နင်လားဟဲ့ နိုင်ငံခြားပြန်
ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ရိုက်ခတ်မှုဒါဏ်သည်ကား အတော်လေးပင် ပြင်းထန်လှပေစွ.. ဆင့်ကာပူရ (Singapura) ခေါ်၊ စလုံးဟု အများက ခေါ်ဝေါ်ကြသောနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော လစာနည်းမြန်မာလုပ်သားများမှာကား အတော်လေးပင် ဒုက္ခရောက်ကြတော့သည်။ ထိုအထဲတွင် ကျွန်တော်သည်လည်း အပါအဝင်ဖြစ်တော့သည်။ Fair Price မှ ၅ ကီလို တစ်အိတ်လျင် ၄ ကျပ်ခွဲခန့်ပေးနေရရာမှ တစ်အိတ်လျင် ၁၂ ကျပ်ခွဲထိ တိုးသွားခြင်း၊ ဆီဈေး၊ MRT ခများတိုးသွားခြင်း၊ Bus ကားခများ တိုးသွားခြင်း၊ မြန်မာကျပ်ငွေနှင့် စင်္ကာပူဒေါ်လာ လဲလှယ်နှူန်းမှာ ၉၀ဝ နီးပါးမှ ၆၅ဝ ထိ ကျဆင်းသွားခြင်း၊ လုပ်ငန်းခွင်တွင် Overtime များလျှော့ချလာခြင်းကြောင့် ယခင်က တစ်လ ၃ သိန်းခန့်သာကျန်သော ဖွတ်ကလိဒင်္ဂါးမှာ တစ်လ တစ်သိန်းကျန်ရန် မနည်းပင် စုဆောင်းရတော့သည်။ အေးဂျင့်အား သိန်း ၄ဝ ခန့် ရက်ရက်ရောရော လှူဒါန်းခဲ့ပြီးနောက် သူတစ်ပါးနိုင်ငံတွင် အလုပ်ကြမ်းအလုပ်ကို ဝမ်းသာအားရဖြင့် လာရောက်လုပ်ကိုင်သော ကျွန်တော်သည်ကား ရှေ့ဆက်မိုက်ရန် မိုက်လုံးမကြီးနိုင်တော့သဖြင့် မွေးရပ်မြေသို့ ဝေဟင်ခရီးဖြင့် အောင်မြင်စွာ ဆုတ်ခွာလာပြီးသကာလ….
=======================================================================
ထိုနေ့က မိုးတွင်းဖြစ်သော်လည်း မိုးမရွာသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်သည်။ နေ့ခင်းအပူရှိန်သည်လည်း အတော်လေးပင် မြင့်တက်နေသဖြင့် Air-con မရှိ၊ မီးမလာသည့် အိမ်တွင် နေနေရသည့် ကျွန်တော်သည်ကား ပေါ့ပေါ့ပါးပါး ဘောင်းဘီလက်တို၊ စွပ်ကျယ်လက်ပြတ်ဖြင့် ယပ်တောင်တစ်ဖြတ်ဖြတ်ခပ်ရင်း စာအုပ်တစ်အုပ်ဖြင့် အတော်လေး ဇိမ်ကျနေတော့သည်။ သူများနိုင်ငံတွင် မနိုင်မနင်း အလုပ်များကို မနားတမ်းလုပ်ကိုင်ခဲ့ပြီးသည့်နောက် အိမ်ပြန်ရောက်သောအခါ ဘာအလုပ်မှကို လုပ်ချင်စိတ်မရှိတော့ပေ။ အိမ်ရှိလူများကတော့ ပြောရှာပါ၏။ နိုင်ငံခြားက ပြန်လာတဲ့သူပဲလေ၊ ဒီလောက်တော့ ရှိမှာပေါ့ဟုဆိုကာ နားလည်ပေးကြပါ၏။ 😀
မောင်လှမျိုး၏ ပဉ္စမံအနမ်းစာအုပ်၏ ဆွဲခေါ်ရာနောက်သို့ တစ်ငြိမ့်ငြိမ့်မျောပါနေရင်းမှ မာတာမိခင်ကြီး၏ ခိုင်းစေမှုကြောင့် ဖတ်လက်စ စာအုပ်ကိုချ၊ စက်ဘီးကိုနင်းရင်း ရပ်ကွက်ထိပ်ရှိ ဈေးသို့ ဆန်ဝယ်ရန် သွားရတော့သည်။ မာတာမိခင်ကြီးသည်ကား အတော်လေးပင် ဇီဇာကြောင်သည်။ ဆန်ဝယ်သည်ကို မည်သည့်ဆိုင် ဝယ်ဝယ်ရသော်လည်း ဝယ်နေကျဆိုင်သို့သာ သွားဝယ်ရန် မြေပုံအတိအကျဆွဲ ပေးလိုက်သဖြင့် သေချာပင် ရှာဖွေသွားရသည်။ ဆိုင်ရှင်မှာ အသက်လေးဆယ်ခန့် အပျိုကြီးဖြစ်သည်။ ကျွန်တော်သည်လည်း မှာလိုက်သည့်အတိုင်း ဆန်ကို စပ်ပေးရန်ပြောသဖြင့် ဆိုင်ရှင် မိန်းမကြီးမှာ တစ်ပြည်ချင်းစီ ရောနေရင်း ဆိုင်တွင်လည်း လူရှင်းနေသည်ကတစ်ကြောင်း၊ အပျိုကြီးများထုံးစံ သူများအကြောင်း စပ်စုရသည်ကို ဝါသနာပါလေသည်လားမသိ၊ ကျွန်တော့်အား သေသေချာချာ အင်တာဗျူးဝင်တော့သည်။
” မောင်လေးကို အရင်က မတွေ့မိပါဘူးနော်”
ကျွန်တော်သည်လည်း အခွင့်သင့်တုန်း ကြွားလိုက်ဦးမဟဟု..
