“ပရောက်ကစ်မယ် ကြော်မယ် ဆွဲမယ် နောက်မှ……………………..” (ပရော်ကျစ် နိဂုဏ်း)

“ပရောက်ကစ်မယ် ကြော်မယ် ဆွဲမယ် နောက်မှ……………………..”
(ပရော်ကျစ် နိဂုဏ်း)
ကျနော်ညီမမေးမှ ငယ်က ပုရစ်ကောက်ခဲ့ကြတာကိုပြန်သတိရပါတယ်။
ဟိုအရင် က မန်းလေး မှာ 84လမ်းမ၊လမ်း80၊78လမ်းနဲ့ကျုံးဘေးတစ်လျှောက်မှာ သာ မာကျုရီမီးတိုင်တွေရှိပါတယ်။
ကျန်တဲ့နေရာတွေကတော့ မီးလုံးဝါကျင်ကျင်လေးတွေပေါ့။
ဒီပုရစ်တွေက ပိုးဖလံမျိုးမီးကို တိုးဆိုတဲ့အတိုင်း မာကျူရီမီးရောင်မြင်ရင် မနေနိုင်ဘဲထွက်လာတတ်ကြပါတယ်။
အဲတော့လဲ ပုရစ်က ဒီပြင်နေရာထက်စာရင် မာကျုရီမီးရောင်ရှိတဲ့အရပ်မှာ ပိုအထွက်များပါတယ်။
အဲတော့ ဒီလိုတန်ဆောင်မုန်းရာသီရောက်ရင် ဆောင်းရောက်ရင် မန်းမြေမှာ ပုရစ်လှိုင်လှိုင်ထွက်ပါတယ်။
ကျနော်တို့ငယ်ငယ်ကတော့ ပုရစ်ဆိုတာ ဝယ်စားရတဲ့ပစ္စည်းလို့ မသတ်မှတ်ပါဘူး။
ပုရစ်ထွက်တဲ့ညဆိုရင် အိမ်ရှိလူကုန် အရပ်ထဲရှိသမျှလူကုန် ပုရစ်ထွက်ကောက်ကြတာပါ။
ရှေးမန္တလေးက ဒီလို တန်ဆောင်မုန်းဆိုရင်ကိုအတော်လေးအေးနေပါပြီ။
ဆောင်းအေးအေးမှာ ပြေးလိုက်လွှားလိုက်နဲ့ ချွေးတဒီးဒီးကျအောင်ပုရစ်ကောက်ကြတာပါ။
အဲဒီတုန်းက အခုခေတ်လို လူတွေက ညဉ့်နက်သန်းခေါင်အပြင်သိပ်မထွက်။
နောက်ဆိုင်ကယ်ဆိုတာလဲ သိပ်မရှိကားကလဲ ညဆိုသိပ်မထွက်တော့ပုရစ်ကောက်ထွက်ရင်းကားတိုက်ခံရတယ်ဆိုတာ
မရှိသလောက်ပါဘဲ။
(အခုချိန်သာဆို်ရင်တော့ ပုရစ်ကောက်ရင်း ဆိုင်ကယ်အတိုက်ခံရသူ ကားအတိုက်ခံရသူနည်းမယ်မထင်ပါဘူး)

ပုရစ်ကလဲ ညဉ့်နက်မှထွက်တာပါ။
ညဆယ်နာရီ ဆယ့်တစ်နာရီလောက်မှထွက်ပါတယ်။
ပုရစ်ထွက်တယ်ဟေ့လို့ တစ်ယောက်ယောက်အော်တဲ့အသံကြားတာနဲ့ပုရစ်ကောက်ထွက်ကြတာပါဘဲ။
ကျနော်ငယ်ငယ်ကနေတာ 80-81လမ်းကြား 25လမ်းဝင်းထဲမှာနေတာကိုးဗျ။
ပုရစ်ကောက်ထွက်မယ်ဆိုရင် လက်ထဲမှာ သံဂျိုင့်ပါ ရပါတယ်။
လည်ပင်းအရှည်နဲ့ရေတဂေါင်းလိုသံဂျိုင့်ရှည်မျှောမျောလေးပေါ့။
နောက်လက်ပတ်ဘို့ အဝတ်ထူထူ တစ်ခုပါမယ်။
ဒါမှမဟုတ်ပလပ်စတစ် အိပ်ပါရပါမယ်။
ပုရစ်ခြေထောက်က ဆူးတောင်တွေက အတော်လေးကို ထက်ပါတယ်။
လွှသွားတွေလိုဖြစ်နေတာကိုး။
လေထဲကိုပျံလာ ကျောက်လမ်းမပေါ်ခဏနားနေတဲ့ပုရစ်ကို လက်နဲ့အုပ်လို့ အမိအရဖမ်းရတာပါ။
ပုရစ်ကို လက်နဲ့လဲအုပ်မိရော လက်အောက်က ပုရစ်ကလဲ အသက်ရှင်ရေးအတွက်ဇွတ်ရုန်းတော့တာပါဘဲ။
အဲတော့ သူ့ဆူးတောင်တွေကလဲ လက်ကို ရှ တတ်ပါတယ်။
နောက်ပုရစ်ခေါင်းသေးသေးလေး ထဲမှာအင်မတန်မှကို ချွန်မြနေတဲ့ အစွယ်လေးတွေရှိပါတယ်။
အစွယ်လေးတွေကလဲ ဟိုဘက်ဒီဘက်နှစ်ဖက်ကပါးစပ်ထဲမှာခပ်ကွေးကွေးလေးရှိနေပြီး ပလာယာနဲ့သဏ္ဍာန်တူပါတယ်။
သူကလဲ မိတဲ့နေရာအသားကုန်ခဲထားတတ်တော့ မိမိရရများအကိုက်ခံရရင် အသားတောင်ပေါက်ထွက်ပါတယ်။
အဲတော့ ကိုယ်လိုချင်တဲ့ပုရစ်ကို ရအောင်လက်လဲအနာတရမဖြစ်အောင် လက်ကို ပလပ်စတစ်ထဲစွပ်ပြီးကောက်တဲ့အခါကောက်၊
ဒါမှ မဟုတ် လက်ကို အဝတ်နဲ့ပါတ်ကောက်တဲ့အခါကောက်ပေါ့။
ဒါပေမယ့် အဲဒီနည်းက လက်မနာပေမယ် ပုရစ်ကောက်ရတာ မတွင်ကျယ်ပါဘူး။

