အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း (၈)
ဆလင်း တအားကုန်ပြေးလာပြီး သူ့အခန်းထဲက အိပ်ယာပေါ်မှာ မျက်နှာမှောက်ထားတာ။ကျွန်တော်လည်း ထိတ်ခနဲဖြစ်သွားတာပေါ့။
“စလင်း..စလင်း..မင်းဘာဖြစ်လာတာလဲ..ဘာလို့ဒီနေ့အစောကြီး ပြန်လာတာလဲ”
သူက အိပ်ယာပေါ်မှာ မှောက်ခုံကြီးလုပ်နေတော့ ကျွန်တော်လည်း စိုးရိမ်ပြီး အော်တောင်မေးမိတယ်လေ။မေးတော့လည်းပြန်မပြော။
ဒါနဲ့ သူ့ဆွဲလန်လိုက်တော့ သကောင့်သားက မျက်ခွက်ကြီး ပြုံးလို့ဗျ။
“တကယ့်ကို အံဩစရာကောင်းတဲ့ဟာ ဒီနေ့ဖြစ်လာတာဟ..ဒီနေ့ကတော့ ငါ့အပျော်ဆုံးနေ့ပဲကွာ”
“ဘာလဲ မင်းထီပေါက်လို့လား”
“ဟင့်အင်း..ထီပေါက်တာထက်တောင် ကောင်းသေး..ငါ အာမန်းအလီနဲ ့တွေ့ခဲ့တယ်ကွ”
အသက်တောင်မရှူနိုင်ဘူး သူ့အဲဒီနေ့အဖြစ်ပြောပြတာ။ဂက်ကိုပါ မှာ သူ့အလုပ်နဲ့လှည့်ပတ်နေတုန်း အာမန်းအလီကို သူရိပ်ခနဲ မြင်လိုက်
ရတာ။ သူ့ဇာတ်လိုက်ကျော်က မာစီဒီးကားပေါ်က ဆင်းပြီး ကြယ်ငါးပွင့် ဟော်တယ်ကြီးထဲ ဝင်တော့မလို့ဘဲ။ဆလင်းက ဘတ်စ်ကားပေါ်မှာလေ။
သူ့အလုပ်ဖြစ်တဲ့ ထမင်းဘူးလေးတွေ အစာပြေမုန့်ဘူးလေးတွေလိုက်ပို့တဲ့ အလုပ်လုပ်နေရင်းပေါ့။သူ့လက်ထဲ နောက်ဆုံးတစ်ဘူး ပဲ ပို့ဖို့ကျန်တာ
လေ။အာမန်း ကိုမြင်လိုက်ရော သွားနေတဲ့ ကားပေါ်က အတင်းခုန်ချတာ။မရွတ်တီ ကား တစ်စီးနဲ့တောင် တိုက်မိတော့မလို့။နည်းနည်းလိုတော့
တာ။သူ့ဇာတ်လိုက်ကြီးက ဟော်တယ်အဝင် ဆုံလည်တံခါးကိုတောင်ဖြတ်နေပြီ။ယူနီဖောင်း စမတ်ကျကျဝတ်ထားတဲ့ ဟော်တယ် အပေါက်စောင့်
နဲ့တွေ့တော့ သူတုံ့ခနဲ ဖြစ်သွားတာပေါ့။ဟော်တယ်စောင့်က သူ့မဝင်နိုင်အောင်တားထားတာလေ။အဲဒီတော့ ဆလင်းတစ်ယောက် အသံကုန်ဟစ်
ပြီး ကြုံးခေါ်တာ..မင်းသားနာမည်ကိုပေါ့။သူ့ဇာတ်လိုက်ကျော်ရဲ့ အသိအမှတ်ပြုမှုလေးရဖို့ကိုခမျာမှာ အရူးအမူးနဲ ့ကြံမိကြံရာ စွတ်တင်တော့တာဗျ။
ဒီကောင် အော်ထည့်လိုက်တဲ့ အသံကို အာမန်းက ကြားတယ်တဲ့။အဲဒီတော့ အာမန်းက ရပ်ပြီး လှည့်ကြည့်တာမှာ စလင်းနဲ့ မျက်လုံးချင်း ဆုံမိသွား
ရောဆိုပဲ။မင်းသားကလည်း ပါးပါးလေးပြုံးပြ ပြီးတော့ မသိမသာခေါင်းလေးဆတ်ပြတာ။နောက်တော့ သူ့ဟာသူဆက်လျှောက်သွားပေါ့လေ။ဟား..
