ဖလ်နန်းရှင်ရဲ့ ရှင်မယ်နု
ရာဇဝင်တွေကို ပြန်လည် ဖတ်ရှုဖြစ်သည့်အခါတိုင်း ရင်ထဲမှာ အမျိုးအမည် မသိတဲ့ ဝေဒနာ တခု ဒါမှမဟုတ် အတွေးတခု အမြဲတစေ ကပ်ငြိလေ့ရှိပါတယ်။
ရာဇဝင်ဆိုတဲ့နေရာမှာ ပါးစပ်ရာဇဝင်များက စိတ်မချရပါဘူး။ အမှားများနဲ့ ရောထွေးနေတတ်ပါတယ်။ မှတ်တမ်းမှတ်ရာများနဲ့ အထောက်အထားပြနိုင်တဲ့ သုတေသီ တချို့ တလေတွေရဲ့ စာအုပ်များကသာ သေချာတတ်ပါတယ်။
ရာဇဝင်တွေကို လှန်မိတဲ့ အခါတိုင်း မင်းယောက်ျားများသည်သာ အထင်ကရ ထင်ရှားကျော်ကြားလေ့ ရှိပါတယ်။ မြန်မာ့သမိုင်းပဲဖြစ်ဖြစ် ကမာ္ဘ့သမို်င်းပဲဖြစ်ဖြစ်ပါ။ မိန်းမသားများ ထင်ရှားကျော်ကြားခွင့်ကတော့ အင်မတန်မှကို နည်းပါးလှပါတယ်။ နည်းပါးရတဲ့ အထဲမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူမိန်းမသားများကိုသာ လူအများ မှတ်မိလွယ်တတ်ကြပါတယ်။
ဥပမာ ကလီယိုပတ်ထရာ တို့ နန်းမတော် မယ်န၊ု စုဖရားလတ် တို့လို လူမျိုးတွေပါ။
လေးပေါက်ကို မယ်နုအကြောင်းရေးမယ်လို့ ပြောတော့ ရှုံးလူက စာအုပ်ထူကြီးတွေနဲ့ ကိုင်မပေါက်ပါနဲ့ ၊ စာရေးသူတွေရဲ့အာဘော်နောက်ကိုလည်း မပါမိပါစေနဲ့ ကိုယ်ပိုင်အမြင်နဲ့
အမှန်ကိုရေးပါလို့ ပြောပါတယ်။ သူဒီလို ပြောဖော်ရတာကို ကျေးဇူးတင်ရပါတယ်။ ဒါမှ ရေးတဲ့ အခါ သတိလေးကပ်ပြီး ရေးနိုင်မှာပါ။
သူကြီးလည်း ပြောလေ့ရှိပါတယ်။ အရင်တုန်းက စာအုပ်တွေက ဘာသာပြန်တွေဆိုတော့ စာရေးသူရဲ့ အာဘော်တွေ အမြင်တွေ လွှမ်းမိုးနေတတ်လို့ အမှန်နဲ့ ဝေးတတ်တယ်လို့ပါ။ အင်မတန်ကောင်းမွန်တဲ့ ထောက်ပြပြောဆိုချက်ပါ။
ခေါင်းစဉ်လေးက စပြောချင်ပါတယ်။ ဖလ်နန်းရှင်ဆိုတာ စစ်ကိုင်းမင်းသား ကို ခေါ်ကြတာပါ။ ရာဇဝင်မှာ ဘကြီးတော်လို့လည်း လူသိများပါတယ်။ သူနေထိ်ုင်ရာနန်းတော်ကိုရွှေ၊ ဖန် မှန် များနဲ့ ပြောင်ပြောင်လက်လက် စီချယ်ထားလို့ ဖလ်နန်းရှင်လို့ ခေါ်တာလို့ လည်း ဆိုပါတယ်။ ရှင်မင်းနု ကိုတော့ နန်းမတော်မယ်နုလို့ လည်း အသိများကြပါတယ်။
စစ်ကိုင်းမင်းသားဟာ အိမ်ရှေ့စံ အဖြစ် ၁၁ နှစ်ကျော်နေပြီး ဘိုးတော်ဘုရားကွယ်လွန်တဲ့ အခါမှသာ ခရစ်နှစ် ၁၈၁၉ မှာ ထီးနန်းဆက်ခံပါတယ်။ နန်းသက် က ( ၁၈ ) နှစ် စိုးစံပါတယ်။ အိမ်ရှေ့စံ ဘဝမှာ သူ့ရဲ့ ကြင်ယာတော်က ဆင်ဖြူရှင်မယ် ဖြစ်ပါတယ်။ ဒါပေမဲ့ သားတော် ညောင်ရမ်းမင်းသား(စကြာမင်းသား)လေးကို ဖွားပြီး ရ ရက်မြောက်မှာ ဆုံးရှာပါတယ်။
အဲ့ဒီနောက်မှာတော့ ဘိုးတော်မင်းတရားကြီးမကွယ်လွန်ခင် အိမ်ရှေ့စံဘဝမှာပဲ သူ့ကို ပန်းတောင်းမင်းသမီးနဲ့ ထပ်မံလက်ဆက်စေခဲ့ပါတယ်။ သို့သော် စစ်ကိုင်းမင်းက သူဘုရင်ဖြစ်တဲ့ အခါမှာတော့ မယ်နုကို သာ မိဖုရားခေါင်ကြီး အဖြစ် တင်မြှောက်ခဲ့ပါတယ်။ ပဒေသရာဇ် ဧကရာဇ် ခေတ်မှာ ထီးမွေနန်းမွေ ဆက်ခံတဲ့ နေရာမှာ မင်းမျိုးမင်းနွယ်ဆိုတာကြီးက သိပ်အရေးပါလှပါတယ်။
အားလုံးရဲ့ ဆန္ဒကို လွန်ဆန်ပြီး အမျိုးနိမ့်သူလို့ သတ်မှတ်တဲ့ မယ်နုကို မိဖုရားခေါင်ကြီး တင်မြှောက်ခဲ့တာပါ။ ထုံးစံ မဟုတ်ပါတဲ့။ အားလုံးသဘောမတူ တဲ့ကြားက တင်မြှောက်ခဲ့တာပါ။
ဘယ်သူတွေ ဘယ်လိုပဲ ပြောကြပါစေ အဲ့ဒီအချိန်တုန်းက စစ်ကိုင်းမင်း ကတော့ မယ်နု မှ မယ်နုပါ။ ဒါဆို သူ့ကို သိပ်ချောသိပ်လှလို့များ စွဲမက်နေတာလား။ မဟုတ်ပါဘူး ရှင် ” နန်းမတော်မယ်နု ရာဇဝင်မူမှန်” စာအုပ်မှာရော “ကုန်းဘောင်ရှာပုံတော်” စတဲ့ စာအုပ်တော်တော်များများမှာ မယ်နုဟာ ရွက်ကြမ်းရေကြို သာမန်ရုပ်ရည်ပါလို့ ဆိုထားပါတယ်။
သို့သော် ကိုယ်နေဟန် ပြေပြစ်ပြီး အမူအရာ နန်းဆန်ပြီး သိမ်မွေ့ပါတယ်။ အနေအထိုင်တတ်ပြီး အပြုအစု ကောင်းတယ်လို့ဆိုပါတယ်။ စစ်ကိုင်းမင်းဟာ အိမ်ရှေ့စံ ဘဝမှာတုန်းက မင်းပျိုမင်းလွင်ပီပီ လွတ်လွတ်လပ်လပ် သွားလာ လည်ပတ်ရင်းနဲ့ ဖလံခုံရွာ ဇာတိဖြစ်တဲ့ မယ်နုကို အမရပူရ နေပြည်တော်မှာ တွေ့ပြီး တော်ကောက်ခဲ့တာပါ။ သူဘုရင် မဖြစ်ခင်ကထဲက ပါ။ ဘုရင် ဖြစ်ရင် မိဖုရားခေါင်ကြီးနေရာမှာ ထားရမယ်လို့ ပြောတဲ့ မယ်နုရဲ့ စကားကိုလည်း လက်ခံခဲ့တယ်လို့ ဆိုပါတယ်။
ဖလံခုံရွာကနေ မယ်နု နေပြည်တော် ရောက်လာရတာကလည်း ထူးဆန်းပါတယ်။ စွန်ငှက်တကောင်က မြစ်ဆိပ်မှာ ရေချိုးနေတဲ့ မယ်နုရဲ့ ထဘီအနီကို အစာထင်ပြီး သုတ်ချီသွားပါတယ်။ နောက်နန်းတော်ဆီကို တဟုန်ထိုးပျံသန်းသွားပြီး မိဖုရားခေါင်ကြီးရဲ့ အဆောင်တော်ပေါ်ကို ချထားခဲ့ပြီး သုံးကြိမ်တိုင်တိုင် အော်မြည်ပြီး ပျံသန်းသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီသတင်းစကားကို ကြားတဲ့ ဘိုးတော်မင်းတရားက နိမိတ်ထူးတယ် ဘုန်းကံရှိသူဆိုပြီး ချီးမြှင့်မြှောက်စားမယ်ဆိုပြီး နန်းတွင်းကို သွင်းပြီး တောင်နန်းမိဖုရားအဆောင်မှာ တောင်နန်းအပျိုတော်အဖြစ်ထားခဲ့ပါတယ်။ အဲ့ဒီမှာ စစ်ကိုင်းမင်းက တွေ့ပြီး တော်ကောက်ခဲ့တာပါ။
