မြင်မိသမျှ ဝန်ထမ်းဘဝ
မနေ့က အလုပ်ကိစ္စနဲ့ အစိုးရရုံးတစ်ခုကိုသွားရပါသည်။ မနက်ပိုင်းက အလုပ်ရှုပ်နေတာနဲ့ နေ့လည် ၁နာရီခွဲမှပဲသွားလိုက်ပါသည်။ ၁၂ နာရီကနေ ၁နာရီအထိက သူတို့ရဲ့ထမင်းစားချိန်ဆိုတော့လေ။ ဟိုရောက်တော့ အပြင်မှာလိုအပ်တဲ့ စာရွက်စာတမ်းတွေပြင်ဆင်ပေးနေတဲ့ ဝန်ထမ်းတစ်ယောက်က သူ့ဘေးကတစ်ယောက်နဲ့ ကိုယ်ရေးကိုယ်တာတွေပြောရင်း လုပ်နေတာမို့တော်တော်လေးစိတ်မရှည်စွာစောင့်လိုက်ရပါတယ်။ လက်မှတ်ထိုးဖို့ ဦးစီးမှူးဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတဲ့အခန်းကို ဝင်တော့ အရက်နံ့ကနှာခေါင်းထဲကို ထောင်းခနဲဝင်ဆောင့်ပါသည်။ အထဲမှာ အပေါ်ပိုင်းအင်္ကျီမပါတဲ့ဦးစီးမှူးဆိုသူက ရေချိန်ကိုက်ပြီး dream bed ပေါ်မှာအဆန့်သား။ ဝင်သွားရမှာလား ပြန်လှည့်လာရမလားစဉ်းစားနေတုန်း ကျွန်မကိုလှမ်းမြင်သွားတော့ ဝင်ခဲ့လေ ဟုပြောပါသည်။ နောက်တစ်ခေါက်လည်းမလာချင်သောကြောင့် အရက်နံ့စူးစူးကို အောင့်အီးသည်းခံကာ မေးသမျှဖြေရင်း တော်တော်လေးစိတ်ညစ်ခဲ့ရပါသည်။ ပြန်ထွက်လာတော့ ခုနကဝန်ထမ်းတွေ အလျှိုအလျှိုထွက်သွားကြပါသည်။ သူတို့၏ လက်ဖက်ရည်သောက်ချိန်ပါတဲ့။ ဪ သူတို့တွေဘယ်အချိန်အလုပ်လုပ်ကြပါသနည်းဟု စဉ်းစားမိပါသည်။ ရုံးချိန် ၁ဝနာရီမှ ၅နာရီတွင် ထမင်းစားချိန် ၁နာရီ၊ လက်ဖက်ရည်သောက်ချိန်က အနည်းဆုံး နာရီဝက်။ ဒီကြားထဲအလုပ်စားပွဲမှာထိုင်ပြီး ချဲတွက်တဲ့သူနဲ့ ဈေးရောင်းတဲ့သူနဲ့ အလုပ်တော့ရှုပ်နေကြပါသည်။ ရန်ပုံငွေဆိုပြီး ထီလက်မှတ်တွေအတင်း ထိုးရောင်းနေသေးသည် သူတို့သတ်မှတ်ထားတဲ့(တစ်ထုပ်)ကို ၆၀၀၀ဝပါတဲ့၊ ကျွန်မသဘောနဲ့ ဝယ်လို့မရဘူးဆိုတော့ ရုံးရောက်လာပါသည်။ ဘော့စ်ကိုပြောပြပြီးဝယ်ပေးလိုက်ရပါသည်။ တစ်ချို့ရုံးတွေမှာ အိမ်ထက်ပင်မီးဖိုချောင်ပစ္စည်း အစုံအလင်ရှိကြသည်။ ရုံးမှာပင် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ မုန့်မျိုးစုံလုပ်စားကြသည်။ ရုံးဖုန်းကိုလည်း ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ၁နာရီကြာအောင်ပြောသော သူများ၊ ရာထူးလေးနည်းနည်းရှိရင် ရုံးကားကိုကိုယ်ပိုင်ကားကဲ့သို့ သုံးနေသောသူများ ကိုလည်းတွေ့ဖူးပါသည်။
