ပုဂ္ဂလိက ဓါတ်ဆီဆိုင်တွေနဲ့ စွမ်းဆောင်ရည်မပြည့်ဝမှု ရိုင်းစိုင်းမှု

လင်းဝေMay 23, 20111min41517

ဓါတ်ဆီဆိုင်တွေကို အစိုးရ ဌာနတွေကနေပြီး ပုဂ္ဂလိက ကိုလွှဲပြောင်းပေးလိုက်တာ လူတိုင်းသိမှာပါ။
အဲဒီနောက် ထောက်ပံ့လျှော့ဈေးနဲ့ ရောင်းတဲ့ မြန်မာ ဓါတ်ဆီကို လိုသလောက်ရောင်းပေးရာကနေ တန်းစီတိုးလို့ နောက်ဆုံး ဒုံရင်း တစ်နေ့ ၂ဂါလံပေးတဲ့ ပုံစံကိုပြန်ရောက်သွားတာပါ။
တကယ်တော့ အရင်က တစ်လ ဂါလံ ၆ဝပေးတာပါ။ တစ်နေ့ ၂ဂါလံထုတ်ခွင့်ရှိပြီး လကုန်လို့ ၆ဝမပြည့်သေးရင် ပေါင်းထုတ်လို့ရပါတယ်။ ဓါတ်ဆီဆိုင်က ဝန်ထမ်းတွေကလည်း ဆီလာထုတ်သူတွေကို လေးလေးစားစား ဆက်ဆံပါတယ်။ မေးရင် ကောင်းကောင်းပြန်ဖြေပါတယ်။ အဲဒါအစိုးရဆိုင်တွေလက်ထက်ပေါ့လေ။

အခုတော့ ပုဂ္ဂလိက ဖြစ်သွားပြီးနောက်ပိုင်း စခါ စကတော့ ဆိုင်တွေက လူတွေကိုလေးလေးစားစားနဲ့ ဆက်ဆံတယ်။ ပိုက်ဆံကို ကားပေါ်ကပေးလိုက်ရုံပဲ။
နောက် တန်းစီတိုးလည်းဖြစ်သွားရော ဆီလာထည့်တဲ့သူတွေကို အပေါ်စီးကလေးက ဖြစ်လာတယ်။ ပိုက်ဆံလာယူပြီး ထည့်ပေးဖို့မပြောနဲ့ လေသံတောင် မာချင်လာတယ်။
အခုတစ်ခါ တစ်နေ့ ၂ဂါလံလည်းဖြစ်ပြန်လည်းပဲ အရင် ဆီတန်းစီတိုးသူတွေအပေါ်မြင်သလိုမျိုးပဲ ကိုယ့်ကားကိုယ်သုံးဖို့ ဆီလာထည့်တဲ့သူတွေကို လေသံမာနေကြတုန်း။