မယ်နုမမွေးခင် “ထောင်မှူးသမီး ၊ ခြေကျဉ်းကြီးနှင့် ၊ ကြီးရင်ငါ့ဘို့ ၊ လက်မတို့နှင့် “ ဆိုတဲ့ တဘောင်ပေါ်ခဲ့ပါတယ်တဲ့။ မယ်နုက ထောင်မှူးသမီးပါ။
အမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာတော့ သူ့ကို ဘယ်သူကမှ မကြည်ဖြူ မချစ်ခင်ပါဘူး။ နန်းတော်တွင်းမှာ ရှိနှင့်ပြီးဖြစ်တဲ့ မင်းမျိုးမင်းနွယ်များဟာ သူမကို သဘောမတွေ့ပါဘူး။ အဲ့ဒီမှာ မယ်နုက သူ့မောင်အရင်းဖြစ်တဲ့ မောင်အိုကို စလင်းမြို့စားအရာထားပြီး နန်းတော်တွင်းမှာ အင် အားမွေးပါတော့တယ်။ အဲ့ဒီအချိန်မှာ စစ်ကိုင်းမင်းရဲ့ ညီတော် သာယာဝတီ မင်းသားလည်း သူ့အခြွေရံ သင်းပင်းများနဲ့ သူ့ အကို စစ်ကိုင်းမင်းကို ခစားလျှက်ရှိပါတယ်။
စစ်ကိုင်းမင်းဟာ ရှေးဘုရင်များလို ဓားထက်တဲ့ လက်ရုံးရည် ပြည့်ဝသူ တယောက် မဟုတ်တဲ့ အပြင် စာပေဂီတ ပန်းချီ၊ ပန်းပု ၊ စတဲ့အနုပညာ လက်ရာများကိုသာ စိတ်ဝင်စားပြီး အဲ့ဒီဘက်မှာပဲ အချိန်ကုန်နေလေ့ရှိပါတယ်။ မင်းတပါးအနေနဲ့ ဆောင်ရွက်သင့် စိတ်ဝင်စားသင့်တဲ့ တိုင်းရေးပြည်ရာများကို စိတ်မဝင်စားပဲ မိဖုရားဖြစ်တဲ့ မယ်နုကိုသာ လွှဲအပ်ထားခဲ့ပါတယ်။( ဒါကတော့ သိပ်ကို ဆိုးဝါးလှတဲ့ အချက်ကြီးပါ။ )
မယ်နုကလည်း ရတဲ့ အခွင့်အရေးကို အပိုင်ကိုင်ပြီး သူ့ဆွေမျိုး သူ့လူများကိုသာ နန်းတော်တွင်းမှာ နေရာပေးပြီး အားမွေးထားပါတော့တယ်။ ထီးနန်းအလယ်မှာ သူရေရှည်ရပ်တည်နိုင်ဖို့ အာဏာတည်မြဲနိုင်ဖို့ အတွက် အင်အားစုဆောင်းထားတဲ့ သဘောပါ။ပဒေသရာဇ်ခေတ်မှာ အင်အားနဲ့ လက်ဦးမှုကို အရေးကြီးတယ်လို့ မြင်ကြပါတယ်။
အဲ့ဒီမှာ ဖြစ်ချင်တော့ မယ်နုဆိုတာ အများက အမြင်မကြည်တဲ့ အမျိုးနိမ့်သူ ဖြစ်နေတော့ သူဘာပဲ ပြောပြောဘာပဲ လုပ်လုပ် နန်းတွင်းအပါအဝင် သူ့ရပ်သူ့ရွာက ထောက်ခံသူ အားပေးသူ အကောင်းပြောသူ နည်းလှပါတယ်။ ရှေ့မှာ ကြောက်လို့ မလှန်ဝံ့ပေမဲ့ ကွယ်ရာမှာတော့ နန်းမတော် မယ်နုလို့ မခန့်လေးစားခေါ်ကြပါတယ်။
မယ်နုကလည်း ပြောပလောက်အောင် မာနကြီးပြီး မောက်မာတယ်လို့ ဆိုပါတယ်။ဘဝင်မြင့်ပြီး တယူသန်ပါတယ်တဲ့။အာဏာနဲ့ငွေကြေးကို မက်မောပါတယ်တဲ့။ နိုင်ငံခြားသားများကို မလိုလားပါတဲ့။
သူ့ခေတ်မှာ မန်ကျည်းရွက်ကို နုတယ်လို့ မပြောရဘူး ။ ထွတ်တယ်လို့ ပြောခိုင်းပါတယ်တဲ့ ။ထွဋ်ခေါင်ဆရာတော်က တရားပြတော့မှသာ မာန်လျော့သွားတယ်ဆိုပါတယ်။
မောင်တော်သူ မောင်အို ကလည်း မင်းသားကြီးဘွဲ့ကို ခံယူကာ ဆိုးချင်တိုင်းဆိုး ၊ ပွေချင်တိုင်းပွေကာ မာနကြီးပြီး ခက်ထန်သူ ရက်စက်သူလို့ ဆိုပါတယ်။ ရာထူးရာခံ လိုချင်သူတွေက သူ့ကို တံစိုးလက်ဆောင်ထိုးပါက လွယ်လွယ်ရသလို သူကလည်း ဤနည်းနဲ့ပဲ စီးပွားဖြစ်နေတယ်လို့ ဆိုပါတယ်။ တိုင်းသူပြည်သားများဟာ သူ့ကို မုန်းလည်းမုန်း ကြောက်လည်း ကြောက်ပါတယ်တဲ့။
အဲ့ဒီလို နန်းတွင်းမှာ အာဏာတည်မြဲရေးကိုသာ လုံးပန်းနေတဲ့ မိဖုရားနဲ့ ဘာကိုမှ စိတ်မဝင်စားပဲ သက်သာသလို နေခဲ့တဲ့ စစ်ကိုင်းမင်းသားတို့ မြန်မာပြည်ကိုအုပ်ချုပ်နေတဲ့ ခေတ်မှာ နိုင်ငံရပ်ခြားတိုင်းပြည်ဖြစ်တဲ့ ဥရောပတခွင်မှာ ၁၈ ရာစုမှာ ဖြစ်ပွားခဲ့တဲ့ စက်မှုခေတ်ပြောင်းတော်လှန်ရေးကြောင့် အင်္ဂလန်မှာ ကုန်ထုတ်လုပ်ငန်းများ ၁၉ ရာစု အစောပိုင်းမှာ ကထဲက တိုးတက်လာပါပြီ။ အင်္ဂလိပ်ဟာ အိနိ္ဒယနိုင်ငံမှာ နယ်အချို့ကို သိမ်းပိုက်ပြီး ဖြစ်ပါတယ်။
နယ်ချင်းထိနေတဲ့ မြန်မာကိုလည်း ပြင်သစ်နဲ့ အပြိုင် မျက်စိကျနေပါပြီ။ နယ်ချဲ့ စစ်တိုက်သူဖြစ်လေတော့ လက်နက်ဆန်းများကို သူ့ထက်ငါ အပြိုင် တီထွင်ထုတ်လုပ်လာကြလို့ စစ်အင်အားကလည်း ကြီးမားနေပါပြီ။
ဒါကို နန်းတော်တွင်းမှာ အာဏာကိုပဲ အာရုံရနေတဲ့ မယ်နု ရော တိုင်းပြည်ရေးရာ စိတ်မဝင်စားတဲ့ စစ်ကိုင်းမင်းရော ၊ အရှင်မွေးလို့ နေ့ချင်းကြီးလာတဲ့ စလင်းမင်းသားမောင်အိုတို့က မသိနိုင်ကြပါဘူး။
နောက်တချက်က မြန်မာ က အရင် ဘုရင်ခေတ်အဆက်ဆက်မှာ အိမ်နီးချင်းများနဲ့ စစ်ဖြစ်ပွားတဲ့ အခါတိုင်း နိုင်ချီများလို့ နယ်မြေဆုံးရှုးံရတယ်ဆိုတဲ့ အတွေ့အကြုံ မရှိခဲ့ပါဘူး။ နောက် အခု လက်ရှိ ကိုယ့်ပြိုင်ဘက်ရဲ့အခြေအနေမှန်ကိုလည်း မှန်ကန်စွာ သုံးသပ်နိုင်ခြင်းမရှိပါဘူး။ ၁၈၂၄ မှာ အင်္ဂလိပ်များဟာ မြန်မာကို ကျုးကျော်ဖို့ အစစအရာရာ ပြင်ဆင်ပြီး ဖြစ်လို့ ရှင်မဖြူကျွန်းအရေးမှာ စစ်ကြေညာပြီး တိုက်ခဲ့ကြတာပါ။
