ဗေဒင်ခန်းမှ ရယ်စရာဇာတ်လမ်း(၁)
ဗေဒင်တို့၊ ယတြာတို့ ၊ ဓါတ်ရိုက်ဓါတ်ဆင်လုပ်တာတို့ ဆိုတာ ယုံရလည်းခက် … မယုံရလည်းခက်တယ်နော်… ။
တချို့ အရမ်းကိုယ ုံကြည်တဲ့ လူတွေကတော့… ဘာလုပ်လုပ် ဗေဒင်လေးမေး ယတြာလေးချေပြီးမှပဲ လုပ်တတ်ကြပါတယ်… ။ လုပ်ငန်းအဆင်ပြေစေဖို့ဗေဒင်ရဲ့ အကူညီကိုယူတာပါ… ကဲပါလေ… ဘယ်လိုပဲဖြစ်ဖြစ် ဗေဒင်မယုံတဲ့လူဆိုတာတောင် အနည်းကျဉ်းတော့ စိတ်ဝင်စားကြတယ်မဟုတ်လား… ။ ကျမလည်း ဗေဒင်ကို ယုံတော့မယုံဘူး … စိတ်တော့ဝင်စားတယ်လေ… ။
စပ်စုတတ်တဲ့ အရင်းခံစိတ်ရှိတာမို့ … ဂျာနယ်တွေမှာပါတဲ့ တပတ်စာဗေဒင်ဆို အလုပ်တခုလို ဖတ်ရတာ အမောပဲ… ။ ဒါပေမဲ့ ကျမဖတ်တာက ရက်လွန်ဗေဒင်တွေပါ… လဆန်းအတွက်ဟောထားတာဆိုလျှင် ကျမက လဆုတ်ပိုင်းလောက်ရောက်ကာမှ ဖတ်တာပါ… ။ ဟုတ်မဟုတ် အဖြေတိုက်တဲ့ သဘောနဲ့မို့လေ… ။ ကျမရဲ့ အူကြောင်ကြောင်နိုင်တဲ့ ဗေဒင် ၊ ဓါတ်ဆင် ဇာတ်လမ်းတစ်ခုရှိသေးတယ်… ။
သူငယ်ချင်းတွေ ကောင်းမှူနဲ့ တဆင့်စကား တဆင့်ကြားကာ ဗေဒင်၊တားရော့ ဆရာမတဦးဆီရောက်သွားပါတယ်… သူများတွေကို ပြောတာတော့ဟုတ်နေတာမို့ … ယုံသလိုလိုတောင်ဖြစ်လာမိတယ်လေ… ။ ကျမလေ့လာမိသလောက် ဆရာမက ဗေဒင်ဟောခြင်းထက် ဓါတ်ရိုက်ဓါတ်ဆင်လုပ်ခြင်းကို ပိုအားသန်တာတွေ့ရတယ်… ဥပမာ …အိမ်ပေါ်ကဆင်းတဲ့လူ ပြန်လာစေချင်လျှင် ဘာလုပ်… ၊ အိမ်ရောင်းထွက်ချင်လျှင် ဘာလုပ် … စသည်ဖြင့်ပေါ့ … ။ ဗေဒင်ဟောခန်းက လူပုံအလယ်မှာဟောတာပါ… ကိုယ့်အလှည့်ရောက်ဖို့ ဖင်လေးရွှေ့ပြီး တဆင့်ခြင်း ရှေ့တိုးရတာပေါ့ … ။ ကြမ်းခင်းက ကြွေပြားခင်းထားတယ်… ဝင်ဝင်ခြင်း ရယ်စရာ စာကြောင်းတကြောင်း ကပ်ထားတာတွေ့တယ်… သင်ဧ။် မျောက်ကဲ့သို့ ဆော့သောကလေးများခေါ်မလာပါနဲ့ တဲ့… 😛
