ဗမာပြည်မှာဆရာဝန်လာဖြစ်တာကံကောင်းတာပဲ
Dear Villagers,
This is only “part” of one article, written by Dr. Chan Aye ( From Face Book ).
It is interesting & touching real story.
This article explains
the real differences between Doctors’ lives in Myanmar & Foreign.
There are pros & cons.
Please, feel it yourself.
Bravo, Sayar Chan Aye !!! 🙂
If you want to read the full article, please read it in
—http://www.facebook.com/note.php?note_id=275619965785598—
ဪ ငါ ဗမာပြည်မှာဆရာဝန်လာဖြစ်တာကံကောင်းတာပဲ
အပြန်တစ်ရာမိုက်ဦးမှာ၊ အဖန်တစ်ရာမှားဦးမှာ။
ဖယောင်းတိုင်နှစ်တိုင်။ (ဒေါက်တာချမ်းအေး)
ညစာအတွက်စီစဉ်နေတုန်းဆင်ဦးစီးတစ်ယောက်က
သူ့မိန်းမနေမကောင်းလို့လိုက်ကြည့်ပေးဖို့လာခေါ်ပါတယ်။
ဧည့်သည်တွေကိုအကျိုးအကြောင်းပြောပြပြီး ခွင့်တောင်းတော့မာဂရက်ဆိုတဲ့အမျိုးသမီးကသူလဲလိုက်မယ်တဲ့၊ သူဆရာဝန်ပါတဲ့။
ဒါနဲ့ဓါတ်မီးယူ၊ဆေးအိပ်ဆွဲပြီးလိုက်သွားတာဆယ့်ငါးမိနစ်လောက်လျှောက်ရတယ်။
တဲကဝါးတဲသေးသေးလေးပါ။
လူနာက အသက်(၃၀)၊ ကလေး(၄)ယောက်အမေ၊ အငယ်ဆုံးကလေးက(၁၀)ရက်သားပဲရှိသေးတယ်။
မီးနေသယ်ပေါ့ဗျာ။ အရမ်းဖျား၊ ကိုယ်ဖေါယောင်၊ သွေးတွေလဲဆင်းတယ်တဲ့။
စမ်းကြည့်တော့သွေးပေါင်ချိန်(၆၀/၀)၊ နှလုံးခုန်နှုန်းက (၁၂၀)လောက်ရှိမယ်၊ ကိုယ်ပူချိန်(၁၀၄)၊ အောက်ကသွေးတွေကတော့ဒလဟောပဲ။ အသက်ရှုတွေလဲမြန်နေပြီးမောနေတယ်။
နှူတ်ခမ်းတွေမျက်သားတွေလဲဖွေးနေတာပဲ။
ဗိုက်စမ်းကြည့်တော့သားအိမ်စမ်းမိတယ်။ ချက်နားလောက်ထိရောက်တယ်။
ဒါနဲ့ဘယ်သူမွေးပေးတာလဲမေးတော့ရွာဟိုဘက်နားကမိန်းမကြီးတစ်ယောက်မွေးပေးတာတဲ့။
မွေးတုန်းကအချင်းစုံရဲ့လားမေးတော့မသိပါဘူးဆရာရယ် ဟဲ့သွားမေးစမ်းဆိုပြီးသမီးအကြီးမလွှတ်လိုက်တယ်။
သွားမေးနေတုန်းမာဂရက်ကိုလဲဖြစ်နေတာစမ်းမိတာရှင်းပြရသေးတယ်။
မင်းတို့ကွာဒီလောက်ဖြစ်နေတာရောက်ကတည်းကလာခေါ်ရောပေါ့ဆိုပြီးအပြစ်တင်တော့၊
လာပါတယ်ဆရာ၊၊ ဆရာတို့ရောက်တယ်ကြားကြားခြင်းလာတာပါ၊၊ ဆရာတို့ကအလုပ်စခန်းထွက်သွားပြီ။
နေ့ခင်းတုန်းကလဲတစ်ခေါက်လာသေးတယ်။ ဆရာတို့ထမင်းစားနေလို့။ နောက်တစ်ခေါက်ပြန်လာတော့လဲဆရာအိပ်နေတာနဲ့။
ကျွန်တော်လဲအပြစ်မပြောရက်တော့ဘူး။ ဆေးရုံဘာလို့မတင်လဲလို့လဲမမေးတော့ဘူး။
သမီးကြီးပြန်ရောက်တော့အချင်းကျတယ်ဆရာတဲ့။ စုံရဲ့လားမေးတော့မဖြေတတ်ဘူး။
တစ်ခါထပ်လွှတ်ပြီးမေးခိုင်းမလို့လုပ်တော့၊ တဲအောက်ကနေပွစိပွစိနဲ့ပြောသံကြားရတယ်။
မွေးလာတာဘယ်နှစ်ယောက်ရှိပြီလဲ။ တစ်ရွာလုံးငါမွေးပေးထားတာ။
အချင်းလဲကျတယ်။ စုံလဲစုံတယ်။ လုပ်စားလာတာအိုသေတော့မယ်။