မနေ့က အဖြစ်အပျက်ကတော့

ST ရွှေတောင်ဆီဆိုင်မှာ ကိုယ်တွေ့ပါ။ ကန်တော်ကြီးပတ်လမ်းက ST ဆီဆိုင်မှာ ဆီသွားထည့်တော့ ကားဆယ်စီးလောက်ရှိလို့ တန်းစီရပါတယ်။ ဘေးနားမှာလည်း ဆီဘောက်ဆာကားက ဆီချနေပါတယ်။ ကိုယ့်အလှည့်နားရောက်ခါနီးမှ ဆီဘောက်ဆာကားက ကားတန်းရှေ့မှာ ပိတ်ပြီး ဆီချပြန်ရော။ ကိုယ့်ရှေ့က ကားလည်းထွက်မရ ကိုယ်လည်းရှေ့မတိုးသာ နောက်မှာလည်းကားတွေ ပြည့်လာပြီး နေပူထဲမှာ ( နေ့လည်း ၁ဝး၃ဝ လောက် ) ပါ။ ကြည့်လိုက်တော့ ဆီပန့်နှစ်ခုကြားမှာ ကားတစ်စီးစာ ချောင်ချောင်လေး လွတ်ပြီး ဆိုင်းဘုတ်လေးချထားတယ်။ ဆီဖြည့်စဉ် စက်သတ်ထားပါ ဆိုတာမျိုးပေါ့။ အဲဒါလေးဖယ်လိုက်ရင် ကားတွေထွက်လို့ရနေပြီမို့ ကောင်လေးတွေကို ဟေ့အဲဒါလေး ဖယ်လိုက်လေ ရှေ့က ကားကို ပေးထွက်ပြီး နောက်ကားတွေဆီဖြည့်တာဆက်လုပ်ပါပြောတာ ကို အားလုံးကမကြားသလိုလုပ်နေတယ်။ အနားသွားပြောတော့ ထွက်သွားတယ်။ ဘာမှပြန်မပြောဘူး။ ဒါနဲ့ မန်နေဂျာဘယ်မှာလဲ မေးတော့ ဆီဘောက်ဆာကားနားကနေ တစ်ယောက်ထွက်လာပြီး “ဘာတုန်း” လို့လုပ်တယ်။ “ဘောက်ဆာပိတ်နေတာကွာ၊ ဆိုင်းဘုတ်လေး ဖယ်ပေးလိုက်ပါလား” လို့ပြောမလို့ကို “ဘောက်ဆာပိတ်နေတာ” ရှိသေးတယ် “စောင့်ပေါ့တဲ့” ကဲ လေသံကမာမာနဲ့ လူကြည့်တော့ ဘာအဆင့်မှမရှိတဲ့ကောင်က။ အဲဒါနဲ့ မင်းက ဘာတုန်းလို့ပြောတော့“ ကျုပ် ဆိုင်တာဝန်ခံ ၊ ဘာလုပ်ချင်လို့တုန်း” တဲ့။ စိတ်တိုလာပြီး မင်းနာမည်ဘယ်သူတုန်း ဆိုတော့ “ အောင်ကြီး ၊ ခင်ဗျားဘာလုပ်ချင်တုန်း” တဲ့။ “ အေး မင်းအဆင့် မင်းလုပ်ရည်ကိုင်ရည်မင်းသိပေါ့ကွာ။ စကားပြောတာ လူပါးမဝနဲ့။ ဆီလေးခိုးစားရတာနဲ့ မမြင်ဘူး မူးမြစ်ထင် လူပါးမဝနဲ့ ငါတို့က မင်းတို့ဆိုင်က ဆီလာဝယ်တာ။ အလကားလာယူနေတာမဟုတ်ဘူး” လို့ပြောတော့ ဝူးဝူးဝါးဝါးတွေပြန်အော်နေတယ်။ ကိုယ်လည်း တစ်ယောက်တည်း အခြားသူများကလည်း ဘာမှ ကို ဝင်မပြောကြ။ သူတို့ဆိုင်ထဲမှာ ဝိုင်းရိုက်ခံရမှာစိုးလို့ ကားနာပြန်လာပြီး “ဟေ့ကောင်တွေ မြန်မြန်လုပ်ကွာ” လို့ထပ်အော်ပေးတယ်။ အဲဒီ အောင်ကြီးဆိုတဲ့ကောင်က ခင်ဗျားက ဘာဖြစ်ချင်လည်း ဘာကောင်လည်း လှမ်အော်တယ်။ ကိုယ်လည်း ငါဆီလာထည့်တယ် customer မင်းတို့မလိုအပ်ပဲ ကြာနေတာ လွယ်တာကို ခက်အောင်လုပ်ပြီး ကြာတာကို မစောင့်နိုင်ဘူး။ ငါ့အလုပ်က မကျေနပ်တာ complaint လုပ်တာပဲ။ မင်းတို့ မရှက်ရင် ဆက်လုပ်လို့ပဲ အော်ပေးလိုက်တယ်။ နောက်ကားက ကောင်မလေးတစ်သိုက်ပါထပ်ဆင်းလာပြီး နည်းနည်း ပူညံပူညံလုပ်မှ ကောင်လေးတွေကို ဖယ်ပေးလိုက်ကွာ ဘာညာလုပ်လို့ ဆီထည့်ပြီး ထွက်လာရပါတယ်။

