လမ်းဘေးဆိုင် ၊ လမ်းဘေးကား နဲ့ လမ်းဘေးလူ (၅)
လူ…
ခြောက်သန်း…
သူတို့ဝယ်ဘို့ (က) (ခ) (ဂ) အဆင့်ဈေးက ၁၆၈ ဈေး
တဈေးကို ပျှမ်းမျှ လူသုံသောင်းခွဲ ဝယ်ရမယ် ဆိုရင် ….
(ဒီတော့ တချို့ဈေးကြီးတွေမှာ လူတသိန်းကျော် ဝယ်ရမယ်ဆိုရင်)
ဈေးတခုဆီဦးတည်ပြီး ဆိုက်ကားပေါင်းဘယ်လောက် ပြေးဆွဲရမလဲ ?
အဲသလောက်ဆိုက်ကားတွေ တနေရာထဲဗဟိုပြု သွား လာရင်
အဲဒီနား လမ်းပေါ်ကားမောင်းလို့ကော ရပါတော့မလား ..
အဲ .. တော်ပြီ ..
အမြည်း ဆိုတာ တတို့လောက်ပဲကောင်းတယ် ..။
ဒီတချက်ထဲနဲ့တင် ခေါင်း ဆင်နင်းသွားဘို့ များတယ် ။
ဒါကြောင့် နေရာအနှံ့ မှာ ဖြန့်ကျက်ပြီးရှိနေတဲ့
လမ်းဘေးဈေးသည်တွေ ပျံကျဈေးတန်းတွေဟာ
သင့်တော်တဲ့ အချိန် သင့်တော်တဲ့နေရာ တွေမှာ
သင့်တော်တဲ့ ဦးရေကန့်သတ်မှု တွေနဲ့သာ ထိမ်းသိမ်းနိုင်မယ်ဆိုရင်
(လူညံ့တွေ ဘာမှမလုပ်တတ်လို့ ထိုင်ကြည့်နေစေဦး)
မြို့ပြလည်ပတ်မှု့ အချိုးတကျဖြန့်ကျက်ဘို့ – ကို
သဘာဝအလျှောက် ဖန်တီးပေးရာရောက်တယ်။
ဒါဖြင့် လမ်းဘေးဈေးသည်တွေက အမှိုက်တွေမထွက်ဘူးလား ?
ထွက်တယ်လေ – အဲဒါသိမ်းပေါ့။
သူတို့လမ်းဘေးမရောင်းလို့ ဈေးထဲသွားရောင်းရင်လဲ
ဒီအမှိုက်ပမာဏပဲ ထွက်မယ့်ဥစ္စာ ။
ဒါဖြင့်လမ်းဘေးဈေးသည်တွေက လမ်းမပိတ်ဘူးလား ?
ပိတ်တယ်လေ – အဲဒါကြောင့် အစကတည်းက သင့်တော်တဲ့နေရာမှာ သင့်တော်တဲ့ဦးရေ သင့်တော်တဲ့ဧရိယာ ကန့်သတ်မှု့တွေ ထားရမှာပေါ့။
ဒါဖြင့်လမ်းဘေးရောင်းတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလား ?
ညီညွတ်အောင် စည်းကမ်းသတ်မှတ်ပြီး – စည်းကမ်းဖေါက်ဖျက်တဲ့အခါ
ပိုက်ဆံမတောင်းပဲ မှန်မှန်ကန်ကန် အရေးယူပေါ့။
ဥပမာ – အစားအသောက်ရောင်းရင် –
ဖုံးအုပ်ထားရမယ် ။ လက်နဲ့မကိုင်ရဘူး ။ အမြင့် ၃ ပေခွဲ ရှိတဲ့ ခုံပေါ်တင်ရောင်းရမယ် ။ ရောင်းတဲ့သူဟာ ကူးစက်ရောဂါတွေ ကင်းရှင်းရမယ့်အပြင် မျက်မြင်မှာလဲ ပုံမှန်ကျန်းမာသန့်ရှင်းတဲ့ အခြေအနေရှိရမယ်။
စသည် … စသည် …. ဖြင့်ပေါ့ ..။
ဒါဖြင့် လမ်းဘေးဈေးတန်းတွေ ပျံကျဈေးတန်းတွေဟာ
မြို့တော်ကြီးရဲ့ ဂုဏ်ကျက်သရေကို မထိခိုက်ဘူးလား ?
မြို့တော်ကြီးရဲ့ ဂုဏ်ကျက်သရေဆိုတာက-
ကွန်ကရိတုံးတွေနဲ့ မှန်တွေ သံတိုင်တွေ ထက်
ပြုံးနေတဲ့မျက်နှာတွေ ၊ ပျော်နေတဲ့မျက်လုံးတွေ
အပူအပင်အနှောက်အယှက်ကင်းတဲ့ ရယ်မောသံတွေက
ပို အဓိကကျတယ်။
ဈေးသည် ဈေးဝယ်တွေ…..
