တင်မလား၊ ဝင်မလား… မောင်သာရ

theinlwinNovember 17, 20111min24210

တင်မလား၊ ဝင်မလား…              မောင်သာရ
ပါတီဌာနချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကလွဲပြီး နိုင်ငံ အနယ်နယ်အရပ်ရပ်က ပါတီခွဲတွေနဲ့ စည်းကော်မတီတွေ စည်းရုံးလှုပ်ရှားဆောင်ရွက်ခွင့် ဖျက်သိမ်းတားမြစ်ပိတ်ပင်ထားတာကို ခုလို အခွင့်အခါကြုံကြိုက်တုန်း ပြန်လည်အသက်ဝင်လာအောင်… လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကတိပြုရင်းနဲ့… ပါတီကို တရားဝင်ရပ်တည်ခွင့်ရအောင်… ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ’… မှတ်ပုံတင်မလား…ဆိုတဲ့ တင်မလား ဝင်မလား မေးခွန်းနှစ်ခုက သည်ကနေ ့အမျိုးသားဒီမိက်ရေစီအဖွဲ့ချုပ်အတွင်းမှာရော ထောက်ခံနေကြတဲ့ ပြည်သူတွေထဲမှာပါ… အကြီးအကျယ် ပြဿနာဖြစ်နေပါတယ်။
ပြည်သူတွေထဲမှာတော့… တင်သင့် ဝင်သင့်တယ်လို ့လက်ပန်းပေါင်းခတ်ပြီး
ကြိုဆိုယူဆကြတဲ့လူတွေရှိသလို… ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးတုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကဆန် ့ကျင်သပိတ်မှောက်ပြီးကမာ္ဘအရပ်ရပ်ကလဲကလိမ်ကညစ်ရွေးကောက်ပွဲအဖြစ်ရှုတ်ချခဲ့ကြတဲ့
အတိုင်း…ထွေးပြီးသားတံတွေးကို ပြန်မျိုမချသင့်သလို မဝင်သင့် မတင်သင့်ဘူးလို ့ပြတ်ပြတ်သားသား
လက်မခံခဲ့ကြတဲ့လူတွေလဲရှိပါတယ်။ ဘာမှ မပြောပလောက်တဲ့  အမတ်၄၈နေရာသာရှိတဲ့ကြားဖြတ်ရွေးကောက်ပွဲကလေးကို မက်လုံးပြ၊ ဥပဒေစကားလုံးတွေ’ပြင်’ပေးပြီး… ဒူးထောက်ခိုင်း အရှက်ခွဲတဲ့ လူဝတ်လဲစစ်အစိုးရ၊ ရုပ်ရှင်ထဲက လူဆိုးလူမိုက်တွေ့ စရိုက်
ဖြစ်ပါတယ်။အနိုင်ရနိုင်သမျှထပ်အနိုင်ကျင့်တာပါပဲ။
အဖွဲ့ချုပ်ရဲ့ ဒုတိယတန်း ခေါင်းဆောင်ပိုင်းလို့ဆိုနိုင်တဲ့ ဗဟိုစီးအဖွဲ့ တရာကျော်ထဲမှာတော့ အများစုက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးချယ်ခန့်ထားခဲ့တာဖြစ်တဲ့အတွက် သဘောထားအယူအဆ တညီတညွတ်တည်းသာ ရှိလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အဖွဲ့ချုပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင် တဆယ်ကျော်ကလေးထဲမှာတော့… တင်သင့် ဝင်သင့်တယ်လဲ မဟုတ်၊ မတင်သင့် မဝင်သင့်ဘူးလဲ မဟုတ်တဲ့… တင်တော့တင်သင့်ပေမယ့်၊ ဝင်တော့မဝင်သင့်ဘူး…ဆိုတဲ့ ‘ကြား’သံတသံ…ထွက်လာတာကို…ခေါင်းဆောင်တယောက်နဲ့ သတင်းစာတွေ့ဆုံမေးမြန်းခန်းတခုမှာ ဖတ်လိုက်ရပါတယ်။ အဖွဲ့ချုပ်ရဲ့ ထိပ်ဆုံးပိုင်းက မညီညွတ်မှုကလေးတခုပါပဲ။