ကျမတို့ အုပ်စု အလှည့်မရောက်မီ အမျိုးသမီးတဦးလာမေးပါတယ်… ပြန့်ကျဲနေတဲ့ သူမရဲ့ ဆံပင်နဲ့ ငိုထားတဲ့ မျက်နှာက အပူသည်မှန်းသိသာပါတယ်… ။ ကျမတို့လည်း စိတ်ဝင်တစားနဲ့ စကားတောင် မပြောနိုင်ပဲ နားထောင်နေခဲ့ပါတယ်… ။ သူမဧ။် အိမ်ထောင်ရေး အဆင်မပြေကြောင်း ယောကျာင်္းမှာလည်း အိမ်ပေါ်က ဆင်းသွားသဖြင့် ပြန်လာစေချင်ကြောင်းပြောရာ … ဆရာမက … သူမအိပ်သော ခေါင်းအုံးကို ယူဆောင်စေခဲ့ပြီး တခေါက်ပြန်လာရန် ပြောသည်… ။
ထိုအခါ သူမပြောလိုက်သော စကားကြောင့် အရယ်သန်သော ကျမဘယ်လိုမှ ဟန်မဆောင်ပဲ အသံပြဲကြီးနှင့် ရယ်မိတော့သည်… ။ သူမပြောလိုက်တာက… ဆရာမ သမီးမှာ ခေါင်းအုံးမရှိဘူး … သမီးက သူ့လက်မောင်းပေါ် ခေါင်းအုံးအိပ်တာတဲ့ ရှင် … ။ ဆရာမကလည်း ဓါတ်ပေါက်လာတာနဲ့…. ထဆဲပါလေရော… ဒေါသထွက်ပြီး ဆဲတဲ့ပုံက ရယ်လည်းရယ်ချင်ပေမဲ့ … မနည်းထိန်းလိုက်ရတယ်… သူ့ကိုဆဲတာကနေ…ကျမဆီကိုပါ ကူးစက်သွားမှာ ကြောက်လို့ပါ… ။ လက်ပေါ် ခေါင်းအုံးအိပ်တဲ့ မိန်းမတောင် ထားခဲ့ခံရလျှင် …တခြားမိန်းမဆို ဘယ်လိုနေမလဲအေ တဲ့… ။ အပူသည် သူမကိုလည်း ကျမအားနာပါတယ်… အတူပါလာတဲ့ သူငယ်ချင်းတွေကိုလည်း အားနာပါတယ်…..ဒါပေမဲ့ ကျမ အသံပြဲကြီးနဲ့ ရယ်မိသွားတယ်လေ … ။ ဆရာမက ခေါင်းအုံးမရှိလည်း ဇွဲမလျှော့သေးဘူးရှင့်… ယောကျာ်းဓါတ်ပုံတောင်းပါရော… ပြီးတော့ ပါးစပ်ကလည်း ခြေထောက်ပါတဲ့ပုံဆိုတော့… သူမခမျာ ပါလာတဲ့ ဓါတ်ပုံကို တခြမ်းဖြဲပြီး တောင်းယူပါတယ်… ။ သူ့ယောကျာ်း ခြေထောက်ပုံရလျှင်ပဲ ဓါတ်ရို်က်ဓါတ်ဆင် လုပ်နိုင်တယ်ဆိုတော့ … မျက်နှာလေး အလွမ်းပြေ ကြည့်ချင်တယ် ထင်ပါ့ … ဆရာမကလည်း မျက်နှာတပိုင်းလိုချင်လျှင် ကိုယ့်ဘာသာ ကိုယ်ဖြဲတဲ့ …. သူမကလည်း ဝမ်းသာအားရ ဓါတ်ပုံကို တခြမ်းချိုးပြီး ဖြဲကာ ခြေထောက်ပိုင်းပါတဲ့ အခြမ်းကို ဆရာမကို ကမ်းပေးပါတယ်… ။ ဆရာမက သူ့လက်ထဲရတဲ့ပုံကို ကြည့်ပြီး ဒေါကီးတာ မှ အခုထိမြင်ယောင်တုန်းပါဘဲ… ဟဲ့ ဗိုင်းနာမ…ငါ့ကို ပေးတဲ့ တခြမ်းမှာ နင့် ယောကျာ်းရဲ့ …. xxx နေရာကျမှ အတိဖြတ်ပြီး ပေးလဲ ….. ခါးတပိုင်းလောက်က ဖြတ်ပါလားဟဲ့… ငါ့ကိုဘာမှတ်လဲ ဘာညာထဖြစ်တော့တာ .. မနည်းတောင်းပန်တော့မှပ ဲ… ဓါတ်ရိုက်ဓါတ်ဆင် ဆက်လုပ်လို့ရတော့တယ်… 😛
