“ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…” (Steve Jobs ပြောကြားခဲ့သည့် မိန့်ခွန်း)
ရွာသားအပေါင်းတို့ခင်များ ကိုမိုးသီးဘလော့ခ် http://komoethee.blogspot.com/2011/08/steve-jobs.html#links မှာ လူတိုင်းကြိုက်တဲ့ Imac computer, Ipod, Iphone, Ipad တို့ရဲ့ အရှင်သခင် Apple ကော်ပိုရေးရှင်းကြီးရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းနဲ့ လက်ရှိဒါရိုက်တာဘုတ် အဖွဲ့ဥက္ကဌ စတိဗ်ဂျော့ဘ်ရဲ့ ၂၀၀၅ခုနှစ်တုန်းက စတန်းဖို့ဒ်တက္ကသိုလ်မှာ ပြောခဲ့တဲ့ မိန့်ခွန်းဖတ်ရလို့ ဝေငှလိုက်ပါတယ်။ စာဟောင်းမို့ သိပြီးသားဖြစ်ခဲ့ရင်လည်း မဖတ်ရသေးသူများအတွက် နားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါတယ်။ ရွာစည်းကမ်းချက်များနဲ့ ကိုက်ညီအောင် သူပြောတဲ့ အရေးကြီးအချက်သုံးချက်ကို ကောက်နှုတ်တင်ပြလိုက်ပြီး မူရင်းဘာသာပြန်စာကိုတော့ ကွန်းမန့်အနေနဲ့ အောက်ခြေမှာ ထည့်ပေးထားပါတယ်။
သူ့ဘဝဟာ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပညာတတ် မိခင်အရင်းရဲ့ စွန့်ပစ်ခြင်း ခံရသူ၊ ပညာတတ်မဟုတ် ခလေးမရှိသူ သာမန်လင်မယားနှစ်ဦးက သူကြီးလာရင် တက္ကသိုလ် ဘွဲ့ရတဲ့အထိ ကျောင်း ထားပေးပါမယ်ဆိုတဲ့ ကတိနဲ့မွေးစားခံခဲ့ရသူပါ။ အထက်တန်းကျောင်းပြီးတော့ ဈေးကြီးလှတဲ့ Reed ကောလိပ်ကိုတက်၊ ငွေမလိုက်နိုင်တော့ ကျောင်းထွက်ရတယ်။ ဒါပေမဲ့ ပြင်ပကျောင်းသားအနေနဲ့ သူ စိတ်ဝင်စားတဲ့ အတန်းတွေ လိုက်တက်ပြီး ငတ်တလှည့်ပြတ်တလှည့်နဲ့ ပညာခရီးတင်မက အတွေးအခေါ် အသိပညာပိုင်းမှာပါ ခရီးဆက်ခဲ့တယ်။
နောက်တော့ အိမ်နောက်ဖေး ကားဂိုဒေါင်မှာ သူငယ်ချင်းနဲ့ နည်းပညာဆိုင်ရာ ကုမ္မဏီတည်ထောင်ပြီး အောင်မြင်ကြီးပွားတယ်။ ကိုယ်ယုံကြည်တဲ့လူရဲ့ သစ္စာဖောက်ခြင်းခံရပြီး ကိုယ်တည်ထောင်တဲ့ ကုမ္မဏီကနေ ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက်နဲ့ အလုပ်ဖြုတ်ခံရတယ်။ ဟိုးလေးတကျော်နဲ့ အရှက်တကွဲ အကျိုးနဲဖြစ်ခဲ့တယ်။ အရှုံးမပေးဘူး၊ ပြန်ထတယ်။ မိမိယုံကြည်ချက်အတိုင်း နည်းပညာကုမ္မဏီပြန်ဖွဲ့ပြီး ကမာ္ဘ့ပထမဆုံး ကွန်ပြူတာ ကာတွန်းကားကို ထုတ်လုပ်ခဲ့တယ်။ ယနေ့အချိန်အထိလည်း အဲဒီကုမ္မဏီသည် ကမာ္ဘမှာ အအောင်မြင်ဆုံး ကာတွန်းစတူဒီယိုအဖြစ် ရပ်တည်နေဆဲပဲ။ နောက်ပိုင်း အခြေယိုင်လာတဲ့ Apple ကုမ္မဏီက စေ့စပ် ညှိနှိုင်းပြီး သူ့ကာတွန်းစတူဒီယိုကို ဝယ်ယူလို့ သူမူလပိုင်ဆိုင်တဲ့ ကုမ္မဏီကို အောင်နိုင်သူအဖြစ် ပြန်ရောက်သွားတယ်။ နောက်ပိုင်းမှာတော့ သိတဲ့အတိုင်း သူများထက်သာလွန်တဲ့ ဂရပ်ဖစ်ခ်ဒီဇိုင်း အရည်အသွေးမြင့် တန်ဖိုးကြီး အိုင်မက်ကွန်ပြူတာတွေနဲ့ ဈေးကွက်ကိုပြန်ဝင်တယ်။ တေးဂီတ၊ ဆက်သွယ်ရေး၊ နည်းပညာ ကိရိယာ အသစ်အဆန်းတွေနဲ့ ပြန်ဝင်လာလိုက်တာ အခုဆိုရင် ကမာ္ဘပေါ်မှာ အအောင်အမြင်ဆုံး၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အကြီးမားဆုံး (ရေနံတူးဖေါ်ရေး ကုမ္မဏီထက်တောင် တန်ဖိုးပိုများတယ်) ကုမ္မဏီဖြစ်နေပြီ။
သူပေးချင်တဲ့ အချက်သုံးချက်ကို အတိုကောက် ပြန်ပြောရရင်…
၁. ကံဆိုတာကိုယုံပါ၊ လက်ရှိမှာ ကိုယ်ဘယ်ကို ဦးတည်နေတယ်ဆိုတာ မသိနိုင်ပေမဲ့ အနာဂတ်ကာလကို ရောက်သွားလို့ နောက်ပြန်လှည့်ကြည့်တဲ့အခါ ကျိုးကြောင်းဆက်စပ်မှုတွေကို တွေ့ရလိမ့်မယ်။ မိမိရင်တွင်းက အသံ၊ ခံစားချက်အတိုင်း ရှေ့အနာဂတ်ကို ယုံယုံကြည်ကြည်သွားပါ။ (အဓမ္မ ရုပ်ဝါဒီ သဂျီးအပြောကြောင့် ကံ၊ ကံ၏အကျိုးအပေါ် မတွေဝေနဲ့။ အဲသလိုကို တိုက်ရိုက်ကြီးပြောသဗျာ 😀 )