ကို်ယ်လက်လဲမနာအောင် ပုရစ်ကောက်ရတာလဲမြန်အောင်ကောက်တဲ့နည်းကတော့ ပုရစ်တွေ့တာနဲ့
လက်ခုံထဲမိအောင်ဖျပ်ကနဲအုပ်လိုက်။
ပြီးရင်လက်မနဲ့ လက်ညိုးကြားမှာ သူ့ခြေထောက်ကို မိမိရရညှစ်ပြီးဆုပ်
ပုရစ်ကိုမလှူပ်နိုင်အောင် ဇွိကနဲဖိထားလိုက်ရင် ပုရစ်ကိုက်တာ ပုရစ်ကန်တာ မခံရတော့ တဲ့အတွက်
မနာတော့ပါဘူး။
ဒါကတော့ အတော်ကိုလက်မြန်မှ မိနိုင်တဲ့နည်းပါ။
ပုရစ်ကောက်တဲ့သူများက ကိုယ့်မှာပါလာတဲ့ ထည့်စရာ ဘူးတွေခွက်တွေကိုလမ်းဘေးတစ်နေရာထား။
တစ်ခါတစ်လေတော့လဲ လက်ထဲမှာကိုင်ထားရင်ထား။
ပုရစ်မိပြီဆိုတာနဲ့ ဘူးလေးထဲထည့်ပြီးအဖုံးလုံအောင်ပိတ် ပုရစ်ဆက်ကောက်။
ဘူးပြည့်ရင် တော့ အိမ်ပြန်နောက်ထပ်တစ်ဘူးအသစ်ပြန်ယူပေါ့။
တစ်ခါကတော့ ကျနော်တို့ ပုရစ်ဘူးတွေကို လမ်းဘေးမှာထားရော။
ခပ်နောက်နောက်တစ်ကောင် က အဖုံးတွေဖွင့်လွှတ်တော့ ပုရစ်တွေအလုအယက်ထွက်လာတာကို
ကျနော်တို့က အားရပါးရဝိုင်းကောက်။
ကိုယ့်ဘူးထဲထည့်မယ်လုပ်တဲ့အချိန်မှ အဖုံးပွင့်နေတာကိုတွေ့ရပါတယ်။
အဲတော့မှကိုယ့်အကောင်တွေအပြင်ထွက်သွားတာသိပြီး ဘယ်ကောင်ဖွင့်သလဲဆိုတာကို လို်က်ရှာကြပါတယ်။
မမိ ပါဘူး။ မိရင်လဲ ရန်အကြီးအကျယ်ဖြစ်မှာသေချာပါတယ်။

ပုရစ်ထွက်တဲ့အချိန်ဆိုလူကြီးလူငယ်ကျားမ မရွေး အရွယ်စုံဆိုက်စုံ ပုရစ်နဲ့အတူလမ်းမပေါ်မှာဖွေးနေတာပါဘဲ။
ဒီလောက်အုံးအုံးကြွက်ကြွက် နဲ့ ကောက်နေကြပေမယ့်လဲ ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ပုရစ်တွေက
လဲ လေထဲမှာ ဝဲလာပြီး ကျောက်လမ်းမပေါ်အရောက် မြင်လိုက်တဲ့သူက အပြေးအလွားလာတဲ့ပြီး ဇွပ်ကနဲ့ကောက်ထဲ့
တာခံလိုက်ရတာပါဘဲ။
တစ်ခါတစ်လေများ ပုရစ်တစ်ကောင်ထဲကို နှစ်ယောက်လုအကောက် ငါဗွေသူဗွေနဲ့ငြင်းရင်းရန်တွေဖြစ်ကြရတာပါ။
နောက်ပုရစ်ပေါ်တဲ့အချိန်နဲ့ မယ်ဇယ်ပင်တွေပွင့်တဲ့အချိန်က တို်က်ဆိုင်တတ်ပါတယ်။
မယ်ဇယ်ပွင့်ရင် သူ့အနံ့က ကောက်ညှင်းပေါင်းနဲ့မွှေးပါတယ်။
မယ်ဇယ်ပွင့်အနံ့ကိုလဲ ပုရစ်က ကြိုက်တယ်ထင်ပါတယ်။