အဲဒီမှာ မြန်မာ လူထုကိုလည်း အံ့ဩပါရဲ့။ ရှေ့ဆုံးက အဖိုးကြီးတွေလည်း ဘာမှကိုဝင်မပြောဘူး။ လူငယ်တွေလည်း ဒီအတိုင်းငြိမ်လို့။ ကောင်မလေးတစ်သိုက်ကမှ ဝင် ပြီး အသံထွက်ပေးဖော်ရသေးတယ်။ ကိုယ့်ကို အဓိပ္ပါယ်မဲ့စွာ စောင့်ခိုင်းတာ၊ အချို့ကို ဆိုရင် နေပူထဲ ရပ်ခိုင်းထားတာတောင် ဒီလို ဆီဆိုင် တာဝန်ခံလောက်ကိုတောင်မှ အပြစ်မတင်ရဲ၊ မဝေဖန်ရဲ၊ မရှုံ့ချရဲ ဖြစ်နေကြတာ။ တော်တော်ကို စိတ်မကောင်းစရာပါပဲ။ နောက် လူတွေကလည်း သူတို့သာ အနှိမ်ခံဘဝ ( ဒီဆီဆိုင် တာဝန်ခံကော၊ ပန့်ကိုင်ကော ဘတ်စကားပေါ်တက်တာနဲ့ စပယ်ယာလောက်ကတောင် ဟောက်တာခံပြီး ဘာညာတိတ်တိတ် ဝေဖန်ပေမယ့် သူတို့ အလုပ်ထဲကျတော့ သူများကို ညစ်ပြန်ရော)။ ကောင်းတာပါပဲလို့သာတွေးမိတော့တယ်။ ဒီလိုမျိုး အပြုအမူနဲ့ စိတ်ဓါတ်တွေ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်သူမှ ဝေဖန်ဆွေးနွေးတာလည်း မရှိတော့ ပိုဆိုးလာမှာ အသေအချာပါပဲ။ ကဲ မန္တလေးဂေဇက် ဖတ်သူများလည်း ထင်ရာမြင်ရာ ဆွေးနွေးပြီး အသိဉာဏ် နိမ့်ကျနေသူများကို ပြုပြင်ဖို့ကြိုးစားကြပါစို့။

17 comments

  • zaymdy

    May 23, 2011 at 10:57 am

    အေးဗျာ အကိုပြောမှ မြန်မာလူထုက ဘယ်လို.ဖြစ်လာလည်း မသိဘူး ကိုယ်ရှေတစ်ခုခု ဖြစ်တာတောင် (မှန်နေတယ် ထင်ရင်တောင်) မပြောရဲ မလုပ်ရဲကြဘူး (အကြောက်တရားလား သူတို.အတွက် အပို.အလုပ်) ဖြစ်လို.လား မသိဘူး အဒီစရိတ်တွေ.ကို တော်တော်ပြင်ယူရဦးမယ် .. ဗျာ

  • nozomi

    May 23, 2011 at 11:23 am

    အခုလို အမည်နဲ့ တိတိကျကျ ရေးတာကောင်းပါတယ် (တာဝန်ယူတဲ့သဘောလဲဖြစ်တာပေါ့) သက်ဆိုင်ရာ ဆီဆိုင်က တာဝန်ရှိသူတွေလဲ ပြင်စရာရှိတာပြင် တခြားဆိုင်တွေလဲ သတိပြုမိသွားတာပေါ့ ကျွန်တော်ထည့်နေကျ မင်္ဂလာဒုံက ဧရာရွှေဝါ (ဘီအိုစီမှတ်တိုင်) ကတော့ သူတို့ စလုပ်ကတဲက အခုထိ ဆီဘိုးနဲ့ စာအုပ်ကို ဆိုင်ကဝန်ထမ်းလေးတွေ လာယူပါတယ် (သူတို့စေတနာအတွက် အသိအမှတ်ပြုပေးတာပါ) စော်ဘွားကြီးကုန်းဘေးက မြဝတီကျတော့ စတုန်းက စာအုပ်/ပိုက်ဆံ လာယူပေးတယ် တန်းစီရတဲ့အချိန်လဲရောက်ရော လှည့်တောင် မကြည့်တော့ဘူး ကောင်းတဲ့သူနဲ့ တွေ့တော့လဲ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ရတာတောင် သူတို့ကို ကျေးဇူးတင်မိတယ်

    ရပ်ကွက်ထဲ မူးရမ်းနေတာ ငါနဲ့ မဆိုင်ပါဘူးကွာ ဆိုတဲ့လူတွေ တွေ့ဘူးပါတယ် အဲဒီလူတွေများလာရင်တော့ အမူးသမားက ရပ်ကွက်ထဲကနေ ကိုယ့်အိမ်ပေါ် မကြာခင်ရောက်လာမှာပဲ