ရှင်တို့ စဉ်းစားကြည့်ပါဦး ….. ကျမရယ်ချင်လွန်းလို့ ထိန်းရတာ ဘယ်လောက်ခက်ခဲမယ်ထင်သလဲ ….. ။ ထရယ်လိုက်လျှင် ဆဲခံရမှာ ကျမဖြစ်မှာမို့ မနည်းမျိုသိပ်သာနေရတာ … မျက်နှာကတော့ တော်တော်စပ်ဖြီးဖြီးနိုင်တယ်… သူငယ်ချင်းတွေ ဘက်ကြည့့်တော့လည်း… သူတို့လည်း ကြိတ်ပြီး ဟန်ဆောင် ထိန်းနေပုံရတယ်… ။ ဘာဖြစ်ဖြစ် ဗေဒင်မေးရတာ ပေါ့ပေါ့ပါးပါး ရယ်စရာလေးတော့ ကြုံခဲ့တယ်လေ… ။
နောက်တယောက် အလှည့်ကျတော့ ….
12 comments
nozomi
May 18, 2011 at 8:11 am
* *ရိုးရိုးအေးအေး စားရေးကြီး ကိုဘမောင်သည် လုပ်ငန်းကိုင်ငန်းများ
အဆင်မပြေသဖြင့် သူတို့ လမ်းထိပ်တွင် ဟောခန်း ဖွင့်စားနေသော
ဗေဒင်ဆရာထံသွားလေသည်။ ဗေဒင်ဆရာက ယခုကဲ့သို့ အညံ့များ ကြုံနေရခြင်းမှာ
ကိုဘမောင်အိမ်တွင် မလျှော်ကန်၊ မသင့်မြတ်သည်များ ရှိသောကြောင့်ဆိုပြီး အိမ်အထိ
လိုက်ကြည့် လေတော့သည်။
အိမ်သို့ ရောက်ရောက်ခြင်းပင်…
ဗေဒင်ဆရာ။ ။ “သိပ်ဟုတ်တာပေါ့ ကိုဘမောင်၊ ခင်ဗျား ဘုရားစင်မှာ ထိုးထားတဲ့
ခတ္တာပန်းတွေကို စွန့်ပစ်လိုက်တော့… ဖြစ်နိုင်ရင် နောက်လည်း မထိုးနဲ့ဗျာ…
နောက် ဒီအောက်မှာ ချိတ်ထားတဲ့ စံပယ်ပန်းတွေ…”
ကိုဘမောင်။ ။ “ဘာလို့လဲ ဆရာ၊ ဘုရားကို ပန်းထိုးတာ မကောင်းဘူးလား…”
ဗေဒင်ဆရာ။ ။ “ခင်ဗျားတို့ အဲဒါတွေကြောင့် အခက်အခဲတွေ ရှိနေတာပေါ့… ဒီမှာ
ခတ္တာဆိုတာ “ခက်တာ” နဲ့ အသံဆင်တယ်ဗျ…။ ခက်တာတွေ ဖြစ်တတ်တယ်။ စပါယ် ဆိုတာကလည်း
“စကတည်းက ပယ်ခံရတယ်” ဆိုတဲ့ အဓိပ္ပာယ်ကို ဖြစ်စေတယ်…”
ကိုဘမောင်။ ။ “ဟုတ်လား ဆရာ၊ ဒါဆို ဘာကို ဘုရားကပ်ရမလဲ…”
ဗေဒင်ဆရာ။ ။ “ဒီမှာ အလွယ်လေးလေ… ကောက်ညှင်းပေါင်းလှူ…”
ကိုဘမောင်။ ။ “ဟုတ်လား… ကောက်ညှင်းပေါင်းလှူရင် ကောင်းတယ်လား…”