နယ်ချဲ့ သမိုင်းဆရာများကတော့ အဲ့ဒီကျုးကျော်စစ်ဖြစ်ရတာ မယ်နု စစ်လိုလားပြီး စစ်သူကြီး မဟာဗန္ဓုလ က အစွမ်းပြပြီးအမြှောက်စားခံချင်လို့လို ဆိုပါတယ်။ တကယ့်တကယ့် ပထမ ကျုုးကျော်စစ်ဖြစ်တော့ မဟာဗန္ဓုလ ကျဆုံးပါတယ်။ အဲ့ဒီသတင်းကြားတော့ မယ်နုက ငိုပါတယ်တဲ့။ သူ့လက်ရုံးပြုတ်လေတာကိုး။ သာယာဝတီမင်းသားက ရှေ့ထွက်တိုက်ခဲ့သူ ဆိုတော့ စစ်ပြေငြိမ်းလိုပါတယ်။
မြန်မာဖက်က ဓား၊ လှံ၊ တူမီးသေနတ်များနဲ့ ပြိုင်ဖက် ရဲ့ ခေတ်မှီလက်နက်ဆန်းများကို ကိုယ်တိုင် လက်တွေ့ မြင်ခဲ့ရသူဆိုတော့ အခြေနေ မှန်ကို သိလို့ စစ်ပြေငြိမ်းလိုတာပါ။ နန်းတွင်းထီးနန်းကလွဲလို့ ဘာဆိုဘာမှမသိတဲ့ မယ်နု နဲ့ မောင်အိုက လက်မခံချင်ပါဘူး။ ဒါပေမဲ့ တခြားမှူးမတ်များရဲ့ လျှောက်ထားချက်ကြောင့် စစ်ကိုင်းမင်း က လက်ခံပြီး စစ်ပြေငြိမ်းခဲ့ပါတယ်။
“တစ်ပြည်လုံးဆုံးရချည့် စုန်းမရဲ့လင်၊ ပတောင်းတောင်ညာတင်မှ ညီခင်တပ်တော် လှည့်လို့ရယ် ပြန်ခဲ့မယ်လေး” ဆိုတဲ့ တဘောင်လည်း အဲ့ဒီအချိန်မှာ ပေါ်ခဲ့ပါတယ်။
မယ်နုကို မုန်းလွန်းလို့ စုန်းမ ၊ ငါးစိမ်းသည်မလို့လည်း အဲ့ဒီခေတ်အခါက သမုတ်ခဲ့ပါတယ်။
အဲ့ဒီမှာ ရန ္တပို စာချုပ်အရ မြန်မာဘက်က ရခိုင်နဲ့ တနသာင်္ရီကို ပေးရတဲ့အပြင် လျော်ကြေးငွေ တစ်ကုဋေ ပေးခဲ့ရပါတယ်။ အဲ့ဒီမှာ အရှုံးဆိုတာကို မကြုံခဲ့ဖူးတဲ့ စစ်ကိုင်းမင်းဟာ စိတ်မဖြေနိုင်ပဲ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးပါ ထိခိုက်လာပါတယ်။( ခုခေတ်လိုဆို စိတ်ကျရောဂါစွဲကပ်လာတယ်လို့ ပြောရမှာပါ။ )
သူစိတ် မတည်ငြိမ်လေ နန်းတွင်းမှာ အာဏာပြိုင် ၊ အားပြိုင်မှုတွေ ကြီးထွားလာလေပါ။ မယ်နု နဲ့ မောင်အို က တစ်ဖက် သာယာဝတီ မင်းသားက တစ်ဖက် အုပ်စုဖွဲ့ ပြီး ရန်စောင်နေခဲ့ပါတယ်။ နောက်ပို်င်းမှာ မောင်အိုက သာယာဝတီမင်းသားနဲ့နှမတော် ပုဂံမင်းသမီးရဲ့ ကျွန်ကို ဖမ်းဆီးဖို့ ကြိုးစားလာပါတော့တယ်။
အဲ့ဒီမှာ သာယာဝတီမင်းသားဟာ လက်ဦးမှုရယူဖို့ အတွက် ရွှေဘိုဘက်ကို ထွက်ခဲ့ပါတယ်။
သာယာဝတီမင်းသားဟာ ဘိုးတော်ဘုရားရဲ့ မြေးအရင်းဖြစ်တဲ့ အပြင် ထက်ထက်မြက်မြက်လည်းရှိပါတယ်။ ပြည်သူတို့ကလည်း ရိုကျိုးပြီး အထူးသဖြင့် မင်းဆွေမင်းမျိုးတို့ ဧ။်ထောက်ခံမှုကို အပြည့်အဝရတဲ့သူပါ။
ဘုရင်ဧ။်ညီအရင်း ဖြစ်သော်လည်း မယ်နုမောင် မောင်အိုလောက်မှ သူကောင်းပြုခြင်းပေးခံရသူ မဟုတ်၍ လူအများက ပို၍မေတ္တာသက်ဝင်ခြင်းခံရပါတယ်။ အဲ့ဒီမှာ သာယာဝတီမင်းသားဘက်ကို ပူးပေါင်းသူများပြီး အင်အားကြီးလာပါတယ်။
နောက်ဆုံးမှာ သာယာဝတီမင်းက နန်းရပြီး အကိုတော် စစ်ကိုင်းမင်းကို နန်းချပြီး အကျယ်ချုပ်ထားပါတယ်။
မယ်နုနဲ့ မောင်အိုကို ရေချကွပ်မျက်ပါတယ်။ ဒါတင်မက တူတော် ညောင်ရမ်းမင်းသား( စစ်ကိုင်းမင်းရဲ့ သားတော်) ကိုလည်း ရေချကွပ်မျက်ခဲ့ပါတယ်။
နောက်ထပ်ပြောစရာလေးတခုက မယ်နုကို ရေမချခင်မှာ သူကိုးကွယ်တဲ့ဆရာတော်ဦးဗုဓ်ကို နောက်ဆုံးဖူးတွေ့ဖို့ခွင့်တောင်းပါတယ်။ ဖူးတွေ့ခွင့်ရတဲ့ အခါမှာ ဆရာတော်က မယ်နုကို “ဟဲ့ … မိနု သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်” လို့ တိုတိုပြတ်ပြတ် မိန့်တော်မူပါတယ်။ အဲ့ဒီစကားကို ကြားလိုက်ရတဲ့ မယ်နုက နောက်ထပ်ဘာကိုမှ မပြောတော့ပဲ အေးဆေးတည်ငြိမ်စွာနဲ့ ရေချရာ အရပ်ကို လိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို ရေချရာအရပ်ကလည်း ဧရာဝတီမြစ်ဆိပ် မဟုတ်ပဲ တောင်သမံအင်းရေပြင်ရဲ့ အရှေ့မြောက်ထောင့် မယ်ဘယက်ကုန်းကမ်းစပ်မှာ ကတ္တီပါအိတ်အနီအတွင်း ထည့်သွင်းပြီးရေချခဲ့ပါတယ်။
ခုချိန်ခါမှာ လှပနေဆဲ မြန်မာပြည်ရှုခင်းတခုရဲ့ နောက်ကွယ်မှာတော့ သမိုင်းရဲ့ အမည်းစက်တခု စွန်ုးထင်းနေခဲ့ပါတယ်။
ဒီနေရာမှာ နောက်ထပ်ပြောချင်တာလေးက အဲ့ဒီခေတ်အခါက မယ်နုရဲ့ ဘာသာရေးလိုက်စားပုံပါ။ တိုင်းရေးပြည်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားပေမဲ့ ကုသိုလ်ရေးရာ အလှူအတန်းမှာတော့ စိတ်ပါလက်ပါရှိခဲ့ပုံပေါ်ပါတယ်။
ဖလ်နန်းရှင်နဲ့ ရှင်မင်းနုတို့ စိုးစံခဲ့ရာ ၁၈ နှစ်အတွင်းမှာ ဒီနေ့ထိ အထင်ကရ ရှိနေတဲ့ ကောင်းမှုများကို မြင်တွေ့နိုင်ပါတယ်။
၁။ ပုထိုးတော်ကြီး ( အမရပူရ )။
၂။ နန်းတွင်းအုတ်ကျောင်း (အင်းဝ)။
၃။ မဟာသကျသီဟ ရုပ်ပွားတော် ( မ န ္တလေး )။
၄။ ရှင်ဖြူရှင်လှ စေတီနှင့်စောင်းတန်း ၊ ( စစ်ကိုင်းမြို့ )။
၅။ ကြေးချိန်တစ်သိန်းခေါင်းလောင်း (အမရပူရ)။
၆။ အနောက်တိုက်ဘုရားကြီး (ဖလံခုံရွာ)။
၇။ မြန်မာဇရပ် ၊ ဗုဒ္ဓဂယာ ( အိနိ္ဒယပြည်)။
တို့ဖြစ်ပါတယ်။