  • ဆူး

    May 23, 2011 at 11:35 am

    ပြသနာ ဖြစ်တဲ့ ကိစ္စ ဖတ်တော့ တခါတုန်းက ကားလိုင်စင်ဝင်တဲ့ ကိစ္စကို သွားသတိရတယ်။ အဲဒီ တုန်းက ကားလိုင်စင်ဝင်ရင် အရမ်းကျပ်တာ.. ကားကလည်း မောင်းတတ်ခါစ.. ကားတန်းစီတာတော့ အရှေ့တိုးယုံပဲကိုတော့ လုပ်တတ်တာတော့.. ကားတွေ တန်းစီပြီး စစ်တဲ့ နေရာ ရောက်အောင် နေပူထဲမှာ အကြာကြီး တန်းစီရတယ် အလှည့်ဝင်တော့ လူတယောက်က ကားအရှေ့တည့်တည့်မှာ ပိတ်ရပ်ပြီး သူကားကို အတင်းဝင်ခိုင်းတယ် မောင်းတဲ့ လူကလည်း ဒရိုင်ဘာ ဆိုတော့ ခိုင်းတဲ့ အတိုင်း လုပ်ရတယ် သူကားက အလှည့်ခိုးဝင်တာ ဒတ်ဆန်းလို ကားမျိုး.. မဟုတ်မှန်း သိသိကြီးနဲ့ မတရား လုပ်တာ မခံနိုင်ဘူး ဒီတော့ ကားဟွန်းတွေ တီးလိုက်တယ်.. အမှန်တော့ ကားကော လူကော ဝင်တိုက်ချင်နေတာ အသည်းကို ယားလို့.. ကားလိုင်စင်ဝင်ဖို့ အတူပါလာတဲ့ အမျိုးသမီးက မလုပ်ပါနဲ့ ဒေါသမကြီးပါနဲ့ အလျော့ပေးလိုက်ပါ အတင်းပြောနေတယ်။ နေပူထဲမှာ စည်းကမ်း အတိုင်း တန်းစီ ထားတာ ကြားခိုးဖြတ်တာ အလကားတော့ မခံနိုင်ဘူး မိန်းကလေးတွေ ပဲ ဆိုပြီး အနိုင်ကျင့်ချင်တဲ့ သဘောနဲ့ လုပ်တာလည်း အသိသာကြီး.. စိတ်ကလည်း အရမ်းတိုနေပြီ ကားလည်း အတင်းမတိုးရဲဘူး လူတိုက်မိရင် ပြသနာ ရှင်းရမှာလည်း စိုးတယ် ကိုယ်တိုင်ကလည်း သိပ်မမောင်းတတ်သေးတာ မဟုတ်ဘူး။ ဒီတော့ ကားဟွန်းတီးပြီး အနောက်ဆုတ်ခိုင်းတယ် အဲဒီလူက ခပ်တည်တည်ပဲ မသိချင်ယောင် ဆောင်နေတယ် စိတ်တိုပြီး ဆင်းအော်တော့.. ဘေးက ပါလာတဲ့ အမျိုးသမီးက ဒရိုင်ဘာကို သွားတောင်းပန်တယ်.. မဖြစ်သင့်တာ.. ဒရိုင်ဘာက မှားမှန်း သိပေမဲ သူ့ဆရာ စကား မလွန်ဆန်ရဲလို့ ကား အတင်း ခေါင်းထိုးဝင်လာတဲ့ ကိစ္စကို.. သွားတောင်းပန်တယ်။ ဟွန်းတွေ စွတ်တီးပြီး မတရား လုပ်တဲ့ အကြောင်း ဆင်းပြောတော့.. အနားက ကားဆရာတွေ ထွက်လာပြီး ဝိုင်းသွားတယ် အဲဒီ လူကားကိုလည်း ရုံးက လူတွေ ဆင်းလာပြီး ဘေးကို ဆွဲထုတ်သွားတယ်။ နောက်တော့ အိမ်မှာ အတင်းအဖျင်း ရှေ့တမျိုး နောက်တမျိုး မလိုတာတွေ ဇာချဲ့ပြီး မဟုတ်တာနဲ့ ဂွင်ဆင်ပြီး နိုင်ကွက်တခုလို အလုပ်ခံရတယ်။ ကိုယ်တိုင်ကျတော့ ကြောက်တတ်လိုက်တာ လွန်ရော.. ပြသနာ ဖြစ်တော့ ခေါင်းရှောင်နေပြီး မဟုတ်တဲ့ နေရာသွားတောင်းပန်တယ်။ ပြီးတော့ သူက တောင်းတောင်းပန်ပန်နဲ့ ရိုရိုသေသေ ပြောတာ ဆူး က မိန်းမ စွာကျယ်လုပ်ပြီး ဒေါသနဲ့ ဖြေရှင်းတယ် ဆိုပြီး အလကားနေရင်း နာမည်ပျက်ခံရသေးတယ်။ အခုတွေးရင် အခု ဒေါသထွက်တယ် ကား ကြားခိုးဖြတ်ခံရတဲ့ ကိစ္စ ဆင်းပြီးသာ မပြောရင် နောက်က ကားသမားတွေ သိမှာ လည်း မဟုတ်ဘူး မသိလိုက် မသိဖာသာ နဲ့ ပြီးသွားမှာ.. ဆင်းပြောတော့ အနောက်က ကားသမားတွေ ဝိုင်းပြောလို့ ပြီးသွားတဲ့ ကိစ္စ နာမည်ကောင်းက ဝင်ယူချင်သေးတယ်။

