အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၅၅)

မောင်ဘလိုင်November 21, 20111min1312

“ဒီလိုနဲ့ ..တိုက်ပွဲစတဲ့ ဒီဇင်ဘာ ၃ရက်နေ့ ည မှာ တို့လေးယောက်က ရှေ့ဆုံးတန်း ဘန်ကာထဲမှာ ရှိနေတာပေါ့..အဲ..”

အဘိုးကြီးပြောနေတုန်း ပူတူးက ဖြတ်မေးသေးတယ်။

“အဘ တို့ ဘန်ကာထဲမှာ တီဗီရော ရှိလားဟင်…”

အဘိုးကြီးက ရီတယ်။

“မရှိပါဘူး ..ငါ့မြေးရယ်.. တီဗီလည်း မရှိဘူး ..ကောဇောလည်း မရှိဘူး..ကျဉ်းကျဉ်းကျုတ်ကျုတ်လေး ရယ်..တို့

လူလေးယောက်  ဝမ်းလျားမှောက်တိုးဝင်ရတာ…ခြင်တွေကိုက်လိုက်တာလည်း မပြောနဲ့..တစ်ခါတစ်လေ မြွေတွေ

ဘာတွေတောင် ဝင်လာတတ်  သေးတာ..”

အဘိုးကြီး ဘယ်လ်ဝမ် ဆင်းဂ် အသံက ပိုပြီး လေးနက်တည်ကြည်လာတယ်။

“မင်းတို့အထဲမယ် ..ဘယ်သူက ချမ်းဘ် နယ်မြေနဲ့ ပတ်သက်ပြီး ရင်းရင်းနှီးနှီးရှိလည်း တော့ ငါမသိဘူး..အဲဒီနေရာက မြေပြန့်ဆိုပေမဲ့

မီးခိုးရောင် ကျောက်တုံးတွေရယ်..ဆာကန်ဒါလို့ခေါ်တဲ့ မြက်ရိုင်းပင် အရှည်ကြီးတွေ ရှိတယ်လို့တော့ သိကြတာ..မြက်ရိုင်းပင်ကြီးတွေ

က ရှည်လျားသန်စွမ်းပြီး ထူထပ်လိုက်တာမှ.. အဲဒီထဲ တင့်ကားတွေမောင်းလာတောင် မမြင်ရဘူး..အေး…ကြယ်ရောင်တောင် မရှိတဲ့

ပိန်းပိတ်နေတဲ့ ညကြီးမှောင်မှောင်မှာ ဒင်းတို့က အဲဒီမြက်ရိုင်းပင်တွေကြားထဲက ချီတက်လာတယ်ဆိုတော့..တို့က ဘယ်နှယ်လုပ်ပြီး

သိပါ့မလဲ..”

 

“တို့ သိတယ်ဆိုတာ သူတို့ဘက်က မော်တာကျည်တွေ ဘန်ကာနားမှာ ဘယ်ညာ ထကွဲကုန်တော့မှ သိတာရယ်…အဲဒီကျမှ တို့လည်း

လန့်ဖျတ်ပြီး မှောင်ကြီးမဲမဲထဲ တောင်ကြည့်မြောက်ကြည့် ကြည့်မိကြတာ…ကြည့်သာကြည့်ရ..ဘာမြင်ရမှာမှတ်လို့..ကြည့်နေတုန်း

လက်ပစ်ဗုံးတစ်လုံး တို့ဘန်ကာထဲဝင်လာတာရောဟေ့..ကံကောင်းပါတယ်..တို့လေးယောက်စလုံး ဘန်ကာထဲက ပြေးထွက်နိုင်လို့..

နို့မဟုတ်ရင်..သေနတ်တစ်ချက်တောင် မဖောက်လိုက်ရဘဲ ..ဘန်ကာထဲမှာ ဇာတ်သိမ်းလောက်တယ်..မတတ်နိုင်ဘူး…ဘန်ကာထဲ

နေမရလို့ အပြင်ကိုစွန့်ထွက်တော့..စက်သေနတ်တွေက ပစ်လိုက်တဲ့ ကျည်ဆံတွေဆိုတာများ အမှောင်ထဲမှာ မီးကျည်စတွေလို့ တရွှီး

ရွှီးနဲ့ တို့ဆီ ပြေးလာတော့တာပဲဟေ့..တို့လည်း တိတ်တိတ်လေး ရှေ့ကို တန်းတန်းသွားပြီး ဘယ်က ပစ်နေတာလဲ ဆိုတာ စူးစမ်းကြ

တယ်..”