၂. လဲကျပြန်ထပါ၊ အတိတ်ကို သင်ခန်းစာယူပါ။ မလျှော့တမ်း ဇွဲလုံ့လနဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဆက်လျောက်ပါ။ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာပါ၊ တွေ့ရင်လည်း ရအောင်ယူပါ။ ဘဝအောင်မြင်ဖို့ အလုပ်ကို ချစ်ခင်စွဲလန်းတန်ဖိုးထားတဲ့ စိတ်တင်မက အားပေးလက်တွဲဖေါ် ချစ်သူရှိဖို့ ထပ်တူထပ်မျှ အရေးကြီးတယ်။ ( ဖွန်ကြောင်ပါ၊ အခွန်ဆောင်ပါ ) 😳
၃. ဘဝမှာကြုံရတဲ့ အကောင်းအဆိုး ပျော်ရွှင်ဝမ်းနည်းမှုတွေသည် သေခြင်းတရားနဲ့ဆိုင်လာရင် အပရိက အရေးမပါ အသေးအမွှား ဖြစ်သွားပြီ။ မရဏတရားကို ဆင်ခြင်ပြီး သေရင် ဘာတခုမှ ယူမသွားရမဲ့အတူတူ ကိုယ့်နှလုံးသား ခေါ်ရာကိုလိုက်ပါ။ 🙄
သူ့အဆုံးသတ် စကားလေးကတော့ Be Hungry Stay Fool ဆာလောင်မွတ်သိပ်ပါ၊ အရူးထပါတဲ့။
စာကြွင်း။ ကိုမိုးသီးဘလော့မှ ဖတ်ရှုရသည်ကို တဆင့်တင်ပြပါသည်။ ခွင့်ပြုချက်မတောင်းခံမိသည်ကိုလည်း ဤနေရာမှ တောင်းပန်အပ်ပါသည်။ (ပြောသာပြောရတယ်၊ သူတို့စာလည်း ဟုတ်ပုံမရပါဘူး၊ အဲဒီစာ အောက်ခြေမှာ နေသစ်မှ… လို့ပါတယ်။ naytthit.net ကလားလည်း မသိဘူး၊ ဘယ်ကဖြစ်ဖြစ်ပါ ခွင့်လွှတ်ဖို့ ပန်ကြားပါသည်။)
14 comments
ကြောင်ကြီး
August 31, 2011 at 7:34 am
Sunday, 28 August 2011
“ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…” (Steve Jobs ပြောကြားခဲ့သည့် မိန့်ခွန်း)
(ချစ်လှစွာသော သူငယ်ချင်းတယောက်ထံမှ Forward Mail ပါ။ လူတယောက်ရဲ့ ဘဝတက်လမ်းအတွက် အတုယူစရာ မှတ်သားစရာ ဖြစ်တဲ့အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။ ကျွန်မလည်း ဘဝအတွက်အများကြီး ကြိုးစားနေဆဲဖြစ်တဲ့ အတွက် ဒီလိုမှတ်သားစရာတွေ ပညာယူစရာတွေ လိုအပ်ပါတယ်။ လှေကားထစ်တွေအတွက် အားဆေးတခွက်လို့ လည်း ပြောလို့ရပါတယ်။)
၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း
ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြောခွင့်ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျနော်ဟာ တက္ကသိုလ်ဘွဲ့ရ တယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသ ဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျနော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲ ပါ။
ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။
ကျနော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ပါတယ်။ ကျနော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ။
ဒီဇာတ်လမ်းက ကျနော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျနော့်ကို ကိုယ်ဝန်ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တယောက်ပါ။ အဲဒါကြောင့်လည်း ကျနော့်ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ကျနော့်ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တယောက်နဲ့ သူ့ဇနီးတို့က ကျနော့်ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျနော် ကို “အူဝဲ” ဆိုပြီး မွေးလိုက်တဲ့အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါ တယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာ ရင်းထဲက ကျနော့်မိဘများကို ဖုံးဆက်ခဲ့ပါတယ်။
“ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး တယောက် ရထားတယ်။ ယူမလား…” တဲ့။ မိဘများကလဲ “သိပ်ယူတာပေါ့…” တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျနော့်ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျနော့်ရဲ့ အဖေဟာလဲ အထက် တန်းကျောင်း တောင်မှ မအောင်တာကို ကျနော့် မွေးမိခင်က သိသွားတာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက် မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျနော့်ရဲ့ မိဘတွေက ကျနော့်ကို “တက္ကသိုလ် ထားပေးပါ့မယ်…” လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။
