အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (သိမ်း)

kotun_mdyNovember 12, 20111min1081

အပိုဒ် ၂၆

(၁)     လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့် အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်း ပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှု လက်မှုပညာနှင့် အသက်မွေးမှု ပညာများကိ ယေဘုယျ အားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိစေရမည်။

(၂)     ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာ အပြည့်အဝ တိုးတက်မှုအပြင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြးစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်း နားလည်မှု၊ သည်းခံမှုနှင့် ခင်မင်းရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှာ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက် အောင် အားပေးရမည်။

(၃) မိဘတို့တွင် မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦးအခွင့်အရေး ရှိသည်။

 

အပိုဒ် ၂၇

(၁) လူတိုင်းတွှု် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခွင့်၊ သုခုမ ပညာရပ်များကို လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့် ရှိသည်။

(၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ကြံစည် ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေးအကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေးရှိသည်။

 

အပိုဒ် ၂၈

လူတိုင်းသည် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံးရယူနိုင်သော လူမှုဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးအခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။

 

အပိုဒ် ၂၉

(၁)     မိမိ၏ စရိုက်လက္ခဏာ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့ အသိုက်အဝန်းအတွက် လူတိုင်း၌ တာဝန်ရှိသည်။

(၂)     မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစား စေရန် အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီ ကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရား အပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာ ကျင့်ဆောင်ရန် အလို့ငှာ လည်းကောင်း ဥပဒေက ပြဌာန်းထားသည့် ချုပ်ချယ်မှုဖြင့်သာ ကန့်သတ်ခြင်း ခံရမည်။

(၃)     အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။

 

အပိုဒ် ၃၀

ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာ ပျက်စီးကြောင်း တို့ကို ရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟု လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ်ပိုင်းခြား ကောက်ယူခြင်း မရှိစေရ။

 

ပြည့်စုံစွာဖြင့် တင်ပြခြင်းအောင်မြင်စွာ ပြီးဆုံးပါပြီ၊

ဖတ်ရှုသူအားလုံး အသိတစ်ခု တိုးပွားပါစေကြောင်း စေတနာဖြင့် ရှာဖွေစုဆောင်း တင်ပြခြင်းဖြစ်ပါသည်။