ဗေဒင်ဆရာ။ ။ “မသိရင်မှတ်၊ ကောင်းညှင်းပေါင်းဟုတ်ဘူး၊ ကောင်းခြင်းပေါင်း၊
ကောင်းခြင်းတွေ ပေါင်းလာအောင်… ပြီးတော့ ဩဇာရှိအောင် ဩဇာသီးကို လှူ…
ဒါလေးများ ဘာခက်တာမှတ်လို့… ပညတ်သွားရာ ဓာတ်သက်ပါတယ်တဲ့ ကိုဘမောင်ရ…”
ကိုဘမောင်။ ။ “ဟုတ်ကဲ့ဆရာ၊ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ… ကျနော်
အလုပ်ကလည်း ပြောင်းရွှေ့ကြဦးမယ်။ မပြောင်းချင်ဘူး ဆရာရယ်…”
ဗေဒင်ဆရာ။ ။ “မပြောင်ချင်ဘူးလား… အလွယ်လေး ကိုဘမောင်ရယ်…
အိမ်ရှေ့ကခြံထဲမှာ… ပြောင်းဖူးရယ်၊ ချဉ်ပေါင်ရယ်၊ ဘူးသီးရယ် သုံးမျိုးကို
စိုက်လိုက်…”
ကိုဘမောင်။ ။ “ဟုတ်၊ ဆရာ… အဲဒါဆို မပြောင်းရတော့ဘူးပေါ့…”
ဗေဒင်ဆရာ။ ။ “ဟုတ်တယ်လေ… အဲဒီသုံးမျိုးရဲ့ အစစာလုံးတွေက ပြောင်းချဉ်ဘူး
မဟုတ်ဘူးလား၊ ဒီတော့ ပညတ်သွားရာ ဓာတ်သက်ပါပြီးတော့…”
ကိုဘမောင်။ ။ “ဟုတ်၊ ဟုတ်ကဲ့ ဆရာ၊ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် အတော်လေး
စဉ်းစားစရာတွေ ဖြစ်လာပါတယ်… ကျေးဇူးပါ”
ဗေဒင်ဆရာ။ ။ “ရပါတယ်ဗျ… ဓာတ်တူရင် နတ်ကူသတဲ့ဗျာ…”
ဒီလိုနဲ့ ဗေဒင်ဆရာလည်း ပြန်သွားတော့သည်။ နောက်တစ်ပတ် ကိုဘမောင်က
ဆရာအိမ်လာကြည့်ပါဦး ဆရာပြောသလို ဟုတ်မဟုတ် ဆိုတာနဲ့ ဗေဒင်ဆရာလည်း တစ်ခေါက်
ထပ်လိုက်သွားသည်။ ဟိုရောက်တော့ သူပြောထားတဲ့အတိုင်း ဩဇာသီးတွေ၊ မင်းဂွတ်သီးတွေ
ဘုရားလှူထားတာ တွေ့ရသည်။
ဗေဒင်ဆရာ။ ။ “ဒါနဲ့ ကိုဘမောင် မင်းဂွတ်သီးတွေက…”
ကိုဘမောင်။ ။ “ဆရာ့ နည်းစနစ်အတိုင်းလေ… မင်း Good သွားအောင်…
မင်းဂွတ်သီးကို လှူထားတာ”
ဗေဒင်ဆရာ။ ။ “ဟုတ်လားဗျ”
ကိုဘမောင်။ ။ “ဟုတ်တယ် ဆရာ၊ ပြီးတော့ ကျွန်တော် နောက်တစ်ပတ် ရွှေတောင်ဘက်ကို
ခရီးထွက်မလို့…”
ဗေဒင်ဆရာ။ ။ “ရွှေတောင်… ဟုတ်လား…”
ကိုဘမောင်။ ။ “ဟုတ်တယ်ဆရာ၊ ဆရာပြောသလို ပညတ်သွားရာ ဓာတ်သက်ပါအောင်လေ…
