Field ထဲက Feel (2)

Shwe EiAugust 23, 20111min2118

၂၀၀၉ ဖေဖော်ဝါရီ

ဖေေဖော်ဝါရီ တလလုံးလည်း ရှေးနည်းအတိုင်း ဆက်သွားကြရပါတယ်။ စာရင်းတွေ အချောသတ်တယ်(ထပ်ခါထပ်ခါ)၊ ဒီရေတောပျိုးပင်တွေလိုက်စစ်တယ်ပေါ့။ ပျိုးပင်တွေကလည်း စီးပွါးဖြစ်စိုက်ရောင်းနေသူသာ စိတ်ဝင်တစားပျိုးထားတာမျိုးဖြစ်ပြီး ကျန်ရွာသားတွေက လှည့်တောင်မကြည့်ကြတော့ပါဘူး။

ဒါပေမဲ့ ဒီအတိုင်းကြီးဆက်သွားရင် ရုံးကိုပါမီးတက်ရှို့ခံရေတော့မယ်ဆိုတာ သဘောပေါက်တဲ့ ကျွန်မတို့ဆရာ Pilot Project (ရှေ့ပြေး ဝေခြမ်းရေး) စခိုင်းပါတယ်။ တရွာကိုအိမ်ထောင်စု ၅စုစီလောက် စ ဝေပါတယ်။ ဝက်တောင်းထားတဲ့ အိမ်ထောင်စုတွေကို ဝေတာပါ။ အဲဒီမှာ ကျန်ရွာသားတွေက သူတို့မရတော့ဘူးထင်ပြီး ရထားတဲ့သူတွေကို မကျေမနပ်ပြောကြတာတွေရှိလာပြန်ပါတယ်။ ပြီးတော့ နောက်ထပ်သတင်းဆိုးတခုက ဝေခြမ်းရေးကို စံနှုန်းသတ်မှတ်ချက်ဘောင်ဝင်အောင်လုပ်ရမယ်ဆိုပြီး ရန်ကုန်ကဖုန်းနဲ့အမိန့်ပေးလာပြန်တာပါ။

ကျွန်မပြောတဲ့ စံနှုန်း (criteria) ဆိုတာဝေခြမ်းရေးလုပ်တိုင်း လိုက်နာရမဲ့ ဦးစားပေးအချက်အလက်တွေပါ။ ရွာတိုင်း ရွာတိုင်း မှာရှိကြသော သက်ကြီးရွယ်အို၊ မုဆိုးဖို၊ မုဆိုးမ၊ မသန်မစွမ်း နဲ့ ကလေးသူငယ် ဦးဆောင်နေရတဲ့ အိမ်ထောင်စုတွေကို ဦးစားပေးပြီး ဝေခြမ်းရေးလုပ်ခိုင်းတာပါ။ အဲလိုသာဆိုရင် ကျန်အိမ်ထောင်စုတွေကို ချန်ထားခဲ့ရတော့မှာဖြစ်လို့ ကိုယ့်အဖွဲ့အစည်းဝင်လာကတည်းက တခြားဘယ်အဖွဲ့အစည်းရဲ့ အထောက်အပံ့ကိုမှ လက်သင့်မခံတော့ဘဲ ဒီအဖွဲ့ဆီကသာ အလုံးစုံရဖို့ အားခဲထားကြတဲ့ ရွာသားတွေမျက်နှာကို မကြည့်ရဲ မကြည့်ရက်လောက်အောင် စိတ်ဆင်းရဲခဲ့ရပါတယ်။

ဆိုတော့ ဒီအနေအထားကြီးအတိုင်း ဆက်သွားဖို့ဘယ်လိုမှ မဖြစ်နိုင်တာကိုသိနေတဲ့ ကျွန်မတို့ Field ထဲကအဖွဲ့တွေ စတင်ပြီးလှုပ်ရှားကြပါတယ်။ ရွာ၅ရွာက လူကြီးလူကောင်းများကို အစည်းအဝေးဖိတ်ပါတယ်။ ပြီးတော့ Criteria ရွေးပြီးပေးမဲ့ပမာဏကို တရွာလုံးအညီအမျှခွဲယူဖို့ လက်ခံနိုင်၊ လက်မခံနိူင် ကိတ်စ ညှိုနှိုင်းပါတယ်။ ရွာတိုင်းကတော့ အိမ်ထောင်စုတိုင်း ထောက်ပံ့ရေးရဖို့ကိုဘဲ မဲပေးကြတော့ အဆင်ပြေသွားပေမဲ့ ကိုယ့်တင်ပြချက်ကို ရုံးချုပ်က လက်ခံပါ့မလားဆိုတာတွေးပြီး စိုးရိမ်ရပြန်ပါတယ်။