ဒါပေမယ့် သည်’ကြား’အသံက လက်တွေ့မှာလဲအဓိပ္ပါယ် မရှိပါဘူး။ တရားဝင်တည်ရှိနေတဲ့အစိုးရရဲ့နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ…မှာရှိတဲ့နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေထဲမှာ အတိအလင်းရေးသားဖေါ်ပြထားပါတယ်။နိုင်ငံရေးပါတီတရပ်အနေနဲ့ တရားဝင်မှတ်ပုံတင်တော့မယ်ဆိုရင် အဓိက ကတိပြုလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ပုဒ်မခွဲတွေ မြောက်မြားစွာ ရှိပါတယ်။ အဲသည်အထဲမှာမှ အချက်တချက်အနေနဲ့…’မှတ်ပုံတင်လိုတဲ့ ပါတီတရပ်အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လေးစားလိုက်နာ ပါမည်လို့ ဝန်ခံကတိပြုရမယ့်အပြင်… လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာလဲ… အနည်းဆုံး အမတ်သုံးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်’…လို ့ အတိအလင်း ရေးသားဖေါ်ပြထားပါတယ်။ တင်ရုံသာတင်ပြီး မဝင်ချင်လို့ မရပါဘူး။ ရွေးကောက်ပွဲမှာ အနည်းဆုံး သုံးနေရာမှာမှ ဝင်မပြိုင်နိုင်ရင်လဲ… ဗဟုဝုစ်မဟုတ်နိုင်တော့တဲ့အတွက်နိုင်ငံရေးပါတီတရပ်
အဖြစ်နဲ့လဲ ရပ်တည်ခွင့်… မှတ်ပုံတင်ခွင့်မရနိုင်ပါဘူး။
ဒါပေမယ့် ဆိုင်ရာက အခုချက်ချင်းပူပူနွေးနွေး ထုတ်ပြန်ပုံနှိပ်ပေးလိုက်တဲ့ ဥပဒေတွေနဲ့ နည်းဥပဒေတွေကို… ပြည်သူလူထုအများစုကြီးကလဲ ဘယ်ဖတ်ဖြစ်နိုင်ကြပါအုံးမလဲနော်။ အဲသည်တော့ ပြည်သူလူထုကြီးထဲမှာလဲ… ခေါင်းဆောင်ပိုင်းမှာလို သုံးမျိုးသုံးသဘောထားနဲ့ သုံးအုပ်စု ကွဲနေကြပါတယ်။ သေချာတာကတော့ မကြာသေးခင်ကမှ လွတ်လာခဲ့ကြတဲ့ကိုသူရ(ဇာဂနာ)တို ့
မစုစုနွေးတို့ပါဝင်တဲ့နိုင်ငံရေးခေါင်းဆောင်ငယ်ပေါင်း၂၀ဝဆိုပါစို့။ ဘယ်အုပ်စုထဲ ဘယ်လိုကွဲပြီး ပါသွားကြမယ် မသိပါဘူး။နောက်ထပ်လွှတ်ပေးအုံးမယ်ဆိုပြီး… ဈေး တိုးပေးဖို ့ဈေးခေါ်နေတဲ့နိုင်ငံရေးခေါင်းဆောင်ငယ် ၆၀ဝခန် ့ကိုလဲ… တကယ်လို ့များ ‘ကာလုံ’က အချိန်မီလွှတ်ပေးခဲ့မယ်ဆိုရင်ဘယ်အုပ်စုထဲဘယ်နှစ်ခြမ်း ကွဲကြလေအုံးမလဲ… မသိ။
မှတ်မိတယ်နော်…။ သည်လိုပဲ ၁၉၉ဝရွေးကောက်ပွဲအကြိုကာလတုန်းကမှတ်ပုံတင်ကြပြီးနိုင်ငံရေး
ပါတီတွေဖွဲ့ခဲ့ကြတာလေ…။ ပါတီပေါင်းနှစ်ရာကျော်လောက်တောင် ရှိသွားတယ် မဟုတ်လား။ သိတယ်နော်…။ ကျုပ်တို့ဗမာရဲ့အကျင့်က… ဗိန်းမောင်း ဆိုင်း တီးပေးလိုက်ရင် မင်းသား မင်းသမီးများ ဖြစ်မလား ဆိုပြီး ကွေးနေအောင် ဝင် က ကြတော့တာလေ…။ အခုလဲ အပြင်မှာ make-upလိမ်းပြီး စောင့်နေကြတဲ့ ပါတီဟောင်းတွေ ပါတီသစ်တွေမှ အများကြီး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေတောင် ပါသေးရဲ့။ ကျုပ်က စာနယ်ဇင်းသမားကျင့်ဝတ်နဲ့မို့… မပြောသာလို့ ဖွင့်မပြောတာရယ်။ ဒီမိုကရေစီ မဟာမိတ် ၁ဝပါတီနဲ့သာ ပေါင်းလိုက်ရင် ပါတီပေါင်း ၄ဝကျော်လောက်တောင် ရှိနေနှင့်မလားပဲ။ အေး…နိုင်ငံရေးအကျဉ်းသားတွေများအကုန်လွှတ်ပေးလိုက်ရင်… ကျုပ်တို့ငယ်စဉ်ကနိုင်ငံကျော်ခဲ့တဲ့ ဇာတ်မင်းသားကြီး ဖိုးစိန် ဆိုခဲ့တဲ့ သီချင်းကို ပြန် သတိရစရာပဲ…။ “အော်…ဗမာပြေမှာ ‘နာရီ’တွေက များ…” တဲ့။
ကဲ… နောက်ဆုံး ကျုပ်မေးလိုက်ပါအုံးမယ်။ ခင်ဗျားကရော ဘယ်အုပ်စုထဲ ပါမှာလဲ။ တင်သင့် မတင်သင့်လား။ ဝင်သင့် မဝင်သင့်လား။ ကျုပ်ကတော့ ခံခဲ့ရတာကို ခုထိ မမေ့ဘူး။
မောင်သာရ