အံတိုရုံမကဘူးချိုင့်တောင်ဝင်နေပြီ။ တကတည်းတရားခံကျနေတာပဲအမေးခံနေရတာ။
ကျွန်တော်လဲမပြောတော့ဘူး။ မာဂရက်ကတော့ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့နားမှမလည်ပဲကိုး။
မာဂရက်ကိုအစအဆုံးရှင်းပြပြီးတိုင်ပင်တော့သူကသမားတော်ပါတဲ့။ ဒါတွေမလုပ်တတ်ဘူးတဲ့။
မင်းပဲဦးဆောင်ပြီးလုပ်ပါတဲ့။ သူကအကူပဲလုပ်ပေးမယ်တဲ့။
ဒါနဲ့ကျွန်တော့်အမြင်ကိုရှင်းပြရတယ်။
လူနာကသားအိမ်ထဲပိုးဝင်တာကနေပိုးအဆိပ်တက်နေပြီ။ ရှော့ခ်ဖြစ်လုနီးပါးပဲ။
ဗိုက်ပေါ်ကနေသားအိမ်လဲစမ်းမိနေတော့အထဲမှာတစ်ခုခုတော့ရှိတာသေချာတယ်။
ဖြစ်နိုင်ချေနှစ်ခုရှိတယ်။ အချင်းကျန်တာလား။ လက်သည်ကြီးကတော့မကျန်ဘူးပြောတာပဲ။
ဒါမှမဟုတ်ရင်တော့ဒုတိယအမြွှာကျန်တာလား။
(အမြွှာနှစ်ယောက်၊ တစ်ယောက်မွေးပြီးတစ်ယောက်အထဲမှာကျန်ခဲ့တာလား။)
ပိုရှင်းအောင်တော့အောက်ကနေနှိုက်ပြီးစမ်းကြည့်ရမှာပဲဆိုတော့ သူသဘောတူပါတယ်။
ဒါနဲ့လက်အိပ်စွပ်ပြီးစမ်းကြည့်တော့ သားအိမ်ဝကလက်သုံးလုံးလောက်ပွင့်နေတယ်။
အထဲဆက်နှိုက်ကြည့်တော့တစ်ရှုးတစ်ခုပါလာတယ်။
ဓါတ်မီးနဲ့ထိုးကြည့်တော့အချင်းစလေးတစ်စ။
အရေးထဲဓါတ်မီးကအားကုန်သွားလို့ဖယောင်းတိုင်ထွန်းခိုင်းရတယ်။
အချင်းစလေးကသေးကလဲသေး၊ (၁၀)ရက်လောက်ကြာပြီးပိုးကလဲဝင်ထားတော့ပုပ်လဲပုပ်နေသေးတယ်။
ထွက်နေတဲ့သွေးတွေလဲပေနေတော့မနည်းကြည့်ယူရတယ်။
ဒါနဲ့မာဂရက်နဲ့တစ်ခါတိုင်ပင်ရပြန်ရော။ လက်အိတ်တော့မချွတ်ရဲသေးဘူးအဲဒီတစ်စုံပဲပါလို့။
သူကအထူးကုဆိုတော့ကိုယ့်ထက်ဝါရော အသက်ရော ကြီးလို့သူ့အကြံတောင်းပါတယ်။
သူကဒါတွေနားမလည်လို့ကောင်းမယ်ထင်တာလုပ်ပါတဲ့။
ကျွန်တော်က၊ ဒီအခြေအနေကချက်ချင်းဆေးရုံပို့ရမယ့်အခြေအနေပဲ။
ဒါပေမယ့်၊ သွားရမယ့်ခရီးနဲ့(နှစ်နာရီလမ်းလျှောက်၊ သုံးနာရီကားစီး)
လမ်းကြမ်းတာနဲ့ သွေးထွက်တဲ့နှုန်းနဲ့၊ရှော့ခ်ဖြစ်တာနဲ့၊
ဆေးရုံပို့မယ်ဆိုရင်လူနာလမ်းတင်သေမှာပဲဆိုတော့သူသဘောတူပါတယ်။
ကျွန်တော်ကဆက်ပြီး၊ ဒီလူနာသာဆေးရုံရောက်လာပြီးကျွန်တော်သာအဲဒီဆေးရုံမှာတာဝန်ကျဆရာဝန်သာဖြစ်ခဲ့ရင်၊
ချက်ချင်းသွေးအုပ်စုခွဲ၊ သွေးရှာပြီးသွင်းဖို့ပြင်ဆင်ထားနေတုန်း သားဖွားမီးယပ်ဆရာကြီးသတင်းပို့၊
ဆေးသွင်းပိုက်အကြီးနဲ့ဘယ်ညာခွဲပြီးဓါတ်ဆားရည်နဲ့ပိုးသတ်ဆေးရည်သွင်း၊
လိုအပ်ရင်သွေးလန့်တာကု၊ တစ်ချိန်ထဲမှာခွဲခန်းလဲသတင်းပို့ထား။
သွေးရရင်သွင်းပြီးလို့ခွဲခန်းအဆင်သင့်ဖြစ်ပြီဆိုရင်ခွဲခန်းထဲထည့်ပြီး
မေ့ဆေးပေးပြီးသားအိမ်ခြစ်ရပါမယ်။
ပြီးမှသားအိမ်ကျုံ့ဆေးပေးပြီးသွေးတိတ်အောင်လုပ်၊
သွေးတိတ်မှဝပ်ထဲရွှေ့ပြီးပိုးအဆိပ်တက်တာဆက်ကုရပါမယ်။
ဒါလဲမာဂရက်ကသဘောတူပါတယ်။