နိူင်ငံခြင်းမတူ လူမျိုးခြင်းလည်းကွဲပေမဲ့ ကျွန်မတို့စိတ်ထဲမှာရှိနေကြတဲ့ ခံယူချက်ကတော့ ထပ်တူကျနေတဲ့အတွက် အလုပ် လုပ်ရတာအရမ်းအဆင်ပြေပါတယ်။ ဒါပေမဲ့ ကြိုးစားထားသမျှ အရာမထင်ပါဘူး။ ကျွန်မတို့ရဲ့ တင်ပြချက် ပယ်ချခံရပါတယ်။ အဲဒီကိတ်စအပြီးမှာ ထိုင်းမလေးက မိသားစုပြသနာကြောင့် ထိုင်းကိုမဖြစ်မနေပြန်ရဖို့အကြောင်းပေါ်လာတော့ ကျွန်မတို့ဆရာခွင့်မပြုသည့်တိုင် သူ့သဘောနဲ့သူနှုတ်ထွက်သွားပါတယ်။ ရဲဘော်ရဲဘက်တယောက် နှုတ်ထွက်သွားတော့ စိတ်မကောင်းဖြစ်ရတာတခု ထပ်တိုးလာပါတယ်။ မလေးရှားအမ(ကျွန်မထက် ၁နှစ်ကြီးပါတယ်) ကတော့ ပြန်ဖို့နှူတ်ဆက်နေတဲ့ ထိုင်းမလေးကို လှေဆိပ်(ဘိုကလေးသို့ပြန်ရန်)မဆင်းခင် အားရပါးရဖက်ပြီးငိုချပါတော့တယ်။

သို့သော် ရွာသူရွာသားအပေါင်းသိတော်မူကြတဲ့အတိုင်း မုန်တိုင်းထန်ပြီးရင်လေပြေလာတယ် မဟုတ်လားရှင်။ မတ်လ ကုန်ခါနီးမှာတော့ ကျွန်မတို့ရုံးကလေးကို ငွေထုပ်တွေတပွေ့တပိုက်နဲ့ ရန်ကုန်ရုံးက တာဝန်ရှိသူတယောက်ရယ် ဘိုကလေးကရုံးဝန်ထမ်းညီမလေးတွေရယ်၊ တခြားပရောဂျက်တွေက ဝန်ထမ်း တချို့တဝက်လောက်ရယ် ရောက်လာပြီး ဈေးဆိုင်တည်ထောင်သူ အိမ်ထောင်စုအားလုံးကို ငွေ(၁)သိန်းစီ စ ဝေပါတယ်။ ကျန် ကြက်၊ဝက်၊ဘဲ၊ကျွဲ တောင်းသူများကိုတော့ နယ်ခံဝန်ထမ်းတွေကိုယ်တိုင် ပရောဂျက်လွတ်တဲ့ရွာတွေကနေ လိုက်ဝယ်ပေးရမယ်လို့ ညွှန်ကြားလိုက်ပါတယ်တဲ့။ ဝမ်းသာလိုက်တာမပြောပါနဲ့တော့။

အဲဒီညွှန်ကြားချက်နဲ့အတူ ကျွန်မလည်းငွေကိုင်ရာထူးကို အော်တိုမက်တစ်ရသွားပါတယ်။ ပရောဂျက်အသုံးစရိတ် သေးသေးကစ ကြီးကြီးထိ ကျွန်မလက်ထဲကထွက်ပါတယ်။ တံခါးမရှိ (တကယ်မရှိပါ)၊ ဓါးမရှိဝင်ထွက်သွားလာလို့ရတဲ့ ကျွန်မတို့ရုံးမှာ ဝန်ထမ်းချည်းဘဲ ယောက်ကျားလေးဆယ်ယောက်ကျော်နဲ့ မိန်းကလေးကျွန်မ နဲ့ မလေးရှားအမ ၂ယောက်တို့အပြင် ရွာ၅ရွာမှ ခင်မင်သူ၊ တာဝန်ရှိသူအပေါင်း တို့နဲ့ ရုံပြည့်ရုံလျှံဆိုသလိုဖြစ်နေပါတော့တယ်။