အစိုးရရုံးတွေနဲ့ပတ်သက်တဲ့အလုပ်တွေ နှောင့်နှေးကြန့်ကြာရင် နိုင်ငံခြားသားဘော့စ်ကို ဖြေရှင်းဖို့စကားလုံးအတော်ရွေး ရသည်။ ဘယ်လိုပဲကိုယ့်ဘက်ကအသုံးမကျပါစေ ကိုယ့်မြေပေါ်မှာလာနေသည့် နိုင်ငံခြားသားတွေရဲ့ “This country is killing me” လို့ပြောတဲ့စကားကိုတော့ နာပါသည်။ ကျွန်မရဲ့အမျိုးထဲက အစိုးရဝန်ထမ်းအစ်မတစ်ယောက်ကို စကားပြောကြည့်တော့ ‘ငါတို့က နင်တို့လိုဒေါ်လာစားမဟုတ်ဘူး၊ နင်တို့ရသလောက် နင်တို့ပင်ပန်းမှာပဲ၊ ငါတို့လည်း ငါတို့လစာနဲ့တန်သလောက်ပဲလုပ်နိုင်မယ်’ တဲ့။ နိုင်ငံ့ဝန်ထမ်းတွေအားလုံးက ဒီလိုစိတ်ဓာတ်မျိုးရှိမှာမဟုတ်တာသိပေမယ့် အများစုက ဒီလိုတွေးကြရင် စိတ်မကောင်းစရာပါပဲ။ ဘာပဲဖြစ်ဖြစ်ကိုယ်ရွေးချယ်ခဲ့တဲ့ နေရာတစ်ခုမှာ ကိုယ်တိုင်တာဝန်ကျေဖို့ ဘာလို့ဝန်လေးနေကြတာပါလဲ။ ကျွန်မဖတ်ဖူးတဲ့စာအုပ်တစ်အုပ်မှာ အလုပ်သမားတစ်ယောက်က ကိုယ့်ရဲ့လစာကို ကိုယ်တိုင်ပဲသတ်မှတ်တာပါတဲ့။ ကျွန်မရဲ့ဖေဖေသည်လည်း တစ်ချိန်ကအစိုးရဝန်ထမ်းတစ်ယောက်ပါ။ နိုင်ငံကလွှတ်တဲ့နေရာတိုင်းကို မငြီးမငြူသွားရောက်ပြီး တာဝန်ကျေခဲ့သူပါ။ ဒီစာကိုဖတ်မိသောသူများသည်လည်း အစိုးရဝန်ထမ်းများ ဖြစ်နိုင်ပါသည်။ အားလုံးကို သိမ်းကြုံးပြောဆိုခြင်းမဟုတ်ကြောင်း နားလည်ပေးစေချင်ပါသည်။
18 comments
Moe Z
November 3, 2011 at 12:49 pm
သဂျီးရေ အနှောက်အရှက်ပေးတယ်လို့မမြင်ပဲ စာမပါတဲ့ပို့စ်ကိုဖျက်ပေးပါဦး
ကိုးနက်ရှင်က ဒုက္ခပေးနေလို့ပါ…
thit min
November 3, 2011 at 2:15 pm
များများရေးပါမိုးဇက်ရေ။
ကောင်းသောစိတ်နဲ့ပါ။ပြူပြင်စေချင်လို့ပါ။
သူများကိုကြွေးတဲ့အဆိပ်ကိုကိုင်ထားရတဲ့ကိုယ့်လက်ကိုကိုယ်ပြန်မြိုရလို့ပါဘဲ။
ဝန်ထမ်းဟာဝန်ထမ်းပါ။
သူတို့လစာနဲသည်ဖြစ်စေ၊များသည်ဖြစ်စေ၊
ကင်းသမားကကင်းချိန်မှာအိပ်နေလို့မရပါဘူး
အဲဒါက မိုးဇက်ပြောတဲ့ Responsibility ပါ။
ပြီးတော့ဘယ်သူသိသိမသိသိအဲဒီ Responsibility (တာဝန်ယူမှု/တာဝန်သိမှု)ကိုထိန်းသိမ်းရပါမယ်။
မိမိအလုပ်ကိုအကောင်းဆုံးလုပ်ရပါမယ်။
အလုပ်အပေါ်မှာရော အလုပ်နဲ့ဆက်ဆံတဲ့သူတွေပေါ်မှာရော ရိုးသားရပါမယ်။