ဒါပေမယ့်ကျွန်တော်ဖြစ်ချင်တာတွေသာပြောနေတာ တောကြီးမျက်မည်းထဲဒါတွေဘယ်လာရှိမှာလဲ။
ဓါတ်မီးတောင်အားကုန်သွားလို့ဖယောင်းတိုင်နှစ်တိုင်ထွန်းပြီးကြည့်နေရတာ။
ကျွန်တော်ကတော့အခြေအနေမကောင်းတဲ့အတူတူ ရသလောက်ထုတ်ကြည့်မယ်၊
သူ့ကံကိုယ့်ကံပဲဆိုပြီး ယောင်္ကျားကိုတိုင်ပင်တော့ဆရာ့ကိုအပ်ပါတယ်၊
ဆရာကောင်းသလိုသာလုပ်ပါတဲ့။
ကျွန်တော်အမှန်အတိုင်းပြောရရင်အဲဒီအချိန်အထိသားအိမ်တစ်ခါမှမခြစ်ဘူးသေးပါဘူး။
ကျောင်းတုန်းကဆရာကြီးဦးစောလွင်တို့၊
ဆရာကြီးဦးသန်းဝင်းမုံရွာကနေလာလာသင်ထားတာတို့ထဲကကြားဖူးနားဝရှိထားတာပဲရှိပါတယ်။
သားအိမ်ချဲ့တံလေးတွေမရှိတော့လက်နဲ့ပဲချဲ့၊
ပြီးတော့သားအိမ်ခြစ်ဇွန်းလဲမရှိတော့လက်နဲ့ဘဲရသလောက်တစ်စခြင်းထုတ်ယူရတာပေါ့။
မာဂရက်ကတော့လူနာလက်ကလေးတွေကိုင်ပြီးစုတ်တသပ်သပ်နဲ့နာနေတဲ့လူနာကိုအားပေးရင်းပေါ့။
နာရီဝက်လောက်နေတော့ဆရာတွေသင်ပေးဖူးတဲ့ ခပ်ကြမ်းကြမ်းသားအိမ်နံရံစမ်းမိပါတယ်။
လေးဘက်လေးတန်ရှင်းပြီးတော့လူနာလဲတော်တော်နာ၊ မောလဲမောနေပါပြီ။
လူနာကိုတော့တော်တော်ချီးကျူးရမယ်ဗျ။
ကျွန်တော့ညာလက်ကောက်ဝတ်ကျော်တဲ့အထိဝင်နှိုက်ထုတ်ရတာတစ်ချက်မှမအော်ဘူးဗျာ။
ညည်းရုံလေးဘဲညည်းတယ်။
အားလုံးပြီးတော့လူနာရဲ့သွေးတွေက လက်ကောက်ဝတ်ထိပဲရောက်တဲ့လက်အိတ်ကိုကျော်ပြီး
ဝါးကြမ်းခင်းပေါ်ကုန်းပြီးနှိုက်ထုတ်နေရတဲ့ကျွန်တော့ညာဘက်ကိုယ်တစ်ခြမ်းပါရွှဲနေပါပြီ။
အဲဒီတော့မှပဲ
ပါလာတဲ့ဆေးအိပ်ထဲကဓါတ်ဆားရည်ပုလင်းကြီးတစ်လုံးချိတ်ပေးပြီးသောက်ဆေးပေးပြီးပြန်ခဲ့ပါတယ်။
တည်းခိုတဲ့ဗိုလ်တဲရောက်တော့တစ်ခြားဧည့်သည်တွေကဘာများဖြစ်ခဲ့လဲပေါ့။
သွေးတွေကမြင်လို့မှမကောင်းတာ။ ကျွန်တော်ကမရှင်းပြနိုင်သေးပါဘူး။
အရင်သန့်ရှင်းရေးလုပ်နေတုန်း မာဂရက်ကရှင်းပြနေသံကြားပါတယ်။
အဝတ်လဲပြီးလို့ထမင်းဝိုင်းထိုင်မှပဲအားလုံးကဝိုင်းချီးကျူးကြပါတယ်။
ကျွန်တော်ကလူနာအခြေအနေစိတ်မချရသေးဘူး၊ မချီးကျူးကြပါနဲ့ဦးဆိုတော့
မင်းရဲ့လုပ်ဆောင်ချက်နဲ့စေတနာကိုချီးကျူးတာပါတဲ့။
ထမင်းအတော်ဆာနေပေမယ့်စိတ်လှုပ်ရှားတာရော၊ အဆာလွန်တာရောပေါင်းပြီးသိပ်မစားနိုင်ပါဘူး။
ထမင်းစားရင်းနဲ့မာဂရက်နဲ့ရောတစ်ခြားဧည့်သည်တွေနဲ့ပါစကားတွေအများကြီးပြောဖြစ်တယ်။
မာဂရက်ကပြောတယ်၊ အဲဒီလူနာအရမ်းကံကောင်းတာပဲတဲ့။
ကံကောင်းလို့မင်းဒီနေရာကိုဒီနေ့ရောက်လာတာပေါ့တဲ့။
ကျွန်တော်က၊ ကျွန်တော်မပါလဲမာဂရက်ရှိသားဘဲ၊ မာဂရက်လုပ်ပေးလို့ရတာပဲလို့ပြောတော့၊
ငါသာမင်းနေရာမှာဆိုမလုပ်ပေးနိုင်ဘူးတဲ့။ ငါကသမားတော်၊ ဒါတွေမလုပ်တတ်ဘူး။
“ လုပ်တတ်လဲမလုပ်ပေးဘူး ” တဲ့။
ကျွန်တော် အဲဒီစကားကိုတော်တော်အံ့ဩသွားပါတယ်။
ဘာဖြစ်လို့လဲလို့ကျွန်တော်မေးတော့၊