နောက် ၁ရ နှစ် အကြာမှာတော့ ကျနော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ဟာ အဆင်အခြင် ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျနော့်ရဲ့ တတ္ကသိုလ်ပညာရေး အတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို ကျနော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့ ကျနော် မထင်တော့ပါဘူး။ အဲဒီအချိန်က ကျနော့်မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျနော့်ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ်ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့ ကျနော်ဟာ မိဘတွေရဲ့ တသက်စာစုငွေကို တက္ကသိုလ် မှာလာပြီး ဖြုံးနေတာပါပဲ။
ဒါနဲ့ကျနော်လဲ တက္ကသိုလ်ကထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက် ဟာ ကျနော့်ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တခုပါ။ ကျောင်းကထွက်လိုက်တာနဲ့ ချက်ချင်းပဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာမလိုတော့တာကြောင့် တက်ချင်စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသားလုပ် ခဲ့ပါတယ်။
ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျနော့်မှာ နေစရာအခန်း မရှိတော့ပါဘူး။ ဒီတော့ ကျနော့် သူငယ် ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကို လိုက်စုပြီး ပြန်အပ်လို့ရတဲ့ တပုလင်း ၅ဆင့်
ဆိုတဲ့ ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။ တနင်္ဂနွေနေ့ညတိုင်း ခုနှစ်မိုင်လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ ဘုရားကျောင်း မှာ ထမင်းတနပ် အဝသွားစားရပါတယ်။ စားလို့ အင်မတန်ကောင်းပါတယ်။ စူးစမ်းလိုစိတ်နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အ ကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေးတခု ပေးပါရစေ။
အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်းသင်တန်းဟာ တနိုင်ငံလုံးမှာ အကောင်းဆုံးသင်တန်းပါ။ တက္ကသိုလ်နယ်မြေ တခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံး တွေနဲ့ ချယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့တဲ့ ကျနော်ဟာ စာလုံးအလှရေးနည်းသင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံးပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေအကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတလုံးနဲ့ တလုံးကြားမှာ ဘယ်လို အနီးအဝေးခြားတယ်ဆိုတာ လေ့ လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိပ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ပညာပါ။ ဒီပညာရပ်က ကျနော့်ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။
ဒါတွေကို ကျနော့်ဘဝမှာ ဘယ်လိုလက်တွေ့အသုံးဝင်မလဲ ဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁ဝ နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ ပါတယ်။ ဒီပညာရပ်ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှတွေသုံး တဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျနော်မတက်ခဲ့ရင် Macintosh ကွန်ပျုတာမှာ အင်မတန်သေ သပ်ပြီး အစိပ်အကျဲအချိုးကျ လှပတဲ့စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Mac က စာလုံးတွေကိုပဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူးလို့တောင် ပြော ကောင်းပြောနိုင်ပါလိမ့်မယ်။ ကျနော် ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာမဟုတ်ပါ။ ဒီသင်တန်း
ကို ကျနော်မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှရှိမှာပါ။ မှန်ပါတယ်။