မယ်ဇယ်ပင်ကိုင်းပေါ်မှာ အရွယ်တွေပေါ်မှာလဲ ပုရစ်တွေကအဖွေးသား။
တစ်ခါတစ်ခါမှာတော့ ကျနော်က အောက်မှမကောက်ဘဲ မယ်ဇယ်ပင်ပေါ်တက်ပြီး
နားနေတဲ့ပုရစ်တွေကို လိုက်ဖြုတ်တတ်ပါတယ်။
တစ်ခါမှာတော့ ကိုင်းအဖျားမှာ နားနေတဲ့ပုရစ်ကိုတက်အဖြုတ်ချေချော်ပြီးပြုတ်ကျတာ
အပင်က သိပ်မမြင့်တာရယ် အလိုက်သင့်လေး ဘေးစောင်းကျတာရယ်ကြောင့်ကံကောင်းထောက်မစွာနဲ့
မကျုးိမပဲ့။နောက်အိမ်ကသိတော့ အပင်ပေါ်တက်မကောက်ရဘူးလို့ အမိန့်တွေထုတ်ပါတော့တယ်။
တစ်ညတစ်ညကောက်ရင်တစ်ယောက်ကို ပုရစ်အကောင်တစ်ရာကျော် နှစ်ရာရပါတယ်။
ဆယ်နာရီလောက်က စကောက်ကြတာ သန်းခေါင်ကျော်ရင်တော့ အိမ်ကလိုက်ခေါ်ပါတယ်။
မနက်ကျောင်းသွားရမှာမို့လို့ပါ။
အိမ်ရောက်တော့ ကိုယ်ကောက်လာတဲ့ပုရစ်တွေကို အိုးကြီးတစ်လုံးထဲစုထဲ့။
ပြီးရင်အဲဒီအိုးထဲကို ရေထည့်ပြီးလုံအောင်ပိတ်ထားလို်က်ပါတယ်။
မနက်မိုးလင်းရင် အဲဒီပုရစ်တွေက သေနေပါပြီ။

ပုရစ်အသေတွေကို အတောင်ပံတွေ ဆူးတောင်တွေကို ကပ်ကြေးသေးသေးနဲ့ဆွဲညှပ်ပြီးခွာ
ပြီးရင် ဂျင်းကြက်သွန်ဖြူထောင်းထားတာနဲ့ကြော်ပါတော့တယ်။
တစ်ချို့ကလဲ ဂျင်းကြက်သွန်ဖြူထောင်းထားတာကို ပုရစ်ဗိုက်ထဲထိ ရောက်အောင်ထည့်ပါတယ်။
အဲလိုထည့်တာကတော့ ဂုတ်ကနေချိုးထဲ့တာရှိသလို ဗိုက်ကနေဖောက်ပြီးထည့်တာလဲရှိပါတယ်။
ပုရစ်ကြော်နံ့က တကယ်ကိုမွှေးတာပါ။
အနံ့ရတာနဲ့သွားရေကျချင်စရာ။
စားဖူးသူများကတော့ သိမှာပါ။
နောက်စားမိပြန်ရင်လဲ ပါးစပ်ကို ဘရိတ်မအုပ်နိုင် အတောမသတ်နိုင်စားပြီးရင်းစားချင်ရင်း။
တစ်ချို့များ ပုရစ်အကောင် နှစ်ရာသုံးရာလောက်ကို တစ်ထိုင်တဲစားတတ်တာမျုးိကိုလဲကြားဘူးပါတယ်။
အဲလောက် ပုရစ်က စားကောင်းတာပါ။
တစ်ခါတစ်ခါများ ပုရစ်ကြော်အစားလွန်ရင် အာခေါင်တွေ လျှာတွေ ပါးစောင်တွေတောင်
ပေါက်ပါတယ်။
သူ့ဆူးတောင်ကိုသေချာ မညှပ်လို့ပါသွားရင်လဲ ပါးစပ်ပေါက်တတ်ပါတယ်။
နောက်ပုရစ်က တွင်းအောင်းသတ္တဝါဖြစ်တော့ အဆိပ်ရှိပါတယ်။
စားပြီးရင် အကြောတွေတက်ပါတယ်။
ဇက်တွေလေးထိုင်းမိူင်းပြီး အိပ်ချင်ပါတယ်။
ဒါပေမယ့်လဲ တကြွတ်ကြွတ်ဝါးစားရင် ဆိမ့်တဲ့အရသာကဘာမှမလဲနို်င်ပါဘူး။
အဲတော့ ကျနော်တို့မန်းလေးသူမန်းလေးသားက နောက်မှ အကြောတက်တက်
သွေးတိုးတိုး ဆေးသောက်ပြီး ကုမယ် ပုရစ်မြင်ရင်တော့ အနည်းနဲ့အများစားဖြစ်တာပါဘဲ။
အဲဒီအထဲကျနော်လဲ ပါသပေ့ါဗျာ။

@@@@@@@ @@@@@@@ @@@@@@@ @@@@@@@ @@@@@@@
ပုရစ်ကောက်ပြီးတဲ့အခါ တစ်ချို့ကလဲ အိမ်မှာကြော်စားကြပါတယ်။
တစ်ချိုကလဲ မကောက်နိုင်တဲ့သူကိုပြန်ရောင်းပေါ့။
တစ်ချိုကလဲ အစကတည်းက ပြန်ရောင်းဘို့ရည်ရွယ်ပြီးကောက်ကြပါတယ်။
ပုရစ်ကောက်ရောင်းတဲ့သူဆီကဝယ်ရင်ဈေးသက်သာပါတယ်။
မန်းလေးမြို့ကို ပုရစ်ဆပ်ပလိုင်းလုပ်ပေးတဲ့နေရာကတော့ ဆည်တော်ကြီးပါဘဲ။
ကျန်တဲ့နေရာတွေကလဲ ပုရစ်တော့ထွက်ပါတယ်။
မန်းလေးနဲ့အလှမ်းဝေးတဲ့နေရာဖြစ်နေတော့ ချက်ခြင်းမရောက်နိုင်တော့ ဈေးကွက်ထဲကိုအချိန်မီမဝင်နိုင်တာရယ်။
မလတ်ဆတ်တာရယ် အကောင်သေးတာရယ်ကြောင့် ဆယ်တော်ပုရစ်လောက်ဈေးကောင်းမရတတ်ပါဘူး။
ကျနော်တို့ငယ်ငယ်ကတော့ ပုရစ်ဝယ်မစားပါဘူး။
ပုရစ်ထွက်တယ်ဆိုရင် လမ်းမထွက်ပြီးကောက်လိုက်တာပါဘဲ။
ငရဲကြီးတာ မကြီးတာဆိုတာကိုသိပ်လဲခေါင်းထဲမရှိတော့ ပျော်စရာကောင်းတယ်လို့ခံစားခဲ့ရပါတယ်။

