက်သပ်မွေးထားတဲ့ ရဟန်းတွေဘဲ ဖြစ်ဖြစ် အစိုးရရဲ့ အမိန့်ကို မလွန်ဆန်နိုင်လို့ လိုက်ရောရသည်ပဲ ဖြစ်ဖြစ်ပါ။ ထိုသံဃာများ၏ အသက်အရွယ်အားဖြင့် ငယ်ရွယ်သူ မဟုတ်တဲ့ အပြင် ဝါ အားဖြင့် မငယ်မဲ့ ရဟန်းများ ဖြစ်သဖြင့် အခြေခံ ရိုသေ လေးစားမှုတော့ ရှိသင့်တယ်လို့ ယူဆပါတယ်။ ပုဂ္ဂိုလ်ရေး မည်သို့ပင် စိတ်မကျေနပ် ဖြစ်စေကာမူ သံဃာ ဟူသော ရတနာ အထဲ ပါဝင်တဲ့ အပြင် ဝါအားဖြင့် အရိုအသေ ပြုကောင်းတဲ့ ရဟန်းများ ဖြစ်ပါသည် ဘုရား။ အမှားပါရင် ခွင့်လွတ်ပါ။
    ဒီကွန်မန်းကို ရေးတာ အရှင်ဘုရားအား အရှက်ကွဲအောင် ပြောသလို ဖြစ်နေရင် သဘောမကျရင် ဖျက်လိုက်ပါဘုရား ဆူး က အရှင်ဘုရား သိအောင် ပြောချင်တဲ့ ဆန္ဒရှိတဲ့ အတွက် အရှင်ဘုရား သိရင် ရပါပြီ။
    လေယာဉ်မောင်း ပါလား ဆိုတာ ဆူး ရွဲ့ ပြောတာပါ။ စိတ်မရှိပါနဲ့.. အကာတွေ နဲ့ ပြည့်စုံပြီး အနှစ် မပြည့်စုံတဲ့ ရဟန်း ဘဝ က အနှစ်ပြည့်တဲ့ ရဟန်း ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ဘုရား။

    • ashinindaka

      March 29, 2011 at 12:57 am

      ဒီနေ့တင်လိုက်တဲ့ ပို့စ်ကို ဖတ်လိုက်ပါအုံး။ ဝိနည်းကို ဘာမှ အလိုမကျစရာမရှိဘူး။ ဒါမျိုးအတွေးအခေါ်ရှိတဲ့ ဆရာတော်ကြီးတွေ အများကြီး။ ဒီ Comment ကို ဘာမှ ဖျက်ပစ်စရာလဲ မလိုပါဘူး။ အချိန်က စကားပြောမှာပါ။ ဆိုလိုရင်းကို သဘောမပေါက်သေးရင် မပြည့်သေးရင် ဒီလိုပဲ ရေးတတ်ပါတယ်။

  • nature

    March 28, 2011 at 6:00 pm

    သာသနာ2500 ကျော်လာပြီဖြစ်လို့ဝိနည်းစည်းကမ်းလိုက်နာမှုလည်းတဖြေးဖြေး အားနည်းလာပြီဟုထင်မြင်မိပါသည်။