အဲဒါကတော့Morality ပါ။
အခြေခံအဲဒီနှစ်မျိုးမရှိရင် မှန်မှန်ကန်ကန်ကြီးပွါးတိုးတက်ဖို့မရှိပါဘူး။
အဆင်ပြေနေရင်လဲခနပါဘဲ။
သူတို့ကအကျင့်ပါသွားတော့ ကိုယ့်ကိုကိုယ်ပါညာပါတော့တယ်။
ကိုယ့်မိသားစုကိုလည်းညာပါတယ်။
ကိုယ့်မိသားစုကရောကိုယ်ကိုယ်တိုင်ကရောကိုယ့်ကိုကိုယ်လေးစားလို့မရတော့တဲ့
အနေအထားကိုရောက်သွားပါတယ်။
အဲဒီလူမျိုး တွေကသူ့အခက်အခဲကိုလည်းသူမှန်မှန်ကန်ကန်မဖြေရှင်းတတ်ကြတော့ပါဘူး။
ဘဝတလျှောက်လုံးအမြဲအခက်တွေ့နေရတဲ့အနေအထားနဲ့ဖြစ်သွားတတ်ပါတယ်။မျက်စေ့ရှေ့မှာ
နမူနာများစွာတွေ့ဘူးထားပါပြီ။
Moe Z
November 3, 2011 at 3:23 pm
ကျေးဇူးပါကိုသစ်မင်း..
ကိုသစ်မင်းထောက်ပြမှ Morality ကို ထည့်ရေးဖို့ကျန်သွားတယ်..
တစ်ချို့ကပြောတယ် ခေတ်မကောင်းလို့ရူးချင်ယောင်ဆောင်နေတာပါတဲ့.
အဲဒီလိုနဲ့သူတို့တကယ်ရူးသွားမှာ
ကိုယ်တိုင်ကဘယ်လောက်လုပ်နိုင်သလဲ ဘာတွေလုပ်နေသလဲလို့မတွေးပဲ လစာတိုးဖို့ပဲမျှော်နေတတ်တဲ့ လူမျိုးတွေကခပ်များများပါ
နီလေး
November 3, 2011 at 2:53 pm
“အစိုးရရုံးတွေနဲ့ပတ်သက်တဲ့အလုပ်တွေ နှောင့်နှေးကြန့်ကြာရင် နိုင်ငံခြားသားဘော့စ်ကို ဖြေရှင်းဖို့စကားလုံးအတော်ရွေး ရသည်။ ဘယ်လိုပဲကိုယ့်ဘက်ကအသုံးမကျပါစေ ကိုယ့်မြေပေါ်မှာလာနေသည့် နိုင်ငံခြားသားတွေရဲ့ “This country is killing me” လို့ပြောတဲ့စကားကိုတော့ နာပါသည်။ ” ဒီစာသားလေးကို ထောက်ခံပါတယ်
AKKO
November 3, 2011 at 3:37 pm
ပြောရမှာတော့ အားနာတယ် မိုးစက်ပြောတာလည်း ဟုတ်နေတာပဲ ။
ဒီလိုအခြေနေတွေအတွက် ရှောင်တခင်စစ်ဆေး အရေးယူမှုတွေ ပြုလုပ်သင့်တယ် ။ ရုံးကလူ အချင်းချင်းဆိုတော့ တနေ့လာလဲဒီအချိုး နောက်နေ့လာလည်း ဒီအချိုးပဲ ။ အသစ်ဝင်လာလည်း ဒီပုတ်ထဲက ဒီပဲဖြစ်ဦးမှာပဲ ။ ဒင်နဲ့အင်နဲ့အလုပ်လုပ်ရတဲ့ အလုပ်သမားတွေရဲ့စိတ်နဲ့သူတို့စိတ် ရေနဲ့ဆီလိုကွာခြားနေပေမယ့် ပိုက်ဆံတောင်းဖို့ဆို လက်မြန်ပြီးသား 😀
etone
November 3, 2011 at 3:43 pm