လူနာအခြေအနေမကောင်းဘူး။
အခန့်မသင့်ရင်လုပ်ပေးနေရင်းသေသွားနိုင်တယ်။
လူနာသေသွားလို့လူနာရှင်ကမကျေနပ်ရင်တရားစွဲနိုင်တယ်။
ငွေအများကြီးလျော်ပေးရနိုင်တယ်တဲ့။
မင်းကဒါတွေကိုမစဉ်းစားပဲလုပ်ပေးနိုင်တာကိုလေးစားချီးကျူးပါတယ်တဲ့။
ငါဆိုရင်တော့မလုပ်ပေးနိုင်ဘူးတဲ့။
ကျွန်တော်က၊ ကျွန်တော်အန္တရာယ်ရှိတာကိုသိပါတယ်။
ဒါပေမယ့် ကျွန်တော်မလုပ်ပေးရင်သေမှာသေချာတယ်။
လုပ်ပေးရင်ရှင်ကောင်းရှင်နိုင်တယ်။
ဒါကြောင့်လုပ်ပေးတာပါ။
ဒါကိုလူနာရှင်ရော၊ တစ်ခြားရွာခံတွေပါသိပါတယ်။
တကယ်လို့တစ်ခုခုအတိမ်းအစောင်းဖြစ်ပြီးလူနာသေသွားရင်လဲသူတို့နားလည်ပေးကြမှာပါ။
တို့ဆရာကစေတနာအပြည့်နဲ့အကောင်းဆုံးကြိုးစားပေးတာပဲ။
မရတာတော့သူ့ကံပဲလို့တွေးကြမှာပါလို့ကျွန်တော်ရှင်းပြတော့။
အဲဒါပဲ။ အဲဒါအဓိကကွာခြားချက်ပဲတဲ့။
တို့ဆီမှာဒီလိုမဟုတ်ဘူးတဲ့။
တရားစွဲလို့နိုင်ရင်ငွေတွေအများကြီးရမှာဆိုပြီးစွဲကြတာပဲတဲ့။
နိုင်ရင်လဲဆရာဝန်က တကယ့်ကိုအများကြီးလျော်ရတာမွဲရောတဲ့။
တစ်ချို့ဆရာဝန်ဆိုစိတ်ဓါတ်ကျပြီးကိုယ့်ကိုယ်ကိုသတ်သေတာတောင်ရှိတယ်ဆိုပဲ။
မင်းတို့ဆီမှာအဲဒီလိုမဟုတ်လို့အများကြီးကံကောင်းတာပေါ့တဲ့။
မင်းတို့ကုသရတာ အများကြီးလွပ်လပ်တာပေါ့တဲ့။
ငါတို့ဆီမှာအဲဒါတွေသတိအရမ်းထားနေရတော့
တစ်ခါတစ်လေရောဂါကိုသိနေရင်တောင်မလိုအပ်တဲ့ဆေးစစ်ချက်တွေလုပ်ရ၊
ဆေးအဖြေတွေစောင့်ရနဲ့ “ ကုသမှုနှောင့်နေးတာတွေ ” တောင်ဖြစ်တယ်တဲ့။
သူဒီလိုပြောပြမှပဲ၊ ဪငါဗမာပြည်မှာဆရာဝန်လာဖြစ်တာကံကောင်းတာပဲလို့စဉ်းစားမိပါတယ်။
ဒါပေမယ့်အဲဒီကံကောင်းမှုက အခုထိရောရှိသေးရဲ့လား ခင်ဗျားတို့စဉ်းစားကြည့်ကြပါဦး။
အခုခောတ်မှာဆရာဝန်တွေကိုတရားစွဲတာတွေခောတ်စားလာမယ်ဆိုရင်
ကျွန်တော်လဲကုသမှုမပေးခင် အများကြီးစဉ်းစားရတော့မယ်။
ပြောပြခဲ့တဲ့ဇာတ်လမ်းပြန်ဆက်ရမယ်ဆိုရင့်
နောက်နေ့မနက်ပြန်စမ်းကြည့်တော့သွေးတိတ်သွားပြီ။
ဒါပေမယ့်သွေးပေါင်ကျတုံးပဲ။ ဖျားတုံးပဲ။
ဒါနဲ့ဓါတ်ဆားရည်ပုလင်းတစ်လုံးထပ်ချိတ်ပေးလိုက်တယ်။
ညနေပိုင်းကျတော့သွေးပေါင်တော်တော်ပြန်တက်လာတာနဲ့
ကျွန်တော် တော်တော်အားတက်သွားတယ်။
နောက်နေ့ခရီးမဆက်ခင်ပြန်စမ်းတော့ တော်တော်သက်သာတယ်။
သွေးအားနည်းတာရယ်၊ အဖျားငွေ့ငွေ့ရယ်ပဲကျန်တော့တယ်။
ဒါနဲ့သောက်ဆေးထပ်ပေးပြီးခရီးဆက်ထွက်ခဲ့ပါတယ်။
လေးရက်မြောက်နေ့မှာပြန်ရောက်လို့သူ့တဲသွားတော့တဲမှာမရှိဘူး။
ဘေးတဲမေးကြည့်တော့မှလိုက်ခေါ်ပေးတယ်။
ခဏနေမှလှုပ်လှုပ် လှုပ်လှုပ် နဲ့ပြန်လာတယ်။
ဘယ်သွားနေတာလဲမေးတော့ မောနေတာနဲ့ခဏစောင့်နေရသေးတယ်။
တစ်နေကုန်အိပ်ရာထဲလှဲနေရတော့ပျင်းလို့အမျိုးအိမ်သွားလည်နေတာပါဆရာတဲ့။