    • ashinindaka

      March 29, 2011 at 12:18 am

      ဒီပို့စ်ဟာ ရတနာ (၁) ပို့စ်ရဲ့ ဖြေရှင်းချက်ပါ။
      ရတနာ (၁) ကိုဖတ်ပြီးမှ ကားမောင်းတာတွေ ငွေကိုင်တာတွေနဲ့ပတ်သက်လို့
      အမျိုးမျိုးဝေဘန်လွန်းလို့ ပြန်လည်ရေးသားတင်ပြလိုက်ရတာပါ။
      ဗုဒ္ဓသာသနာတော်ကို ကြည့်တဲ့နေရာမှာ (ရတနာ ၁-) ပို့စ်ထဲမှာ ပါသလို
      အချိန်ကာလကိုလည်း ကြည့်ရပါမယ်။
      နေရာဒေသကိုလည်း ကြည့်ရပါမယ်။
      မြန်မာပြည်က ဘုန်းကြီးကိုသာ မြင်လို့ မရပါဘူး။
      မြန်မာပြည်က ဘုန်းကြီးလိုမျိုးပုံစံတွေ သီရိလင်္ကာမှာလည်း ရှိပါတယ်။
      ထိုင်းမှာလည်း ရှိပါတယ်။ အမေရိကမှာလည်း ရှိပါတယ်။
      ဟိုတလောက အမေရိကရောက်မြန်မာဘုန်းကြီးတစ်ပါး ပြောတာက
      “‘အမေရိကက ဒကာ ဒကာမတွေက
      ကားမမောင်းတတ်တဲ့ဘုန်းကြီး၊ ကားမရှိတဲ့ဘုန်းကြီးဆိုရင်
      ဆွမ်းစား ကွမ်းစား မပင့်လိုကြဘူး၊
      သူတို့ကလည်း အိမ်မှာ ဆွမ်းကပ်ဖို့ ဘုန်းကြီးကို ကြိုပို့ လုပ်မပေးနိုင်ဘူး။
      ဆိုတော့ ကြိုပို့လုပ်ပေးစရာ မလိုတဲ့ ကားလည်းရှိတဲ့ ကိုယ်တိုင်ကားလည်းမောင်းတတ်တဲ့ ဘုန်းကြီးကိုပဲ ဆွမ်းစား ကွမ်းစားပင့်ကြတာ” တဲ့။
      မလေးရှားနို်င်ငံမှာလည်း မြန်မာပြည်ကလို ဘုန်းကြီးတွေ ပေါမှပေါ။
      ဟိုတလောက ကထိန်ရာသီတုန်းက ပီနန်းကဘုန်းကြီးတွေကို ကွာလာလမ်ပူမှာရှိတဲ့ကျောင်းတစ်ကျောင်းက ကထိန်ပင့်တော့
      သူတို့ကားကို သူတို့ကိုယ်တိုင်မောင်းလာတာပဲ။
      ဒရိုက်ဘာမရှိဘူးလားလို့ မေးတော့ လခမပေးနိုင်လို့ မငှားနိုင်ဘူးလို့ပြောတယ်။
      ဆိုတော့ သင်္ကန်းဝတ်တုန်းကတော့ သံသရာဝတ်ဆင်းရဲမှ လွတ်မြောက်လိုလို့
      နိဗ္ဗာန်ကို လိုချင်လို့ဆိုပြီး ဝတ်လာကြတာပါဘဲ။
      ဒါပေမဲ့ မသိစိတ်ရဲ့နောက်မှာ ရည်ရွယ်ချက်တွေ ပြောင်းလဲသွားပါဘီ။
      ဒါ့ကြောင့်လည်း တောထဲသွားပြီး တရားမကျင့်ဘဲ
      အမေရိက၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်းစတဲ့နိုင်ငံတွေမှာ ခိုကပ်ပြီး သာသနာပြုဆိုတဲ့ခေါင်းစဉ်အောက်မှာ သီတင်းသုံးနေထိုင်နေကြတာပါ။
      ကိုယ့်နေရာမှာ မနေပဲ ကမ္ဘာအေးလိုနေရာမျိုးတွေမှာ ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင် ၊ အဖွဲ့ဝင်စတဲ့ရာထူးတွေကို ယူပြီး ငြိမ့်နေကြတာပါ။
      ဒါ ပြစ်မှားပြီး ပြောတာမဟုတ်ပါဘူး။
      အဖြစ်ကို မြင်သာအောင် ပြောပြတာပါ။
      ဒီလိုနေနေတဲ့သူတွေကိုလည်း အပြစ်တင်စရာ မလိုပါဘူး။