ကျနော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုးအကြောင်းတွေကို ဆက်စပ်ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ် နိုင်ပါ့မလဲ။ နောင် ၁ဝ နှစ်ကြာအပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါ တယ်။
ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆို တာကို ကျနော်တို့ မမြင်နိုင် ပါ။ နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရမောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထားရပါလိမ့်မယ်။ ဘွဲ့ရမောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံတယ်ဆိုတာ ယုံပါ။ ကံ၏အကျိုးဆိုတာ ယုံပါ။ တခုခုကိုတော့ယုံပါ။ ဒီယုံကြည်ချက် ကြောင့် ကျနော် ဂျောက်ကျခဲ့ရတယ်ဆိုတာ ဘယ်တော့မှမရှိခဲ့ပါ။ ကျနော့်ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီယုံကြည်ချက်ကြောင့် ပါပဲ။
ကျနော့်ရဲ့ ဒုတိယ ဇာတ်လမ်းကတော့ အချစ်နဲ့ အရှုံး အကြောင်းပါ။
ကျနော် ကံကောင်းခဲ့ပါတယ်။ ကျနော်တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ် မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ကျနော့် မိဘတွေရဲ့ ကားဂိုဒေါင် ထဲမှာ Apple ကို Woz နဲ့အတူ စတင်တည်ထောင်စဉ်က ကျနော် အသက် ၂ဝ ပဲ ရှိပါသေးတယ်။ ကျနော်တို့ ၂ ယောက် တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ ၁ဝနှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက ကျနော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင်တန် ဝန်ထမ်း ၄ ထောင်ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျနော်တို့ရဲ့ အကောင်းဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက်တင်ပြီး တနှစ် လောက် ကျနော်လဲ အသက် ၃ဝ ပြည့်ပြီးခါစလေးပါ။ အဲဒီမှာ ကျနော်အလုပ်က အထုတ်ခံရပါတယ်။
ကိုယ်တိုင်တည် ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လိုလုပ်ပြီး အထုတ်ခံရနိုင်ပါ့မလဲ။ အဲ ဇာတ်လမ်းက တော့ဒီလိုပါ။
Apple ကုမ္ပဏီကြီးပွါးလာတဲ့အချိန်မှာ ကျနော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတယောက်ကို ကျနော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ်ခန့်ခဲ့ကြပါတယ်။ ပထမတနှစ်လောက်ကတော့ အတော်လေးအဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြေးဖြေးနဲ့ အနာဂါတ် အလားအလာတွေကို အမြင်မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကြီးအ ကျယ် ကတောက်ကဆ ဖြစ်တဲ့အထိပါပဲ။ ဒီကတောက်ကဆ ဖြစ်တဲ့ အခါမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်က ရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃ဝ မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော်ဖြစ်ပြီး အလုပ်ထုတ်ခံရတာပါ။ ကျနော့် ရဲ့ ဘဝ တခုလုံးကိုပုံပြီး စိုက်လိုက်မတ်တပ်လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့တာပါ။ ဒါဟာ ကျနော့်အတွက် အင်မတန် တုန် လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။
လပေါင်းအတော်ကြာ တကဲ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်း ကြီးများအပေါ်မှာ ကျနော် တာဝန်မကျေဘူးလို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်းပေးခဲ့တဲ့ တာဝန်ကို ပေါ့ လျော့မိတဲ့၊ လက်ဆင့်ကမ်းပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျခဲ့တဲ့သူလို ခံစားရတာပါ။ ကျနော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျနော့်ကြောင့် ပြဿနာအကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီး တောင်းပန် ခဲ့ပါတယ်။