ဒါနဲ့ပဲ ကျွန်တော်တို့ ဆလင်းလေ သူပို့ရမဲ့ ထမင်းဘူးတောင်မေ့သွားရော။ပြီးတော့ ချက်ချင်းပဲ အိမ်ကိုဒုန်းစိုင်း ပြေးချလာပြီး ဒီအကြောင်း ကျွန်တော့်
လာပြောတာပဲ။သူ့အိမ်မက်တွေ အစစ်ဖြစ်လာပြီတဲ့လေ။သူ့ထမင်းဘူး စောင့်နေတဲ့ဖောက်သည်ကတော့ အဲဒီနေ့ နေ့လည်မှာတော့ အူလိမ်နေ
လောက်ရောပေါ့ဗျာ။
“ဒါနဲ့ သူက ရုပ်ရှင်ထဲမှာနဲ့ ခုလို အပြင်မှာကျတော့ ဘာကွာသေးလဲ။” ကျွန်တော်ကမေးတော့-
“ဟာ မင်းကလည်း အပြင်မှာ ပိုတောင်မိုက်သေးတယ်..အရပ်တောင်ပိုရှည်သလိုပဲ..ပိုလဲချောတယ်ကွာ..အား..ငါ့ဘဝရဲ့
ရည်မှန်းချက်ကတော့ သူနဲ့ တစ်ခါလောက်ပဲဖြစ်ဖြစ် လက်ဆွဲနှုတ်ဆက်ရဖို့ပဲကွာ..ဟေ့..အဲ့လိုသာဖြစ်ခဲ့ရင်လေ ငါတော့
တစ်လလောက် အဲ့လက်ကို ဆေးမှာတောင်မဟုတ်ဘူး..”
ကောင်းကွာ။ဒီလိုမျိုး ရှုပ်ရှုပ်ထွေးထွေးမရှိတဲ့ ခပ်ရှင်းရှင်း သူ့ရည်မှန်းချက်ကို ကျွန်တော်စဉ်းစားနေမိတယ်။နာမည်ကျော် မင်းသားနဲ့လက်ဆွဲနှုတ်
ဆက်ဖို့တဲ့။
ကဲ..ကျွန်တော်တို့ကြည့်နေတဲ့ ဇာတ်လမ်းဘယ်ရောက်သွားပါလိမ့်။အင်း..ဒီဇာတ်လမ်းမှာ အာမန်း ကလူဆိုးလုပ်ရတာ။လူဆိုးပေမဲ့ အသည်း
နှလုံးရှိတဲ့လူဆိုး။နှလုံးလှလူမိုက်ပေါ့ဗျာ။သူက လူချမ်းသာတွေဆီက လု၊ဆင်းရဲသားတွေဝေပေး..အဲဒီလိုမျိုး။ဒီကြားထဲမှာ မင်းသမီးနဲ့တွေ့၊ ကြိုက်။မင်း
သမီးက ခုတက်သစ်စ မင်းသမီးဗျ။ပရီယ ကပူး တဲ့။နောက် သီချင်းတွေ ၆ပုဒ်လောက်ဆို။ပြီးတော့ သူ့အမေရဲ့ ဆန္ဒဖြည့်စွမ်းတဲ့ အနေနဲ့ အဘွားကြီးကို
ဗိဿနိုးဒေဝီ နတ်ကွန်းကိုခေါ်သွား။အဲဒါ ကြားထဲမှာ အားလပ်ချိန် မပေးခင်ထိ ဇာတ်ကွက်တွေပဲ။
ပရီယ ကပူး ပုံလည်း ပိတ်ကားပေါ် ပေါ်လာရော ဟိုးရှေ့ဆုံးတန်း စတောလ် တန်းကကောင်တွေ လက်ခေါက်တွေဘာတွေမှုတ်။သံသေး
သံကြောင်တွေထဟစ်တာ။ကပူး ကလည်း အရပ်ရှည်ရှည် နဲ့တော်တော်ကြည့်ကောင်းတဲ့ မင်းသမီးဗျ။မယ်ကမာ္ဘဆုတောင်ရထားသေးတာ။ကျန်ခဲ့တဲ့
နှစ်အနည်းငယ်ကပေါ့။သူ့ခန္ဓာကိုယ် အချိုးအစားကလေ စံတော်ဝင်အလှ နဲ့တိုင်းပြီး ပန်းပုထုထားသလားမှတ်ရတယ်။ရင်ထွားထွား ခါးသိမ်သိမ်နဲ့။