ဒါပေမဲ့ ကိုယ့်ငွေထုပ်ထဲက(နေ့စဉ် ၁ဝသိန်းမှ သိန်း၂ဝခန့်ထိအသုံးစရိတ်ရှိသည်) ငွေကို ဘယ်သွားသွား၊ ဘာလုပ်လုပ် (ရုံးမှာလူတယောက်မှမရှိရင်တောင်) လျော့သွားမှာ စိတ်မပူရ။ ကိုယ့်ဝန်ထမ်းမှအစ နယ်ခံရွာသားများအဆုံး အလွန်စိတ်ချရသော နေရာဒေသဖြစ်သည်။ အမှန်အတိုင်းဝန်ခံရရင်တော့ အလွန်နမော်နမဲ့နိူင်ပြီး အမေ့ထူလွန်းသော ကျွန်မလိုလူအတွက် တော်တော်စိတ်အေးရသည်။ ငွေဆယ်သိန်းထုပ်ကို ချောင်းစပ်ကထရံပေါက်မှာ ထိုးထည့်ပြီးအိပ်ပျော်နေတာလည်း ၁ခါမက ၂ခါမက၊ တွေ့တဲ့လူက သင့်တော်ရာပြန်သိမ်းပေးသွားသည်။ (စကားချပ်)

ပိုက်ဆံဝေတဲ့အခန်းပြီးတော့ ကျွဲတွေ၊ ဘဲတွေ ဝေတဲ့အခန်းရောက်လာပါရော။ ကြက်၊ ဝက်၊ဘဲ အဆင်ပြေတယ်။ ဘဲကြတော့ စပါး ၈၀ဝလောက်ဆံ့တဲ့ လှေကြီးတွေထဲက ထောင်နဲ့ချီတဲ့ဘဲတွေကို ခြင်းကြားတွေထဲ ဖမ်းဖမ်းထည့်ပြီး ဝန်ထမ်းတွေကိုယ်တိုင်ထမ်းရတာ။ ပြီးတော့ရွာလယ်က (ကျွန်မတို့ရုံးစိုက်ရာအနီး) Community Centre (ဇရပ်) ထဲမှာခဏထားရတယ်။

ကျွန်မတို့ကို ထမင်းချက်ကျွေးတဲ့ (ပိုက်ဆံပေးရသည်) ဦးကြီးမိသားစုက ဘဲစာကျွေးပေးတယ်။ အရေးထဲ တောကြောင်းနားမလည်တဲ့ ကျွန်မကို ကျပ်ချင်တဲ့ (ဝန်ထမ်းအားလုံးသည် သူတို့ထက်ရာထူး တဆင့်ကြီးများတောင်ကြီးသော ကျွန်မ မရွှေအိကို ငယ်ပေါင်းကြီးဖော်လို သဘောထားဆက်ဆံပါသည်။) ကလေးတယောက်က ”အမ မိုးလင်းပြီ (နံနက် ၅နာရီ)၊ ဘဲဥသွားကောက်ချည်” တဲ့။ အိုးတလုံးပေးလိုက်တယ်(ဒန်အိုး)။ ဘုမသိ ဘမသိ အစွမ်းပြချင်တော့ အိုးကိုကောင်ကိုင်တဲ့ပြီး ကော့ပက် ကော့ပက်နဲ့ ထွက်လာခဲ့ရော။ ကျွန်မပုံစံကို မသင်ကာတဲ့အိမ်ရှေ့အိမ်က ဦးကြီးက ကောင်မလေး ဘယ်သွားမှာတုန်းတဲ့၊ ဘဲဥသွားကောက်မလို့ဆိုတော့ ညဉ်းက ကောက်တတ်လို့လားတဲ့။ ဟင့်အင်းပေါ့၊ ဒါပထမဆုံး အကြိမ်ဘဲပေါ့ ၊ ဒါပေမဲ့ဘာခက်တာမှတ်လို့ ဆိုတဲ့စတိုင်နဲ့ပြန်ပြောလိုက်တာပါ။

ဦးကြီးကရီပါတယ် ပြီးတော့ ဘဲဥကမကောက်တတ်ရင် ဘဲဆိတ်ခံရတယ်တဲ့၊ အဲဒါကြောင့်အိမ်က သမီးကိုကောက်ခိုင်းထားပြီးပြီတဲ့၊ ပြီးမှလာပို့မယ်တဲ့။ ကောင်းရော။ စိတ်ထဲမှာတော့ ဟိုကလေးကို xxxxxx ဆိုပြီး အားရပါးရဆဲပစ်လိုက်တယ်။ (ထောင်နဲ့ချီတဲ့ ဘဲတွေကြားထဲမှာ ဒန်အိုးတလုံးပိုက်ပြီး ပတ်ပြေးနေရတဲ့ကိုယ့်ပုံစံကို မြင်ယောင်ပြီးရီမိသေးတယ်။ ဘဲဥတွေကိုတော့ အမုန်းကြော်စားရပါတယ်။)