10 comments

  • kai

    November 17, 2011 at 6:02 am

    ယနေ့(11/16/11) 4:00pm PST ရရှိထားသော (တင်)(ဝင်) စာရင်းရလဒ်များ..။
    (ဆိုင်ရာဝက်ဘ်ဆိုက်၊ဘလော့ဂ်များမှ တိုက်ရိုက်ကူးယူပါသည်။ )

    NLD ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည်ဆိုပါက…
    ထောက်ခံပါသည် 1836 (64%)
    မထောက်ခံပါ 540 (18%)
    ပါတီအသစ်ထောင်ပြီး ရွေးကောက်ပွဲဝင်ပါ 106 (3%)
    NLD ဘာလုပ်လုပ် ထောက်ခံသည် 379 (13%)
    http://www.irrawaddyblog.com/
    =

    NLD ပါတီ မှတ်ပုံတင်ခြင်း နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်းအပေါ် မိမိတို ့ဘလော့ပရိသတ်၏သဘောထား
    မှတ်ပုံတင်သင့်သည်။ ကြားဖြတ်ရွေးကောက်ပွဲ မဝင်သင့်။ 56 (16%)
    မှတ်ပုံ မတင်သင့်။ ကြားဖြတ်ရွေးကောက်ပွဲ လည်း မဝင်သင့်။ 52 (15%)
    NLD ၏ ဆုံးဖြတ်ချက် ကိုထောက်ခံမည်။ 98 (29%)
    မှတ်ပုံတင်သင့်သည်။ကြားဖြတ်ရွေးကောက်ပွဲလည်း ဝင်သင့်သည်။ 102 (30%)
    စိတ်မဝင်စား ပါ။ ကိုယ့်နည်းကိုယ့်ဟန်တတ်နိုင်သည့်ဘက်က လုပ်နိုင်သမျှလုပ်မည်။ 22 (6%)
    http://komoethee.blogspot.com/
    =
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမှတ်ပုံတင်ခြင်း၊ မတင်ခြင်းအပေါ် သင်၏သဘောထား
    ပါတီမှတ်ပုံတင်သင့်ပါသည် ၁၃၅ ၉၇.၁၂%
    ပါတီမှတ်ပုံမတင်သင့်ပါ ၄ ၂.၈၈%
    http://myanmarcupid.net