ရွှေတောင်ကြီး ဆိုက်အောင်၊ ရွှေတောင်ဘက်ကို ခရီးထွက်မလို့…”
ဗေဒင်ဆရာ။ ။ “ဟား… ဟား… ဟား…”
ကိုဘမောင်။ ။ “မဟားပါနဲ့ ဆရာ၊ ဟား ဟား ဆိုတဲ့ အတိုင်း သူများတွေ ဆရာ့ကို
ဟားပါလိမ့်မယ်…”
ဗေဒင်ဆရာ။ ။ “အော်… ကိုဘမောင်ရယ်”
ကိုဘမောင်။ ။ “မအော်ပါနဲ့ ဆရာ၊ ပညတ်သွားရာ ဓာတ်သက်ပါပြီး အော်နေရပါမယ်၊
ပြီးတော့ ကျွန်တာ့်ကိုလည်း “ကိုဘမောင်ရယ်” ဆိုပြီး အတင်းမရယ်ခိုင်းပါနဲ့…”
ဗေဒင်ဆရာ။ ။ “ဟိုက်၊ ခက်တော့တာပဲ…”
ကိုဘမောင်။ ။ “ခက်တော့တာပဲလို့ချည်း မညည်းပါနဲ့ဆရာ၊ ဆရာ့နောက်ကို ခက်တာတွေ
လိုက်လာပါလိမ့်မယ်… ရော့ သောက်ဆရာ…”
ကိုဘမောင်က ရေနွေးတစ်ခွက်ငှဲ့ပေးတော့ ဗေဒင်ဆရာလည်း ယူသောက်လိုက်သည်။
ပြီးတော့မှ… ချိုချို ခါးခါး ဘယ်လို အရသာကြီးမှန်းမသိသဖြင့်…
ဗေဒင်ဆရာ။ ။ “အာ… ဒါ… ဒါ… ဘာကြီးလဲ၊ ကိုဘမောင်…”
ကိုဘမောင်။ ။ “ဘကြီးလဲ လို့ မအော်ပါနဲ့ ဆရာ… ပညတ်သွားရာ ဓာတ်သက်ပါပြီး ဆရာ့
ဘကြီးတစ်ယောက်ယောက် ချော်လဲနေပါ့မယ်… ”
ဗေဒင်ဆရာ။ ။ “အာ… ခင်ဗျားဗျာ…”
ကိုဘမောင်။ ။ “ခုနက အရည်ကလေ… ကြံရည်ဖန်ရည် တိုးအောင်ဆိုပြီး ကြံရည်ရယ်
အဖန်ရည်ရယ် ရောသောက်တာလေ…”
ဗေဒင်ဆရာ။ ။ “ဟာ… ခင်ဗျားဗျာ… ဒီမယ်၊ ကိုဘမောင် ဗေဒင် ပညာကို အလွယ်လေး
မှတ်နေလား…”
ကိုဘမောင်။ ။ “ပညာလို့ မပြောပါနဲ့ ဆရာ… ပြင်ညာ ဆိုရင် ပြင်ပြီး ညာနေရပါမယ်။
ဗေဒင်နည်းစနစ်လို့ ပြောပါ ဆရာ…”
ဗေဒင်ဆရာ။ ။ “အာ… ဒါနဲ့ ထိုင်ခုံတွေလည်း မတွေ့ပါလား…“
ကိုဘမောင်။ ။ “ဟုတ်တယ်ဆရာ၊ ကျွန်တော် ရောင်းပစ်လိုက်တာ။ အရင်တစ်ပတ်
ဆရာပြန်သွားကတည်းက ကျွန်တော်တွေးမိတာလေ… ထိုင်လည်း ထိုင်၊ ခုန်လည်း ခုန်ဆိုတာ
သိပ်မဟုတ်ဘူးလိုပဲ ဓာတ်ပျက်နေသလားလို့ပါ…”
ဗေဒင်ဆရာ။ ။ “ဟိုက်…”
ကိုဘမောင်။ ။ “မဟိုက်ပါနဲ့ ဆရာ… အလကားနေရင်း မောဟိုက်နေပါ့မယ်…”
ဗေဒင်ဆရာ။ ။ “အာ… ကိုဘမောင်…”
ကိုဘမောင်။ ။ “ပြီးတော့ ခုနက ဆရာ့ ဆိုင်ရဲ့ ဆိုင်းဘုတ်ကို တွေ့တယ်…