ခဏကြာမှသူ့ယောင်္ကျားရောက်လာပြီးပျားရည်တစ်ပုလင်းလက်ဆောင်ပေးပါတယ်။
ကျွန်တော်ကိုယ်တိုင်မနေ့ကမှသွားဖွပ်လာတာပါဆရာသဘာဝပျားရည်စစ်စစ်ပါတဲ့။
မယုံမရှိနဲ့ပရိသတ် အဲဒီပျားရည်ကမှတကယ်ချိူတာဗျ။
ခင်ဗျားတို့တော့မသိဘူးကျွန်တော်ကတော့နောက်တစ်ခါဒါမျိုးကြုံဖြစ်ရင်လည်း
ဒီလိုဘဲဆုံးဖြတ်ပြီးကုသမှုပေးဦးမှာပဲ။
စိုင်းထီးဆိုင်သီချင်းထဲကလို၊
အရင်လိုဘဝအစမှာ၊ ပြန်ပြီးနေခွင့်ရတောင်၊
အပြန်တစ်ရာမိုက်ဦးမှာ၊ အဖန်တစ်ရာမှားဦးမှာ။
ချမ်းအေး။
Bravo Dr. Chan Aye !!! 🙂
20 comments
Shwe Ei
August 22, 2011 at 3:41 pm
မြန်မာပြည်မှာတော့ ပိုက်ဆံမပေးနိုင်တဲ့လူနာဆိုရင် ဆေးမကုဘူး၊ သေ သေ ဆိုပြီးပစ်ထားတဲ့ ဆရာဝန်မျိုးကို အရင်နှိပ်ကွပ်သင့်တာဗျ။
etone
August 22, 2011 at 4:04 pm
အဲ့လိုလူတွေ ရှိတော့ ရှိပါတယ် … ။အကုန်လုံးတော့ မဟုတ်ပါဘူး ….. ။ ဒါပေမဲ့လည်း အများစုကအသက်ကယ်နေရတဲ့ အလုပ်မို့လို့ … ကိုယ်တိုင်မဟုတ်လျှင်တောင် ကိုယ်ချင်းစာတဲ့ စိတ်တော့ ရှိကြစမြဲပါပဲ … ။
လူနာ အသက်လုနေရတဲ့အချိန် ဘေးကလူကြည့်လျှင်တောင် ကြက်သီးမွှေးညှင်းထတယ် … ဆုံးဖြတ်ချက်တိုင်း မှန်ကန်နေဖို့ကလည်း လိုတယ် … စက္ကန့်နှင့်အမျှ အရေးကြီးနေတဲ့ အချိန် … လူနာရဲ့ ကံနဲ့ .. .ဆရာဝန်ရဲ့ စေတနာ ထားမှူပေါ်မူတည်ပြီး … ရလဒ်ထွက်လာတဲ့ မြင်ကွင်းမျိုးလေး … ကြည့်ခဲ့ဖူးတယ် … ။ ကြည့်ရတဲ့လူတောင် ရင်တမမနဲ့ … ဝမ်းနည်းလာသလိုလို …စို့နင့်လာသလိုလိုနဲ့ … နောက်ဆုံး လူ့အသက်ကယ်နိုင်ခဲ့တဲ့ အချိန် သက်ပြင်းချမိတော့မှ ….. မိသားစုနဲ့ ထပ်တူ ပျော်ရွှင် ရတော့တယ် … ။ ဝမ်းသာလွန်းလို့ ကျတဲ့ မျက်ရည်ဆိုတာလည်း တကြိမ်တစ်ခါပဲ ကြုံခဲ့ဖူးတယ် .. ။ အဲ့ဒီအကြောင်းလေး … ပို့စ်ရေးမလို့ … တချို့ပါဆယ်နယ်တွေပါတာနဲ့ .. မရေးဖြစ်ခဲ့ဘူး … ။ 🙂
Shwe Ei
August 22, 2011 at 4:18 pm
ဟုတ်ကဲ့ ရေးစေချင်ပါတယ်။ ဒါမှ အသပြာဆရာဝန်များ ကိုယ့်အရည်အချင်းကို မှန်ကန်စွာအသုံးချချင်လာမလားလို့ပါ။ (ဂေဇက်မှတဆင့် တတ်နိုင်သလောက်နိုှးဆော်တိုက်တွန်းခြင်းပေါ့။)
etone
August 22, 2011 at 4:39 pm
မရေးတော့ပါဘူး Shwe Ei ရေ … အဲ့ဒီ အဖြစ်ပျက်မျိုး စာပြန်ရေးလျှင် တခါပြန်ခံစားရတဲ့ .. ဝမ်းနည်းဝမ်းသာခံစားမှူကြီး …မတွေးချင်တော့လို့ …. ။ အားရကျေနပ်စရာကောင်းပေမဲ့… စိတ်ခံစားမှူ အပိုင်းကျတော့ … ဘေးလူကကြည့်ရင်း နှလုံးပါအောင့်တယ် … 🙁 ။
ဆရာဝန်မပြောနဲ့ … သာမန်ပြည်သူတယောက်တောင် အရေးပေါ် ကယ်တင်မှူမျိုးတွေ့ရလျှင် ဘာလေး ကူညီလို့ရမလဲ ဝိုင်းတွေးပေးကြတာ … ။ အသပြာဆရာဝန်ဆိုတာ … တကယ်တမ်း နှဖူးတွေ့ ဒူးတွေ့ လူ့အသက်မကယ်ဖူးတဲ့ လူမျိုး ဖြစ်လိမ့်မယ် ထင်တယ်နော် … ။