    =
    NLD ပါတီမှတ်ပုံတင်ခြင်း ..
    Answer Votes Percent
    ပြုသင့်သည်။ 1,430 78%
    မပြုသင့်။ 397 22%
    Total Votes: 1,829
    (တင်)

    NLD ကြားဖြတ်ရွေးကောက်ပွဲ ..
    ဝင်သင့် 76.1% (347 votes)
    မဝင်သင့် 23.9% (109 votes)
    Total Votes: 456
    (ဝင်)http://Mandalaygazette.com

    • nozomi

      November 17, 2011 at 11:53 am

      ဆရာခိုင် ပြောတဲ့ “ယနေ့(11/16/11) 4:00pm PST ရရှိထားသော ” မှာ ပါတဲ့ PST ဆိုတာ ဘယ်နိုင်ငံရဲ့ စံတော်ချိန်လဲ မသိဘူး (ဖိလစ်ပိုင် ၊ ပါကစ္စတန် ……) ၊ ကြားဖူးတာ MST,GMT တို့ပဲ ရှိလို့ပါ

  • ကြောင်လတ်

    November 17, 2011 at 6:40 am

    ကြက်ဥ အရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၏။

    ကြောင်လတ်တို့ လိုက်မမီပါ၊
    ကောင်းစေချင်တာတစ်ခုတည်းသိပါသည်။
    ဖွဲ့စည်းပုံအခြေခံ ဥပဒေအသေးစိတ်ကို အခန်းဆက်တင်ပြပေးပါခင်ဗျာ။

  • kai

    November 17, 2011 at 7:17 am

    အောက်ကစာကို မိုးမခ ကကူးယူပါတယ်..။
    ==
    Tu maung Nyo on U Htwe Myint – ဦးထွေးမြင့်၏ အကြံပြုစာအပေါ် မှတ်ချက်

    တူမောင်ညို။ နိုဝင်ဘာ ၁၇၊ ၂၀၁၁

    ဦးထွေးမြင့်၏အကြံပြုစာ (၁၆၊ နိုဝင်ဘာ၊ ၂၀၁၁)သည်၊ (၁၈ နိုဝင်ဘာ) တွင် ဆုံးဖြတ်ချက်ချတော့မည့် ဒီချုပ်အတွက် အလေး ထား၊ ထည့်သွင်း စဉ်းစားသင့်သည့် “အကြံပြုချက်ကောင်း” တစ်ခုဟု ယူဆပါသည်။

    အလားတူပင် အခြားလူပုဂ္ဂိုလ်များ၊ ပါတီအဖွဲ့အစည်းများ၏ အကြံပြုချက်များလည်း ရှိပါလိမ့်မည်။

    သူ၏ အကြံပြုစာတွင် “ရွေးကောက်ပွဲမဝင်ရေး” ကို ခိုင်မာစွာ ဆုပ်ကိုင်ထားသော်လည်း ပါတီမှတ်ပုံတင်ရေးကိုမူ ညှိနှိုင်းဆောင် ရွက်နိုင်သည့် အရာတစ်ခုအဖြစ်သဘောထားပုံရသည်ကို လေ့လာတွေ့ရှိရပါသည်။