ပြင်ပါဆရာ…”
ဗေဒင်ဆရာ။ ။ “ဗျာ… ကျွန်တော့်ဆိုင်းဘုတ်က ဘာဖြစ်လဲ…”
ကိုဘမောင်။ ။ “ဟောခန်းဆိုတာလေ ဆရာ…”
ဗေဒင်ဆရာ။ ။ “ဟုတ်ကဲ့…”
ကိုဘမောင်။ ။ “ဟောပြီးရင် ခန်းခန်းသွားတယ်လို့ အဓိပ္ပာယ် မရဘူးလား ဆရာ… ရသမျှ
ငွေတွေ ခန်းကုန်မှာပေါ့ ဆရာ…”
ဗေဒင်ဆရာ။ ။ “အာ…”
ကိုဘမောင်။ ။ “ပြီးတော့… မနောမယ ဆိုတာလေ… မယ ဆိုတာ “မရ” မပိုင်ဆိုင်တာနဲ့
အသံတူတယ်လေ… ပညတ်သွားသလို…”
ဗေဒင်ဆရာ။ ။ “တော်၊ တော်… ကိုဘမောင်…”
ကိုဘမောင်။ ။ “ဟုတ်ကဲ့၊ ကျွန်တော် တော်လာပြီးလား ဆရာ၊ ကျေးဇူးတင်ပါတယ်…”
ဗေဒင်ဆရာ။ ။ “အာ… ဒါနဲ့ ဘယ်အချိန်ရှိပြီလဲ… ပြန်မလို့…”
ကိုဘမောင်။ ။ “သိဘူးဆရာ၊ နာရီဆိုတာ နာလည်းနာတယ်၊ ရီလည်းရီတယ်ဆိုတော့
မချိပြုံးသလို အဓိပ္ပာယ်ထွက်တယ်လို့ ကျွန်တော်ခံစားရတာနဲ့ အိမ်မှာ ဘာနာရီမှ
မထားတော့တာ…“
ဗေဒင်ဆရာ။ ။ “အာ… ဟာဗျာ…”
ဤသို့ဖြင့် ဗေဒင်ဆရာသည် ကိုဘမောင်အိမ်မှ တချိုးတည်း ဆင်းပြေးလေတော့သည်။
(တိုက်တိုက် ဆိုင်ဆိုင် ဒီနေ့ပဲ မေးထဲကို ဝင်လာတဲ့ ဟာသလေးပါ copy/paste လုပ်ပြီ ပို့စ်တင်ဘို့ လိပ်ပြာမလုံ လို့ တခြာသူတွေလဲ ဗေဒင်အကြောင်းဖတ်ရင်း ဆက်ဖတ်လို့ရအောင် မန်းပေးလိုက်ပါတယ်)
ဆူး
May 18, 2011 at 8:22 am
ဆူး လည်း အဲဒီ မေးကို ရထားတယ်။ ရီရတယ်။ တော်တော် ပေါက်ပေါက် ရှာရှာ စုစည်းရေးတတ်တယ်။
nozomi
May 18, 2011 at 9:31 am
မေးဘို့ မေ့သွားတယ် အီးတုံးလေးကရော ဘာယတြာချေဘို့ သွားတာလဲ ချစ်ချစ်ကြီး GP ကောင်းဘို့လား တစ်ယောက်ဆို တစ်ယောက်ဖြစ်နေဘို့လား 🙂
ပို့စ်ထဲက ကောင်မလေးနဲ့ပတ်သက်လို့ တစ်ခုပြောချင်တယ် ယောကျင်္ားကဖောက်ပြန်လို့ မျက်ရည်နဲ့ မျက်ခွက်ဆိုတဲ့ မိန်းကလေးတွေ ကြည့်လိုက်ရင် ယောင်္ကျားကို တနည်းနည်းနဲ့ မှီခိုနေရတဲ့ မိန်းကလေးတွေများတယ် တစ်ခုခုဖြစ်ရင် သူတို့ရဲ့ ရပ်တည်မှုအတွက် စိတ်ပူနေရတယ် အဲဒီအတွက် ယောင်္ကျားကို