မယ်နု ရဲ့ အကြောင်းကတော့ သမိုင်းကပြောသမျှကို ကျမတတ်နိုင်သလောက် အတိုချုံးပြီးရေးထားတာပါ။ ခေတ်တခေတ်ကို စာတမျက်နှာနဲ့ ပြီးအောင် ပြောရတာဆိုတော့လည်း လိုအပ်ချက်တော့ရှိမှာပါ။
မယ်နုတို့ ကုန်းဘောင်ခေတ်အပေါ်မှာ ခံစားမိတဲ့ ကျမရဲ့ အမြင်ကို အနည်းငယ်ပြောလိုပါတယ်။
၁။ ဘကြီးတော် (စစ်ကိုင်းမင်း) ဆက်ခံတဲ့ အချိန်မှာ အရင်မင်းက ယိုးဒယားကိုသွားတိုက်ခဲ့တဲ့အတွက် တိုင်းပြည်တွင်းစီးပွားရေး ကျဆင်းနေပါတယ်။
၂။ စစ်ကိုင်းမင်းဟာ ပြည်တွင်းရေးရော ပြည်ပရေးရာများမှာပါ မှန်ကန်တဲ့ အမြင်နဲ့ အောင်မြင်အောင်ဖြေရှင်းစွမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ ဓားမထက်တဲ့အပြင် အဓိက ကတော့ မင်းတပါးဖြစ်လောက်တဲ့ အရည်အချင်းမျိုးမရှိပဲ စိတ်ဓာတ်ပျော့ ညံ့ခဲ့တဲ့ အတွက် မယ်နုလို လူမျိုးရဲ့ ကြိုးဆွဲရာကပြီး ပြည်ပျက်ခဲ့ရတာပါ။
၃။ တိုင်းတပါးသားတို့နဲ့ အပြိုင်တိုင်းပြည်ရဲ့ စစ်ရေးစစ်ရာ လက်နက်များကို အမှီလိုက်နိုင်အောင် ကြိုးစားအားထုတ်မှု မလုပ်ခဲ့ပါဘူး။
ကုန်းဘောင်ခေတ်မှာ တို်င်းပြည်အရှုံးဘက်က ရင်ဆိုင်ခဲ့ရခြင်းရဲ့ အဓိက တရားခံက ဘကြီးတော် ( စစ်ကိုင်းမင်း)ရဲ့ ခေါင်းဆောင်မှု အရည်အသွေးညံ့ဖျင်းခဲ့ခြင်းရယ် တိုင်းပြည်တွင်းမှာ သွေးစည်းညီညွတ်မှုမရှိခဲ့လို့ပါ။
မယ်နုကတော့ ရောက်ရှိရာအထွတ်အထိပ်နေရာမှာ တရားမျှတမှု၊ ပညာဉာဏ်သတိတို့နဲ့ ယှဉ်တွဲနေထိုင်ရမဲ့အစား အာဏာကို မက်မော၊ တယူသန်၊ ဘဝင်မြင့်ပြီး ကိုယ့်ဆွေမျိုး၊ ကိုယ့်ဘက်တော်သားများကောင်းစားရေးကိုသာ ရှေ့တန်းတင်ခဲ့တဲ့အတွက် ရာဇဝင်မှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ရပါတယ်။
မြန်မာ့သမိုင်းကို ပြန်လေ့လာတဲ့အခါမှာ ဝမ်းနည်းစရာကောင်းတဲ့အချက်တစ်ခုကိုသွားတွေ့ရပါတယ်။
ပါးစပ်ရာဇဝင်တွေ ၊ဇာတ်သမားတွေရဲ့ သမိုင်းအခြေခံထားတဲ့ထိုးဇာတ်တွေကြောင့် တစ်ဆင့်နဲ့တစ်ဆင့် မိမိပြောချင်တာကိုထည့်ပြောကြတဲ့ အိမ်တွင်းဖြစ်ပါးစပ်ရာဇဝင်ကြောင့်လဲ မူရင်းသမိုင်းအဖြစ်မှန်နဲ့ ကွဲလွဲတဲ့သမိုင်းကြောင်းတွေဖြစ်လာတာပါဘဲ။
ခက်တာက က စာနဲ့ပေနဲ့ အတိအကျကြီး မှတ်တမ်းတင်ထားမျိုး ကို အလွယ်မတွေ့နိုင်ပြန်တော့လဲ သူတို့ပြောတာ ဟုတ်နိုးနိုးနဲ့နေခဲ့ရပါတယ်။
ဘုရားအနီးမှာနေထိုင်ပြီး ဘုရားဇာတ်ကြောင်းပြောပြသူကလေးတွေက သူတို့ ဘိုးဘွားမိဘတွေသင်ပေးတာကို ပြန်ပြော ၊ ဒီဘုရားကိုအလည်သွားရင်း နားထောင်မိသူက အဟုတ်ထင်လို့နောက်တစ်ဆင့်ပြန်ပြောဆိုတော့ နောက်ဆုံး ဘယ်သူက အမှန်ဆိုတာကို မသိနို်င်လောက်အောင်လမ်းစပျောက်ခဲ့ပါတယ်။
အဲတော့လဲအခု လေးပေါက်ရဲ့ ဓါတ်ပုံ ဆောင်းပါးထဲကလို ရာဇဝင်မှာ အမဲစက်တွေတင်ကျန်ခဲ့တဲ့ မယ်နုဆိုတဲ့အတိုင်း မှတ်တမ်းတင်ကျန်ခဲ့ပါတယ်။
ဒါကြောင့်လဲ ကျမတို့ အားလုံးအမြင်မှာနန်းမတော်မယ်နုဆိုတာနဲ့ “ဆိုးတယ်နော်” ဆိုတာကို အသိမှာစွဲမြဲခဲ့ရပါတယ်။ တကယ်တော့ သူ့ပါတ်ဝန်းကျင်ကြီးတစ်ခုလုံးက ပျက်စီးယိုယွင်းနေတဲ့အထဲမှာ ကျော်ကြားထင်ရှားတဲ့သူ့အပေါ် အားလုံးကအပြစ်တွေပုံချလိုက်တာကို ခံရသူဆိုရင်လဲမမှားဘူးလို့ထင်ပါတယ်။
ဒါကြောင့်ခေတ်တစ်ခေတ်က လူတစ်ယောက်ကို အကဲဖြတ်မယ်ဆိုရင် သူနဲ့ပါတ်သက်ဆက်စပ်နေတဲ့ ဇာတ်ကောင်တွေကို ပါ လေ့လာပြီးမှ အကဲဖြတ်မှာသာ မှန်ကန်တဲ့အဖြေကိုရနိုင်မယ်လု့ိယုံကြည်ပါတယ်။
အဲ့ဒီခေတ်နောက်ပိုင်း ဆက် ခံသူများဟာလည်း ရှေးခတ် ပုဂံမင်းများလို ဘုန်းမီးနေလ မထွန်းတောက်နိုင်ပဲ လက်ရုံးရည်ရော နှလုံးရည်ပါ မပြည့်ဝတော့တဲ့အပြင် တစစနိမ့်ဆင်းပြီး လူတစု အာဏာတည်မြဲရေး၊ ကောင်းစားရေးကိုသာ ရှေ့တန်းတင်ခဲ့တဲ့ အတွက် မြန်မာပြည်ကြီး အနိမ့်ဘက်ကို တောက်လျှောက်လျော့ကျခဲ့ရတာပါ။ အဆက်ဆက်ကနေ အခုထိပါ။
ကျမတို့ခေတ်မှာတော့ ဒီသမိုင်းအဆက်ဆက်ရဲ့ အမှားတွေကို သင်ခန်းစာယူပြီး တဖန်ပြန်လည်ဦးမော့နိုင်အောင် ကြိုးစားကြရအောင်ပါ။
ကိုး။ ။နန်းမတော်မယ်နု ရာဇဝင်မူမှန်၊ ကုန်းဘောင်ရှာပုံတော် ( ညိုမြ )၊ ကုန်းဘောင်ခေတ်စစ်တမ်း (မောင်သော်)။ ရာဇဝင်ထဲက မိန်းမသားများ (ဒေါက်တာမတင်ဝင်း)။
(အားမနာတမ်း ဝေဖန်ပါ၊ ထောက်ပြပါ၊ လွတ်လပ်စွာ ကွဲလွဲပါ)
26 comments
ရှူံးနိမ့်မှုများနဲ့.. လူ
November 13, 2011 at 2:03 am
Pooch ရေ…
အားမနာတမ်းရေးပါဆိုတော့လည်း အားနာနာနဲ့ပဲ မတူညီတဲ့အမြင်တွေ၊ ရှုထောင့်တွေကနေ ဝေဖန်ဆွေးနွေးကြည့်တာပေါ့။ ဒီဆိုက်မှာအတော်လေး စာဖတ်သက်ရတဲ့သူတွေဆို ဘယ်သူက ဘယ်လိုင်းမျိုးရေးသလဲ၊ ဘယ်အရာကို စိတ်ဝင်စားလဲဆိုတာ သိကြပေမပေါ့။ ကျုပ်လဲ ကိုယ်သန်ရာ သန်ရာကို အားသန်သပေါ့လေ..