မိုးစက်ရေ စိတ်ဓါတ်မမှန်တဲ့ လူတွေကတော့ ဒီလောက်ပဲရလို့ ဒီလောက်ပဲ လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးရှိကြတယ် ။ အဲ့လို လူတွေ များလာလျှင် သောက်ပျင်းတွေချည်းဖြစ်ကုန်တော့မယ် ။ လစာနဲ့မတန်ဘူးထင်လျှင် သူများလို ဒေါ်လာရတဲ့ဆီ (အရည်ချင်းရှိလျှင်) ပြောင်းပေါ့ ။ … ဘာမှ မလုပ်ပဲ ကိုယ်တိုင်ကိုယ်က ကျိုးစား အားထုတ်မှုမရှိပါပဲ အလကားလိုချင်နေတဲ့ စိတ်ဓါတ်တွေကတော့ သိမ်ဖျင်းလွန်းတယ် … ။ 😡
အီးတီ
November 3, 2011 at 7:59 pm
အစိုးရရုံးအကြောင်းတော့ မပြောတော့ပါဘူး။ ဆက်ရေးပါ မမမိုးဇက် စောင့်မျှော် အားပေးနေပါတယ်။
ပေါက်ဖော်
November 3, 2011 at 8:10 pm
မိုးစက်ရေ
နောက်ခါ ဘယ်ရုံးသွားသွား..ကျနော့်ကိုခေါ်သွားပါ
ကျနော့်အဘိုးက လူကြီး
Koyin Sithu
November 3, 2011 at 8:21 pm
မိုးဇက်ရေ… အစိုးရရုံးက ဝန်ထမ်းတွေကော..
ဝန်ထမ်းအထက်က ကောင်တွေပါ..
အားလုံးနီးပါး အဲ့တောက်ချိုးတွေချည်းပါပဲ…
ပြောရင်းနဲ့တောင် ဒေါကီးလာပြီ…
ဆိုင်းပုဒ်ကိုတော့ (((ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်))) တဲ့…
ဒီလှေနဲ့ ဒီလှေလှော်သားတွေနဲ့တော့ ခက်ပါပြီ…
အစိုးရဝန်းထမ်းလောကကတော့
ဘိန်းစား အငယ်စားလိုပါပဲ.. ကိုယ်ကိုယ်တောင်
မျောလို့ မျောမှန်းမသိ…
blackchaw
November 3, 2011 at 9:13 pm
ဆရာမ မိုးစက်ရေ။
အစိုးရ ရုံးတွေမှာက တာဝန်ချိန်မှာ အရက်သောက်ခွင့်မရှိပါဘူး။
အဲဒီမှာတင် ဒီဦးစီးမှူး ဆိုတဲ့ လူက စည်ကမ်း ချိုးဖေါက်ပြီး ဖြစ်သွားပါပြီ။
အဲဒီစည်းကမ်းဆိုတာကို ဝန်ထမ်းတွေ လိုက်နာတယ် မလိုက်နာဘူးဆိုတာကို
စစ်ဆေးအရေးယူရမှာက တာဝန်ရှိလူကြီးမင်းတွေပါ။ အဆုံးအထိတွေးလိုက်ရင်
အဘ FR ပြောသလို အစိုးရမှာပဲ တာဝန်ရှိပါတယ်။
ဒီဝန်ထမ်းတွေကို ကိုင်တွယ်အုပ်ချုပ်နေတာ ဒီအစိုးရပါပဲ။
ဒီဝန်ထမ်းတွေ စည်းကမ်းလိုက်နာပြီး ပြည်သူလူထုကို သူတို့တာဝန်ရှိတဲ့ အတိုင်း
ကူညီပေးကြရင် ဒီအစိုးရ ကောင်းလို့ပါ။
အဲလိုမှ မဟုတ်ပဲ မိုးစက် အခု ကြုံခဲ့ရသလို မျိုးဖြစ်ရပ်တွေက ဘယ်သူညံ့လို့ပါလဲ။
ဟားဟား သိတ်တွေးမနေပါနဲ့။ ကျွန်တော်မျိုးကြီးညံ့လို့ပါ …။
Moe Z
November 4, 2011 at 8:59 am
@ နီလေး၊ အီးတီ
ကျေးဇူးတင်ပါတယ်
@ AKKO
အားနာလို့ဆိုပြီး ဒီအတိုင်းကြည့်နေရင် လူမိုက်အားပေးဖြစ်နေမှာစိုးလို့ပါ..