ချုပ်ချယ်မယ် မှီခိုမယ် အရင်တုန်းက မိသားစုတွေကတော့ မှန်တယ် အိမ်ထောင်အများစုမှာ အိမ်ထောင်ဦးစီးကိုဘဲ မှီခိုနေရတာ မိန်းမတွေက ဘာမှမလုပ်တတ်တာများတယ် ဒီခေတ်မှာတော့ ဒါမျိုးမဖြစ်သင့်တော့ဘူး အလုပ်ကို ယောင်္ကျားတစ်ယောက်ထဲ လုပ်ရုံနဲ့မရတော့ဘူး နှစ်ယောက်ဒိုးတူဘောင်ဖက် လုပ် ဘယ်သူ့ဘယ်သူကိုမှ မနိုင်နဲ့ တိုင်တိုင်ပင်ပင်ညှိညှိုနှိုင်းနိုှုင်းလုပ် အပြန်အလှန် နားလည်မှုယူ နှစ်ယောက်စလုံးက ဘဝတစ်ခုရဲ့လက်တွဲဖော်တွေပဲ အဲဒီအတွက် မှီခိုအားထားနေရတာ စိတ်ပူနေရတာ မရှိဘူး တစ်ယောက်ယောက်က ခြေလှမ်းမှားနေရင် မိသားစုအတွက် နားလည်အောင်ပြော တား ညှိနှိုုင်း အဲဒါမှ မရ ရင် တော့ ခြေထောက်နဲ့သာ ဆောင့်ကန်ပစ် ကျန်တဲ့ ဘဝမှာ ပျော်အောင်နေလို့ရတယ် ဘာမှ တငိုငို တရီရီ ဖြစ်နေစရာမရှိဘူး အဆင်ပြေရင် သူ့ထက်ကောင်းတဲ့ နောက်တစ်ယောက်တွေ့နိုင်သေးတယ်
etone
May 19, 2011 at 3:28 am
မှီခိုတယ်ဆိုတာထက် ချစ်လို့ဆိုတာက ပိုမှန်ပါလိမ့်မယ်… ချစ်တာကို အခွင့်ကောင်းယူပြီး အနိုင်ယူ ဆိုးသွမ်းတဲ့ ယောကျာ်းတွေလည်း ရှိပါတယ်… ။ တဒင်္ဂစိတ်ကြောင့် သူ့ကိုမှ မရလျှင် သေရပါတော့မယ် ဆိုတာမျိုးတွေ ဖြစ်တတ်ပေမဲ့ … ခဏကြာလို့ ပြန်စဥ်းစားကြည့်ရင် ခလုတ်တိုက်မိလို့ ချော်လဲတယ်လို့ပဲ သဘောထားလို့ရတာမျိုး ဖြစ်သွားတတ်တယ်…. ။ ကျမကတော့ သူကြင်မှ ကိုယ်ကြင်ပဲ … ကြိုက်လွန်းလို့ သေသွားမလား အသေပဲ ခံလိုက်မယ်…(တကယ်တော့ အဲ့လိုသေတာ မကြားဖူးပါဘူး …) ဒီမိန်းမလည်း သွေးပူနေတုန်းမို့ ပြာတာလူးနေတာဖြစ်မှာပါ … ။
etone က ဗေဒင်သွားမေးတာ စာမေးပွဲတခုဖြေမလို့လေ…. အချစ်ရေးနဲ့ မဆိုင်ပေါင်…. ။
တယောက်ဆိုတယောက်မြဲနေဖို့က ကိုယ့်အရည်ချင်းပေါ်ပဲ မူတည်ပါတယ် … ဗေဒင်ဆရာမလည်း မကယ်နိုင်ပါဘူး 😛 😛 😛
king
May 19, 2011 at 4:40 am
ဒါဆို etone ဆီမှာ အချစ်မရှိဘူးပေါ့
ဒီလိုလားဗျ …………….