ဒီအချိန်မှာတော့ သူက ကျွန်တော့် အသဲစွဲ မင်းသမီးဖြစ်နေတာပဲ။ဇာတ်လမ်းထဲမှာတော့ သူက မကြာခဏ နှုတ်ခမ်းလေးစူပြီး ဟာသဇာတ်ကောင်
တွေကို “ပါးစပ်ပိတ်ထား” ဆိုပြီး ပြောပြောနေတာ။ပြောတိုင်းလည်းကျွန်တော်တို့ ရီ(ရယ်)နေကြတာပဲ။
“မင်းကတော့ အာမန်းနဲ့လက်ဆွဲနှုတ်ဖို့ ဆိုတာ မင်းရည်မှန်းချက်လို့ပြောတယ်နော်။..ဒါပေမဲ့ သူ့ရည်မှန်းချက်ကရော ဘာလဲ၊မင်းသိလား
သူကျတော့ အကုန်ပြည့်စုံနေပြီထင်တာပဲ..ရုပ်ရည်ရော..၊ကျော်ကြားတာရော..၊ငွေတွေအရမ်းရနေတာရော လေ။”
ကျွန်တော်က အဲဒီလိုပြောတော့ ဆလင်းက လေးလေးနက်နဲ့ပြန်ပြောတာ။
“မင်း မှားပြီ..၊သူ့မှာ..အူရ်ဝါရှီ မရှိဘူးလေကွာ။”
အဲဒီတုန်းက စာနယ်ဇင်း တွေမှာ အာမန်း နဲ့ အူရ်ဝါရှီ တို့လမ်းခွဲတဲ့ အကြောင်းတွေချည်း ပလူပျံနေတာ။သူတို့ရဲ့ အချစ်ဇာတ်လမ်းက ဘာ
ကြာလို့တုန်း။လျှပ်တပျက်လောက်ထင်ရတာ။ကိုးလ အကြာမှာသူတို့ကွဲကြတာပဲ။တချို့တွေပြောကြ မှန်းကြတာတော့ အာမန်းတစ်ယောက် လုံးဝ
အသဲကွဲသွားတာတဲ့။မစားနိုင် ၊မသောက်နိုင် နဲ့ သေကြောင်းတောင်ကြံနိုင်တယ်ဆိုပဲ။အူရ်ဝါရှီ ရမ်ဒါဝါ ကတော့သူ့အရင်တုန်းက အလုပ်ဖြစ်တဲ့
မော်ဒယ် လုပ်ငန်းပဲ ပြန်လုပ်နေတာပေါ့။
ဆလင်းကတော့ ငိုနေတာပဲ။မျက်ရည် အရွှဲသားနဲ့ မျက်လုံးတွေက နီရဲနေတာ။တနေ့လုံး သူဘာမှ မစားတာ။သူရတဲ့ လုပ်အားခ လေး
နှစ်ပဲခြောက်ပြားကနေ ဖဲ့ဝယ်ထားတဲ့ အာမန်း နဲ့ အူရ်ဝါရီ နှစ်ယောက်တွဲပုံလေးပါတဲ့ အသဲပုံ ဖန်ဓာတ်ပုံဘောင်လေးက သူ့ဘေး အိပ်ယာအောက်
မှာ အစိတ်စိတ်အမွှာမွှာကျကွဲလို့ဗျ။
“ကြည့်စမ်း..ဆလင်း..မင်းကွာ..ကလေးတော်တော်ဆန်တာပဲ..မင်းဘာတတ်နိုင်မှာမို့လဲကွာ..။”
“ငါ..ငါလေ အာမန်းနဲ့များတွေခွင့်ရခဲ့ရင်လေ သူ့ကိုနှစ်သိမ့်ပေးချင်လိုက်တာကွာ။သူ့လက်ကို ကိုင်ပြီး ငါ့ပခုံးပေါ် ငိုခိုင်းလိုက်စေချင်တယ်။
ငိုချလိုက်ရင် ရင်ထဲမှာပေါ့သွားတယ်လို့ ပြောကြတာပဲ..”
ဆလင်း ကျွန်တော့်ကို ဖျတ်ခနဲ မော့ကြည့်ပြီး-
“ငါ အူရ်ဝါရှီ နဲ့ စကားပြောလို့ ရချင်ရမှာ..မင်းသိလား..ငါသူ့ကိုတောင် အာမန်းဆီပြန်သွားဖို့ ဖျောင်းဖျလို့ ရချင်တောင်ရမှာ..