ကျနော်က ပုရစ်ကောက်တဲ့အကြောင်းပြောတော့ ပုရစ်ကျတာနဲ့ပါတ်သက်လို့ မှတ်မိတာလေးရှိပါသေးတယ်။
ပုရစ်ထွက်တယ်ဆိုတယ်ဆိုတာကလဲ တစ်ခါတစ်ရံချောက်တီးချောက်ချက် တစ်ကောင်ထွက်လာမှ ဝိုင်းလုတာမျိုးကြုံတတ်ပါတယ်။
အများအားဖြင့်ကတော့ ကောက်တဲ့လူနဲ့ ထွက်လာတဲ့ပုရစ်အံကျလောက်ပါဘဲ။
သိပ်အလုအယက်တော့ မရှိခဲ့ပါဘူး။
ကျနော်(၇)တန်းနှစ်1970လောက်ဖြစ်မယ်ထင်ပါတယ်သိပ်အတိအကျကြီးတော့ ခုနှစ်ကိုမမှတ်မိဘူး။
ည ကိုးနာရီကျော်ကျော်လောက်မှ ပုရစ်စကျလာတယ်။
အဲဒီအချိန်ကျနော်တို့က ဈေးချိုနာရီစင်မှာအငြိမ့်ကြည့်နေကြတာ။
ပုရစ်က ခါတိုင်းထက်အချိန်စောကျလာတာပါ။
ဒါနဲ့ဘဲ အငြိမ့်ဆက်မကြည့်ဘဲအိမ်ကိုပြန်လာ။
ပုရစ်ထဲ့ဘို့ ဂျိုင့်တွေယူပြီး ကျုံးဘေးမှာ လာပြီးပုရစ်ကောက်ကြပါတယ်။
ပုရစ်ကျတာတွေက များသထက်များလာပါတယ်။
ခဏလေးအတွင်းမှာကို အကောင်သုံးလေးရာလောက်ကောက်ပြီးသားဖြစ်သွားပါတယ်။
ည ဆယ်တစ်နာရီလောက်လဲရောက်ရော ကျလာတဲ့ပုရစ်ကိုလူတွေက မကောက်နိုင်လောက်အောင်ကိုများလာပါတယ်။
အငြိမ့်ကနေရင်း အစက လူရွှင်တော်တွေကပုရစ်တွေလို်က်ကောက် ပရိသတ်ဘက်ကိုပစ်ပေးနဲ့ဟာသတွေထုတ်နေရာကနေ
ဆက်ကလို့မရလောက်အောင်ပုရစ်တွေများလာတော့ အငြိမ့်ကတာကိုရပ်လိုက်ရပါသတဲ့။
ပုရစ်ကောက်သူကလဲ လက်နဲ့တောင်ကောက်လို့မနိုင် တံမျက်စီးနဲ့ လှည်းပြီး ကျုံးပြီးတောင်းထဲထည့်ရပါတယ်။
နောက်နေ့မနက်မှာတော့ လူတွေကောက်လို့မနိုင်တော့လို့လမ်းပေါ်မှာသေနေတဲ့ ပုရစ်တွေကို စည်ပင်သာယာက
အမိူက်ရှင်းသလိုတစ်မြို့လုံးကိုလိုက်သိမ်းရပါသတဲ့။
ကျနော်တစ်သက်မှာတော့ အဲဒီတစ်ခါဘဲ ပုရစ်များများကြတာမြင်ဘူးပါတယ်။