intro
May 18, 2011 at 3:21 pm
မိုက်တယ်ဗျာ… အောက်က ကောမန့်ကို ပိုတောင် သဘောကျမိသေးတယ်… 🙂
bigcat
May 18, 2011 at 11:37 pm
အီးတုံးတခါပြောဖူးတဲ့ ဘိုးတော်မတဲ့ နံပါတ်အတွေ့အကြုံများရေးပါအုံး။
etone
May 19, 2011 at 3:35 am
ဘိုးတော်က ဘုရားမှန်မှန်မရှိခိုးတဲ့ etone ကို မမတော့ဘူး …စိတ်နာတာနဲ့ သူ့ အကြောင်းလည်း မရေးတော့ဘူး 😀 😀
weiwei
May 19, 2011 at 2:52 am
ငယ်ငယ်တုန်းက ခြောက်ထပ်ကြီးဘုရားရှေ့မှာ ဗေဒင်သွားမေးဖူးတာ သတိရသွားတယ် … သူငယ်ချင်းနဲ့လိုက်သွားတာ … ဗေဒင်ဆရာမက အကြားအမြင်လိုမျိုး စက္ကူပေါ်မှာ ဘော်ပင်နဲ့ ဒေါက်ဒေါက်ဒေါက် ခေါက်ပြီး ဟောတာပဲ … ကျွန်မတို့က ငယ်သေးတော့ သူများဟောတာတွေကို လိုက်ရီတာပဲ … အခု အီးတုံးဖြစ်သလိုပဲ … သူဟောတာတွေကိုတော့ မမှတ်မိတော့ဘူး … ဗေဒင်ဟောခက ဖလားတစ်လုံးထဲကို စေတနာရှိသလောက်ထည့်ရတယ် … တစ်ယောက်ပြီးတစ်ယောက်ထည့်ရတာ … ပြသနာက ကျွန်မတို့ ၂ ယောက်မှာ အတန်အသေးမပါဘူး … သီလရှင်တွေကိုလုပ်သလို ပိုက်ဆံအတန်အကြီးကိုထည့်ပြီး အတန်အသေးပြန်ယူလို့လဲမရဘူး … အဲဒါနဲ့ မတန်တရာပေးခဲ့လိုက်ရတာကိုတော့ အခုထိ မှတ်မိနေသေးတယ် … 🙂
nagargyi
May 19, 2011 at 4:22 am
မန့်ထားတဲ့ ဇာတ်လမ်းလေး ဖတ်လို့ကောင်းပါတယ်။ ကျေးဇူးပါ။
nagargyi
May 19, 2011 at 4:24 am
မန့်ထားတဲ့ ဇာတ်လမ်းလေး ဖတ်လို့ကောင်းပါတယ်။ ကျေးဇူးပါ။ ဒီလို ဟာသမေးလ်တွေ ဘယ်ဆိုဒ်က ရလဲ။
nozomi
May 19, 2011 at 9:57 am
မြန်မာလိုတွေကတော့ Forward mail တွေက တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းရင်း နေ့စဉ်ဝင်နေတာပဲ ဆိုဒ်တော့ သပ်သပ်မရှိဘူးထင်တယ် အင်္ဂလိပ်လို ဆိုဒ်တွေကတော့ မှတ်ပုံတင်ထားရင် နေ့စဉ် တစ်နေ့တစ်ပုဒ်ပို့တာမျိုးရှိတယ်