    “သဘောထားမှန်သော တပ်မတော်ခေါင်းဆောင်များနှင့် မပူးပေါင်း၍မဖြစ်၊ ပူးပေါင်းလက်တွဲ ညှိနှိုင်းဆောင်ရွက်နိုင်မှ လိုရာခရီး ရောက်နိုင်မည်။ ပေါင်းပုံပေါင်းနည်းကား အခရာဖြစ်သည်။ အရေးကြီးသည်မှာ လုပ်ပိုင်ခွင့်အာဏာမရှိဘဲနှင့် တာဝန်မယူသင့်” ဟူသည့် အချက်မှာ အကြံပြုစာ၏ “အတွင်းသား”ဖြစ်မည်ဟုယူဆပါသည်။

    သို့ပါ၍ တိုင်းပြည်နှင့်ပြည်သူလူထုအကျိုးကိုရှေ့ရှုသော အကြံပြုချက်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုဦးစီး အဖွဲ့ဝင်များ၊ ပါတီဝင်များ က အလေးထားထည့်သွင်းစဉ်းစားလိမ့်ကြမည်ဟု မျှော်လင့်မိပါသည်။

    ဦးထွေးမြင့်သည် ၈၈ အရေးအခင်းကာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်ဝန်းရံခဲ့သူတစ်ဦးလည်းဖြစ်သည်။

    ဦးထွေးမြင့်က သူ၏ အကြံပြုစာကို ဤသို့ ဖွဲ့စည်းတင်ပြထားပါသည်။

    အကြောင်းအရာ။ ။ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံမတင်သင့်၊ ရွေးကောက်ပွဲမဝင်သင့်၊ ရာထူးမယူသင့်။

    အကြံပြုစာကို အောက်ပါခေါင်းစဉ် (၁၀) ခုဖြင့် အကြောင်း/အကျိုးဖေါ်ပြထားသည်။

    ၁။ အမျိုးသားညီလာခံ (ညောင်နှစ်ပင်ညီလာခံ)

    ၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ

    ၃။ တရားစီရင်ရေး

    ၄။ ဘာသာရေးလွတ်လပ်ခွင့်

    ၅။ စီးပွားရေး

    ၆။ အလုပ်သမားအရေး

    ၇။ ကချင်ပြည်နယ်အခြေအနေ

    ၈၊ ၉၊ ၁ဝ သည် သတိပေးချက်နှင့်အကြံပြုချက်များဖြစ်သည်။

    (၈၊၉၊ ၁၀) ကို မူရင်းအတိုင်းကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။

    ၈။ အခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်အမတ်ဖြစ်၊ အစိုးရအဖွဲ့ထဲဝင်လျှင် ဝန်ကြီးဖြစ်၊ ဝန်ကြီးဖြစ်လျှင် အမတ် အဖြစ်နှင့် နိုင်ငံရေးပါတီမှ နှုတ်ထွက်ပေးရမည်၊ နိုင်ငံရေးပါတီအနေနှင့်စည်းရုံးခွင့်မရှိတော့၊ ယင်းသို့ဖြစ်လျှင် တရားရုံးရှေ့နေ ဦးဟန်ရှင်ဝင်း က “ခေါင်းနဲ့ကိုယ် အိုး စားကွဲလိမ့်မည်” ဟု ပြောသွားခဲ့သည်။ ဦးထောင်ကိုထန်းကမူ “ခြေရောလက်ပါ တုတ်ပြီးနှောင်ပြီး ဖြစ်လိမ့် မယ်”ဟုပြောသွားသည်။

    ဦးဝင်းတင်က ပါတီမှတ်ပုံတင်သော်လည်း ရွေးကောက်ပွဲမဝင်သင့်ဟုပြောသွားသည်။ ပါတီမှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲ အနည်းဆုံး သုံးနေရာဝင်ရေး ကိုချိတ်ဆက်ထားသည်။