ကျနော့်ကျဆုံးခန်းဟာ ဟိုးလေးတကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေးသွားဖို့ အထိတောင် ကျနော်စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အချက်တချက်ကို ကျနော် တဖြေးဖြေးနဲ့ သတိပြုမိလာပါတယ်။ အဲဒါက တော့ ကျနော်လုပ်ခဲ့တဲ့အလုပ်ကို ကျနော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ် တွေဟာ ကျနော့်ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။ ကျနော့်ကို ကန်ထုတ်တာခံရပေမဲ့ ကျနော်က တော့ ချစ်ခင်စွဲလမ်းလျှက်ပါ။ ဒါကြောင့်လဲ ကျနော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျနော့်ဘဝတလျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံးအဖြစ်ပါ။ အဲဒီ အချိန်ကတော့ ဒီလိုမတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို ပေါ့ပေါ့ပါးပါး လူသစ်တခါ ပြန်ဖြစ်ရတယ် ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာ မှုတွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကပဲ ကျနော့်ကို အနှောင်အဖွဲ့တွေက
ကင်းလွတ်ခွင့်ပေးပြီး ကျနော့်ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။
နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝတဲ့ အမျိုးသမီးတယောက်နဲ့ မေတ္တာမျှပြီး ကျနော်အိမ်ထောင်ပြု ခဲ့ပါ တယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာ ကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျနော့်ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျနော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျနော်တို့ စတင်ခဲ့တဲ့ နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့ ကျနော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။
ကျနော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတခုမှ ဖြစ်လာမှာ မဟုတ်တာ အတော်သေချာပါတယ်။ အလုပ် ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါးကြီးပါ။ ဒါပေမဲ့ လူနာကိုကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တခါတလေ တော့လဲ ဘဝမှာ ခေါင်းကိုအုတ်ခဲနဲ့ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိယုံကြည်ရာကို မစွန့်လွှတ်ပါနဲ့။ ကျနော့်ရဲ့ ဘဝ တလျှောတ်လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျနော့်အလုပ်ကို ကျနော် ချစ်ခင် စွဲလမ်းမှုပဲလို့ ကျနော်ယုံကြည် ပါတယ်။ ဘွဲ့ရမောင်မယ် တို့လဲ ကိုယ့်ရဲ့ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအ ဆိုဟာ မောင်မယ် တို့ရဲ့ ချစ်သူရည်းစားရှာဖို့နဲ့ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်။
ခုချိန်ထိမတွေ့သေးဘူးဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာပါ။ ရရာနဲ့မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာကိစ္စဆိုတော့ တွေ့ပြီ လား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေပိုပြီး ခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာ ကြပါ။ ရရာလေးနဲ့ မရောင့်ရဲလိုက်ကြပါနဲ့။
ကျနော့်ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။
ကျနော်အသက် ၁ရ နှစ်မှာ ကောက်နှုတ်ချက် စာသားတခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ “နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်းဖြစ်လာဖို့ သေချာပါတယ်” တဲ့။ ဒီစာသားက