  • shweminthar

    May 23, 2011 at 12:09 pm

    ဆီတန်းတဲ့ ကိစ္စနဲ့ ပါတ်သတ်ပြီး ဝင်ဆွေးနွေးချင်ပါတယ်။
    လွန်ခဲ့တဲ့၁ဝနှစ်ဝန်းကျင်လောက်က သင်္ကြန်မတိုင်ခင် ရက်ကြိုဆီထုတ်ပေးတဲ့ အချိန်ပေါ့။
    အဲဒီအချိန်တုန်းက နိုဘိုတယ် တိုင်မှာ ဆီထည့်ရပါတယ်။ သင်္ကြန်ရက် အတွတ်ကြိုထုတ်ပေးတော့ ဆီထုတ်ရက်တွေထပ်ပြီး ကားတန်းကြီးက အရှည်ကြီးတန်းရပါတယ်။
    အဲဒီတုန်းက ကျနော်လဲ နံနက် ၈ နာရီလောက်က စတန်းတာနေ့ လည် ၁ နာရီထိ ဆီမထည့်ရသေးဘူး။
    ဆီဆိုင်နားရောက်ခါနီး ဆီဆိုင်ကို လှမ်းမြင်ရလောက်တဲ့ အချိန်မှာ ဂျစ်ကားတစ်စီး က ကျနော်ကားရဲ့ ရှေ့ သုံးစီးလောက် မှာ ကြားဖြတ်ဝင်ပါတယ်။ ကားပေါ်မှာ လူ ငါးယောက်လောက်ပါတယ် အားလုံးမူးနေကြတယ်။
    ကျနော် အကို လဲ ကြားဖြတ်မဝင်ဖို့သွား ပြောတယ်။ တခြားကားတွေက လဲ အဲဒီ ကြားဖြတ်ဝင်တဲ့ ကားနံပါတ်ကို ဆီဆိုင်ကို သွားပြော ကြပါတယ်။ ကြားဖြတ်ဝင်တဲ့ ကားကို ဆီမထည့်ပေးဖို့ သွားပြော တဲ့သူက ပြော။
    ကျနော် အကို က ကြားဖြတ်ဝင်တဲ့ ကားကို ပြော တော့ သူတို့စောင့် ရတာ ကြာလို့ ကြားဖြတ်ဝင်တာ လို့ ပြန်ပြော တယ်။ အကို က အားလုံးအတူတူ စောင့် နေရ တဲ့ အကြောင်း ပြောပြတယ်။ ဒါပေမယ့် မရဘူး။
    အဲဒီအချိန်မှ ကျနော်က ကားပေါ်က ဆင်းပြီး စကားနှစ်ခွန်းပြောလိုက်တယ်။
    မိုက်တဲ့ ကောင်ထွတ်ခဲ့။ အခု ချက်ချင်းထွတ်ခဲ့ ။ အဲဒါပြောပြီး ကျနော် ဂျစ်ကားနောက်က လူကို သေချာ စိုက်ကြည့် နေလိုက်တယ်။
    အဲလိုပြောလိုက်မှ သူတို့ ထဲ့ လူတစ်ယောက်က ဖယ်ပေးလိုက်ပါကွာ ဆိုပြီး ပြန်ထွတ်သွားတယ်။

  • king

    May 23, 2011 at 12:33 pm

    ဟ မိုက် တယ် ကွာ
    ဖြဲ ရဲ တယ် ……
    သတ္တိ ဆို တာ ဒါ ကို ပြော တာ နေ မှာ

  • padonmar

    May 23, 2011 at 12:54 pm

    လင်းဝေကျော်post အကြောင်း ရွှေတောင်နဲ့ ပတ်သက်တဲ့သူကို ပြောပြပေးလိုက်မယ်။warning တော့ ပေးမှာပဲ။တကယ့် အုပ်ချုပ်သူတွေကတော့ ဒီလိုစရိုက်မျိုးကြိုက်မှာ မဟုတ်ပါ၊
    နဂို ရိုးသားတဲ့ ရုံးဝန်ထမ်းတွေ ဓာတ်ဆီဆိုင်လည်းရောက်ရော အကုန်ခြစားကုန်ကြရော၊