@ မမetone
အဲဒီလိုလူမျိုးတွေများနေရင်တော့ ဘယ်လိုအခွင့်အလမ်းတွေပေးပေး
နိုင်ငံတိုးတက်ဖို့နှောင့်နှေးနေဦးမှာပဲ
@ ကိုပေါက်ဖော်
ကိုပေါက်ဖော်ရဲ့အဖိုးက အသက်ကြီးလို့ လူကြီးဖြစ်သွားတာလား 🙂
@ ကိုရင်စည်သူ
ဟုတ်ပါတယ် တစ်ချို့ရုံးတွေရောက်သွားရင် ချိတ်ထားလိုက်တဲ့ဆိုင်းဘုတ်တွေက မနည်းမနော
‘ဒီနေ့ပြီးရမယ့်အလုပ် ဒီနေ့လုပ်’ ဆိုတဲ့ဆိုင်းဘုတ်အောက်မှာ မှောက်အိပ်နေတဲ့သူလည်းတွေ့ဖူးပါရဲ့
အလုပ်ပြီးသွားလို့များလား 🙂
@ ဦးဦးဘလက်ချော
ဦးဘလက်ပြောသလိုပဲ တာဝန်ချိန်မှာ အစိုးရရုံးမှမဟုတ်ဘူး ဘယ်ရုံးမှာမှ အရက်သောက်ခွင့်မရှိဘူး
တာဝန်ချိန်မှာစည်းကမ်းချိုးဖောက်တဲ့ လူကြီးအောက်ကဝန်ထမ်းတွေဒီလိုဖြစ်နေတာတော့ မဆန်းဘူးပေါ့နော်၊ ဟိုးအပေါ်အထိ လိုက်ပြီးပြောနေရင်ဆုံးတော့မှာမဟုတ်လို့
တစ်ဦးတစ်ယောက်ချင်းစီကပဲ ကိုယ့်တာဝန်ကိုယ်ကျေပေးကြရင်ကောင်းမှာပဲ၊ ရှက်တတ်ရင်ပေါ့…
ကြောင်ကြီး
November 4, 2011 at 11:22 am
မိုးစက်လေးရယ် နိုင်ငံ့ဝန်ထမ်းတွေကို အပြစ်မပြောပါနဲ့၊ သူတို့အပူနဲ့သူတို့ပါ။ ဦးကြောင်လည်း ငယ်စဉ်က နိုင်ငံ့ဝန်ထမ်းဖြစ်ခဲ့ဖူးတယ်။ အဖေ့မိတ်ဆွေမျက်နှာနဲ့ ဝင်တာလေ
ဘာမှ မတတ်ခဲ့ဘူး။ ကောင်တာထိုင်ပြီး တုံကင်ပေးတယ်။ ပြီးရင်ကိုယ့်ဝေစုယူ (ပါးပါးလေးပါ) အိမ်ပြန် အိပ်တာပဲ၊ ရုံးဆင်းချိန်ဟုတ်မဟုတ် မသိဘူး၊ လူကြီးကကျပ်လည်းကျပ်ရော အလုပ်ကနေ ထွက်တော့တာပဲ။ မထွက်ခင် ကိုယ့်ရထားတဲ့ လက်မှတ်လေးတွေနဲ့ အပြင်မှာ အလုပ်ရှာတယ်။ အင်တာဗျူးဝင်တော့ မန်နေဂျာက ရုံးမှာ ဘာလုပ်ရသလဲမေးတယ်၊ ဘယ်ရမလဲ သူများလုပ်တာ မြင်ဖူးတာတွေ အကုန်တန်းစီဖြေလိုက်တယ်။ အဲဒီတော့ ဆရာသမားကမေးတယ် “နေစမ်းပါအုံး၊ မင်းရာထူးက စာရေးလား၊ မန်နေဂျာလားတဲ့၊ အဟီး ရှက်လိုက်တာလေ။ ကိုယ်က အရွှီးလွန်သွားတာကိုး” 😆
Moe Z
November 6, 2011 at 9:15 am