 

“မဆိုးဘူး..တို့လမ်းကြောင်းမှန်သွားတယ် ဆိုရမယ်..ဘာလို့လဲဆိုတော့ ရန်သူဘက်က ဘန်ကာတစ်ခုကို လှမ်းမြင်ရလို့ပဲ..အဲဒီဘန်ကာ

ကနေ တို့ကို စက်သေနတ်နဲ့ လှမ်းဆော်နေတာကိုး..ဘန်ကာကို မဲပြီးကြည့်နေတုန်း ငါ့နောက်ဘက်မှာ မော်တာကျည်တစ်လုံးကျကွဲပါ

လေရောဟေ့…အနီးကပ်မြည်လိုက်တဲ့အသံကြီးက ငါ့နားတွေကို ခဏလောက်ကန်းသွားစေတာပဲ…အဲဒီမှာ ဆူဗင်ဒါနဲ့ ရာဂျစ်ရှ်ဝါက

တော့ ကျသွားတော့တာပဲ..ခါနေးလ်ကတော့ ဗိုက်မှာ ဒဏ်ရာကြီးတစ်ခုရသွားတယ်…ငါတစ်ယောက်ပဲ အပယိက ဒဏ်ရာလောက်ရ

တာ..အဲဒါနဲ့ ငါလည်း ငါ့တပ်မှူးကို လှမ်းပြီး အခြေအနေကို အကြောင်းကြားရတယ်..တပ်မှူးကလည်း တို့ကို တပ်ကူမပို့နိုင်ဘူးတဲ့..ဖြစ်

တဲ့နည်းနဲ့ အဲဒီရန်သူ့ဘန်ကာကို ဖျက်ဆီးဖို့ပဲ ညွှန်ကြားလိုက်တယ်…ဒီတော့ ခါနေးလ်ကို ငါက –

ကိုင်း..ရဲဘော် ခါနေးလ်ရေ..မင်းငါ့ကိုနောက်ကနေသာ ကာပစ်ပေးထားတော့ ..ငါအဲဒီဘန်ကာကို ရောက်အောင်သွားပြီး..ဒင်းတို့ကို

ချေမှုန်းမယ်..လို့..အဲဒီတော့ ခါနေးလ်က ငါ့ကိုတားပြီးတော့ – မလုပ်ပါနဲ့ ဆရာရယ်..တဲ့..အဲဒါကိုယ့်ကိုယ်ကို သေတွင်းထဲပို့တာနဲ့

အတူတူပါပဲ တဲ့…ငါလည်း  ငါသိပါတယ် ခါနေးလ်..နို့ပေမဲ့..မသွားလို့မှ မဖြစ်တာကိုး လို့ ပြန်ပြောတော့ သူက –

ဒီလိုဆိုရင် သူသွားပါရစေလို့ တောင်းဆိုတယ်..ပြီးတော့သူက ဆက်ပြောသေးတယ်..ဆရာ့မယ် သားနဲ့ မယားနဲ့ မိသားစုကလေးက

ရှိသေးတယ် မို့လား တဲ့..ကျွန်တော့်မယ်တော့ တစ်ကောင်ကြွက် တစ်မျက်နှာသမားမို့ သေရင်လည်း ဒုက္ခရောက်ရမဲ့သူ ဝမ်းနည်းရမဲ့

သူ နောင်အဖို့လည်းမရှိသလို..အရင်ကလည်း မရှိပါဘူးတဲ့..ပြီးတော့ ဒီဒဏ်ရာကြီးနဲ့ ဒီလိုအခြေအနေမှာ သက်ဆိုးရှည်တော့မှာမဟုတ်

လို့ ဒီတာဝန်ကို အမိမြေအတွက် နောက်ဆုံးအနေနဲ့ ထမ်းဆောင်ပါရစေတဲ့…အဲ ..သူ့ကိုငါပေးထားတဲ့ ကတိလေးတော့ မမေ့ပါနဲ့တဲ့လေ..