ပုရစ်ကတော့ ကျနော်တို့ မန်းလေးသူမန်းလေးသားနဲ့ အထက်ပိုင်းကျတဲ့ ဗန်းမော် မဲဇာ ကသာ ကလူလောက်သာစားကြတယ်ထင်ပါတယ်။
ကျန်တဲ့အောက်ပြည်အောက်ရွာကလူတွေကမမြင်ဘူး မစားဘူးကြတာများပါတယ်။
နောက်ပုရစ်ကြော်ထားရင် အစကညိုနေတဲ့အကောင်က ခပ်မဲမဲဖြစ်သွားတဲ့အပြင် ပုရစ်မျက်လုံးပြူးပြူးလေးက မော့ကြည့်သလို
ဖြစ်နေတော့ မစားရဲကြတာများပါတယ်။
အဲစားမိရင်တော့ ဘယ်တော့မှ မမေ့တဲ့အစားအစာစာရင်းထဲပါသွားပါတယ်။
တစ်ခါကလို့ဆိုကြပါစို့။
ဟိုအောက်ပြည်ပုရစ်စားရကောင်းမှန်းမသိတဲ့အောက်ပြည်အောက်ရွာက ကောင်မလေးနဲ့ကျနော် ဌာနတစ်ခုထဲမှာ
အလုပ်အတူလုပ်ရင်း ဘော်ဘော်တွေဖြစ်ကုန်ကြတယ်ဘဲဆိုပါစို့။
သူကနယ်ကနေပြီးမန်းလေးမှာအလုပ်လုပ်ရင်းအဆောင်ငှားနေတာပေါ့။
ပုရစ်ထွက်တဲ့ရာသီရောက်တော့ မန်းလေးဘူတာကြီးနားက လမ်း30နဲ့ 77လမ်းဒေါင့်မှာ ပုရစ်ကြော်တွေကိုဗန်းထဲ
ထည့်ထားတာမြင်တော့ ဘာတွေလဲပေ့ါ။
ပုရစ်ကြော်စားလို့သိပ်အရသာရှိတာလို့ပြောတော့ မီးမီးကြောက်ကြောက်ဆိုတဲ့ပုံလေးနဲ့ပုခုံးလေးတွန့်လို့ မျက်နှာလေးကိုရှံ့ပြပါတယ်။
ဒီလောက်ရှိလှတာ ပုရစ်ကောင်းကြောင်း သိအောင်ပြမယ်ဆိုပြီး ညကျတော့ ပုရစ်တွေကောက် အိမ်ကိုစပါယ်ရှယ်ကြော်ခိုင်းပြီး
ရုးံထမင်းချိုင့်ထဲမှာထည့်သွားတာပေါ့။
ထမင်းစားချိန်ရောက်တော့ ကျနော်က နင့်ကို အထူးအဆန်းကြွေးစရာရှိတယ်ဆိုပြီး မျက်စေ့မှိတ်လို့
ပါးစပ်ကလေးဟ ခိုင်း ဥတွေပါတဲ့ပုရစ်အမလေးတွေချည်းဘဲရွေးလို့ခွံ့ပါတယ်။
ပါးစပ်ကလဲကောင်းလားမေး သူကလဲပါးစပ်ထဲက ပုရစ်အပြည့်နဲ့အင်းလို့ပလုံးပထွေးနဲ့ဖြေပေါ့။
နောက်သူလဲဝလို့ တော်ပြီလို့ဆိုတော့မှ မျက်စေ့ဖွင့်ခိုင်းပါတယ်။
ခုနကစားတာဘာလဲဟင်လို့မေးတော့ပုရစ်ကြော်ထားတဲ့ထမင်းဘူးကိုလက်ညှိုးထိုးပြလိုက်တော့
ဒီလောက်စားကောင်းတာကို စောစောက မပြောဘူးဆိုပြီး မူနွဲ့နွဲ့ နဲ့ကျနော်ကိုလက်သီးနဲ့ထုပါတယ်။
နောက်တော့ သူလဲပုရစ်ကြိုက်သူစာရင်းဝင်သွားပါတယ်။
ဒါပေမယ့် ကျနော်ကြွေးတဲ့ပုရစ်တဲ့သာတာကိုကြွေးနိုင်တဲ့ကျနော်သူငယ်ချင်းတစ်ယောက်နဲ့ရသွားပါတယ်။
အခုတော့သူလဲ ကလေးသုံးယောက်အမေ မန်းလေးသူ ဖက်တီးပုတ်ကြီးဖြစ်လို့။
တွေ့ရင်တော့ ကျနော်ကိုပြောပါတယ်။
ငပေါက်နင်ကြွေးတဲ့ပုရစ်ကိုစားမိလို့ မန်းလေးသူဖြစ်တာလို့ပြောတတ်ပါတယ်။

တစ်ခါကတော့ ကျနော်ကသာမြို့ကို မီးရထားနဲ့သွားပါတယ်။
အသွားကတော့ အိုကေလို့ပါ။
အပြန်ကျတော့ ရထားလမ်းပျက်စက်ခေါင်းပျက်နဲ့အထွက်နောက်ကျတော့ မဲဇာဘူတာမှာထမင်းစားဘို့ဆင်းရပါတယ်။
ခက်တာက အချိန်မတော်ရောက်တော့ စားစရာထမင်းသည်ကမရှိပါဘူး။
အဲဒါနဲ့ မီးဖိုထားတဲ့နားမှာလူစုစုရှိတော့ စားစရာများရမလားသွားမေးတော့” ပေါင်းတင်း”တော့ ရမယ်ပြောပါတယ်။
သူတို့အရပ်အခေါ်”ပေါင်းတင်း”တချုို့အရပ်ကတော “ကောက်ညှင်းကျည်တောက် “ မန်းလေးအခေါ်ကတော့
ပွဲဈေးတန်းထဲမှာရောင်းတတ်ပါတယ်။
“ခဲလန်ချောင်း” ကောက်ညှင်းနဲ့အုန်းသီးအစိမ်းကိုရောပြီ း ဝါးလုံးထဲမှာထည့်ပြီး မီးမြိုက်ပြီးကျက်အောင်ချက်ထားတဲ့
အစားအစာပါ။
အဲဒါနဲ့သူတို့ပေးတဲ့ပေါင်းတင်းကိုရေနွေးကြမ်းနဲ့မျောချလို့ စားနေရင်း နှာခေါင်းထဲမှ မွှေးပျံ့ပျံ့ရနံ့လေးရလု့ိ မီးဖိုဘက်ကိုကြည့်လိုက်တော့
ပုရစ်အကောင်အကြီးကြီးတွေကို တံစို့ထိုးပြီးကင်ထားတာကိုတွေ့ရပါတယ်။
ကျနော်ကြည့်နေတာကို မြင်တော့ စားမလားလို့ပြောတော့ ခေါင်းငြိမ့်ပြလိုက်တာနဲ့ ကျနော်ကိုပုရစ်တစ်ကင်ပေးပါတယ်။
ဆာနေလို့လားမသိအတော်ကိုအရသာရှိပါတယ်။
နောက်ပုရစ်က အမတွေ အကောင်ကလဲ ဆူဖြိုးဖြိူး။
သူတို့ပြောလို့သိတာကတော့ မဲဇာအရပ်မှာတော့ ပုရစ်တွေက တောင်စောင်းထဲမှာနေပါသတဲ့။
အဲဒီတောင်စောင်းကတွင်းထဲကို ဝါးနှီးပြားလေးနဲ့ထိုးပြီးပုရစ်ထွက်လာအောင်လုပ်တဲ့အခါမှာလုပ်
ရေလောင်းပြီးထွက်အောင်လုပ်တဲ့အခါလုပ်ပြီး ပုရစ်တူးပါသတဲ့။
ကျနော်တို့မြို့လို ပုရစ်မကောက်ပါဘူး။
မြေကြီးထဲမှာစိတ်တိုင်းကျနေခဲ့ရတော့ ဝလဲဝ ဆူလဲဆူ နဲ့အတော်လေးကိုအရသာရှိတဲ့ပုရစ်အဲဒီတစ်ခါဘဲစားဘူးပါတယ်။