      နိဗ္ဗာန်ရောက်ဖို့မကျင့်ပေမဲ့ ပရဟိတစိတ်လေးတွေ မွေးမြုုကာ ရပ်ရွာတွေမှာ မူလတန်းကျောင်းလေးတွေ ဆောက်ပေးတဲ့၊ ဆေးခန်းလေးတွေ ဖွင့်ပေးတဲ့၊ စာကြည့်တိုက်လေးတွေ တည်ထောင်ပေးတဲ့ဘုန်းကြီးတွေ အများကြီးပါ။
      ဆိုလိုတာက ဘုန်းကြီးကိုတွေ့ရင်
      နိဗ္ဗာန်ကိုသွားဘို့ကျင့်နေသူ ဆိုတဲ့ပေတံတစ်ခုတည်းနဲ့ မတိုင်းတာဘို့ပါပဲ။
      တခါတရံမှာ အသိဉာဏ်ရှိတဲ့ပြည်သူပြည်သားက
      တိုးတက်ချင်လို့ လုပ်ချင်ကိုင်ချင်စိတ်ရှိပေမဲ့
      အစိုးရဆိုတာကြီးက ကြားကခံနေလို့
      အဆင်မပြေတာကို မဝေဘန်ရတော့ဘူးလား။
      ဘုန်းကြီးအဖွဲ့အစည်းလည်း အတူတူပါပဲ။
      စေတနာကောင်းဘို့လိုပါတယ်။
      ဒါကတော့ကောင်းတယ်၊ မှန်တယ်၊
      ဒါကတော့ မကောင်းဘူး၊မမှန်ဘူးလို့ပြောဘို့
      ဘုရားရှင်ကိုယ်တိုင်က တိုက်းတွန်းထားတာ ရှိပါတယ်။
      ငွေကိုင်တဲ့ကိစ္စလည် ဒီနေရာမှာ တခါတည်း ရှင်းလိုက်ပါရစေ။
      နိဗ္ဇာန်လိုချင်လို့ မြန်မာဘုန်းကြီးတွေ အမေရိကမှာ နေနေတာမဟုတ်ပါဘူး။
      မလေးရှားမှာ နေနေတာ မဟုတ်ပါဘူး။
      နိဗ္ဗာန်လိုချင်ရင် တောထွက်ရမှာပါ။ တောထဲမှာ နေရာမှာပါ။
      တောထွက်ပြီး တရားကျင့်နေတဲ့ ဝိနည်းလေးစားတဲ့
      ငွေမကိုင်တဲ့ဘုန်းကြီးတွေ အများကြီးပါ။
      အကြိမ်ကြိမ် ရှိခိုးထိုက်ပါတယ်။ ပူဇော်ထိုက်ပါတယ်။ လေးစားထိုက်ပါတယ်။
      ဒါက တစ်မျိုးပါ။
      နိဗ္ဗာန်မလိုချင်သေးပဲ ပရဟိတစိတ်ပေါက်နေတဲ့
      ကိုယ့်နိုင်ငံက လူမျိုးတွေ အဆင့်အတန်းကို မြှင့်ပေးလိုတဲ့ အမေရိကရောက်နေတဲ့ မြန်မာဘုန်းကြီးတစ်ပါးအနေနဲ့ ငွေလိုတယ်။ ငွေကိုယ်ရမယ်။
      ဒါကို အပြစ်လို့ဆိုမလား။ သူ့စေတနာက ကောင်းနေတာကိုး။
      ဝိနည်းအရတော့ ငွေကိုင်တဲ့ဘုန်းကြီး အာပတ်သင့်တယ်။
      ပိဋကတ်ဆိုတာ သုံးပုံရှိတယ်။
      ဝိနည်းတစ်ခုထဲကို ကြည့်လို့မရပါဘူး။
      ငွေကိုင်တဲ့ဘုန်းကြီး ဝိနည်းပိဋကအလို အာပတ်သင့်တယ်။
      မှန်ပါတယ်။
      ဒါပေမဲ့ အဘိဓမ္မပိဋကအလို
      သူများအကျိုးလိုလားပြီး စေတနာသန့်သန့်နဲ့ ငွေကိုင်တဲ့ဘုန်းကြီးမှာ
      ကုသိုလ်စိတ်တွေ တိုးပွါးနေပါတယ်။
      ဒါကို သဘောပေါက်ဖို့လိုပါတယ်။
      ရွာမှာရှိတဲ့ ရွာကျောင်းဘုန်းကြီးတစ်ပါးက
      ခြံထွက်ဖြစ်တဲ့ အုန်းပင်က အုန်းသီးကို ကြည့်ပြီး လောဘစိတ်တက်နေရင်
      ဝိနည်းအရ အာပတ်မသင့်ပါဘူး။
      အဘိဓမ္မာအရ အကုသိုလ်ဖြစ်နေပါတယ်။
      ပိုက်ဆံမကိုင်ပဲနဲ့ ကျောင်းတစ်ကျောင်းပြီး တစ်ကျောင်း
      တိုးချဲ့ဆောက်နေတဲ့ဘုန်းကြီးလည်း အတူတူပါဘဲ။
      စေတနာအရေးကြီးပါကြောင်းပြောပါရစေ။