“ဟုတ်တယ်ဗျ.. ကျွန်တော်က ဒီမှာ မနေဘူး၊ အလုပ်သွားလုပ်နေတာ” ဟု စကားလမ်းကြောင်း ဖော်ပေးလိုက်သည်။ (ဒါမှလဲ နိုင်ငံခြားပြန်ဆိုတာ ကြွားလို့ရမှာကို)။ ကျွန်တော့်စကားလမ်းကြောင်းအတွင်းသို့ အလိုလိုကြီးကို ဝင်လာတော့သည်။
” အင်းပေါ့လေ.. လူငယ်ဆိုတာ မိဘလုပ်စာထိုင်စားနေတာ ဘယ်ကောင်းပါ့မလဲ၊ ဘယ်မှာအလုပ်သွားလုပ်နေတာလဲ ”
“ကျွန်တော်က စင်္ကာပူမှာ အလုပ်သွားလုပ်နေတာဗျ”
ဆိုင်ရှင် မိန်းမကြီးသည် ကျွန်တော့်ယူနီဖောင်းအား သေချာ မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသည်။ စိတ်ထဲတွင်မတော့ တွေးနေမိသည်မှာ.. ငါကွာ.. ဒီနေ့မှ သားသားနားနား ဝတ်မလာမိဘူးဟုုဖြစ်သည်။ ထိုမိန်းမကြီးတော့ တော်တော် အထင်ကြီးနေပြီဟုလဲ တွေးမိသည်။
ထို့နောက် ဝမ်းသာအားရဖြင့် ထိုမိန်းမကြီးကပြောလာသည်မှာ…
“ဟယ်… ဟုတ်လားမောင်လေး၊ အမကလဲ မြန်အောင်ကပဲ”
(စိတ်ထဲ အတော်လေး ကသိကအောင့်ဖြစ်သွားသည်။ စင်္ကာပူနဲ့ သူ့မြန်အောင်နဲ့ ဘာဆိုင်တာမှတ်လို့၊ လာအမျိုးစပ်နေတယ်ဟု)
“ဪ.. ဟုတ်ကဲ့၊ ကျွန်တော်လဲ ကြားဖူးပါတယ်ခင်ဗျ”
“အေးကွယ်၊ ကြားဖူးမှာပါ့မောင်လေးကလဲ.. နီးနီးလေးကို”
“ဗျာ???”