ဒီပုရစ်ဆိုတဲ့အကောင်ကတော့ စားဘူးသူတိုင်းကို မမေ့အောင်ထပ်စားချင်အောင်ဖန်တီးတတ်ပါတယ်။
အထူးသဖြင့်ရန်ကုန်က မိတ်ဆွေများက ပုရစ်မစားဘူးကြတာများပါတယ်။
အမြင်ဆိုးတာကိုး မဲမဲညစ်ညစ် နဲ့အကောင်လိုက်ကြီးက မစားရဲစရာ။
အဲ စားဘူးသွားပြီဆိုပြန်တော့လဲ ကျန်သေးလားလို့မေးရလောက်အောင်ကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။
ကျနော်တို့ရဲ့ ရန်ကုန်ကမိတ်ဆွေများကို ပုရစ်ပေါ်ချိန်ဆိုရင် မန်းလေးကနေပို့ပေးရတတ်ပါတယ်။
အရင်ကတော့ ကိုယ်တိုင်ကောက်တာကိုကြော်ပို့။
နောက်ပိုင်းတော့ ဝယ်ပြီးပို့ပေါ့။

ဒီပုရစ်ကောက်တဲ့အလုပ်ကိုပျော်ရွှင်စွာကောက်ခဲတဲ့နှစ်က အတော်ကြာပါတယ်။
ဒီအလုပ်ကို စွန့်လွတ်လို်က်တဲ့အချိန်ကတော့ ကျနော်ဆယ်တန်းကျောင်းသားဘဝပါဘဲ။
တစ်ရက်ပုရစ်တွေကျတော့တပျော်ပါးနဲ့ အားပါးတရကောက်နေတဲ့အချိန်။
ကျနော်တို့အိမ်နားလေးကအမေကြီးတစ်ယောက်က ကျနော်ပုရစ်ကောက်တာကိုရပ်ကြည့်နေပါတယ်။
နောက်ပြီးကျနော်ကို “ကိုပေါက် ဒီဘဝမှတောင် မိသားစု တကွဲတပြားနေ နေရတာကို အသိတရားမရှိဘူး။
သူများမိသားစုကို တကွဲတပြားဖြစ်အောင်ထပ်လုပ်နေတယ်”လို့လှမ်းပြောလိုက်ပါတယ်။
သူပြောလိုက်တဲ့အချိန်မှာ ကျနော့်စိတ်ထဲမှာဖျဉ်းကနဲ့ဖြစ်သွားပြီး ရင်ဝကို တစ်စုံတစ်ခုကတွန်းထည့်လိုက်သလို
စူးနင့်နင့်။
အဲဒီအချိန်ကစလို့ ကျနော်ပုရစ်ကောက်တဲ့အလုပ်ကို စွန့်လွှတ်ခဲ့သလို ငါးဖမ်းငှက်ဖမ်းအလုပ်တွေကိုပါရှောင်ခဲ့ပါတယ်။
ရှေ့ဘဝတွေ နောင်ဘဝတွေယုံတာမယုံတာအပထား သူများလဲကျနော်လိုမိတကွဲဖတကွဲနေချင်မှာမဟုတ်ဘူးဆိုတဲ့
အသိတရားလေးရင်ထဲမှာ ရသွားခဲ့လို့ပါဘဲ။
ဒါပေမယ့် ပုရစ်ကြော်ကြိုက်တာက တော့ကြိုက်တာပါဘဲ။
အဲတော့ ဈေးကြီးကြီး မကြီးကြီး ဝယ်စားတာပါဘဲ.။
အခုအသက်ကြီးလာတော့ ရောဂါရမှာကြောက်တော့ အရင်လိုအများကြီးမစားပေမယ့်
ပုရစ်ပေါ်ရင်စတိတော့ တီးတာပါဘဲ။
စားဘူးသူများကတော့ အထူးညွှန်းစရာမလိုပါဘူး.။
မစားဘူးသူများ တစ်ခါလောက်စားကြည့် ကြည့်ပါလား ဟင်………………..။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(13-11-2011)

24 comments

  • windtalker

    November 13, 2011 at 6:35 pm

    သိသွားပြီ ၊ ပုရစ်ကြော် ကျွေးပြီး အချစ်ချော်စေခဲ့တဲ့ လေးပေါက် ရဲ ့အန်းတိတ်ဇါတ်လမ်း..ဟမ်းဟမ်း
    မူနွဲ ့တဲ့သူလေး ရယ် အခုတော့ ဗူကလေးကပိုက်…ဟိုက်ဟိုက်

    • windtalker

      November 13, 2011 at 6:50 pm

      ကျန်တာကတော့ လေးပေါက် နဲ ့အဲဒီတီတီတို ့ဇါတ်လမ်းလေ…နော..နော

  • ပေါက်ဖော်

    November 13, 2011 at 6:54 pm

    ပရော်ကျစ်ကလဲ ဝက်သားတုတ်ထိုး စားသလိုပဲထင်ပါ့..
    စားရတာ..အတော်မသတ်နိုင်..