  • MaMa

    March 29, 2011 at 12:51 am

    ခေတ်ကာလ နေရာဒေသကိုလိုက်ပြီး ငွေကြေးကိုင်တွယ်သုံးစွဲမှုကို မဖြစ်လို့လုပ်ရရင် အာပတ်ပြန်ဖြေလို့ရပါတယ်။ ဒါပေမယ့် ဝိနည်းကို အတတ်နိုင်ဆုံး စောင့်ထိန်းတဲ့နေရာမှာ ဆရာတော်ကြီးတွေက ဝိနည်းကို အသက်နဲ့လဲပြီး စောင့်ထိန်းရမယ်လို့တောင် ဟောကြားတော်မူပါတယ်။

    • ashinindaka

      March 29, 2011 at 12:54 am

      စောင့်ထိန်းရမယ်လို့ သိရတယ်။ အသက်နဲ့လဲပြီး စောင့်ထိန်းနိုင်တဲ့ရဟန်းတော်များ အခုခေတ်အထိ ရှိပါတယ်။ မစောင့်ထိန်းနိုင်တဲ့ရဟန်းတော်များလဲ ရှိပါတယ်။

  • eros

    March 29, 2011 at 2:05 am

    တခြားမကြည့်နဲ့ ရန်ကုန်ထဲပဲ ကြည့် ဟိုဟို ဒီဒီ ကိစ္စ ရှိလို့ သွားရင် ဘုန်းကြီးလည်း ကားခပေးရ တာပဲ။ ဒီတော့ ဘုန်းဘုန်းတို့ ငွေအပေါ်မှာ တပ်မက်မှု မရှိဖို့တော့ အရေးကြီးမယ်။ ဘုန်းဘုန်းများကလည်း မရအရ အလှူမခံသင့်ဘူးပေါ့။ နိုင်ငံခြားမှာ တကယ် သာသနာပြုနေရင်တော့ ကားလည်း လိုအပ်ရင်မောင်းရမှာပေါ့။ဘုန်းဘုန်းတွေကလည်း လူတွေကို တရားဖြန့်ဝေပေးရမည့် တာဝန်ရှိသေးတာပဲ။ နိုင်ငံခြားမှာက မြန်မာမှာလို နှစ်ပြားတပဲပေးပြီး အလုပ်ခိုင်းလို့ မှ မရတာ။ အခုခေတ်မှာ ရှေ့ ၃တောင်ကြည့် ကြွ လို့ မရတော့ဘူး။ ကားလမ်းဖြတ်ကူးရင် ၁ဝတောင် အနည်းဆုံး ကြည့်မှ နို့မို့ ဆိုလို့ ရှိရင် ဘဝနတ်ထံ ပျံလွန်တော်မူသွားနိုင်တယ်။

    • ashinindaka

      March 29, 2011 at 2:08 am

      ဟုတ်ပါတယ်။ ဒီနေ့တင်လိုက်တဲ့ ဘုန်းကြီး၊ ငွေ၊ နိဗ္ဗာန်၊ ကား ဆိုတာလေးကို ဖတ်ဖို့ အကြံပြုပါရစေ