ဆိုတော့ကာ သူများတွေရဲ့ ကိုယ်တွေ့တွေကို စိတ်ဝင်စားသလို ကိုယ်တွေ့တွေချည်းသက်သက်ရေးနေတဲ့ ကျုပ်အဖို့ ခုလို မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ နန်းမတော် မယ်နုအကြောင်းကို Pooch ကရေးပြလိုက်တော့ သိသင့်သလောက်တော့ သိသွားရတာပေါ့။ အမှန်အတိုင်းပြောရရင် ကျုပ်အတွက်က စာအုပ်စာပေဆိုတာ အတော်လက်လှမ်းမမှီဘူး။ တစ်ရက်တစ်ရက် အလုပ်နဲ့ ၈၈ နဲ့ အိပ်ချိန်နဲ့ မနည်းအချိန်လုနေရတာဆိုတော့ ဗဟုသုတ မကြွယ်ဝလှဘူးပေါ့လေ။ ခုလိုရေးပြလိုက်တော့ အတော်လေး သိတန်သလောက် သိလာရတာပေါ့။
လိုရင်းကိုဆက်ရမယ်ဆိုရင် ကျုပ်အမြင်လေး သီးသန့်တင်ပြချင်သပေါ့လေ (ဒီလိုဆိုလို့ တင်ကြီးလားသေးလားလို့ မထင်စေချင်ဘူး)
မယ်နု….. မယ်နု..
နန်းမတော်မယ်နု။
မြန်မာ့သမိုင်းမှာ “မိန်းမဖျက်တော့ ပြည်ပျက်တယ်” ဆိုတဲ့စကား သူ့ကြောင့်များ ဖြစ်လာလေရော့လားလို့။ ဇာတ်ကြောင်းကို သေချာဖတ်ကြည့်ပြန်တော့လည်း လူ့သဘာဝဆိုတာမြင်မိပြီး သနားခြင်းတော့ သက်ရောက်မိပြန်တယ်။ စစ်ကိုင်းမင်းသားက တော်ကောက်လို့ မိဖုရားဘဝကိုလဲ ရောက်ခဲ့ပြန်၊ လင်တော်မောင်ရဲ့ ချစ်ခင်ခြင်းကိုလဲ ရခဲ့ပြန်တော့ သူမကျေနပ်တဲ့သူတွေကို ပြန်လက်စားချေရင်းနဲ့ သူ့ဘဝ အမည်းစက် စွန်းထင်းခဲ့တယ် ထင်မိပြန်တာပဲ။ မိန်းမတွေသဘာဝများ အားနွဲ့သူတွေပါရယ်လို့ဆိုရင်း အားကြီးပါတယ်ဆိုတဲ့ ယောကျာ်းရင့်မာကြီးတွေကို အိမ်မွေးခွေးလေးတစ်ကောင်ပမာ ကန်ချင်သလိုကန်၊ ရိုက်ချင်သလိုရိုက်၊ ပြစ်ချင်သလို ပြစ်ထားတာတောင်မှ သူ့နားကိုပဲ တဝဲလည်လည်ပြန်လာနေမယ်ဆိုတာသိတော့ ဆိုးချင်တိုင်းဆိုးနေခဲ့တာလား။ စစ်ကိုင်းမင်းသားဆိုတာလည်း ဘာသားနဲ့ထုထားတာမို့လို့။ ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ရဲ့ တစ်မျက်နှာ တစ်ကမ္ဘာထင်နေတာလား။
ကျုပ်လို သာမန် အညတရယောကျာ်းတစ်ယောက်အဖို့တော့ ကျုပ်မိန်းမကိုချစ်လို့ တိုင်းပြည်မပျက်သွားနိုင်ပေမယ့် သူလိုလူတစ်ယောက် မိန်းမကိုချစ်ခြင်းပို အလိုတွေလိုက်လို့ ပြည်ပျက်ခဲ့တယ်မလား။ မိန်းမသဘာဝ လူတစ်ကာ အားကျခြင်းကို လိုချင်ရှာတော့ ရုပ်လှတဲ့မိန်းကလေးများအဖို့ သူ့အလှကို ပြင်ဆင်ပြီး လူတစ်ကာအားကျခံနိုင်ပေမယ့် Pooch လေ့လာထားချက်အရ သာမန်ရွက်ကြမ်းရေကျိုရုပ်လေးသာရှိတဲ့ မယ်နုမှာတော့ သူ့မောင်ကိုမြှောက်စား၊ အာဏာများစုဆောင်းလို့ လူများအားကျရိုသေလေမလားရယ်လို့ ကျိုးစားရှာလေတာပေါ့။ သူ့ခေတ်သူ့အခါကတော့ မယ်နုဆိုတာ နာမည်ကြားရုံနဲ့ လူတိုင်းတုန်လှုပ်ခြောက်ခြားချင် ခြောက်ခြားနေခဲ့မှာပေါ့။ (ခုခေတ်ကိုပဲကြည့်)။ သူလဲမရှိရော သူဆိုတဲ့ မိန်းမသား လူတစ်ကာ ပါးစပ်ဖျားမှာ တံတွေးခွက် မြောနေပါရော့လား။
ကျုပ်က ငယ်ကတည်းက ပဲစားကြီးလာတာဆိုတော့ လက်ရှိအုပ်ချုပ်သူ လူတန်းစားရဲ့ အုပ်ချုပ်သူတွေကို အတော်လေးသိတယ်ပဲ ဆိုရမလား။ ရုံးမှာဆိုစီနီယာ၊ အိမ်မှာဆို ဂျူနီယာ ဆိုတဲ့စကား စစ်သားတိုင်း ပြောတဲ့စကား။ အပြင်ပန်းမှာ တစ်ကယ့်ကျားကျားလျားလျား၊ ယောက်ျားကြီးများဖြစ်ကြပေမယ့် ချိုသာတဲ့စကား၊ အားနွဲ့သူတွေရဲ့ နှုတ်ဖျားက စကားလေးတွေက သူတို့အတွက် သေမိန့်များဖြစ်လေရော့လားမသိ သူတို့ပြောစကားက သူ့မိန်းမစိတ်ထားနဲ့ တစ်သားတည်းဖြစ်တော့တာလား။ (ဒါလဲ အပြစ်မဆိုရက်ပြန်ဘူး၊ ယောကျာ်းဆိုတဲ့အမျိုးက မိန်းမတွေ ငယ်နိုင်မလား) ရာဇဝင်ထဲက မယ်နု၊ သူဆိုးခဲ့တယ်ဆိုတာထက် မိန်းမသဘာဝ မိန်းမအလုပ်ကို လုပ်ခဲ့တယ်ပဲ ဆိုရမလား။ နှလုံးသားအရေးနဲ့ တိုင်းပြည်အရေး ခွဲခြားမသိမြင်နိုင်တဲ့ စစ်ကိုင်းမင်းသားအပါအဝင် လက်ရှိနိုင်ငံ့အကြီးအကဲများကိုသာ အပြစ်တင်လိုတော့ပါကြောင်း…..
