မဆုံးတဲ့….သီချင်း—၂၃

naywoon niAugust 12, 20111min1180

“ဟော… ဆရာလေး..။ လာပါပြီ ။ဒီမှာဆရာလေးကို စောင့်ရင်းနဲ့ တစ်လုံးကုန်တော့မယ်..။ တယ်ကြိုးစားနေသကိုး…။ ဒီနေ့ ဖြေရတာက မိုင်နာဘာသာဆို..။ ဘယ့်နှယ့် အဆင်မပြေဘူးလား..။ ကြည့်ရတာတော့ အဆင်ပြေမယ့်မဲ့ ပုံပါ..။ ဟိုဟိုဒီဒီ လှည့်လို့ရဲ့လား..။ အဆောင်က ကောင်တွေကတော့ 90 ံ တောင် ပြည့်အောင်လှည့်မရဘူးတဲ့..။ “
ကိုမြင့်ဇော်ကဆီးပြီး ပြောပါတယ်..။ ကိုမျိုးက ဆေးလိပ်မီးခိုတွေ ဝေနေအောင် မှုတ်ထုတ်ရင်းနဲ့ ပြုံးပြီး ကြည့်နေတယ်..။ သူတို့က ဘုံဆိုင်ရဲ့ အပြင်ဘက်နားက ဘန်ဒါ ပင်ရိပ်အောက်မှာထိုင်နေတာ..။ 36 လမ်းလေးပေါ့…။ ထုံးစံအတိုင်း အတွင်းလမ်းဆိုတော့ ပလက်ဖောင်းမရှိဘူး..။ လမ်းကလည်း ထုံးစံ အတိုင်း ချိုင့်တွေ ကျင်းတွေနဲ့ ပေါက်ပြဲလို့ ..။ မိုးရွာထားတော့ ရေတင်တောပေါ့လေ….။ ညနေခင်းက စည်ကားစပြုလာပြီလေ….။ အဲဒိနားမှာ ဈေးလေးတစ်ခုလည်းရှိတယ်..။ 36 လမ်းဈေးလို့ပဲ အလွယ်ခေါ်လိုက်တာပါပဲ..။ ဟ နံပါတ်နဲ့ သုံးဘီး ကားတွေ ဆိုင်ကယ်တွေ စက်ဘီးတွေ ကလည်း များပါ့…။ ရှောင်ဘို့ မလွယ်ဘူး…။
နေဝန်းနီက ထိုင်ခုံ တစ်လုံးဆွဲထိုင်လိုက်တယ်..။ ကိုမြင့်ဇော်က တစ်ခွက်ငှဲ့ပေးတယ်..။ အသာမော့သောက်လိုက်ပြီး နောက်ကျရတဲ့ အကြောင်းကို ပြန်ပြောလိုက်တော့ ကိုမျိုးက ….
“ အံမာ … သူများတွေက ဒီနေ့မရလို့ တောက်တစ်ခေါက်ခေါက်နဲ့..။ ဒင်းက အဆင်ပြေလို့… သွား ကိုတာတစ်ပိုင်းဆွဲချေ…။ “
တဲ့လေ..။ နေဝန်းနီ လည်း ဆိုင်ထဲကို လှမ်းကြည့်လိုက်တယ်..။ ဝါတွင်းမို့လား..။ စောသေးလို့လား ဆိုင်ထဲမှာလူသိပ်မရှိဘူး..။ နို့မို့ ဒီလို မိုးရွာတဲ့ နေ့မျိုးဆိုရင် ဆိုင်ထဲမှာ အုံခဲနေတာ..။ နေဝန်းနီလည်း တစ်ခွက်သောက်ပြီးတော့ နဲနဲ ပြန် ရီဝေလာလေရဲ့..။ ဒါနဲ့ ဆိုင်ထဲ ထသွားပြီး ကောင်တာရှေ့ သွားရပ်လိုက်တယ်..။ ကောင်တာမှာ အရက်ထည့်နေတဲ့ ဆိုင်ထိုင်က –
“ ကောင်လေး ပျောက်နေတာကြာပါပေါ့လား “
ဆီးကြိုးလို့ ပြောလာတယ်..။ ကွမ်းစားရင်ပြောလိုက်တာ ဖြစ်တဲ့ အတွက် သူ့ နှုတ်ခမ်းမွှေးတွေကို ကွမ်းသွေးတွေ ပေကုန်တယ်..။ အဲဒိ နှုတ်ခမ်းမွှေးတွေကို လက်ခုံနဲ့ သုတ်လိုက်သေးတယ်..။ နေဝန်းနီလည်း ငါးကျပ်တန် တစ်ရွက်ထုတ်ပေးရင်းနဲ့…။