တော်တော်တော့ အံ့ဩစရာကောင်းနေပါပြီဟု တွေးမိသည်။
“ဟုတ်တယ်မောင်လေးရဲ့… အစ်မလဲ မောင်လေးအလုပ်လုပ်တဲ့ အင်္ဂပူဘက်ကို ခဏခဏ ရောက်ဖူးတယ်၊ အဲဒီဘက်က အလုပ်အကိုင် သိပ်မပေါပါဘူးကွယ်၊ နောင်ကျရင် မြန်အောင်ဘက်ကိုလာခဲ့.. အစ်မမိဘတွေက ပဲအရောင်းအဝယ်လုပ်တယ်”
ဟုပြောလိုက်သော အခါတွင်မတော့ ကျွန်တော် နိုင်ငံခြားပြန်ကြီးသည်ကား ကိုယ့်နှဖူးကိုယ်ရိုက်ကာ ရေမရှိတဲ့ချောင်း၊ နှာခေါင်းဖော် သေချင်စိတ်များ လုံးလုံးလျားလျားဖြစ်မိတော့သည့်အတွက် သူထပ်ပြီးစပ်စုနေသမျှ အင်္ဂပူမှ ဘယ်ရွာလဲ၊ မြို့ပေါ်မှာလုပ်တာလားဟု ထပ်မေးခြင်းများကို မဖြေတော့ပဲ ဆန်ကို မြန်မြန်ချိန်၊ စက်ဘီးပေါ်တင်ပြီး နှုတ်ခမ်းတစ်တောင်ခန့်ဖြင့် စက်ဘီး အသည်းအသန်နင်းပြန်လာသော ကျွန်တော့်အား အိမ်ရှိလူများမှ အထူးအဆန်းမေးမြန်းကြသော်လည်း ကျွန်တော်သည်ကား စကားတစ်ခွန်းမှမဆို၊ နီရဲလှသော မျက်နှာကြီးကို သက်သာလို သက်သာငြား အိပ်ခန်းတွင်း ပြေးဝင်လို့သာ တစ်ယောက်တည်း အခန်းအောင်းနေလေတော့သည်။ ထိုနေ့မှစပြီး စိတ်ဆိုးလွန်းလှသဖြင့် ထိုဆိုင်သို့ ဆန်သွားမဝယ်ဖြစ်တော့သည်မှာ ခုတိုင်အောင်ပင် ဖြစ်တော့သည်။
15 comments
youngcat
October 9, 2011 at 7:03 am
စင်္ကာပူမှာအလုပ် သွားလုပ်တာဆိုတော့ မနက်စောစော ဘုန်းကြီးတွေအတွက်အာရုံဆွမ်းထချက်၊
ဆွမ်းကပ်၊မနက်မိုးလင်းရင် ဆွမ်းချိုင့်ဆွဲပြီး သံဃာတော်တွေဆွမ်းခံကြွတဲ့နောက်လိုက်။အိမ်တွေမှာပို့ထားတဲ့
ဆွမ်းဟင်းချိုင့်တွေလိုက်သိမ်း ၊နေ့ဆွမ်းကပ် ။နေ့လယ်ရေခပ် ထင်းခွဲ၊ ညနေကြ ဆွမ်းဟင်းအလှည့်ကျ တဲ့အိမ်တွေကိုဆွမ်းချိုင့်လိုက်ပို့၊ ညကျတော့ ဆရာတော်တွေပို့ချတဲ့စာတွေ လိုက်၊မနက် လေးနာရီ တုံးမောင်းထခေါက်၊အာရုံဆွမ်းချက်……………မနားရအောင်လုပ်နေရပြီးတော်တော်ပင်ပမ်းမှာပဲဗျာ။
(ကျွန်တော်ဉာဏ်မှီသလောက်ပြောတာနော်၊ အမှားပါရင်ခွင့်လွှတ်။)
ရှူံးနိမ့်မှုများနဲ့.. လူ
October 9, 2011 at 7:12 am
ရပါတယ်ဗျာ… အတွေ့အကြုံရှိတဲ့သူကပြောပြတော့လဲ ဗဟုသုတရတာပေါ့… တော်တော်လေးကြာအောင် နေခဲ့ဖူးပုံရတယ်.. ကိုကြောင်လေးသိတာလေးပါ ဝေမျှပေးတဲ့အတွက် ကျေးဇူးပါပဲ
small cat
October 9, 2011 at 7:50 am
ဟိုကောင်က ရမ်းကက်ပါဗျ၊ ပုံကိုကြည့်ပါလား၊ ကဏန်းလက်မနဲ့။
ကျွန်တော်က စမောကက် ကြောင်ရွှေဝါလေးပါ၊ တူပါဘူး ဟီးဟီး…
etone
October 10, 2011 at 10:04 am
ကြောင်တွေများလို့ မျက်စိတောင် လည်သွးပြီ .. သေချာ ကွဲကွဲပြားပြား သိတာ … ကြောင်ကြီးနဲ့ .. .ကြောင်ဝတုတ်ပဲ …. 😛
thit min
October 9, 2011 at 11:32 am
အင်္ဂပူ ဆိုလို့ကျောင်းတုန်းကအဲဒီဘက်ကသူငယ်ချင်းတွေနောက်တာသတိရတယ်။