ကိုယ်တတ်ထားတဲ့ ပညာတစ်ခုကို ပိုက်ဆံရဖို့ တစ်ခုထဲအတွက်နဲ့ ပဲ အသုံးပြုခဲ့တယ်ဆိုလျှင် … လူဖြစ်ရကျိုးမနပ်လိုက်တာနော် …။
တချို့ဆရာဝန်တွေ ပြောကြတယ် …လူနာက အဆင်ပြေပြေနဲ့ ပြုံးပျော်ပြီး ထွက်သွားတဲ့ ကျောပြင်ကိုကြည့်ရင်း နောက်နေ့တနေ့တွက် အားအင်ဖြစ်ပါသတဲ့လေ … ။
pan pan
August 22, 2011 at 3:50 pm
ဆရာဝန်ပီသရင် တကယ်ကုသိုလ်ရပါတယ်
တကူးတကတောင် အလှူလုပ်နေစရာမလိုတော့ဘူး
ဇီဝိတဒါနမို့ တကယ့်ဆရာဝန်များ နောင်ဘဝအသက်ရှည်ကြမှာပါ
thit min
August 22, 2011 at 3:55 pm
ဆရာဝန်စစ်စစ်တယောက်ရဲ့စိတ်ဓါတ်ကို ဦးညွှတ်ပါတယ်။ အမေများကိုလဲရှိခို်းပါသည် ။
kai
August 22, 2011 at 3:58 pm
အခုပြောနေတဲ့…အဖြစ်..ဖြစ်တာက..မြန်မာပြည်မဟုတ်ဖူးလား..။
ယူအက်စ်လည်း.. ဆရာဝန်ဖြစ်တာတယ်မဟန်ဘူးတဲ့ဗျ..။
အာမခံချည်း..သိန်းချီသန်းချီထားရတာ…။
ထစ်ဆို..တရားချည်းလှိမ့်စွဲတာကိုး..။
etone
August 22, 2011 at 4:15 pm
အဲ့ဒါကတော့ သဂျီးရေ.. နိုင်ငံရဲ့ သဘော သဘာဝအရ ကွာတာကိုး… တခြားနိုင်ငံတွေရဲ့ ဆရာဝန်လစာနဲ့.. ဒီက အစိုးရပေးတဲ့ တရားဝင်ဆရာဝန်လစာ …. ဆီနဲ့ ရေ ၊ နံသာဆီနဲ့ အီးလိုပဲ ကွာတယ်လေ …. ။(ဒါတောင် သင်ကြားရတဲ့ သင်ရိုးညွှန်းတမ်းခြင်း တက်တက်စင်အောင် ကွာခြားတာမဟုတ်ဘူးနော် … ဒီကလူတွေ တခြား ထွက်အလုပ်လုပ်လည်း … ဝင်ဆံ့ကြတယ် … ) ။ အစိုးရ လစာပေးတာ တစ်လစာ ကလေး မုန့်ဖိုးလောက်မရှိတာမို့ …. အပြင် ဆေးရုံ ၊ ဆေးခန်းတွေမှာ အားတဲ့ အချိန် ဝင်ထိုင်ကြပြန်ရော …. ။ ဒီကြားထဲ ကိုယ်ပိုင်ဆေးခန်းလေးလည်း အလျှင် မှီအောင်ထိုင်နိုင်မှ တစ်လ တစ်လ ဝင်ငွေနဲ့ ထွက်ငွေမျှမှာ … ။ ဒါက ဒီနိုင်ငံမှာ ။ 😛
တခြားနိုင်ငံကတော့ … ဆရာဝန်တယောက်ဆိုလျှင် အကျိုးခံစားခွင့်ရော၊ လစာပါ ..ဒီမှာထက် အပြတ်သတ်သာမှာပါ … ။ တခြားနိုင်ငံတွေမှာ အလုပ်လုပ်ရတာက သူဌေးဖြစ်၊ ခွေးဖြစ်ပေါ့ သဂျီးရယ် (အီး … ကန်တော့ .. ကန်တော့ … စကားပုံပေါ်လွင်အောင် နှိုင်းရတာပါ ဆရာ၊ဆရာမတို့ရယ် … ဒါမှ ဟိုလူဂျီး သဘောပေါက်မှာ အဟီး … 😀 ) … သူ့အိုးနဲ့ သူ့ဆန် တန်ယုံလို့ ဆိုရမယ်ထင်တယ် … ကြေးကြီးကြီးပေးရတဲ့အတွက် … တရားစွဲတာတွေ ၊ လျှော်ကြေးတောင်းတာတွေ … ရှိလာတာဖြစ်မယ်…။ စေတနာထက် ငွေကြေးကို တန်ဖိုးထားတာကြောင့်ဖြစ်မယ် ထင်တယ် 🙂
Foreign Resident
August 22, 2011 at 4:17 pm
Dear Kai,
It was happened in Myanmar.
For your info.
” ဆရာဝန်ဖြစ်တာတယ်မဟန်ဘူးတဲ့ဗျ..။
အာမခံချည်း..သိန်းချီသန်းချီထားရတာ…။ ”
They ( doctors ) need to get insurance,
even after they retired.