ကျနော့်စိတ်မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက် ၃၃ နှစ်လုံး မနက်အိပ်ရာထမှာ မှန်ကိုကြည့်ပြီး ကိုယ့်ကို ကိုယ် မေးခဲ့ပါတယ်။ “ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား” မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက်တိုက် “မလုပ်ချင်ဘူး” ဖြစ်နေပြီဆိုရင်တော့ အပြောင်းအလဲ တခုခုလုပ်ဖို့ လိုနေပြီလို့ ကျနော် သိလိုက်ပါတယ်။
ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး အထောက်အပံ့ကိရိယာအဖြစ် ကျနော်တွေ့ ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာပဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။
ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေးကြီးတဲ့အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။
မင်းမှာလက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေးထောင်ချောက်ကို ရှောင်လွှဲဖို့ နည်း လမ်းတွေထဲမှာ ကျနော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာသေရတော့မှာဘဲလို့ သတိချပ်ခြင်းပါ။ မင်းဟာ ဗ လာထီးထီး ကိုယ်ချည်းဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာနောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိ တော့ပါ။
လွန်ခဲ့တဲ့ တနှစ်လောက်က ကျနော့်မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မနက် ရနာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက် ပါတယ်။ ကျနော့်ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက်
ဆိုတာဘာလဲဆိုတာတောင်မှ ကျနော်မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေ ချာတယ်လို့ ကျနော့်ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ အထိဘဲနေရဖို့ မျှော် လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာဘာအဓိပ္ပါယ်လဲဆိုတော့ ကျနော့်ရဲ့ ကလေးတွေကို နောင် ၁ဝ နှစ် အတွင်းမှာ ပြောပြ ဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ်အတွင်းမှာ အကုန်အစင်ပြောဖို့ ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ် ပါပဲ။ ကျန်ရစ် သူမိသားစု ဒုက္ခမများရလေအောင် ရှိသမျှ ကိစ္စတွေအားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ်ပါ။ သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။
တနေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျနော့်ကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာတော့ အသားစထုတ်ပြီး ဆေး စစ်ခံခဲ့ရပါတယ်။ ခန္ဓာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျနော့်လည်ချောင်း ထဲကတဆင့် အစာအိမ်ကိုဖြတ်ပြီး အူ သိမ်ထဲကိုရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျနော့်ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျနော်က မေ့ဆေးနဲ့ မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို အဏုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ “ဟေးကနဲ…” ထပြီးအော်ခဲ့ကြပါတယ်။
ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီးကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေ လို့ပါ။ ကျနော် ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ကျနော် အခုနေကောင်းပါပြီ။
ဒါဟာ ကျနော့်အဖို့ သေခြင်းတရားနဲ့အနီးကပ်ဆုံးရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ နောင် ၁ဝ နှစ်၊ အနှစ် ၂ဝ အတွင်းမှာလဲ ဒီထက် ပိုပြီးနီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင် မယ်တို့ကို သေခြင်း တရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဉာဏ်သိအဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာ ချာ ကျနော် ပြောနိုင်ပါပြီ။