    ရွေးကောက်ပွဲဝင်အမတ်ဖြစ်၊ အစိုးရအဖွဲ့ထဲဝင်လျှင်ဝန်ကြီးဖြစ်သည့်တိုင်အောင် မိမိတို့ထင်သလိုလုပ်ပိုင်ခွင့်အာဏာ တစ်စုံ တစ်ရာ ရှိမည်မဟုတ်။ စစ်အုပ်စု၏ ဒီမိုကရေစီစနစ်နှင့်ဆန့်ကျင်သော လုပ်ရပ်များအတွက်သာ ပူးတွဲတရားခံဖြစ်ဖွယ်ရှိသည်။

    ၉။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ သဘောထားမှန်သော တပ်မတော်ခေါင်းဆောင်များနှင့် မပူးပေါင်း၍မဖြစ်၊ ပူးပေါင်းလက်တွဲ ညှိ နှိုင်းဆောင်ရွက်နိုင်မှ လိုရာခရီးရောက်နိုင်မည်။ သို့သော် ပေါင်းပုံပေါင်းနည်းကားအခရာဖြစ်သည်။ အရေးကြီးသည်မှာလုပ်ပိုင်ခွင့် အာဏာ မရှိဘဲနှင့်တာဝန်မယူသင့် အကြံပေးအတိုင်ပင်ခံအနေသာဖြစ်သင့်သည်။ သမ္မတ၏ နိုင်ငံရေးအကြံပေး၊ စီးပွားရေးအကြံပေးကော်မတီ တို့ရှိနေပြီးသား သာဓကများရှိနေပြီ။

    အလေးအနက်အကြံပြုလိုသည်မှာ ရွေးကောက်ပွဲမဝင်သော်လည်း –

    “နိုင်ငံတော်အတိုင်ပင်ခံကောင်စီ ”ဖွဲ့စည်းခွင့်တောင်းဆိုသင့်သည်၊ အဲန်အလ်ဒီအနေဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ် ကို တစ်နည်းနည်းဖြင့်အသိအမှတ်ပြုရာရောက်မည်။ ၁၉၉ဝ ပြည့် ရွေးကောက်ခံကိုယ်စားလှယ်များ၊ အဲန်အလ်ဒီရွေးကောက်ခံ ကိုယ်စား လှယ်များ ၊ တစညပါတီဝင်များစသည်။ အခြားပါဝင်သင့်သူများ ဥပမာ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးလို ၊ တိုင်းရင်းသား ညီ နောင်ကိုယ်စားလှယ်များ၊ ကေအဲန်ယူ၊ ကေအိုင်အို၊ စသည်တို့ ၊ အခြားပါဝင်သင့်သူများ၊ တပ်မတော်ကိုယ်စားလှယ်၊ စသည်တို့ ပါဝင်ရန်။

    ၁၀။ “နိုင်ငံတော်အတိုင်ပင်ခံကောင်စီ ”အနေနှင့် အမြင့်ဆုံးရည်မှန်းချက်အဖြစ် ရာစုသစ်ဒုတိယ ပင်လုံညီလာခံ/ အမျိုးသားညီလာခံ ကျင်းပနိုင်ရေးအထိ ရည်မှန်းချက်ထားသင့်သည်။ တိုင်းရင်းသားလူမျိုးအသီးသီးပါဝင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ တန်းတူရည်တူရှိရေး၊ လောကပါလတရားများထွန်းကားရေး၊ အားလုံးပါဝင်ခွင့်ရှိစေပြီး ပြည်ထောင်စုသစ်ဖွဲ့စည်းတည်ထောင်နိုင်ရေး၊ ထိုအင်္ဂါတို့ဖြင့်ကိုက်ညီသည့် တည်တံ့ခိုင်မာသည့် အခြေခံဥပဒေတစ်ရပ် ရေးဆွဲအတည်ပြု နိုင်ရေးကို လုပ်ကိုင်ဖေါ်ဆောင်ကြရန်ဖြစ်ပါသည်။ “နိုင်ငံတော်အတိုင်ပင်ခံကောင်စီ ” အတွက် ကုန်ကျစရိတ်၊ ဝန်ထမ်းအဖွဲ့အစည်း တို့ အတွက် နိုင်ငံတော်အစိုးရက ကျခံရန်ဖြစ်ပါသည်။