အဲဒီပြောပြီး ငါလည်း သူ့ကို ဘာမှတောင် ပြန်မပြောနိုင်ခင်..ငါ့လက်ထဲက ရိုင်ဖယ်ကို အတင်းဆွဲလို့ ဘန်ကာဘက်ကို ဂမူးရှူးထိုးပြေး

ထွက်သွားတော့တာပဲဟေ့..အဲဒီလိုပြေးသွားရင်း အမိမြေ အဓွန့်ရှည်ပါစေ ဆိုပြီး အသံနက်ကြီးနဲ့ အော်သွားသေးတာ..”

အဘိုးကြီးက ခဏနားနေတယ်။

“သူ့ရဲ့နောက်ဆုံးလက်ကျန်ခွန်အားက ဘီလူးတစ်ကောင်လိုပဲ..ရန်သူသုံးယောက်ကို လှံစွပ်နဲ့ ထိုးသတ်ပြီး..စက်သေနတ်သမားကို ဆက်

ပြီးထိုးတယ်..သူ့ရင်ဘတ်မှာလည်း သေနတ်ဒဏ်ရာတွေ ပြည့်လို့..ပြီးတော့ ငါ့မျက်လုံးရှေ့မှာပဲ သူလဲကျသွားရှာတယ်..လက်ထဲမှာတော့

သေနတ်ကို မြဲမြဲကြီးဆုပ်လို့..”

ကျွန်တော့်မျက်လုံးထဲမှာ ကျည်ဆံတွေ မော်တာပေါက်ကွဲသံတွေကြားကနေ ရန်သူ့ဘန်ကာဆီကို အသေခံပြီး ရဲရဲကြီး ပြေးတက်သွားတဲ့ ခါနေးလ်ကို မြင်

ယောင်လာတယ်..။ကျွန်တော့်နားထဲမှာ စစ်ပွဲက သေနတ်သံတွေ မော်တာသံတွေ ပဲ့တင်ထပ်လာတာ အခု ဒီအခန်းထဲမှာပဲ ဖြစ်သွားခဲ့သလိုမျိုး။လေးစား

အားကျတဲ့စိတ်နဲ့ ဝမ်းနည်းတဲ့စိတ်ကို ကျွန်တော်တစ်ပြိုင်နက်တည်း ခံစားလိုက်ရတယ်။ အဘိုးကြီး ဘယ်လ်ဝမ် ဆင်းဂ် က ဆက်ပြောတယ်။

“ငါ့မှာ..အဲဒီနေရာမယ် နှစ်နာရီလောက် ကျောက်ရုပ်ကြီးလိုရပ်နေမိတယ်…ငါ့တပ်ကို ပြန်သွားဖို့ ညွှန်ကြားချက်ကလည်း ရှိနေတယ်..ဒါ

ပေမဲ့..ငါ့မှာ ခါနေးလ်ကို ကတိခံထားက ရှိတယ်မို့လား..သူ့အသံကိုတောင် နားထဲမှာ ချက်ချင်းကြားယောင်လာမိတယ်..သူ့အလောင်း

ကို ငါမြင်နေရပေမဲ့..အဲဒီမှာ ရန်သူတွေ ဘယ်လောက်ရှိဦးမလဲဆိုတာ ငါမသိဘူး..ငါ့အဖွဲ့မှာ ငါက နောက်ဆုံးကျန်ခဲ့တဲ့သူ..”

 

“မနက်သုံးနာရီလောက်မှာတော့ သေနတ်သံတွေ စဲသွားတယ်..တစ်လောကလုံးတိတ်ဆိတ်နေလိုက်တာမှ..ပိုပြီးတောင် ကြောက်စရာ

ကောင်းလာသလိုပဲ..ရုတ်တရက် လေပြင်းတစ်ချက်ဝှေ့လိုက်တော့ အနီးအပါးက သစ်ပင်တွေ လှုပ်ရမ်းပြီး အသံသဲ့သဲ့ထွက်လာတယ်..