  • etone

    March 31, 2011 at 9:04 am

    ရတနာဆိုတာ အဖိုးထိုက်တန်ခြင်းလု့ိ အဓိပ္ပါယ်ရကြောင်း သင်ကြားခဲ့ဖူးပါတယ် ဘုရား
    အဖိုးထိုက်တန်ခြင်းဆိုတာကတော့ လူတွေ သတ်မှတ်ကြတာပါ … ။ တစ်ဦးနဲ့ တစ်ဦး သတ်မှတ်ထားတဲ့ အဖိုးထိုက်တန်ခြင်း မတူပေမဲ့ ယေဘုယျ သတ်မှတ်ထားတဲ့ စိန်၊ ရွှေ ၊ငွေတွေကတော့ ရတနာဆိုလာ လူတိုင်းလက်ခံထားကြပါတယ်… ။ ဘုန်းဘုန်း မိန့်ဆိုထားတဲ့ ကုလားတွေ ခေါင်းချင်းဆိုင် သတ်မှတ်ထားတဲ့ ရတနာငါးမျိုးထဲ ပါဝင်တဲ့ မိန်းမရတနာဆိုတာလည်း ရိုးရိုးမိန်းမတော့ မဟုတ်ဘူး။လွယ်လွယ်ကူကူနဲ့ ရတဲ့မိန်းမ မဟုတ်ဘူး။ ရခဲတဲ့မိန်းမ။ မိန်းမရတနာ။ လို့ပြောထားပေမဲ့ အောက်ပိုင်းမှာ ဘာလို့ သတ်မှတ်ကြတာလည်း မသိဘူးဆိုတာမျိုး ရေးထားတာ တွေ့ရပါတယ် …။ သာသနာ့ တာဝန်ထမ်းဆောင်နေတဲ့ ဆရာတော်အနေနဲ့ နားမလည်နိုင်တာ လက်ခံလို့ရပါတယ် ဘုရား ။ တပည့်တော် အနည်းငယ်ဝင်ရောက် ပေရှည်ချင်ပါတယ် ဘုရား ။ ကုလားမှ မဟုတ်ပါဘူး မြန်မာလူမျိုးမှာလည်း မိန်းမရတနာဆိုတာရှိပါတယ်… ။ လင်ကို ဘုရား ၊ သားကို သခင်ဆိုတဲ့ အတိုင် း ပြုစုလုပ်ကိုင်ပြီး အိမ်ထောင့်တာဝန်ထမ်းနေရတဲ့ မိန်းမမျိုးကို ဆိုလိုတာပါ ။ ကိစ္စကြီး ငယ် အသွယ်သွယ်ကို မလစ်ဟင်းစေပဲ အကွက်ကျ ၊ စီစဉ်တတ်တဲ့လူမျိုးကို ဆိုလိုတာပါ ။ သားကောင်း ၊ သမီးကောင်းတွေ ထွန်းကားပြီး ဒိုးတူဘောင်ဘက် ၊ ဆိုးတူ ကောင်းတူ နေထိုင်နိုင်တဲ့ မိန်းမမျိုးပါ ။ တကယ့်ကို ရခဲပါတယ် … ဒါကြောင့်လည်း ရတနာ ဆိုတဲ့ အသုံးနှုန်းထဲမှာ ထည့်သွင်းခဲ့ကြတာဖြစ်ပါလိမ့်မယ် … ။ ယောကျာ်းက ဘယ်လောက်ပဲ တော်တော် အိမ်မှာ ထိန်းသိမ်းရတဲ့ မိန်းမ ဗရန်းဗတာ ဖွာလန်ကျဲ ဆိုရင်တော့ စည်းမဲ့ကမ်းမဲ့ဖြစ်ပြီး အိပ်ပေါက်နဲ့ ဖားကောက်ဖြစ်ယုံကလွဲလို့ ဥစ္စာပစ္စည်း မတိုးတတ်နိုင်တာကြောင့်ပါ ။ တချို့ မိန်းမတွေဆို ယောကျာ်းက ပိုက်ဆံမရှာနိုင်တာနဲ့ သူတို့ အိမ်ထောင်ဦးစီးနေရာယူတော့တာပဲ… ။ နိမ့်ချဆက်ဆံတာတွေလည်း မြင်ရပါတယ် …ယောကျာ်းဖြစ်သူမှာ နောက်ဆုံး စိတ်ဓါတ်ကျပြီး အိပ်ယာထဲ လဲ ၊ စိတ်ထောင်း ကိုယ်ကြေနဲ့ သေခဲ့ရတဲ့အဖြစ်တွေလည်း တွေ့ခဲ့ဖူးပါတယ်… ။ မြန်မာလူမျိုးတွေမှာလည်း ….ကုလားတွေ သတ်မှတ်ချက်မှာ မပါတဲ့ ရတနာ တပါး ရှိပါသေးတယ်… သား ၊ သမီး ရတနာပါ ….. ။ လိုချင်တဲ့ လူအတွက်ကတော့ သန္ဓေစတည်ကတည်းက ရတနာလို့ သတ်မှတ်ပြီး … ၊ မလိုချင်တဲ့လူတွေ ကတော့ … ရ တာ နာ လို့ သတ်မှတ်ကြပါတယ်… ။ မမွေးလာခင်ကတော့ ရင်သွေးရတနာလို့ပဲ သတ်မှတ်ကြပေမဲ့..မွေးဖွားပြီး ကြီးပြင်းချိန်မှာတော့ သားကောင်းရတနာ ၊ သမီးကောင်းရတနာရယ်ဆိုပြီး တဆင့်တိုး သတ်မှတ်ပြန်တယ်… ။ ကလေးလိုချင်တဲ့ မိဘဗိုက်ထဲ ရောက်နေချိန် ရင်သွေးရတနာ ဖြစ်ခဲ့ပေမဲ့ အသက်ရွယ်အရ ပြုမူပြောဆို ၊ နေထိုင် ၊ လုပ်ကိုင်ပုံတွေကြောင့် သား၊ သမီးကောင်းရတနာ ဖြစ်ဖို့ မလွယ်ပြန်တာလည်း တွေ့ရပါတယ်…. ။