ဂလောက်ပဲတော်သေးဘီ
သူများတွေရေးဖို့လဲချန်ထားဦးမယ်
(ရှူံးနိမ့်မှုများနဲ့.. လူ)
pooch
November 13, 2011 at 8:22 pm
ရှုံးလူရေ ကိုယ့်အတွေးနဲ့ ကိုယ်ပါ… ကိုယ်ခံစားမိသလိုပေါ့..
ကိုပေါက်(မန္တလေး)
November 13, 2011 at 8:49 am
ကျနော်ကတော့ ကိစ္စတစ်ခုရယ်လို့ဖြစ်လာရင် တစ်ဖက်သတ်မပြောဘဲ ဘက်စုံဒေါင့်စုံအောင်ကြည့်ပြီးမှ
ကောက်ချက်ချစေချင်တာပါဘဲ။
ပေါက်ဖော်
November 13, 2011 at 9:13 am
အန်တီပုနဲ ့ ကိုရှုံးလူတို ့.စာတွေ နှစ်ခုပေါင်းပြီး စဉ်းစားကြည့်တော့..
စစ်ကိုင်းမင်း သောက်သုံး မကျတာပဲ တွေ ့မိတယ်..
မယ်နုကတော့ မိန်းမသဘာဝပဲလေ..ရလေလိုလေ..ပါ
ခေတ်သစ် မယ်နုတွေလဲ ရှာတတ်ရင် ရှိလိမ့်မယ်ခင်ဗျ…..အရည်အချင်းမရှိပဲ ဘုရင်တက်ဖြစ်တဲ့..
စစ်ကိုင်းမင်း ချီးပေတာပါ….ရှင်းပါတယ်..
ဘာပဲဖြစ်ဖြစ်…နာမည်ဆိုးနဲ ့ကြော်ကြားခဲ့တဲ့မယ်နုရဲ့ ဘာသာတရား ကိုင်းရှိုင်းမှုကိုတော့
လေးစားမိပါတယ်.
သေကာနီးတောင် ဆရာတော်ဦးဗုဓ် ရဲ့ စကားတစ်ခွန်းနဲ ့..အေးဆေး သေသွားနိုင်တာလဲ လေးစားမိပါတယ်.
သမိုင်းစိတ်မဝင်စားပေမဲ့လဲ..အန်တီပု ရေးပြတာ စိတ်ဝင်စားလို ့..ဆက်ဖတ်မိပြီး.ကိုရှုံးလူရဲ့ ကွန်းမန် ့နဲ ့
မျှအောင် စဉ်းစားပြီး ကျနော့်အထင်လေးပြောပြတာပါ….
pooch
November 13, 2011 at 8:26 pm
ပေါက်ဖော်ရေ အရည်အချင်းမရှိသူများ အုပ်ချုပ်တာကို ခံရတဲ့ခေတ်ဆိုရင် တိုင်းပြည်ရော ပြည်သူပြည်သားရော အလွန်နစ်နာပါတယ်..
ကြောင်လတ်
November 13, 2011 at 10:59 am
ဆရာမ ပု ရေ(ကိုပေါက်ဖော်ခေါ်တဲ့နာမည်ခေါ်လိုက်တာ) မိန်းမထဲမှာ နာမည်ပျက်သူတွေ ထင်ရှားတယ်ဆိုလို့ ဘုရင်မကြီးရှင်စောပု ကော နာမည်ပျက်ရှိသလား၊ သူ့အကြောင်းလေးရေးပြဖို့တောင်းဆိုပါတယ်။ကျွန်တော် ဂဃနဏ မသိလို့ပါ။
ကျွန်တော်တို့ဖက်မှာ သူထွက်ပြေးစဉ်က တည်ထားခဲ့တဲ့ ဘုရားတွေ အခုထိအထင်ကရရှိနေပါတယ်။
pooch
November 13, 2011 at 8:33 pm
ကိုကြောင်လတ်ရေ ဘုရင်မကြီး ရှင်စောပုက နာမည်ပျက်မရှိပါဘူး…
အဲ့ဒီခေတ်က တော်တော်လေးတိုင်းရေးပြည်ရာ အပြောင်းအလဲများလို့ပါ..
မမှီပြောသလိုပဲ သက်မဲ့ ပစ္စည်းတခုလို ဟိုလူ့ပေးလိုက် ဒီလူ့ပေးလိုက်နဲ့ နေခဲ့ရတာပါ။
windtalker
November 13, 2011 at 11:13 am
ကောင်းမှုတော် ဘုရား မှာ နှစ်စဉ် ၊ အခုလက်ရှိ ထွဋ်ခေါင်ဆရာတော်ဘုန်းဘုန်း တို ့ဦးဆောင်ပြီး တရားပွဲ ၊ ဘုရားပွဲ များ ကျင်းပလျှက်ရှိတယ် လို ့သိရပါတယ် ။
ကိုပေါက်(မန္တလေး)
November 13, 2011 at 11:48 am
ရှင်စောပုကတော့ ကျနော်အမှတ်ရသလောက်နာမယ်ပျက်မရှိဘူးဗျ။
အယ်လ်စ်ဇဘက်တေလာလို ယောကျာ်းတစ်ယောက်ပြီးတစ်ယောက်ယူတာက လူပိုသိတယ်လေ။
မင်းငါးဆက် မိဖုယားဖြစ်တယ်လို့တော့ စိတ်ထဲမှ မှတ်မိနေတယ်.
ကဲ သမီးတော်ပုရေ တောင်းဆိုနေကြပြီ။
ဆက်ရေးလိုက်ပါအုံးရှင်စောပုအကြောင်း
hmee
November 13, 2011 at 7:14 pm
ရှင်စောပု ယောက်ကျားများတာ သူ့ဘာသာယူလို့ ရတာ မဟုတ်ဘူးထင်တယ် လေးပေါက်ရဲ့။ တိုင်းရေးပြည်ရေးအတွက် သူ့ခမျှာ အကြိမ်ကြိမ် ပဏ္ဍာအဆက်ခံရတာလို့ ဖတ်ဖူးသလားလို့။ သူနောက်ဆုံး ပဏ္ဍာအဆက်ခံရတော့ သမီး အကြီး နှစ်ယောက်နဲ့ လူမမယ်သားလေး ၃နှစ်သားလေးကို ထားခဲ့ရရှာတယ်တဲ့။ သူ ထွက်ပြေးပြီး ပြန်ရောက်လာတော့ သူ့သားလေးက သူ့ကို မမှတ်မိဘူးလို့လည်း ဖတ်ဖူးတယ်။ ဆရာမမတင်ဝင်းရဲ့ ရာဇဝင်ထဲက မိန်းမသားမှာ ဖတ်ဖူးတယ် ထင်တာပဲ သိပ်တော့ မမှတ်မိဘူး။ ဖတ်တာတွေ စုံတော့ ဟုန်ကုန်ပြီ သိသလို မသိသလိုလို ဖြစ်နေတာများြပြီ။
pooch
November 13, 2011 at 9:04 pm
လောက်ပေးရယ် မရေးပါရစေနဲ့တော့ ….. ရာဇဝင်အူပေါက် အရှုပ်ထုပ်များက စမိရင် မဆုံးတော့လို့ပါ…. 🙁
ဆူး
November 13, 2011 at 12:29 pm
မကြီးပု ရာဇဝင်ရေးပေးလို့ ကျေးဇူးတင်ပါတယ်။
ဒါနဲ့လေ ကြားဖူးတာ.. ဟိုဟို ဘုရင်အိုကြီးကို မယ်နု က ဘုန်းကြီးဝတ်ခိုင်းပြီးတော့ နန်းတော်မှာ လင်ငယ်လေးတွေ နဲ့ ပျော်နေတယ်ပြီးတော့ မယ်နု အုတ်ကျောင်း အောက်မှာ ပုံကန်သူကို သတ်ပြီး မြေမြုပ်ခဲ့တယ် ဆိုလား ကြားဖူးတာ ရှိနေလို့.. ချန်ခဲ့တာလား။ ပါးစပ် သမိုင်းဖြစ်နေလို့လား။
pooch
November 13, 2011 at 8:54 pm
ဆူးရေ အဲ့ဒါတွေက လုပ်ဇာတ်တွေပါ.. …အဲ့ဒါကြောင့်ချန်ခဲ့တာပါ..