    အထဲမှာ ပရောက်ကစ် နည်းပါတယ်..ဆိုတော့..
    လေးပေါက်ပြောမှ…သတိရတယ်..
    ခုတလော..စီးပွားရေးက မီကောင်းဝူး
    ပရောက်ကစ်ပြီး..ပရောင်းရစ် လိုက်ရင်..ရာသီဂွင် စီးပွားရေး..တွက်ချေကိုက်..
    အဟဲ..ဟဲ..ဟဲ..

    😆

    • windtalker

      November 13, 2011 at 7:47 pm

      ကောင်းလယ် ၊ သိပ်ကောင်းလဲ့ အစီစဉ်ဘဲ
      နင့် ပုံထဲကလို ၊ ညာလက်ကလေးမြှောက် ၊ ပရော်ကြစ် ဗန်းလေးခေါင်းပေါ်ရွက်
      ဘယ်လက်က အရက်ပုလင်း ရှေ ့နောက် လွှဲ ၊ လူက ဒစ်စကို တွန် ့နဲ ့
      ဘီယာဆိုင်တကာ လှည့်လိုက်လို ့ကတော့
      တရုတ်မင်းသား ပိန်းပေါင် ရောင်းတဲ့ ပုရစ်ကြော် ဆိုပြီး နာမည် တန်းကြီး စီးပွားတန်းဖြစ်မှာ အသေအချာဘဲ ။
      ရဲဘော် ဆက်လုပ်

      • ပေါက်ဖော်

        November 13, 2011 at 7:59 pm

        ငွှဲ…ငွှဲ….ငွှဲ..

        😆

  • မင်းတို့နှစ်ယောက်လုပ်တာနဲ့ငါ့ပိုစ်တော့ဘေးချော်ကုန်တော့မှာဘဲနော်။
    ပေါက်ဖော်ပရော်ကျစ် ရော်ရကောင်းချင်ရင် မေးတလန်းကို လာခဲ့
    အရောင်ထင်းပေးမယ်။

  • TTNU

    November 13, 2011 at 10:26 pm

    ကျမအမေက အောက်ပြည်ရောက်တော့ ပရစ်ကြော်စားရအောင် လမ်းထဲက ကလေးတွေ
    ကို (၁၀)ကောင်တစ်မတ်ပေးမယ်ဆိုပြီးကောက်ခိုင်းတယ်။ အဲဒီခေတ်က လက်ဖက်ရည်တစ်ခွက်
    တစ်မတ်ခေတ်လေ။ ကလေးတွေ ငွေရှာကြတာပေါ့။ မွှေးနေအောင်ကြော်ပြီး မိတ်ဆွေတွေထဲက
    ဟွန်းရွံစရာကြီးဆိုတဲ့သူတွေကို အတင်းလိုက်ကျွေးတာ။ ပရစ်ကြော်ရနံ့ကို လွန်ဆန်နိုင်သူ
    ရှားတယ်လေ။ ရွာသားတစ်ချို ့က ဒေါ်ဒေါ်ရေ ထန်းရည်လေးနဲ့မှစားရဲမှာဗျ..လို့ပြောကြတာ။

    နောက်နှစ်တွေရောက်တော့ ဒီမောင်တွေ ပရစ်ပေါ်ချိန် တဖုန်းဖုန်းနဲ့ ကိုယ်တိုင်ဆော်ကြတော့
    တာ။မောင်ကျန် တစ်တို့ ဖြစ်ကုန်ကြပါရောလား။

  • ပုရစ်ကြော်က မစားမိသေးခင်သာ မကြိုက်တာ။
    စားမိသွားလို့ကတော့ စားပြီးရင်းစားချင်ရင်းပါဘဲ။

  • pooch

    November 13, 2011 at 10:51 pm

    လောက်ပေး အနော်လည်း ပရစ်ကြော် တအားကြိုက်တယ် … ဝါးမိရင် တော်တော်နဲ့ မရပ်နိုင်ဘူး…
    ပါးစပ်တွေတောင် ညောင်းတယ်…

    အကောင်လိုက်ကြီး ကိုယ့်နားမှာ လာပျံပြီးဝဲနေရင်တော့ ဝေးဝေးရှောင်တယ်… မကိုင်ရဲဘူး..

    စားတော့ စားရဲတယ် ဟီး… အစိမ်းဆို မကိုင်ရဲဘူး….. 😛

    မစားဖူးတဲ့ သူဆိုရင် တော့ ပါးစပ်ထဲတောင် ထည့်ရဲမှာ မဟုတ်ဖူး…

  • Gipsy

    November 13, 2011 at 11:19 pm

    ငယ်ငယ်တုန်းကတော့ လိုက်ဖမ်းတယ်…တွင်းတူးပြီးရှာတယ်…
    ခုတော့ ရယ်ဒီမိတ် ကြော် ပဲ လွေးပါတော့တယ်…..။
    ကောင်းမှကောင်းဗျို့… ချလွတ်…. :mrgreen:

  • kai

    November 14, 2011 at 2:40 am

    ဓါတ်ပုံကလေး ကြည့်ချင်တယ်ဗျာ..။
    ပုရစ်ကျော်ကလေးတွေပုံ..။

    အလုပ်က အဖြူတွေကို ပြချင်လို့..။ 🙂

  • small cat

    November 14, 2011 at 7:14 am

    ကိုပေါက်ရဲ့သူငယ်ချင်းက ကိုယ်ပေါက်ပုရစ်ထက်သာတာကျွေးတယ်ဆိုတော့ ဘာကျွေးလိုက်တာလဲဟင်?