လမ်းလျှောက်သူတွေ ကားမောင်းသူတွေ ….
အနှေးယာဉ်တွေ အမြန်ယာဉ်တွေ .…
အဲသည်မြို့တော်သားတွေအားလုံး ….
မြို့တော်ကြီးရဲ့ ဖြည့်ဆည်းနိုင်သမျှကို
ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာအောင်
စည်းကမ်းတကျဝေမျှသုံးစွဲစေဘို့ စီမံပေးရမှာ။
ဖိနပ်နဲ့မတော်လို့ ဆိုပြီး ဖနှောင့်ကိုလှီးပြီး
ဖြေရှင်းရမှာ မဟုတ်ဘူးနော် …။
သတိပြုစရာရှိပါတယ် ။
စီမံခန့်ခွဲတယ်ဆိုတာရဲ့ အဓိကအပိုင်းက …
ကြိုမြင်ပြီး ကြိုလုပ်ရတာ ….။
ဥပမာလေးပေါ့ –
မနေ့က စ ရောင်းတဲ့ လမ်းဘေးဈေးသည်ကို
ဒီနေရာမှာမရောင်းနဲ့ လို့တားမြစ်တာဟာ
တခြား ရောင်းခွင့်ရှိတဲ့နေရာမှာသွားရောင်းလို့ …
နေရာပြောင်းခိုင်းရာရောက်တယ်။
ဒါပေမယ့် … လွန်ခဲ့တဲ့ငါးနှစ်လုံး ဒီနေရာမှာရောင်းနေတဲ့ဈေးသည်ကို
အခုမှ – ဒီနေရာမှာမရောင်းနဲ့ လို့တားမြစ်တာကျတော့ –
စီးပွားပျက်ပြီး ငတ်ပေတော့ …လို့ စီရင်ချက်ချရာရောက်လိမ့်မယ်။
လွန်ခဲ့တဲ့ တစ်ပတ်က အများဆိုင်နေရာမှာ ဝင်ရောက်ကျူးကျော်နေသူကို
ဒီနေရာမှာမနေနဲ့ …လို့ ပိတ်ပင်တာဟာ
သူ့အိမ်သူပြန်ခိုင်းတာ ဖြစ်ပေမယ့် ….
လွန်ခဲ့တဲ့ ဆယ်နှစ်လုံး ဒီနေရာမှာကျူးကျော်နေသူကို
အခုမှ – ဒီနေရာမှာမနေနဲ့ လို့တားမြစ်တာကျတော့ –
ဘဝပျက်ပြီး ဒုက္ခရောက်ပေတော့လို့ … စီရင်လိုက်သလိုဖြစ်လိမ့်မယ်။
လွန်ခဲ့ပြီပဲထား … မြို့တော်ကြီး သန့်ရှင်းသာယာလှပစေဘို့
မြို့တော်သားအများစု နေထိုင်သွားလာမှု့အဆင်ပြေစေဘို့
လုပ်စရာရှိတာတော့လုပ်ရမှာပေါ့ ..လို့ ……ဆိုခဲ့ရင်….
အဲဒီလုပ်စရာတွေထဲမှာ –
အခုမှထိခိုက်ပျက်စီးသွားမယ့် ဘဝလေးတွေအတွက်ရော
“ ထည့် စဉ်းစား ထားရဲ့လား ….”
(ဒါနဲ့လဲ မပြီးနိုင်သေးပါ)
2 comments
MaMa
June 10, 2011 at 1:25 am
မြန်မာ့အစားအစာ ညဈေးတန်းလုပ်ဖို့နဲ့ မြန်မာ့အစားအစာအဆင့်အတန်းမီဖို့၊ စားသုံးသူတွေယုံကြည်မှုရဖို့အတွက် အသင်းအဖွဲ့တွေ ဖွဲ့နေပါပြီ။ ဘယ်နေရာမှာ လုပ်ဖြစ်မယ်တော့ မသိ။ လုပ်ဖြစ်ပြီး မြန်မာ့အစားအစာ အဆင့်မီလာရင် ကောင်းသောအလားအလာတစ်ခုပဲပေ့ါ။
လင်းဝေကျော်
June 14, 2011 at 4:19 am
နေရာ အစားထိုးစီစဉ်ပေးသင့်တယ်။
လမ်းဘေးဈေးသည်ကနေပြီး ဈေးတန်း ဈေးသည်ဖြစ်အောင် လုပ်ပေးသင့်တာပေါ့။
လူတွေရဲ့ ပြုံးနေတဲ့မျက်နှာ၊ အပူအပင်ကင်းနေတဲ့ မျက်နှာ။
နောက် ဈေးဝယ်သူတွေရဲ့ အလေးအခိုးမခံရတာ၊ အတုတွေကို ဈေးတင်ရောင်းတာမခံရအောင်၊
စသည် စားသုံးသူများရဲ့ အပျော်လေးတွေလည်း ရှိနေအောင်..