  • sayargyi

    May 23, 2011 at 2:47 pm

    ဆူး ဘေးကအမျိုးသမီးက ဆူးရဲ့ ယောင်းမ တော်မယ်ထင်တယ် : )

  • TNO

    May 23, 2011 at 7:41 pm

    ဆီဆိုင်အကြောင်းဆို လို ့တဆက်တည်းသိတာလေးပြောလိုက်ချင်တယ်၊ ဓါတ်ဆီဆိုင် ရထားတဲ ့ပုဂလိက လုပ်ငန်းရှင်တွေအားလုံးက မကင်းရာမကင်းကြောင်းတွေဘဲ၊ အခုတိုင်းဆိုရင် ဒီလို ၂၅၀ဝ နဲ ့ရောင်းတဲ ့ပုံစံကတော ့ဆီဆိုင်တွေ အရင်းမကြေမချင်းဖြစ်နေမှာဘဲ၊ တရက်ကို ဂါလံ ဘယ်လောက်မှောင်ခိုထုတ်တယ် ဘယ်သူသိတာမှတ်လို ့၊ စာရင်းလဲစစ်လို ့မရ ၊ဥပမာတခုပြရရင် ကိုင်းတန်းလမ်းထိပ်ကဆီဆိုင်မှာ လေးဘီး၊ ပရက်စတို ကားတွေကို နောက်ပိုင်းတိုင်ကီအပြည့်ရိုက်ပြီး ခေါက်ရေ အကန် ့အသတ်မရှိထည့်လို ့ရတယ်၊ ဈေးက ၂၅၀ဝ နဲ ့မရဘူး၊ အပြင်ကောက်ဈေးနဲ ့၂၀ဝ လျော့ ၊ ဆိုင်ကိုယ်တိုင်က မရိုးသားတော ့ဝန်ထမ်းတွေကို လည်း အထိုက်လျောက်ပေးစားထားရတယ်၊ ဆိုင် နဲ ့ဝန်ထမ်းတွေက သူတို ့အကြောင်းတွေဖေါ်မှာဆိုးလို ့ဆီမှောင်ခိုသမားတွေကို ပါ အဆင်ပြေအောင်လုပ်ပေးရတယ်၊ နောက်ဆုံးတော ့အိမ်ကားလေးတွေက တရက် ၂ဂါလံနှုန်းနဲ ့အရိုးလေးကိုက်နေကြရတာပေါ ့၊ သွယ်ဝိုက်ပြီးကြည့်ရင် သူတို ့ရနေတဲ ့ကြားပေါက်ငွေအားလုံးဟာ ပြည်သူ ့ငွေတွေပါ၊ အဲဒီတော ့သန့်ရှင်းသောအစိုးရတွေဘာတွေ လာအော်မနေနဲ ့၊ အိပ်ရေးပျက်တယ်၊ ခုနက ကိုင်းတန်းဆီဆိုင်က သမတဦးသိန်းစိန် တူမ ဟာလို ့လဲ ကြားမိတယ်

  • babymay

    May 24, 2011 at 3:18 am

    ဒါကတော့ မြန်မာပြည် ရဲ့နေရာတကာမှာဖြစ်လေ့ရှိတဲ့ ကိစ္စပါ။ စနစ်ကိုက လူတွေကို ဒီလိုဖြစ်အောင်လုပ်ထားတာပါ။။ ဘယ်နေရာမှာမှ resources တွေကို ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက်မဖြစ်အောင်လုပ်ထား တော့ လူတွေအားလုံး ဟာ သူ့ထက်ငါဆိုတဲ့ after me စိတ်ဓာတ် က အရိုးစွဲနေတာလေ။။။after you ဆိုတဲ့ သူတစ်ပါးကို ဦးစားပေးတတ်တဲ့ စိတ်ဓာတ်ဟာ မြန်မာပြည်သားတွေဆီမှာ ခန်းခြောက်နေခဲ့တာကြာပါပြီ။။ ကြာဆို နှစ်ပေါင်း ၅၀၊ ၆ဝ မက ဒီလိုပုံစံဖြစ်အောင် ပုံသွင်းခံလာခဲ့ ကြရတယ်မဟုတ်လား။။ ကားစပယ်ယာတောင်ပြန်မပြောရဲကြတာကတော့ နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ခံခဲ့ရတဲ့ ဒါဏ်တွေပေါ့။ မှားမှားမှန်မှန်လုံးဝပြန်မပြောရဲအောင် မတရားသဖြင့် ချုပ်ချယ်ထားတဲ့ အုပ်ချုပ်ရေးမျိုး နဲ့ နေခဲ့ရတာတွေ ကြောင့် အမှန်တရားနဲ့ ဝေးလွန်းနေတာပါ။ ဒါကြောင့်လဲ ဒီမိုကရေစီနဲ့ နောက်နှစ်ပေါင်းများစွာကြာအောင် ဝေးနေဦးမှာမလွဲပါဘူး။။။။