    ဘုန်းကြီးတွေ ပိုက်ဆံကိုင်သုံးတာတော့ တပည့်တော် နားလည်လို့ရပါတယ် … ။ ကားစီးရင်တောင် ဘုန်းကြီးဆိုပြီး အလကား စီးလို့မရပါဘူး … ဘုန်းကြီးမှာလည်း လိုအပ်တဲ့ အသုံးဆောင်တွေ ရှိမှာပါ ဝယ်ယူဖို့တော့ ငွေလိုတာပေါ့ … ။ အရှင်ဘုရားတို့ ဆွေးနွေးနေကြတဲ့ မော်တော်ယာဉ်မောင်းတဲ့ ကိစ္စမှာ တပည့်တော် အနည်းငယ် သိချင်တာတွေ ရှိပါသေးတယ် ဘုရား … ။ မြန်မာနိုင်ငံမှာ ကားမောင်း လိုက်စင်လုပ်တဲ့အခါ ဘုန်းတော်ကြီးတွေ ဝင်ရောက်ဖြေဆိုခွင့်ပေးထားပါသလား ။ ဖြေဆိုခဲ့ဖူးသော ဘုန်းကြီး သီလရှင် ရှိပါသလားဘုရား ။ တပည့်တော် အနေနဲ့ကတော့ ဘုန်းကြီးတွေ မော်တော်ယာဉ် စီးနင်းတာကို သဘာဝကျကျ လက်ခံလို့ရပေမဲ့ မောင်းနှင်တာကို မြင်ရလျှင်ဖြင့် စိတ်ထဲ ကသိကအောက်ဖြစ်မိပါတယ် … ။ သင်္ကန်း တလွင့်လွင့် ဖြင့် ဖုန်ထူထူမှာ ဆိုက်ကယ၊် စက်ဘီး စီးတာကိုမြင်ရလျှင်လည်း ဘဝင်မကျသလို ခံစားရပါတယ် ဘုရား ။ အထူးသဖြင့် နေပူထဲသွားလာရင်း နေကာမျက်မှန် တပ်ဆင်သွားလာတာကိုလည်း အံဝင်ခွင်ကျ မဖြစ်သလို ခံစားမိပါတယ် ဘုရား ။ ဘုရားရှင် လက်ထက်က စက်တပ်ယာဉ်တွေ မပေါ်သေးလို့ မော်တော်ယာဉ် မောင်းနှင်ခြင်းကို မပိတ်ပင်ခဲ့ပေမဲ့ ဒကာ၊ ဒကာမတွေ အမြင်မှာ အတော်လေးကို ထော်လော်ကန့်လန့်ဖြစ်ပြီး အကြည်ညို ၊ သဒါ္ဓတရား ပျက်စေပါတယ် ဘုရား ။ ဆွမ်းခံ မကြွရတဲ့ ဘုန်းကြီးတွေ အတွက် လူတွေက အကြည်ညိုပျက်တာ သက်ရောက်မှူမရှိပေမဲ့…ရပ်ကွက်ထဲ ဆွမ်းခံရရှာတဲ့ ကိုယ်တော်တွေ ခမျာ ဆွမ်းအရနည်းကြောင်း ပြန်ပြောတာ ကြားရပါတယ် ဘုရား ။ ဝူခုံးကားထဲက တရုတ်ဘုန်းကြီး မြင်းစီးတာ သဘာဝကျကျ သူတို့လူမျိုး လက်ခံလို့ရပေမဲ့ ဒီနိုင်ငံမှာတော့ မျက်စိ ဆံပင်မွှေးစူးတယ်လို့ပဲ ထင်မြင်မိပါတယ် ။