ဆက်ရန်
Shwe Ei
23rd Aug 2011

8 comments

  • kai

    August 23, 2011 at 3:17 pm

    ပို့စ်နဲ့တော့မဆိုင်ပါဘူး..
    ဘဲဥဆိုလို့ပါ…။
    ဂျပန်ရော.. အမေရိကားရော.. ဘဲဥအစတောင်ရှာမရဘူး..။
    အင်မတန်ရှာရခက်ပါတယ်..
    ဘဲဥပြောတာပါ…။ အဲ..အဲ.. ဘဲရောပဲ…။

  • Shwe Ei

    August 23, 2011 at 3:22 pm

    ဘာပုလို့ဘဲမရှိတာပါလိမ့် သဂျီးရယ်။ ပိုစ့်နဲ့မဆိုင်ပေမဲ့ ထူးခြားတဲ့ အကြောင်းရှိလိမ့်မယ်ထင်လို့ရှင်းပြပေးပါအုံး။

  • ကြောင်ကြီး

    August 24, 2011 at 9:27 am

    ဘဲဥ တရုတ်တန်းမှာရှိတတ်ပါတယ်။ ဈေးတော့အတော်ကြီးတယ်။ ကြက်ဥတဒါဇင်မှ တဒေါ်လာခွဲ၊ ဘဲဥက တလုံးကို ငါးမူးလောက်၊ သုံးလုံးတဒေါ်လာလောက် ရှိတယ်။ တရုတ်စူပါမားကက်တွေမှာတော့ ဆေးဘဲဥတွေရှိတယ်၊ ဈေးသိပ်မကြီးပါ။
    ကဲမရွှေနီရေ နောက်တခန်းအမြန်ဆက်၊ နို့မို့ရင် အန်ဂျီအိုအကြောင်းလို့ ဘယ်သူမှ ထင်မှာမဟုတ်ဘူး၊ ဘဲဥအရောင်းအဝယ်လုပ်နေတယ် ထင်သွားလိမ့်မယ်…။ 😛

  • Shwe Ei

    August 24, 2011 at 9:39 am

    ဦးကြောင်၊ သူများနာမည်ကိုမှားခေါ်တယ်။ နောက်တခါမှားရင် သူဂျီးနဲ့တိုင်ပြောပြီး ပွိုင့်ဖြတ်ခိုင်းမယ်။
    ဒီပို့စ်ကိုတော့ ဘဲဥပို့စ်လို့ သဘောထားပြီးဆက်ရေးနေကြမှာစိုးလို့ အသစ်တခု မြန်မြန်တင်ပါ့မယ်။

  • hmee

    August 24, 2011 at 3:15 pm

    ဟုတ်တယ် သဂျီးရေ ဒီမှာလည်း ဘဲဥမရှိဘူး။ ကျွန်မက ရေရှားလို့ထင်တာ မဟုတ်လောက်ဘူး။ ပန်းခြံထဲမှာ ( ရေကန် ပါတဲ့ပန်းခြံ) တော့ အလှမွေးထားတဲ့ ဘဲတွေ တွေ့တယ်။ ဒီလောက် နည်းပညာ တိုးတက်ပြီး ရေချိုငါးတောင် ကန္တာရ အလယ်မှာ ရအောင်မွေးတာ ဘဲမွေးမရတာတော့ မဖြစ်နိုင်ဘူး။

  • Shwe Ei

    August 24, 2011 at 3:51 pm

    ကဲ၊ ဘဲဥ Export လုပ်မယ်။ သမီးမှာရွာက အဆက်အသွယ်ကောင်းကောင်းရှိတယ်။

  • pooch

    August 24, 2011 at 4:04 pm

    ရွှေအိရေ တကယ် လေးစားပါတယ် ဆက်ရေးပါအုန်း….

  • Shwe Ei

    August 24, 2011 at 4:07 pm

    ဟုတ်ကဲ့ နံပတ် ၃ တင်ပြီးသွားပြီဖြစ်ပါကြောင်း၊ အားပေးမှုကို အထူးကျေးဇူးတင်ကြောင်း။ 😛

Leave a Reply