  • Shwe Tike Soe

    May 24, 2011 at 7:30 am

    ကိုယ့် ဂွင်ထဲရောက်ရင် ကိုယ့်ဗျင်းမယ် ဆိုတဲ့ အောက်တန်းစား စိတ်ဓာတ်တွေနဲ.ပေါ့ဗျာ..
    အဲလိုလူတွေကို ဘယ်လို နှိမ်နင်းကြမလဲ.. အင်းးးးးးးးးးးးးးးးးးးးးးးးးးးး

  • mgbahlaing

    May 24, 2011 at 9:14 am

    ကျွန်တော်ဖြင့် နယ်ကနေ ရန်ကုန်စရောက်တော့ ကားစပါယ်ယာတွေနဲ ့ ခဏ ခဏ စကားများတယ်။
    ကံကောင်းလို့ ဆေးရုံမရောက်တာ..။ဒီငနဲတွေက ဘာမှ အသိဉာဏ်ရှိတာမဟုတ်ဘူး။ ကိုယ်က မခံ
    နိုင်လို့သွားဖြဲ..ကိုယ့်ကို ပြန်ဆော် ..သူရဲစခန်းရောက်တာနောက် ကိုယ်က အရင် ဆေးရုံရောက်
    မရောက်ရင် ရေခဲတိုက်ပဲ..။သူတို့ကို တရားနည်းလမ်းကျကျတွေ သွားမပြောနဲ ့မောသွားမယ်။
    ကိုယ့်မှာလည်း သူတို့ဖြုံလောက်တဲ့ ခွန်အားဗလကမရှိတော့..အဲ အထက်က ကိုလင်းဝေကျော်
    လို အခြေအနေမျိုးတစ်ယောက်ကြုံနေရပြီ ဆိုရင်တော့ မဆိုင်သလို ပါးစပ်ပိတ်နေမှာတော့
    မဟုတ်ဘူး။

  • phyoshein

    May 24, 2011 at 11:29 am

    စိတ်ရှည်ရှည်ထားကြပါဗျာ…
    ဒါတွေက ယာယီအခက်အခဲတွေပါ….
    နောက်တော့လည်း.. အမြဲတမ်း အခက်အခဲတွေ ဖြစ်သွားမှာပေါ့..
    သိပ်ပြီးလည်း ပူပန်မနေကြပါနဲ့…
    ဒုက္ခရောက်လှ ဒီတစ်သက်ပေါ့…
    (အလကားပြောတာပါ..)
    ဟုတ်ပါတယ်..ဒီမှာ Civil Society တွေအားနည်းနေသမျှ…
    ကိုယ့်အခွင့်အရေး ကိုယ်တိုင် မတောင်းဆိုနိုင်သမျှ…
    အထက်ပါ ပုဂ္ဂိုလ်များလို.. ရဲရင့်စွာ ရင်ဆိုင်သူ နည်းနေသမျှ..
    အဲဒီလို… အခွင့်အရေးလုယူတာ..မတရားနည်းနဲ့ ယူတာဟာ..
    တစ်ကယ်တော့ သူများရမယ့် အခွင့်အရေးကို ခိုးယူတာပါပဲ..
    အဲဒီလိုလူတွေ နောက်နောင်နည်းသွားရအောင်…
    တစ်ခါ စလုပ်တဲ့အချိန် နောင်မလုပ်ရဲလောက်အောင် ကြောက်တတ်သွားအောင်….
    ဆောင်ရွက်ဖို့က အသိဉာဏ်.. ဆင်ခြင်ဉာဏ်ရှိသူတိုင်း ရဲ့ တာဝန်ပါ..
    ကိုယ့်တာဝန် ကိုယ်ယူတတ်မှ .. ကိုယ့်အခွင့်အရေးကိုယ်ရမှာပါ….