    • ashinindaka

      March 31, 2011 at 9:26 am

      မှတ်သားရတာပေါ့။ ဒကာတွေ ဒကာမတွေဘက်က ကြည့်ရင် ဘုန်းကြီးကိုယ်တိုင် ကားကြီးမောင်းပြီး ကြွရောက်လာတာ အတော်အမြင် အဆင်မပြေတာပဲ။ ဦးဇင်းလဲ အဲ့လိုဘုန်းကြီး ကြည့်လို့မရတာ အမှန်ပဲ။ ဒီကိစ္စတွေကို ပြောသာပြောနေရတာ ကားဆိုလို့ ကားဘီးကို မပိုင်တာပါ။ ကား စီယာဒိုင် (Steering) ကို မထိဘူးဘူး။ သူများမောင်းလို့ စီးရတာတောင် ခါးပတ်မပတ်ဘဲ ရှေ့ခန်းက မစီးရဲဘူး။ ပြောချင်တာကတော့ ဦးဇင်းမှာ ကားလဲ မရှိဘူး။ မောင်းလဲ မမောင်းတတ်ဘူး။ မြန်မာပြည်မှာ ဘုန်းကြီး သီလရှင်တွေကို ယာဉ်မောင်လိုင်စင် ထုတ်မပေးပါဘူး။ လောလောဆယ်အနေအထားရ ထုတ်လဲ မပေးသင့်ဘူး။ ဘုန်းကြီးတွေကလဲ ကိုယ်တိုင် မမောင်းသင့်ပါဘူး။ အမေရိကလို နိုင်ငံမျိုးတွေမှာတော့ လိုင်စင်ထုတ်ပေးတယ်ပြောတယ်။ သင်တန်းဘာညာ စသည်တက်ရတာပေါ့လေ။ အမေရိကရောက် ဗုဒ္ဓဘာသာဒကာ ဒကာမတွေကိုက သူတို့ပင့်ထားတဲ့ဘုန်းကြီးကို ကားမောင်းသင်တန်းတက်ခိုင်းပြီး ကားမောင်းစေရင် သူတို့အချင်းချင်းအဆင်ပြေနေရင် ပြီးတာပါဘဲ။ မြန်မာပြည်မှာကတော့ အဆင်မပြေသေးပါဘူး။

  • လင်းဝေကျော်

    March 31, 2011 at 9:48 am

    ရဟန်းတော်တွေကို အကြည်ညိုပျက်ရင် ရဟန်းတွေ ဆွမ်းငတ်တာထက် ပိုအရေးကြီးတာက
    ရဟန်းတွေ သင်ကြားပြသမယ့် “ဓမ္မ” ကိုပါ ကြည်ညိုမှု ပျက်လာနိုင်တာပါ ခင်ဗျား။