ငါသူ့ကိုပြောမယ်ကွာ ဒါတွေအားလုံးက အထင်မှားတာပါလို့။နောက်ပြီး..အာမန်း ဘယ်လောက်တောင်ဝမ်းနည်းပြီး နောင်တ
တွေ ရနေလဲဆိုတာ ပြောမယ်။”
ကျွန်တော် ဆလင်း ကိုသေချာကြည့်ပြီး ခေါင်းခါမိတယ်။ဒီကောင် အူရ်ဝါရှီကို ရှာဖို့ မွန်ဘိုင်းတမြို့လုံး ခြေကျင်လျှောက်နေတာမျိုး
ကျွန်တော်မဖြစ်စေချင်ဘူး။
“ဆလင်းရာ..မင်းဓားခုတ်ရာ လက်ဝင်မလျှို စမ်းပါနဲ့ကွာ ..သူ့အပူ ကိုယ့်အပူလုပ်မနေနဲ့။အာမန်းက ကလေးမဟုတ်ဘူးကွ။သူ့
ပြဿနာ သူ့ဟာသူဖြေရှင်းနိုင်မှာဘဲကွာ..ဟုတ်လား”
“ဒါဖြင့် ငါ..လက်ဆောင်လေးတစ်ခုတော့ ပို့လို့ရမယ် မဟုတ်လား”
ကျွန်တော် မပြောတော့ဘူး။အဲဒါနဲ့ သူ ဖက်ဗီကို ကော်ဘူးတစ်ဘူး သွားဝယ်ပြီး ဓာတ်ပုံဘောင်လေးကို တစ်စစီ စိတ်ရှည်လက်ရှည်
ပြန်ကပ်နေတယ်။တပတ်လောက်တော့ ကြာသွားတယ် အဲဒါလုပ်တာ။နောက်ဆုံးတော့ အသဲပုံလေး ပြန်ဖြစ်သွားတာပဲ။ဒါပေမဲ့ အသဲတစ်ခုလုံး
အစင်းကြောင်းတွေ အအက်တွေထ နေတာ ဘာရစရာရှိတော့လို့လဲ။
“ဒါကို ငါ အာမန်းဆီပို့မယ်..ကွဲသွားတဲ့ အသဲတောင် ပြန်ဆက်လို့ရတယ်ဆိုတဲ့ သဘောပေါ့ကွာ”
“ဘာလဲ ဖက်ဗီကို တစ်ဘူးနဲ့လား”
“မဟုတ်ဘူး ..အကြင်နာတွေ ဂရုစိုက်မှုတွေနဲ့ပေါ့ကွ”
ဆလင်းက အဲဒါလေးကို အဝတ်တွေနဲ့ ပတ်ပြီး အာမန်းအလီရဲ့ လိပ်စာအတိုင်း ပို့လိုက်တာပဲ။ရောက် မရောက်တော့မသိဘူး။ဒါမှမဟုတ်
ချောပို့ဌာနမှာပဲ ကွဲသွားမလား။လုံခြုံရေး အစောင့်တွေကြောင့်ပဲ ကွဲသွားမလား။နောက်ဆုံး အာမန်း ရဲ့ ကိုယ်ရေးအရာရှိ ကပဲ အမှိုက်ပုံးထဲ ထည့်
ပစ်မလား။ မသိတော့ပါဘူး။အရေးကြီးတာကတော့ ဆလင်းယုံဖို့ပဲလေ။သူပို့လိုက်တဲ့ လက်ဆောင်လေးက အာမန်းလက်ထဲရောက် သွားပြီး သူ့
ဇာတ်လိုက်ကြီးကို သူမျှော်လင့်သလို ဝေဒနာ သက်သာကောင်းစေရဲ့ဆိုတာလေ။အာမန်း တစ်ယောက် စိတ်သစ်လူသစ်နဲ့ အရင်လို ဝက်ဝက်ကွဲ
အောင်မြင်မှုတွေ ပြန်ရဖို့ပေါ့။ခုဒီကားလိုမျိုးပေါ့။ကျွန်တော်က ပထမအကြိမ်စကြည့်တာ။ဆလင်းက ကိုးကြိမ်မြောက် ပြန်ကြည့်တဲ့ကားလေ။
One comment
Mobile
February 5, 2013 at 10:42 pm
ဒီအပိုင်းကတော့ ကျနော်ဈေးဦးဖောက်ပေးရတာပေါ့။
အရင်ဝင်ထားတဲ့လူမရှိလို့ ဖုန်တောင်တက်နေပါလား။