  • unclegyi1974

    May 24, 2011 at 4:32 pm

    ဆီဆိုင်တွေဒီလိုဖြစ်တာအကြောင်းရှိလို့အကျိုးဖြစ်တာပါ
    ဘာအကြောင်းလဲရှာကြည့်တွေ့မယ်

  • တညင်သား

    May 24, 2011 at 5:13 pm

    နဲနဲပြောပါရစေ ပုဂ္ဂလိက ဆီဆိုင်ဆိုတာတွေဟာ ကော်မရှင်စားသဘောမျိုးပါပဲ သူတို့ဘာစားလဲဆိုတော့ ဆီလာမထုပ်လို့ပိုတဲ့ဆီ ကားမပြနိင်လို့ပိုတဲ့ဆီ အဲဒါတွေပေါ့ဆီက အငွေ့ပျံတဲ့သဘောရှိလို့ တချို့ဆို သိပ်မကိုက်ကြဘူးလို့ ပြောသံကြားပါတယ်.. ဆီကို နိင်ငံတော်က ထိန်းထားစဲပါ ..ဘာလို့လဲဆိုရင် ပြည်ပက ဝယ်ယူတဲ့ဈေးကကြီးလို့ပါပဲ တကယ်တမ်းသာ ပုဂ္ဂလိက ပေးလိုက်ရင် ဆီဈေးက သုံးလေး ဆ ခုန်တက်သွားလိမ့်မယ် နိင်ငံတော်က အရုံးခံပြီး ဖြန့်ဖြူးပေးနေတာပါ ..ပြည်သူ့ဘဏ္ဍာ တွေကို ပြည်သူကိုမျှဝေတယ်ဆိုပါတော့.(လွတ်တော်ထဲ အမေးအဖြေ လုပ်တာကြားမိသလားလို့)
    ကျွန်တော်တို့လို ကားမရှိတဲ့ သူတွေလဲ သနားကြပါအုံးဗျာ…..
    ဒီပို့စ် ရဲ့ အဖြစ်အပျက်ကတော့ မြန်မာလူမျိုးအချင်းချင်း ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်တဲ့အကြောင်းအရာပါ……

  • nature

    May 24, 2011 at 5:39 pm

    supply and demand မှာ demand က supplyထက် တအားများနေတော့ supplyက မာနေတာပေါ့။ ဈေးနှုန်းတခုကို fix ဖြစ်စေချင်တဲ့စေတနာကကောင်းပေမဲ့ fix ဖြစ်ဖို့ အချိန်မရွေး လိုသလောက်အတိုင်းအတာကို လိုတဲ့သူတိုင်းကိုလွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ရောင်းပေးနိုင်ဘို့ လိုမယ်ထင်ပါတယ်၊ ဈေးကစားတဲ့သူတွေ တန်းစီတိုးစားတဲ့သူတွေကို ကျော်အောင်supply လုပ်နိုင်ဘို့ stock အလုံအလောက်ရှိဘို့လိုမယ်ထင်ပါတယ်။အလျှံပယ်ဖြစ်ရင်အပြင်မှာ ဈေးကျသွားပါလိမ့်မယ်၊ stock ပြတ်သွားရင်တော့အပြင်မှာ ဈေးထောင်တက်သွားပါလိမ့်မယ်။ ဈေးထောင်တက်သွားရင် လူတိုင်းကလှောင်ကုန်တခုအနေနဲ့ သဘောထားလာပြီး demand ပိုတက်လာနိုင်သည်ဟု ထင်မြင်မိပါကြောင်း။

  • winkyawaung

    May 25, 2011 at 10:11 am

    မြန်မာပြည်မှာ ရှေးတုန်းကသီးချင်းအတိုင်းဖြစ်လာတော့မှာလား..။ ပြေးကာ လွှားကာ ဆန်ဝယ်..ဆီဝယ်..တဲ့.။ ယခုတော့ အငေါက်ခံ အဆူခံကာ ဆီတန်းစီ ဝယ်ရတယ်ပေါ့..။

  • မမလေး

    May 25, 2011 at 4:44 pm

    ဟိုနေ့က ၄ ဂါလံထည့်တာ ၂ ဂါလံလောက်ပဲရှိမယ် … ခိုးထား တယ်လို့ထင်တာပဲ … မတတ်လာလို့ ….
    စမ်းချောင်းကဆိုင်မှာ …

Leave a Reply