“ ဒီကိုသာ မရောက်တာဗျ…။ ဒီက အရက်ပဲ သောက်နေရတာ …။ အဆောင်က သူငယ်ချင်းက ပါဆယ် သယ်တယ်လေ…။ လုပ်စမ်းပါဦး ကိုတာလေး…“
အဲဒိလိုပြောလိုက်တော့ ဆိုင်ထိုင်က ပြုံးနေတယ်..။ သူ့ဆိုင်က အရက်ပဲ သောက်တယ်ပြောတာကိုး…။
“ E – မြင့်ဇော်နဲ့ တစ်ဆောင်ထဲလား..။ ရှေ့မှာရှိတယ်လေ..။ “
တဲ့…။ ကိုမြင့်ဇော်က အီးမေဂျာကိုး..။
“ ဟုတ်တယ်ဗျ…။ သူတို့နဲ့ သောက်ရင်းထလာတာ ..။ မထူးပါဘူးဗျ..။ တစ်လုံးပဲ ထည့်လိုက်ပါ..။ “
ဟောကြည့် …။နေဝန်းနီတို့ လောဘ ကြီးပြီ..။ ရင်းနှီးမှု အကြောင်းပြပြီး တစ်ယောက် တစ်ပိုင်းထက် ပိုမရောင်းပါ… လို့ စာရေးထားပါလျှက်နဲ့ မသိကျိုးကျွန် ပြုလိုက်တာ….။ နောက်ထပ် ပိုက်ဆံ နှစ်ကျပ်ခွဲ ထုတ်ပေးလိုက်တယ်..။ အရက်တစ်လုံး ခုနှစ်ကျပ်နဲ့ ပြားနှစ်ဆယ်ကိုးးးးးး။ ဘယ်လိုပဲ သတ်မှတ် သတ်မှတ်ပါ..။ တစ်ပိုင်း ဒါမှမဟုတ် တစ်လုံး ရယ်လို့ သတ်သတ်မှတ်မှတ်.. ဝယ်လိုက် ပြီး ဇိမ်နဲ့ ထိုင်သောက်တတ်တာက နေဝန်းနီတို့ပဲရှိတာပါ..။ ကျန်တဲ့ သူအများစုက အလုပ်သမားတွေ များပါတယ်..။ သူတို့က တစ်ကျပ်ဖိုး-နှစ်ကျပ်ဖိုး နဲ့ ခွက်ချိန်မှာပြီး နေရာတင်မော့ပြီး ပြန်ထွက်သွားကြတာကများပါတယ်..။ အရက် ရောင်းတာက တစ်ပိုင်းပဲ တစ်လုံးပဲ ရောင်းရတာနဲ့စာရင်..။ အဲဒိလို ခွက်ချိန်နဲ့ ရောင်းရတာက ရောင်းတဲ့ သူ့ အတွက် ပိုပြီး တွက်ခြေကိုက်ပါတယ်..။ ပိုက်ဆံပိုရတယ်ပေါ့….။ ဆိုင်ထိုင်က နေဝန်းနီ ပေးတဲ့ ပိုက်ဆံနဲ့ ကိုက်အောင်ပေးပါတယ်..။ အရက်တစ်လုံးအပြင် ဖန်ခွက်ထဲကို တစ်ပက်လောက် ထည့်ပေးလိုက်သေးတယ်..။ နေဝန်းနီလည်း နေရာတင်မော့ထည့်လိုက်တာပေါ့…။ လေ..ပြီးတော့ အရက်ပုလင်းနဲ့ ဖန်ခွက်ကို ကိုင်ပြီး ကိုမြင့်ဇော်တိုဆီပြန်လာခဲ့တယ်….။ ကိုမျိုးကလည်း လမ်းပေါ်မှာ လှည်းနဲ့လည်ရောင်းနေတဲ့ လှည်းက စမူဆာ သုပ် ပန်းကန်ကိုင်ပြီး ပြန်လာတာတွေ့လိုက်ရတယ်..။ စားပွဲကို ရောက်တော့ –
“ ဟာ… တစ်လုံးရအောင် ဘယ်လို စည်းရုံးလိုက်သလဲဟ “
ကိုမျိုးက အရက်ပုလင်းကိုကြည့်ပြီး ဝမ်းသာအားရဆိုတယ်…။ ကိုမြင့်ဇော်က
“ မောင်နေတို့က အဆင့်တက်သွားပြီလေ ဒီတော့ အရက်ရောင်းတဲ့ သူက တစ်လုံးရောင်း ပေးလိုက်ပြီပေါ့…”
တဲ့..လေ….။ ကိုမျိုးက
“ ဘာအဆင့်တက်သွားတာလဲ..။ မသိလိုက်ရပါလား”
တဲ့..။ ကိုမြင့်ဇော်က ဘာပြန်ပြောလိုက်သလဲသိလား?