ဒါနဲ့ပဲ အဲဒီမန်နေဂျာက သူ့နေရာကနေဖယ်ပေးပြီး ဦးကြောင်ကို မန်နေဂျာခန့်လိုက်တယ်ပေါ့ 🙂
နွယ်ပင်
November 4, 2011 at 11:36 am
မိုးစက်ရေ အစိုးရရုံးတော်တော် များများကတော့ အဲလိုပဲဖြစ်နေပါပြီ။
တစ်ခို့ရုံးတွေများဆို လာဘ်ပေးခြင်းဖြင့် ဝန်ထမ်းများ၏ စာရိတိ္တကို မပျက်စီးပါနဲ့ ဆိုပြီး
ရေးထားပင်မယ့် ဝန်ထမ်းတွေက အဲတာမပေးရင် မလုပ်ပေးချင်ကြဘူးလေ ..
အဲတော့ ဆိုင်းဘုတ်တွေက ရေးယုံသာရေးထားသာပါ တကယ်တမ်း လက်တွေ့တော့
ဘာမှ မထူးခြားပါဘူး ….
MaMa
November 4, 2011 at 2:43 pm
ဆိုင်းဘုတ်တွေက ရေးတော့ ရေးထားတာပဲ။
`လာဘ်ပေးရန် မလို´ လား
`လာဘ်ပေး ရန်မလို´ လား။
သေသေချာချာ ဖတ်ကြည့်ပါဦး။
မြန်မာစာမှာ ပုဒ်ဖြတ်အရေးကြီးတယ်။ 😀
ba gyi
November 4, 2011 at 4:25 pm
မိုးစက်ရေ သည်အကြောင်းတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင်ဆိုသလိုပါပဲ။
အဲဒါ စံနစ်ရဲ့ သားကောင်တွေပေါ့၊ တစ်ကယ်ဆို မြန်မာပြည်ရဲ့ အစိုးရရုံးတွေရဲ့ လုပ်ထုံး/နည်းပရိုစည်ဂျာ
တွေဟာ ယ္ခင် အင်္ဂလိပ်ခေတ်ကသုံးခဲ့တဲ့ စံနစ်လက်ကျန်တွေ ၊အင်္ဂလိပ်တွေဟာ ကဗ္ဘာ မှာစံနစ်အကောင်း
ဆုံးလူမျိုးတွေထဲပါပါတယ်၊ တို့ကို ကျွန်စော်နံတယ်မပြောနဲ့နော်— ISO စံနစ်ကို ခုထိ လိုက်နာနေကြရတာ
ကြည့်၊ အဲ အဲဒါတွေ ရှိရက်နဲ့ အာဏာရှင်တွေဝင်ဖျက်တော့ ပျက်ကရော၊ အဓိကတရားခံက အဲသည်အာဏာ
ရှင်တွေပဲ၊ နှစ်ပေါင်း(40)ကျော်ဆိုတော့ ခေါက်ရိုးကျသွားတာပေါ့ဗျာ။
windtalker
November 4, 2011 at 9:31 pm
ဝန်ထမ်း တွေ များ ၊ ရမှန်းသိလို ့ကတော့ ရအောင် လုပ်ကြတာ ၁ဝယောက် မှာ ၅ ယောက် လောက်ရှိတယ် မှတ်တာဘဲ ။
Moe Z
November 6, 2011 at 9:26 am
မနွယ်ပင်ရေ မမဆီမှာ မြန်မာစာပြန်သင်ရဦးမယ် 🙂
ba gyi နဲ့ ကိုပေရေ ပြောရင်တော့ဆုံးမှာမဟုတ်လို့ မပြောတော့ဘူး
နောက်ထပ်ကြုံမှပဲ ထပ်ပြောမယ်..