ရုပ်သေးမင်းသား ဦးသူတော်ပြန်အဖွဲ့ က စကြာရေချ ဇာတ်ထုပ်ကို လုပ်ဇာတ်တွေနဲ့ ကိုယ်လိုရာ ဆွဲကခဲ့လို့ ကင်းဝန်မင်းကြီးဦးကောင်းက ခေါ်ယူသတိပေးပြီး ဒီလို မဟုတ်မဟပ်တွေလုပ်ဇာတ်တွေ မကပါနဲ့လို့ ကိုယ့်အရှင်ကို အသရေ မဖျက်ပါနဲ့လို့ မေတ္တာရပ်ခံလို့ မကတော့ပေမဲ့ ဦးကောင်းဆုံးတော့ ပြန်လည်ကပြခဲ့ပါတယ်..
လူကြိုက်များတယ်လို့ ဆိုပါတယ်…. အဆက်ဆက်က အဲ့ဒီအမှားကို အမှန်လို့ ထင်ခဲ့ကြတာပါ..
အုတ်ကျောင်းတော်မှာ သတင်းသုံးခဲ့တဲ့ ဆရာတော် ဦးဗုဓ်ဆိုတာ စာတတ်ပေတတ်ပုဂိ္ဂုလ်တပါးဖြစ်တဲ့ အပြင် ၊ ဝိနည်းကျင့်စဉ်များကို တင်းတင်းကြပ်ကြပ်လိုက်နာခဲ့ရုံသာမက အလိုနည်းပြီး တရားပြည့်ပါတယ်.. သူလို ပုဂိ္ဂုလ်က လူသတ်ပြီး မြှုပ်ထားတဲ့ အဆောက်အအုံပေါ်မှာ သတင်းသုံးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား..
(ဆရာတော့် အကြောင်းကို” ညောင်ကန်သမိုင်းဖြစ်စဉ် သာသနာဝင် ” စာအုပ်မှာ အကျယ်ဖတ်နိုင်ပါတယ်) ကိုယ်တိုင်ကတော့ ကောက်နှုတ်ချက်တချို့တလေသာ ဖတ်ဖူးပါတယ်
မယ်နုက သူ့မောင်ကို အရေးပေးလွန်းလို့ မုန်းတီးကြလွန်းလို့ သူ့ငယ်ချစ်ဆိုပြီး ပေးစား သမုတ်ခဲ့ကြတာပါ….
ဆူး
November 13, 2011 at 12:33 pm
မိဖုရား ဖွားစော ကျောက်စာကြောင့် ယောကျား များတာ လူသိတာ နေမှာပေါ့..
ငါ့ လင်မင်းကြီး
ငါ့ သားမင်းကြီး
ငါး မြေးမင်းကြီး ဆိုလား မေ့တော့ မေ့နေပြီ။
ချောလားတော့ မသိဘူး အဘွားကြီး ဖြစ်တဲ့ အထိ ဟုတ်နေတာပဲ။
pooch
November 13, 2011 at 9:47 pm
ဆူးရေ … အတိုချုပ်လေးပြောလိုက်မယ်နော်..မမှီပြောတာ ဟုတ်ပါတယ်..
အဲ့ဒီခေတ်က နိုင်ငံရေးအပြောင်းအလဲများနဲ့ ရှုပ်ထွေးပါတယ်။ ဖတ်ရတာတောင် မူးပါတယ်။
၁။( ပထမအိမ်ထောင်) သမိန်စည်သူ- သမီး ၂ ၊ သား ၁။ အိမ်ထောင်သက် ၅ နှစ်မှာ သမိန်စည်သူဆုံးပါးပါတယ်။
၂။(ဒုတိယ အိမ်ထောင်). ..သူ့နောင်တော်စစ်ရှုံးလို့ သူ့ညီမ ရှင်စောပုကို သီဟသူ ထံဆက်လိုက်ပါတယ်။ အိမ်ထောင်သက် ၃ နှစ်မှာ တိုက်ပွဲမှာ ကျပါတယ်။
၃။(တတိယအိမ်ထောင်)နောက်တက်တာ မင်းလှငယ် ပါ၊ မင်းလှငယ်အသက် က ၉ နှစ်ပဲရှိပါသေးတယ်။ ထုံးစံအရသာ ရှင်စောပုကို မိဖုရားခေါင်တင်မြှောက်ခဲ့တာပါ။ နန်းစံသက် ၃ လမှာ အဆိပ်မိပြီး ဆုံးပြန်ပါတယ်။
၄။(စတုတ္ထအိမ်ထောင်)နောက်တက်တဲ့ ကျေးတောင်ညိုက သူ့ကို ထပ်မံ မိဖုရားမြှောက်ပါတယ်..
၅။ နောက် စစ်ဖြစ်ရင်း ပခန်းတရဖျား အကူအညီကို လိုချင်တာနဲ့ရှင်စောပုကို တရဖျားထံ ဆက်သပါတယ်။(ပဉ္စမအိမ်ထောင်)
၆။(ဆဌမအိမ်ထောင်) မိုးညှင်းသတိုးက တရဖျားလက်ကနေ ပြန်သိမ်းပိုက်ပါတယ်.. သူ့လက်က ရှင်စောပုထွက်ပြေးပါတယ်. သူ့တိုင်းပြည် ဟံသာဝတီကို ပြန်ပါတယ်.
သူ့ပြည်မှာ သူ့အကို ဗညားရံကံကုန်တော့ သူဘုရင်မ(အသက် ၅၉ နှစ်မှာ) အဖြစ်နဲ့ ရ နှစ်စံပြီး နန်းကို သမက်တော်ကို လွှဲခဲ့ပါတယ်။
သူ့ခေတ်မှာ တိုင်းပြည်အေးချမ်းပြီး စည်ပင်ဝပြောပါတယ်။ သက်တော် ၇၈ မှာ ကံကုန်ပါတယ်။
အဲ့ဒီခေတ်ရဲ့ မိန်းမသားဘဝဟာ သနားစရာကောင်းပါတယ်.. သက်မဲ့လို့ ဟိုပေးဒီပေးနဲ့ပါ..ငြင်းဆန်ခွင့်မရှိခဲ့ပါဘူး..
ဆူး
November 14, 2011 at 10:19 am
အိမ်ထောင်ဆက် ၅ဆက်လောက်ပဲ သိထားတာ ၆ဆက်ဆိုတော့ အံဩသွားတယ်။
ဆူးက စာသိပ်မဖတ်တော့ သမိုင်း ဗဟုသုတ တော်တော် နည်းပါတယ်။
ပြောပြပေးတာ ကျေးဇူးတင်ပါတယ်။
ပြောရင်းနဲ့ သမိုင်းကို ဇတ်လမ်းလှလှ ရေးလိုက်ပါအုန်းလား သိရတာပေါ့။
၇၈ မှာ သေသွားတယ် ဆိုတော့ ကာလသား ရောဂါတို့ သားအိမ်ခေါင်း ကင်ဆာ တို့ ဘာတို့ မပေါ်သေးဘူးနဲ့တူတယ်နော်။
ကြောင်ကြီး
November 13, 2011 at 2:43 pm
မိပုရှ်နဲ့မိနု
ကြည့်လုပါဆို
ဘယ်သူ့ကို
ရွေးမလဲ
ရွာသားများ။။။။။
ဦးကြောင်ကတော့ ပုရှ်မှပုရှ်လေးပါကွယ်။။။။ 😳
ကိုရင်စည်သူ
November 13, 2011 at 8:31 pm
မိပုရှ်နဲ့ မိနု
ကိုရင်မလု
ကြောင်ကြောင် ………..
ရွေးရွေး…………….
မရွေးရွေး………….
ကိုရင်ကတော့ မီးမှမီးပဲ…။ ။ ။ 😳 😳
koaung
November 13, 2011 at 2:59 pm
ဆက်ပါဦးဗျိုး ရှင်စောပုဇတ်လမ်းလေး အရေးအသားများစိတ်ဝင်စားစရာကောင်းပါ၏
ကိုပေါက်(မန္တလေး)
November 13, 2011 at 9:24 pm
မမှီရေ
ပျောက်နေသလိုဘဲ။
ဒီနေ့မှတွေ့တော့တယ်။
မယ်နုကနေစလိုက်တာ ရာဇဝင်ထဲ အမျိုးသမီးများအကြောင်းကို
ကျနော်တို့ မန်းလေးသူ ပုရှ်က ဆက်လက်ရေးသား
ပေးမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။
pooch
November 13, 2011 at 10:09 pm
လေးပေါက် အပေါ်မှာ ရေးပေးခဲ့ပြီးပြီ တော်ပြီ မူးနေပြီ မရေးပါရစေနဲ့တော့… အဲ့ဒီခေတ်က အရမ်းရှုပ်တယ်..