“ သောက်ဆင့် “
တဲ့လေ…….. အဲဒါကို သုံးယောက်သား ရယ်ဖြစ်ကြသေးတယ်..။ ကိုမျိုးကရယ်ရင်းနဲ့
“နေဝန်းနီ… သောက်ဆင့်တက်ပြီ”
တဲ့ ..။။ပြောလိုက်ရင်း အရယ်ရပ်လိုက်တယ်…။ ကိုမြင့်ဇော်က
“ ဘာလဲဟ… နေဝန်းနီ အရက်သောက်တဲ့ အဆင့်တက်တာကိုပြောတာ”
တဲ့ ….။ပြန်ဖြည်တယ်…။ နေဝန်းနီလည်း ဘာမှ ပြန်မပြောတော့ပဲ အရက်သုံးခွက်ကို ဆွဲယူလိုက်ပြီး တစ်ဝက်လောက် အညီထည့်လိုက်တယ်….။ ဖန်ခွက်က အထူစား..။ မုန့်လက်ဆောင်း ထည့်တဲ့ဖန်ခွက်အထူစားတွေပါ..။ တော်ရုံတန်ရုံ မြေကြီးပေါ် ကျလို့ကတော့ မကွဲဘူး…။ အရက်ထည့်ပြီးတော့ ဘေးဘီကို မျက်စေ့ ကစားလိုက်တယ်..။ လမ်းတစ်ဘက်က ကွမ်းယာဆိုင်မှာ ဖီးကြမ်း ငှက်ပျောသီးချိတ်ထားတာနဲ့..။ လမ်းတစ်ဖက်ကိုကူးလိုက်တယ်..။ နေဝန်းနီတို့ထိုင်နေတာက တောင်ဘက်ခြမ်းမှာ ကွမ်းယာဆိုင်ကမြောက်ဘက်ခြမ်းမှာ…။ ငှက်ပျောသီး သုံးလုံး တစ်ကျပ်ဘိုး ဖြုတ်ပြီးတော့ နောက်လမ်းတစ်ဘက်ကို ပြန်ကူးတော့ တော်တော်နဲ့ ပြန်မရောက်တော့ဘူး..။ အဲ…. အဲဒိနားမှာ အထက်တန်းကျောင်းလည်း ရှိသေးတယ်..။ ကျောင်းဆင်လာပြီလေ……..။ ဈေးကလည်း ဈေးသိမ်းချိန်ရောက်ပြီ..။ သုံးဘီးကားတွေကလည်း ချိုင့်ထဲ ဗွက်ထဲချမောင်းလို့ရေစင်မှာရှောင်ရသေးတယ်..။ စက်ဘီးတွေကလည်း မပြတ်…။ အရက်သောက်ရင်း ငှက်ပျောသီး စားတဲ့ အကျင့်က ကိုလင်းသူဆီက ရလာတာပါ…။ အရက်ရဲ့ ဒဏ်ကို ခံနိုင်အောင်လို့တဲ့လေ……။

နေဝန်းနီ