*ဘယ်သူမှမသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့သူများတောင်မှ အဲဒီကိုရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော် လည်း လူတိုင်းဟာ တနေ့တော့ သေကြရမှာပါ။*
ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။
ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါ တယ်။ မရဏတရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့ အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရား က ဟောင်းဆွေးအိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့ အစားထိုးပေးနေပါတယ်။ ဒီနေ့ဒီအချိန်အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော်မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့အဖယ်ရှားခံကြရမှာပါ။ စိတ်ထိခိုက်အောင်ပြောမိတာကို ကျနော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။
ဘွဲ့ရမောင်မယ်တို့မှာ အချိန်တွေအများကြီးမရှိတော့ပါဘူး။ ဒီတော့တခြားသူတွေ နေသလိုဘဲနေပြီး အချိန်ကိုမဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း နေရတဲ့ဘဝကို တရားသေဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။ မိမိရဲ့အ တွင်းစိတ်က နှိုးဆော်သံကို သူတပါးတွေရဲ့ထင်မြင်ချက် အနှောင့်အယှက်သံတွေက ဖုံးလွှမ်းမသွားပါစေနဲ့။
*ဒီထက်ပိုပြီးအရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်းသိစိတ်တို့က ခေါ်ဆောင်ရာကိုလိုက်ပါ။* သူတို့ က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ်ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေအားလုံးက သာမည အချက်တွေပါ။
ကျနော်ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက်တဲ့ ကတ်တလောက်စာအုပ် တခု ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာအဲဒီတုန်းက ကျနော်တို့တွေအတွက်တော့ ကိုးကွယ်စရာကျမ်းစာတွေထဲက တအုပ်ပေါ့။
အဲဒီစာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brand ဆို သူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန်အလှတွေနဲ့ ချယ်မှုန်းပြီးထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆ဝ ခုနှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ်တအုပ်လုံးက လက်နှိပ် စက်ရိုက်၊ ကပ်ကြေး နဲ့ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို စာအုပ် အဖြစ် ဖတ်ရသလိုပါပဲ။ ဒီ်စာအုပ်ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာ စာအုပ်ပါ။ စာအုပ်တခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့ အကြံကောင်းတွေနဲ့ ပြည့်နေပါတယ်။
Stewart နဲ့သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog” စာအုပ် တော် တော်များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေ ရပ်ဆိုင်းရတဲ့အခါမှာတော့ သူတို့တတွေ နောက်ဆုံးနှုတ်ဆက် ခြင်းစာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျနော်က ခုဘွဲ့ရမောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇ဝ နှစ်လယ်ကာလများပါ။ နှုတ်ဆက်စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်ကကားလမ်းလေးတခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း အင်မတန် ကြိုက်သူများ ကားကြုံစီးခရီးထွက်ရာမှာ တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာစာတန်းလေးရေး ထားပါတယ်။ “ဆာလောင်မွတ်သိပ်ပါ။ အရူးထပါ။” တဲ့။
ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံးနှုတ်ဆက်တဲ့စကားပါ။ ကျနော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်းတောင်းခဲ့ ပါတယ်။ ခုဘွဲ့ရမောင်မယ် တို့ဘဝအသစ် စကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။
“ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…”
အားလုံးကိုကျေးဇူးတင်ပါတယ်။
နေ့သစ်မှ …
pooch
August 31, 2011 at 7:55 am
ဦးကြောင်ကြီး အခုလို မျှဝေတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ် … ကျနေတဲ့ စိတ်တွေ လေနေတဲ့ စိတ်တွေ အတွက် စိတ်ဓာတ်ခွန် အားတွေ အများကြီးပေးတဲ့ စာစုပါ. … ဟုတ်ပါတယ် အနော်တို့တွေ ကိုယ်ယုံကြည်တဲ့ လမ်းတွေ ကို ကိုယ်စွမ်းသလောက် မီးကုန် ယမ်းကုန် ကြိုးစားပြီး ရှေ့ဆက်လျှောက်ရမှာပါ။
pan pan
August 31, 2011 at 9:15 am
နံပါတ်သုံးအချက် အကြိုက်ဆုံးပါပဲ
“ဘဝမှာကြုံရတဲ့ အကောင်းအဆိုး ပျော်ရွှင်ဝမ်းနည်းမှုတွေသည် သေခြင်းတရားနဲ့ဆိုင်လာရင် အပရိက အရေးမပါ အသေးအမွှား ဖြစ်သွားပြီ။ မရဏတရားကို ဆင်ခြင်ပြီး သေရင် ဘာတခုမှ ယူမသွားရမဲ့အတူတူ ကိုယ့်နှလုံးသား ခေါ်ရာကိုလိုက်ပါ။”
နှလုံးသားခေါ်ရာကတော့ အလုပ်မလုပ်ချင်တာပဲ
weiwei
August 31, 2011 at 10:10 am
နှလုံးသားခေါ်ရာကို လိုက်ရရင် လူလဲတော်တော်မောမှာ …
နှလုံးသားက ငြိမ်ငြိမ်မနေလို့ … 😛
Shwe Ei
August 31, 2011 at 10:50 am
သို့
အူးကြောင်
ဖတ်ရှု၊ မှတ်သား၊ ကျေးဇူးတင်
မီးမီး သော်
August 31, 2011 at 11:53 am
ဦကြောင်ရေ သူပြောဖူးသမျှတွေထဲမှာမှတ်မိတာတခုရှိပါသေးတယ်။
“ခေါင်းဆောင်နဲ ့နောက်လိုက်ကို ကွဲပြားစေတာ တီထွင်ဖန်တီးနိုင်မှုစွမ်းအားပါ”တဲ့
hmee
August 31, 2011 at 1:45 pm
အောင်မြင်နေတဲ့ လူတော်တော်များများဟာ ငယ်ငယ်က ဘဝနာလာတဲ့သူ များတယ်နော်။
တာနော
August 31, 2011 at 2:06 pm
ဟိုက် ရှားစ်.၊ ကိုကြောင် ကြီးကတော့ ဆရာတစ်ဆူပါပဲဗျာ.၊ စံတင်ထားလောက်အောင် အရေးအသား
ကောင်းပါပေတယ်.၊ 😳
ကျနော်ကတော့ အနဲဆုံး ဆယ်နှစ် လေ့လာရင်တောင်မှ အဲဒလောက် နီးစပ်ပါ့မလား..ထင်မိတယ်.။ 🙄
ရဲအောင်
August 31, 2011 at 2:13 pm
မထင်……မထင်……မထင်…………
ဤ ဘဝ ဤ မျှသာ ဟုထင်ပါသည်။
ဆက်၍ ဆက်၍ ကြိုးစားပါလော့ အသင်။
char too lan
August 31, 2011 at 2:17 pm
ကုမ္ပဏီတခုမှာ အလုပ်လျှောက်တာ ရခါနီးမှ အီးမေးလိပ်စာမရှိလို့ဆိုပီးပယ်ခံရတဲ့ သူဌေးအကြောင်းတောင် သတိရသွားတယ် ………….
မှတ်သားသွားပါဒယ်ဗျာ……. ကျေးဇူးလဲတင်တယ်
နီလေး
August 31, 2011 at 4:44 pm
ကိုကြောင်ကြီး ကျေးဇူးတင်တယ်နော် စာဖတ်ရလို့ အားရှိသွားပြီ
zaw min
August 31, 2011 at 6:33 pm
နောက်ပိတ်လေးကိုကြိုက်တယ် ….”Be Hungry Stay Fool”.ဂွတ်….ဗဲရီးဂွတ်..ဘဲမဂွတ်…
မိမိဘဝမှာတွေကြုံခဲ့ရတဲ့ အမှားတွေကအကောင်းဆုူးံသင်ခန်းစာတွေပါပဲ…လဲနေပြန်ထ ဘဝ..ဘဝ..
အခက်အခဲပေါင်းများစွာကိုကျော်ဖြတ်နိုင်သူသည် အရည်အသွေးပိုမိုတောက်ပြောင်လေပါပဲ…
လောကမှာ အတုယူစရာ သင်ယူစရာတွေများစွာရှိပါတယ်၊မလျှော့သော ဇွဲ၊လုံ့လ၊ဝရီယ တွေနဲ့ဘဝရည်မှန်းချက်ပန်းတိုင်ကိုမရောက်ရောက်အောင်လျှောက်လျှမ်းကြပါစို့….
Toungoo Thar
November 1, 2011 at 8:52 pm
Think different.
&
Write different comments.
မြစပဲရိုး
August 20, 2015 at 3:06 pm
ဒီ ပို့စ်ဘာသာပြန် က ကိုမိုး ဘာသာပြန်ပြီး ကျွန်မ “Myanmar IT Pro” ဆိုတဲ့ ဖိုရမ် မှာ တင်ထားခဲ့ တာပါ။
၂၀၀ရ ဝန်းကျင်လောက်က ဖြစ်မလားဘဲ။
၂၀၀၆ လောက်မှာ http://www.ning.com/ ဆိုပြီး ဖိုရမ် တွေ လုပ်လို့ ရတဲ့ နေရာ ရှိတယ်။
အလကားပေါ့။
အဲဒီ တုန်း က အဲဒီ ning ကို သုံးပြီး ဖွဲ့ထားတဲ့ ဖိုရမ် ၂ ခုလောက်မှာ ဖြစ်ခဲ့တယ်။
နောက်ပိုင်း ning က သူ့ဟာ သုံးရင် ပိုက်ဆံပေးရတော့ မယ်ဖြစ်လာတော့ တော်တော်များများ က ဆက်မသုံးကြတော့ဘူး။
ကိုယ်ပါတဲ့ ဖိုရမ် နှစ်ခု လဲ ပျက်သွားတယ်။
အဲဒီနောက်ပိုင်း Facebook နဲ့ WordPress တွေ ခေတ်ထလာတာပါဘဲ။