( at least, another 10 years after they retired )
Specialists are the worst.
Because, patients may/can sue 5/10 years after their treatments.
What a pity doctor’s life in foreign. 🙁 🙁
🙁
ရွှေအိမ်စည်
August 22, 2011 at 5:42 pm
ဆရာဝန် ဘက်ကကြည့်ရင်..သူ ့ဆီလာသမျှလူတွေ က..ရုံ ့မဲ ့နေတာဘဲ…
မင်းသား သာ..ဆိုသူ ့ကြည့်တဲ ့သူတိုင်းကပြုံးပျော်နေမှာဘဲ လေ…..
မဲ ့သူလာတော့မဲ ့သူ ကိုမြင်တော့လည်း..ကိုယ်ကမဲ ့ချင်တယ်
ပြုံးနေတဲ ့သူကြည့်တော့လည်းကိုယ်လည်းပြုံး ရတယ်ပေါ့….
koyinmaung
August 22, 2011 at 6:14 pm
ဒီလိုစိတ်ထားမွန်မြတ်တဲ့ဆရာဝန်တွေ ရှိတော့ရှိတယ်ရှားတယ်၊
( နှလုံးလှဆရာဝန် ဒေါက်တာနော်မန်ဘက်သွန် ) ဆိုတဲ့စာအုပ်လေး
ရှိပါတယ် ရှာဖတ်ကြည့်စေချင်ပါတယ် ကိုယ်ကျိုးစွန့်နိုင်လွန်းတဲ့ဆရာဝန်တွေပါ။။
thithi lay
August 22, 2011 at 7:36 pm
ကြိုးကြာတောင်ပံခတ်သံ ထဲကလို ဆရာဝန်တွေ အပြင်မှာ တကယ်ရှိတာ ပျော်စရာကြီးနော်
pooch
August 22, 2011 at 8:26 pm
တွေ့ဖူးတယ် အဲ့ဒီလို ဆရာဝန်မျိုး မန်းလေးဆေးရုံ ကလေးဆောင်မှာ အိမ်က ညီမ အငယ်သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံတက်တုန်းက (ကြာတော့ ကြာပါပြီ) (အဲ့ဒီအချိန် ဆေးရုံမှာ သွေးလွန် တုပ်ကွေးရာသီမို့ ကလေးတွေ အပြည့်အသိပ်ပါ )
ကိုပေါက်(မန္တလေး)
August 22, 2011 at 10:32 pm
လောကမှာ လူတန်းစားမရွေး ကောင်းသူရှိသလို ဆိုးသူလဲရှိနိုင်ပါတယ်။
ဆရာဝန်များကလဲ လူသားတွေဖြစ်တာကြောင့်
ငွေမက်သူ ရှိနိုင်သလို ငွေမမက်သူတွေလဲတပုံကြီးရှိပါတယ်။
သေချာပေါက်ရှိတယ်လို့ပြောနိုင်ပါတယ်။
မြန်မာပြည်ကတော့ရုံးပြင်ကန္နားသွားဘို့ စိုးရွံ့ပါတယ်။
ဒါကြောင့်လဲ တစ်ခုခုဖြစ်ရင် တရားစွဲမယ် ပြုမယ်ဆိုတာမျုးိက ရှားပါတယ်။
နောက်ဆရာဝန်ဆိုရင် အသက်ကယ်သူတွေ အသက်သခင်တွေလိုကျေးဇူးတင်ကြတာလဲအမှန်ပါဘဲ။
အဲတော့ မြန်မာပြည်မှာ ဆရာဝန်ဖြစ်ရတာ ဝင်ငွေကောင်းမကောင်းတော့ မသိဘူး
နိုင်ငံခြားလိုတရားအစွဲမခံရတာတော့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
ဒါကတော့ကျနော့်အမြင် အလုံးစုံမှန်ချင်မှလဲမှန်ပါမယ်၊
မီးမီး သော်
August 22, 2011 at 10:58 pm
အသက်တချောင်းတော့ ကယ်ကောင်းပါတယ်။ တခါတလေ မှာတော့ လဲ မမှားသောရှေ ့နေ မသေသော ဆေးသမားရယ်လို ့တော့ရှိသေးတော့ လဲ။အပြစ်ပေါ်လိုက်ပြီး ခွင့်လွှတ်သည်းခံတတ်တဲ့နေရာ မြန်မာလူမျိုးကို ဘယ်သူမှမမီနိုင်တဲ့ထူးခြားတဲ့ဂုဏ်ပါ။တဆက်ထဲ သွားသတိရတာက မီးတွင်းထဲက အမေကိုပါ။ကျေးဇူးအခါခါပါ စာရေးသူ ကိုဖောရိမ်းရေ—
Foreign Resident
August 23, 2011 at 7:51 am