အဲဒီ အင်္ဂပူ ဘက်မှာ ညောင်ကျိုးရွာ၊ အိုးကွဲရွာ ဆိုပြီးရွာတွေရှိတယ်လေ။
အချင်းချင်းစကားနိုင်လူရင် ဟေ့ကောင် ပိဋိကက်ညောင်ကျိုး ဆိုတာမရှိဘူးကွ၊
ပိဋိကက်အိုးကွဲ ဆိုတာပဲရှိတယ်ကွလို့ဆိုပြီးအော်တာ။
ကြောင်ကြီး
October 9, 2011 at 1:37 pm
စင်ကာပူကမောင်ရှုံး
ထင်တာသူတော့
အတောင်ဆုံး
ဖင်မာသူရဲ့လှောင်ပြုံး
နင်ဟာလူပျော့ညောင်တုန်း..။ 🙂
windtalker
October 9, 2011 at 2:20 pm
ရှူံးလူ ရဲ ့ စာကတော့ ဖတ်လို ့ရှင်းပါတယ်
မရှင်းတာက ကိုကြောင့်ကဗျာ ပဲ
ဘာတဲ့…
“ အတောင်ဆုံး ” “ ဖင်မာ ”
ဘာတွေ လဲ ဆိုတာ မသိလို ့
စကားပြေ ပြန်ပေးကြပါဦးဗျို ့
🙂
padonmar
October 9, 2011 at 9:17 pm
ကိုကြောင်က ကိုသစ်မင်းရဲ့ မှတ်မှာ သူ့ကဗျာကို လူတွေဝိုင်းချီးကျူးကြကတည်းက ကဗျာဆရာကြီး ဘဝကိုပြောင်းသွားပါတယ်ကွယ်၊
မန့်ရင် ရိုးရိုးမမန့်တော့ဘူး၊
ဟိုဆရာတော်ကြီးလို ထန်းပင်ပေါ်ကရှဉ့်ကိုခြောက် ၊ထမင်းခြောက်ဗန်းဒီနားတိုး၊အဟမ်းဟတ်ချိုးဘွတ်ဖြစ်သွားရော၊:D 😀
hmee
October 9, 2011 at 9:51 pm
တော်သေးတာပေါ့ စင်္ကာပူကျောင်းတိုက်နဲ့ မှားမပြောတာ။
စုံ စုံ
October 10, 2011 at 9:16 am
အဟီး.. ရှုံးလူအဖြစ်ကလဲရီရတယ်နော် 😛
ကြွားချင်ပါတယ်ဆိုမှ ကြွားခွင့်မသာခဲ့ပါလား
စိတ်မညစ်ပါနဲ့ နောက်တခါဆန်သွားဝယ်ဖြစ်အောင်ဝယ်ရင်း
ကြွားဖြစ်အောင်ကိုကြွားလာခဲ့ ကြွားရင်လဲပိုပိုသာသာလေးသာကြွားခဲ့
အားပေးနေမယ် 🙂 🙂
etone
October 10, 2011 at 10:08 am
ကိုရှုံးရေ … နိုင်ငံခြားးးးးးးးး လို့ ပဲပြောလိုက်ပါတော့လား … 🙄
မြန်မာနိုင်ငံမှာနေရင်း … နိုင်ငံခြားက ပြန်လာတယ်လို့သာ အသံထွက်လိုက် …. (ဘယ်နိုင်ငံမှန်းမသိပဲ… ဥပမာ …အီရတ်လိုနိုင်ငံမျိုး 😛 ) ရောပြီး အထင်တွေကြီးရော….
နွယ်ပင်
October 10, 2011 at 10:18 am
ဟီး ကိုရှုံး အဖြစ်ကလဲ ရီစရာပဲ
ဘာဖြစ်လဲ တစ်ခါနဲ့ မရတော့လဲ နောက်တစ်ခါပေါ့
အားမလျှော့စမ်းပါနဲ့ နောက်တစ်ခါ ဆန်သွားဝယ်ရင်
ကြွားဖြစ်အောင်သာ ကြွားခဲ့ဗျို့ ……. 😀
့
nozomi
October 10, 2011 at 10:36 am
ကိုရှုံးလူရဲ့ ရှုပါကို ကြည့်ပြီး အပျိုကြီး ရင်တွေခုန် စိတ်တွေလှုပ်ရှားပြီး
စင်ကာပူ နဲ့ အင်္ဂပူ ကို မှားသွားတာ ဖြစ်မယ်ဗျ
FattyCat
October 10, 2011 at 11:06 am
ဟဲ့ ပလုပ်တုတ်….
အိတုံးရယ်…ကြောင်ဝတုတ်နဲ့ ကြောင်ကြီးကို ဘယ်လိုများ ကွဲကွဲပြားပြားသိသွားတာတုန်း။
by the way (စကားမစပ်) ဘယ်ကြောင်က ပိုပြီး ချစ်စရာကောင်းတုန်းပြောပါဦး..
TNA
March 21, 2014 at 10:14 pm
ဖြစ်ရလေ ကိုရှုံးရယ်။ ရီလဲရီချင်မိပါတယ်။