    • ashinindaka

      March 31, 2011 at 10:42 am

      ထင်သာ မြင်သာအောင် ဒီလို ရေးလိုက်တာပါ။ အကျိုးဆက်ကတော့ အများကြီးပါ။

  • bigcat

    April 1, 2011 at 1:58 am

    အီးတုံးမန်းတာကို ဖတ်ပြီးကိုယ်မြင်တာလေးကို ပြောတာပါ။
    ဘုန်းကြီးများ ကားမောင်းတာ လိုအပ်လို့မောင်းတာဆိုရင် လက်ခံနိုင်ပါသည်။ ချမ်းသာတဲ့နိုင်ငံတွေမှာ ဘုန်းကြီးလိုချင်တဲ့အချိန်မှာ လုပ်ပေးမဲ့ဒကာ အဆင်သင့်ရှိဖို့ မလွယ်ကူပါဘူး။ ပြီးတော့ ကားတန်ဖိုးကလည်း အဟောင်းခတ်လပ်လပ်ဆို ဈေးမကြီး၊ လှူနိုင်တဲ့ဒကာများလည်း ရှိမှာမို့ ဘုန်းကြီးကျောင်းအတွက် ကားတစီးရှိတာ မမှားပါဘူး။ အခြေကျနေတဲ့ ဘုန်ကြီးကျောင်းဆိုရင် အာမခံကြေး တနှစ်တထောင်လောက်တော့ တတ်နိုင်မှာပါ။ အရေးအရေးဆို ကားမောင်းနိုင်တာ ရေကူးသလိုမျိုးမို့ တတ်ထားတာ မမှားလို့ထင်ပါတယ်။ ကားကို အားလို့လျောက်မောင်းနေတဲ့ ဘုန်းကြီးလည်း အခုထိတော့ မတွေ့မိသေးပါဘူး။ တွေလည်း ကျုပ်တို့မြန်မာပါးစပ်နဲ့ အပြောခံ ထိမှာပါ။ ဒါပေမဲ့ မြတ်စွာဘုရားက ရဟန်းများ ခြေမများအောင် ညအပြင်မသွားရ၊ ဝါဆိုရမယ်၊ ဖိနပ်စီးတာကအစ ပညတ်ထားပါတယ်။ ကားမောင်းတတ်ရင် ဒကာဒကာမများက ခဏခဏပင့်မယ်၊ ပွဲလမ်းအလှူတွေကို ခဏခဏသွားရမယ်။ ဒီတော့ နဝကမ္မအလှူငွေရွှင်မယ်၊ ဒါပေမဲ့ ရဟန်းတရား အားထုတ်ခွင့်နည်းပါမယ်။ မြို့ဧရိယာကျယ်တဲ့ နယ်မြို့တွေမှာတော့ ကားလိုကောင်းလိုပါလိမ့်မယ်။ ဒါပေမဲ့ အဲသလိုမြို့တွေမှာဆို တအိမ်ကားတစီး အနည်းဆုံးရှိတာမို့ ရောက်ခါစလူတွေကလွဲရင် ဘုန်းကြီးပင့်ဖို့ ကားရှာရတာ ခက်မယ်မထင်ပါ။ မြန်မာပြည်လို ဒကာဒကာမများ ပေါများတဲ့ ဒေသတွေမှာတော့ စက်တပ်ယာဉ်တွေကို မမောင်းသင့်သေးပါဘူး။ ကားကိစ္စက သိပ်မရှုပ်ပါဘူး၊ နားလည်နိုင်ပါတယ်။
    ငွေကိုင်တဲ့ကိစ္စကတော့ ရှုပ်ပါတယ်။ ကောင်းတာရော မကောင်းတာပါ ရောနေလို့ပါ။ တချို့မန်းသူတွေက ဘယ်ဘုန်းကြီးအလှူငွေကောက်တာပလုပ်နေတယ် ပြောတာတွေ့ပါတယ်။ အလှူငွေကောက်ခြင်း၊ သုံးစွဲခြင်းမှာ ပွင့်လင်းထင်သာမှုရှိသ၍ ကားမောင်းတာလိုပဲ နားလည်နိုင်ပါတယ်။ အမှန်က လူတွေလုပ်ရမှာပါ၊ ဒါပေမဲ့ လုပ်နိုင်စွမ်းရှိသူ အကုန်လုံးလိုလိုက မျက်လုံးဒေါက်ထောက်အကြည့်ခံရ၊ ထောင်ကျ၊ ပြည်ပရောက်နေတော့ ဘုန်းကြီးများ မလုပ်ရင် တကယ်လုပ်မဲ့သူ မရှိပါဘူး။ သမိုင်းက တောင်းဆိုတယ်လို့ပဲ သဘောထားစေချင်ပါတယ်။ Transparency လို့ခေါ်တဲ့ ပွင့်လင်းမြင်သာမှုအတွက်တော့ အားလုံးက ဝိုင်းလုပ်ပေးရမှာပါ။ အခုချိန်အထိ ပြည်တွင်းရော ပြည်ပမှာပါ အတော်လေး အားနည်းပါတယ်။ အလွယ်ပြောရင် ဘုန်းကြီးများ ကိုယ့်ဝင်ငွေ ထွက်ငွေကို အများပြည်သူကို ထုတ်ပြန်စေချင်တာပါ။ ရဟနာ္တလို့ သတင်းကြီတဲ့ မြောင်းမြဆရာတော်ဘုရားဆိုရင် တရားပွဲတွေမှာ အလှူငွေကို သင်္ကန်းနဲ့ဖြန့်အလှူခံတယ်လို့ မောင်သွေးချွန်ရေးတဲ့ ဆရာတော် ထေရုပတ္တိ စာထဲဖတ်ရပါတယ်။ http://www.sagarwarmyae.org/?p=2823 ဆရာတော်က အလှူခံ ရသမျှအားလုံးကို ပြန်လှူပစ်ပါတယ်။
    ဘုန်းကြီးနဲ့ငွေ ပတ်သက်လို့ ဟိုဖက်ဒီဖက် စဉ်းစားမိတာလေးကို ဘုန်းကြီးစာချ တပုဒ်လောက် နောက်မှ ရေးပါအုံးမယ်။
    အီးတုံးလည်း ဘုန်းကြီးစာချတတ်လာပြီမို့ သူ့အတွက် ဘဒ္ဒန္တလို ဘွဲ့တခုချီးမြင့်တော်မူပါဘုရား။

Leave a Reply