“ခွင့်လွှတ်သည်းခံတတ်တဲ့နေရာ မြန်မာလူမျိုးကို ဘယ်သူမှမမီနိုင်”
I don’t think so.
It might be,
Because, we don’t have enough regulation to sue back.
Wait & see lar.
Human are Human lar.
ဝိညာဉ်ပြာ
August 23, 2011 at 12:41 am
ကောင်းပဗျာ ဒီလိုကျပြန်တော့လည်း မြန်မာပြည်က ဆရာဝန်တွေကို ကျွန်တော်ချီးကျူးမိပါတယ်။
kai
August 23, 2011 at 3:23 am
ကင်ဆာဖြစ်နေတဲ့ လိင်တံဖြတ်ပြီး. အသက်ကယ်ပေးလိုက်တဲ့… ခွဲစိတ်ဆရာဝန်ကို.. အဖြတ်ခံရသူက.. လုပ်ငန်းဆောင်တာ မဆောင်ရွက်နိုင်တော့လို့.. တရားစွဲတဲ့သတင်း..။ 🙂
A truck driver in Kentucky whose penis was amputated during an operation is suing the surgeon, claiming it was done without his consent.
Phillip Seaton says his penis was removed during what was supposed to have been a circumcision to treat inflammation four years ago.
Dr John Patterson says he amputated because he found life-threatening cancer during the operation.
The Seatons have already sued Jewish Hospital, where the surgery took place.
The facility settled out of court for an undisclosed amount.
‘Loss of service’
Mr Seaton and his wife, Deborah, are suing Dr Patterson for damages.
..
“Mr Seaton is here today, able to be in this courtroom… because John Patterson saved his life,” Mr Robinson said.
Mr Seaton and his wife are seeking unspecified damages for “loss of service, love and affection”.
Penile cancer is rare, with only 1,360 new cases and 320 deaths estimated in the US in 2011, according to the National Institutes of Health.
http://www.bbc.co.uk/news/world-us-canada-14619926
Moe Z
August 23, 2011 at 10:14 am
့haa..haaa 😀
i don’t know what to say…
MaMa
August 23, 2011 at 7:22 am
အသိဆရာဝန်တစ်ယောက် မြန်မာပြည်သားဆိုတော့ မြန်မာစိတ်ဓာတ်နဲ့ လူနာအဖိုးကြီးကို ကုတင်ပေါ်တက်ရတာခက်မှာစိုးလို့ ခွေးခြေလေး ခုပေးလိုက်တယ်။ အဲဒီလူနာက ခွေးခြေကနေ ချော်လဲပြီး နာသွားလို့ ဆရာဝန်ကို တရားစွဲတယ်။ လျှော်ကြေးပေးလိုက်ရလို့ နောင် စေတနာပိုတဲ့အလုပ် ဘာမှ မလုပ်တော့ဘူးတဲ့လေ။
တင်ပေးတဲ့ FR ကိုလည်း ကျေးဇူးတင်ပါတယ်။
ဒေါက်တာချမ်းငြိမ်းလို စေတနာ ဆရာဝန်တွေလည်း အများကြီးပါ။ သူ့အတွက်ကတော့ ဓားသွားထက်က ပျားရည်စက်လေးတွေကို အချိုမြိန်ဆုံး သုံးဆောင်လိုက်ရတာပါပဲ။