  • ကြောင်ကြီး

    November 14, 2011 at 7:47 am

    ငရဲမကြောက်
    ဘာမကြောက်
    ဘီလူးကြီးဦးပေါက်
    လူ့ပြည်ရောက်
    ပုရစ်များစွာ
    ဒုက္ခရောက်..
    အစားတပေါက်
    ဝမ်းတထောက်
    ရသာတဏှာနောက်၊
    ယူလို့မလောက်
    ကုသိုလ်ပျောက်
    ယမမင်းနဲ့ချောက်…။

  • blackchaw

    November 14, 2011 at 11:55 am

    စားချင်လာပြီဗျာ။
    မန္တလေးရောက်ရင် ဝယ်ကျွေးပါဦး။

  • ဆူး

    November 14, 2011 at 12:58 pm

    https://www.google.com/search?hl=en&client=firefox-a&hs=Tzq&rls=org.mozilla%3Aen-US%3Aofficial&biw=1366&bih=639&tbm=isch&sa=1&q=fried+cricket&btnG=Search

    မြန်မာပြည်ကတော့ မဟုတ်ဘူး မြန်မာပြည်က အကောင်ကလည်း ဒီရုပ်ပဲ ဆိုတော့ ပြချင်ရင်တော့ အဲဒီ ပုံတွေသာ ပြလိုက်ပေတော့

  • Kai Kai

    November 14, 2011 at 1:46 pm

    အူးအူးပေါက်ပြောတဲ့ ပုရစ်ကြော်အကြောင်းဖတ်ရတာ…
    ပုရစ်စားချင်စိတ်တွေ တဖွားဖွားနဲ့……
    ပုရစ်ကလဲ ဈေးကြီးလိုက်တာ တစ်ကောင်(၁၀၀)ကျပ်တဲ့…
    တချို့ကတော့ ၁၅ကောင် (၁၀၀၀)ကျပ်ရောင်းတယ်…….
    ပုရစ် အကောင် ၂ဝဆို ဘယ်လောက်မှ မရှိပေမယ့် (၂၀၀၀)ကျပ်ဆို
    ခေါက်ဆွဲကြော် ပွဲကြီးတစ်ပွဲ ဝယ်စားလို့ရတယ်……
    မရှိတဲ့သူတွေအတွက်ကတော့ ငဲ့ကွက်စရာပေါ့……
    တရုတ်တန်းမှာတော့ ပုရစ်ကြော်ဆိုင်တွေအားကြီး……….
    ဆိုင်တွေ အားကြီးပေမယ့် ဈေးကလဲအားကြီး……….
    စားချင်ပေမယ့် အင်အင်းပါရင် အနေခက်လို့………..
    အမှတ်မရှိပါဘူး……. ပါကာမှပါ……….
    ပုရစ်အမလေးတွေကို ရွေးပြီးတော့ ဝယ်စားမိတော့တာပဲ…
    အူးအူးပေါက် ပုရစ်တွေလက်ဆောင်ရရင် Kai Kai ကိုလဲမျှဦးနော်….

  • အမြန်သွားယူချည်
    ရွာသူရွာသားများအတွက် ပုရစ်တစ်ဗန်းပို့ထားတယ်
    ှုီဦးရာလူစနစ်ဘဲ။

  • 18aungphone

    November 14, 2011 at 6:30 pm

    ဘယ်က်ိုသွားရမှာလဲဗျ

  • MaMa

    November 14, 2011 at 7:21 pm

    ကျောင်းတက်တုန်းက ကျောင်းပိတ်ရက်မှာ စက်ရုံဆင်းရတော့ နယ်မှာ လနဲ့ချီပြီး နေဖူးတယ်။ အဲဒီက စီနီယာကြီးတွေက သူတို့အစာ ပုရစ်ကြော်ကို ညွှန်းလို့ စားတာ။ စားရင်းနဲ့ ကြိုက်သွားပြီး အဲဒီမှာနေတုန်းတော့ တော်တော်စားဖြစ်လိုက်သေးတယ်။ ခုတော့ မစားတာ ကြာလို့ စားရမှာ ကြောက်နေတယ်။

  • Yin Nyine Nway

    November 14, 2011 at 7:32 pm

    ရန်ကုန်က ပုရစ်ကြော် က တောင်ကြီးကနဲ့မတူဘူး
    ငယ်ငယ်တုန်းကတော့ အမေက ဝယ်ကျွေးလို့ စားဖူးတယ်
    စားပြီး တကိုယ်လုံးယားလာလို့
    မစားရဲတော့တာ အခုထိပဲ

  • တောင်ကြီးပုရစ်
    အကောင်ကသေးကျစ်ကျစ်
    ကုလားပုရစ်လို့ခေါ်။
    တို့ကမစားဘူးနော်။.

    မန်းလေးသားပုရစ်
    ဝကစ်ကစ်နဲ့အသားပို
    တအားကိုချိုသနော်။
    စားမိရင်လျှာလည်သွားမကွဲ့
    လာထား မန်းလေးကို……………………………

Leave a Reply