    ရည်ညွှန်း – ဦးထွေးမြင့်၏ ပေးစာ၊ http://www.scribd.com/doc/72805783/u-Htwe-Myint-Bcp
    =
    http://moemaka.com/2011/11/tu-maung-nyo-on-u-htwe-myint-%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%91%E1%80%BC%E1%80%B8%E1%80%BB%E1%80%99%E1%80%84%E1%80%B7%E1%80%B9%E1%81%8F-%E1%80%A1%E1%82%80%E1%80%80%E1%80%B6%E1%80%BB/

  • maungmoenyo

    November 17, 2011 at 8:26 am

    တင်ရေးကိစ္စမှာ လွယ်လွယ်နှင့်ပြီးနိုင်သော်လည်း၊ ဝင်ရေးကိစ္စကားလွယ်မယောင်နဲ့ ခက် တိမ်မယောင်နှင့်နက်နေပါသည်။ တဖက်ကလည်းလက်ရှိအခြေခံဥပဒေ၏ရစရာမရှိအောင် ရုပ်ဆိုးလှစွာသော ပြဌာန်းချက်များက ခေါင်းမာသော ရှစ်လုံးတို့ကဲ့သို့သော ဗိုလ်ချုပ်ဟောင်းအသိုင်းအဝိုင်းကဥစ္စာချောက်များကိုပြန်အသက်သွင်းနိုင်းသေးသည်မဟုတ်ပါလား။ ရက်တွေတဖြေးဖြေနီးလာသည်နှင့်အမျှ NLD ၏ရပ်တည်ချက်ကို တိုင်းပြည်သို့မဖြစ်မနေတင်ပြရပေတော့မည်။
    မဝင်မတင်တော့ကော…ဒါကလဲမဖြစ်နိုင်လို့ပြောလို့မရ။ သေချာသည်ကား NLD ကဒီလမ်းလိုက်လျက် လက်ရှိအစိုးရက လျှော့ဈေးပေးရဘွယ် ကိန်းမြင်သည်။ အဘယ်ကြောင့်ဆိုသော် ဒေါ်စုလက်တွဲလာမည့် ကိန်းကို လက်ရှိအစိုးရမင်းတို့က စိတ်ကူးအယဉ်ကြီးယဉ်နေချိန်ဆိုရင်မမှားပါ။ (အံ့ဩစရာပေမဲ့ အမှန်တကယ်ဆိုက်နေတဲ့ကိန်းပါ။)
    (၁) ဖွဲ့စည်းပုံကို ခုကောက်ခါငင်ခါမပြင်နိုင်တောင်.ဖြစ်နိုင်တဲ့ကာလသတ်မှတ်ချက်ကလေးတခုနဲ့ .နိုင်ငံကိုတရားဝင်ကြေငြာနိုင်ရင်တော့
    (၂) ရွေးကောက်ပွဲမဝင်မနေရဆိုသော ပြဌာန်းချက်ကိုလျှော့ဘို့အစိုးရကသဘောတူခဲ့ရင်….
    NLD က “တင်ရေး” စဉ်းစားသင့်ကြောင်းပါ။
    NLD ထိပ်ပိုင်းထဲသဘောထားမတူကြတာက democracy ရဲ့အနှစ်သာရမို့ မောင်မိုးညိုကတော့ ကြိတ်ပြီးပီတိဖြစ်မိပါတယ်။

  • MaMa

    November 17, 2011 at 8:30 am

    ကိုယ့်ကိုကိုယ်တောင် တော်တော် ဘဝင်မြင့်သွားတယ်။
    ကြားသံကို ကိုယ်ကိုယ်တိုင်လည်း စဉ်းစားမိထားလို့ 😀
    ဆက်ဖတ်ကြည့်မိတော့မှ အသုံးမကျတဲ့ အတွေးအခေါ်ဖြစ်မှန်း သိသွားတယ်။ 🙁