လေးပေါက်ရေ…
အနော် ကျောင်းတက်တုန်းက သမိုင်းဆိုတာ အမုန်းဆုံးဘာသာရပ်ပါ။ ခုနှစ်တွေ မှတ်ရလို့ပါ။
လူတွေကို ပိုစိတ်ဝင်စားလို့ သူတို့ အကြောင်းကို ရှာဖတ်ရင်း ရာဇဝင်ကို ဖတ်မိသွားတာပါ။ ဒီကလူတွေ အကြောင်းတင် မဟုတ်ပါဘူး ။ စိတ်ဝင်စားရင် ဝင်စားသလို အစုံ ရှာဖတ်တာပါ။
သမိုင်းက ကျယ်ပြန့်ပါတယ်။ အနော်က သုတေသီမဟုတ် မေဂျာဘာသာမဟုတ် နဲ့ ဖတ်ရင်းဖတ်ရင်းမျောပါသွားတာပါ။
ကိုယ်ဖတ်မိသလောက်ပဲ သိပါတယ်။ အကုန် မသိပါဘူး။ စိတ်ဝင်စားတာကို ရွေးဖတ်တာပါ။
ဒီနေ့လည်း နေမကောင်းလို့ ဆေးခန်းသွားခဲ့ရပါတယ်… 🙁
ရာသီအကူးအပြောင်းကို တုပ်ကွေးနဲ့ ကြိုဆိုလိုက်တာပါ… 🙁 🙁
ကွန်ပျူတာရှေ့ပဲရောက်နေလို့ မားသားကြီးရဲ့ ကွီစိကွစကို ခံယူလိုက်ရပါသေးတယ်…. 🙁 🙁
လချုပ်မပြီးလို့ အိမ်ပေါ်ကနေ ခေါင်းနဲ့ ဆင်းရဖို့လည်း လက်တကမ်းအလိုမှာပါ…. 🙁 🙁
TTNU
November 13, 2011 at 11:04 pm
မယ်နုအကြောင်းကို တော်တော်ကိုပြည့်ပြည့်စုံစုံ ကျမ်းကိုးကျမ်းလာစုံလင်စွာနဲ့
တင်သွားနိုင်တဲ့ POOCH တော်လိုက်တာလို့ ဖတ်ရင်း တဖွဖွ ပြောမိတဲ့ အထိပါပဲ။
အမေကွိစိကွစိခံရင်း၊ လချုပ်မပြီးတာကိုပစ်ထားရင်းနဲ့ မယ်နုနောက်ကိုကောက်ကောက်ပါအောင်
သူလိုက်လံရှာဖွေရေးသားထားတယ်ဆိုတာ အထင်းသားပါလား။
သူ့ခမျာပင်ပန်းရှာပါတယ်။ ဖတ်ရတဲ့သူတွေမှာလည်း ဗဟုသုတရစေပါတယ်။
ဒါပေမဲ့….ကျမတို့ သမိုင်းဘာသာရပ်အနေနဲ့ လေ့လာကြတဲ့အခါမှာ မယ်နုအကြောင်းက Vital Role
မှာပါလောက်အောင်မခန်းနားခဲ့ပါဘူး။ မိန်းမဆိုးတစ်ယောက်ဖြစ်ခဲ့ပြီး အာဇာနည်မဖြစ်ခဲ့ပါဘူး။
(ကျမတို့ခေတ်မှာတော့ ဒီသမိုင်းအဆက်ဆက်ရဲ့ အမှားတွေကို သင်ခန်းစာယူပြီး တဖန်ပြန်လည်ဦးမော့နိုင်အောင် ကြိုးစားကြရအောင်ပါ။) လို့ဆိုလာသူ POOCH ရေ
ဒီလိုဆိုရင်တော့ ကျမတို့ တိုင်းပြည်ကို တကယ်ချစ်တဲ့ အာဇာနည် အမျိုးကောင်းသား/သမီး
တွေ၊ အမှားကို သင်ခန်းစာယူနိုင်လောက်အောင် အသိရှိတဲ့သူတွေ၊ရှိမှဖြစ်မယ်။
ခေါင်းဆောင်မှု အရည်အသွေးညံ့ဖျင်းတဲ့သူတွေ +အာဏာနဲ့ငွေကြေးကို မက်မောပါတဲ့ နန်းမတော်တွေ
ရှိနေဦးမယ်ဆိုရင်တော့ မန်ကျည်းရွက်တွေလည်း ထွတ်နေရဦးတော့မှာပါပဲ။
Sonny
November 14, 2011 at 2:11 pm
ရာဇဝင်တွင်ရစ်မယ့်အရေးအသားတွေပါ။ pooch ခင်ဗျာ။ ဆက်ရေးပါ။
etone
November 14, 2011 at 3:28 pm
အစ်မ ပုချ်ရေ လက်လှမ်းမမှီတဲ့ ရာဇဝင်တွေအကြောင်း ဖတ်ရတာ စိတ်ဝင်စားစရာကောင်းပါတယ်နော် … ။
ဒါပေမယ့် ဘာမဟုတ်တဲ့ တစ်နေရာစာလေးကို မက်မောနေကြတာ ရာဇဝင်တိုင်းလိုလိုပဲနော် ။
လူနေခြုံကြား ၊ စိတ်နေဘုံဖျားဆိုတာတွေကိုလည်း တွေ့မြင်ရပါတယ် … ဆွေးမျိုးသားချင်းလည်း ငွေကြေးအာဏာတည်မြဲဖို့ဆို ရက်စက်ကြတယ် …. ။ ဟိုးခေတ်က ကံတရားအတိုင်းဖြစ်တည်လာရတဲ့ ဘဝကို ဇာတ်နိမ့် ဇာတ်မြင့်တွေလည်း ခွဲကြတယ် … ။ ဘာကျေးဇူးစား ၊ ကျေးဇူးခံမှ မရှိပါပဲ …. ဘုန်းကြီးလည်း မဟုတ် ၊ သူတော်စင်လည်းမဟုတ်တဲ့လူတွေကို ခေါင်းငုံ့ရတယ် ရှိခိုးရတယ် ၊ လက်အုပ်ချီရတယ် … ဒါတွေကလည်း ဒီခေတ်ထိအောင် အနည်းငယ်ရိုက်ခတ်နေတုန်းနော် … ။
ဥပမာ … လူကြီး သူမတွေရှေ့ ခါးကိုင်းသွားရတာပဲကြည့် … ဘာအပြစ်မှလည်း မလုပ်ပါဘူး … ဘာလို့များ ကုန်ပြီးသွားရတာလဲနော် …. မတ်မတ်လျှောက်လျှင် အဂါရဝဖြစ်စေတယ်တဲ့လား …. ။ ကျွန်မတော့ တမျိုးတွေးမိတယ် … ဒီအတိုင်း ပုံမှန် (လမ်းလျှောက်နေတာက)မှ တော်သေးတယ် .. လူကြီးရှေ့ရောက်တော့ .. ခါးကုန်းလျှောက်တာ … (ဖင်ကြီးကုန်းပြသလို .. လည်ပင်းဟိုက်တာကို မြင်စေချင်သလိုလိုနဲ့ ) တူတယ် … အဲ့ဒီအပြုမူကမှ စော်ကားသယောင်ယောင် ၊ ပျက်ရယ်ပြုသယောင်ယောင် .. ဟီးဟီး 😀 😀
Shwe Ei
November 14, 2011 at 4:16 pm
အရေးအသားကောင်းလို့ ရာဇဝင်ရှည်ကြီးကို လွယ်လွယ်နဲ့သဘောပေါက်သွားပါတယ် pooch ေ၇။ ရာဇဝင်ထဲက အမျိုးသမီးတွေအကြောင်း ထပ်တင်ပေးအုံးမယ်ဆိုရင်လဲ စောင့်မျှော်အားပေးပါမယ်။
ကိုပေါက်(မန္တလေး)
November 14, 2011 at 9:55 pm
ရွှေအိရေ
သမီးတော်ပုရှ်ကို ဆက်ရေးခို်င်းတာ တော်ပြီတဲ့ဗျာ။