  • maungmoenyo

    November 17, 2011 at 8:42 am

    တခါတခါတော့..လူမိုက်တွေးတွေးမိတယ်…
    ဟယ်မထူးပါဘူး..တင်/ဝင်ပြီး..ဒေါ်စုကိုနိုင်ငံတော်အတိုင်ပင်ခံကော်မရှင်ရဲ့အကြီးအကဲလိုနေရာမျိုးပေးလိုက်ရင်ရော…. ပြီးတော့လွှတ်တော်(၂)ရပ်ပေါင်းရှေ့မှာ သမ္မတနဲ့ အတူယှဉ်တွဲအစည်းအဝေးထိုင်နေတဲ့ အဖြစ်မျိုးတွေ….
    သေချာတာတော့ နိုင်ငံတကာ (အထူးသဖြင့်အနောက်က) ထိပ်ပိုင်းတွေ ခြေခြင်းလိမ်နေအောင်လှိမ့်ဝင်လာကြပြီး…
    MGရွာသားတသိုက်လဲညစာအောင်ပွဲစားကြမယ်လေ….
    စိတ်ကူးယဉ်တာတွေပါ…တကယ်ဖြစ်ခဲ့ရင်တော့…………………………………………….

  • blackchaw

    November 17, 2011 at 8:51 am

    ကျွန်တော်ကတော့ တင်တာမတင်တာ ဉာဏ်သိတ်မမီပေမယ့်
    ကြားဖြတ်ရွေးကောက်ပွဲကို မဝင်သင့်ဘူးလို့ (အခုအချိန်မှာ)
    ထင်ပါတယ်။

  • ကြောင်ကြီး

    November 17, 2011 at 11:46 am

    အပွဲပွဲနွှဲလာခဲ့ပြီး ဒီတပွဲကြမှ အလဲထိုးမခံပါနဲ့ အမေစုရယ်။ တိုင်းပြည်အတွက် အသုံးချခံမယ်ဆိုလည်း သေချာမှလုပ်ပါ။ အနဲဆုံးတော့ အဖွဲ့ချုပ်ဝင်များအားလုံးနဲ့ အကြေအလည် ညှိနှိုင်းတိုင်ပင်ပြီးမှ လုပ်သင့်တယ်။ အခုကထဲက အက်ကြောင်းထွက်နေရင် နောင်လုပ်မယ်ဆိုတဲ့ ဒုတိယပင်လုံညီလာခံဆိုတာ အားကိုစရာ ဖြစ်ပါ့မလား။။။။။။ အခု ဖြစ်နေတဲ့ ပြသနာရဲ့ တစိတ်တပိုင်းက လူထုကို၊ အဖွဲ့ချုပ်ကို သိသင့်သိထိုက်တာတွေ ပေးမသိလို့ ဖြစ်ရတာ။ ဒီထက်ပို ထင်သာမြင်သာရှိခဲ့ရင် အနေအထားက တမျိုးပြောင်းသွားနိုင်တယ်။ အခုတော့ ပြည်သူ့ခေါင်းဆောင်ကိုယ်တိုင်ရဲ့ ရပ်တည်ချက်က မရှင်းဘူးဖြစ်နေတယ်။

  • ba gyi

    November 17, 2011 at 11:58 am

    ကိုကြောင်ကြီး — ကိုကြောင်ကြီး ဗျောင်တော့ အတီးမခိုင်းနဲ့အုန်းလေ – လျှောင်ကီးလူတွေကဝိုင်းနေသေးတာဗျ။
    အတတ်သိလို့ပြောတာမဟုတ်ဘူးနော်၊ တွေးပြီးပြောကြည့်တာ၊ မှာရင်လည်းခွင့်လွှတ်ပေါ့။

Leave a Reply