ငါလည်း တစ်လက်မချင်း ဘန်ကာဘက်ကို ဝမ်းလျားထိုးပြီး တိုးသွားတယ်..ဘန်ကာနဲ့က ပေနှစ်ရာလောက်တော့ ရှိမလားပဲ..အဲဒီအချိန်

မှာ ငါ့ရှေ့ဘက်က ခြေသံလိုလိုကြားမိလိုက်တာ..အဲဒါနဲ့ ငါလည်း သေချာအာရုံစိုက်ပြီး နားထောင်မိတယ်..ငါ့နှလုံးခုန်သံတောင် ကောင်း

ကောင်းကြီး ပြန်ကြားနေရတယ်ကွာ..ငါလည်း ခြေသံကြားရာဘက် မှန်းပြီး သေနတ်ကို အသင့်ချိန်ထားတယ်..သေနတ်ပစ်ရတဲ့

အခြေအနေမျိုးမရောက်ပါစေနဲ့လို့ လည်း စိတ်ထဲက ကြိတ်ပြီး ဆုတောင်းနေမိတာ…အမှောင်ကြီးထဲ သေနတ်ထပစ်မိလို့ကတော့

ကိုယ့်နေရာ ရန်သူက ချက်ချင်းသိသွားမှာ မဟုတ်လား..ငါ့မှာ ကိုယ့်အသက်ရှူသံကိုတောင်ကြားမှာစိုးလို့မျှင်းပြီး ရှူနေရတယ်..

အဲဒီလိုနေတုန်း..ပျော့စိစိ ရှည်မျောမျောအရာတစ်ခုက ငါ့ကျောပေါ်တက်လာတာ ငါခံစားလိုက်မိတယ်..ဟာ..အဲဒါ မြွေနဲ့တူတယ်..

ဖြစ်ချင်ရာဖြစ်ဆိုပြီး ထခါထုတ်လိုက်ချင်တဲ့စိတ်ကို မနည်းကြီး ထိန်းထားရတာဟေ့..အမလေး..လှုပ်ရင်လည်း ရန်သူက သိမှာ

ကြောက်..ဒီအတိုင်းဆိုတော့လည်း မြွေကို အသဲယား..ငါ့ကို  မကိုက်ပါစေနဲ့လို့ပဲ မျှော်လင့်ရတော့တာ..အဲဒီခဏတာဟာ တစ်ကမာ္ဘ

လောက်ကြာတယ်လို့ စိတ်ထဲထင်မိတယ်..တော်တော်ကြာတော့ မြွေက လျှောဆင်းသွားတယ်လေ..အဲဒီကျမှ သက်ပြင်းခိုးချရတာ..

ကျောမှာလည်း ချွေးတွေ နစ်နေတာပဲ..သေနတ်ကို ဆုပ်ထားတဲ့လက်ချောင်းလေးတွေကလည်း တောင့်တင်းပြီး ကိုက်ခဲလာတယ်..

ငါ့ရိုင်ဖယ်တစ်ခုလုံးကို ခဲနဲ့ လုပ်ထားသလို လက်ထဲမှာ တအားလေး လာတာပဲ..ဟော..ခြေသံကို ကြားရပြန်ပြီ..တဖြည်းဖြည်းနီးလာ

တဲ့အသံ..အမှောင်ထဲကို မျက်လုံးဖြဲပြီး ငါကြည့်မိတယ်..ရန်သူ့ရဲ့အရိပ်အခြေလေးများမြင်မိမလား ဆိုပြီးတော့လေ..ဒါပေမဲ့ ဘာမှ

မမြင်ရဘူး..အသံကြားရပြီး ဘာမှမမြင်ရတော့ တစ္ဆေအခြောက်ခံရတဲ့သူလို ငါခံစားလာရတယ်..သေမင်းက ငါ့အနားမှာ လူးလာ

ခေါက်တုန့်နဲ့ ခြေသံပေးနေသလိုလို..သတ်မလား ..သေမလား တစ်ခုခုတော့ ဖြစ်တော့မယ်..ဖျိုးဖျိုးဖျောက်ဖျောက်အသံနဲ့ အသက်

ရှူသံ သဲ့သဲ့ကို ကြားမိလိုက်တယ်..ငါလည်း စိတ်ထဲမှာ တပင်တပန်းနဲ့ စောင့်နေမိတာ..ကိုယ့်ဟာနဲ့ကိုယ်..ထပစ်မလား စောင့်မလား

ဝေခွဲမရဘူး..အဲဒီမှာ မီးစလေးလား ဘာလားမသိဘူး..ရဲခနဲ မျက်လုံးထဲ မြင်မိလိုက်တာ..ရန်သူရဲ့ အရိပ်အယောင်ကိုတော့ မြင်မိပြီ..

ခေါင်း..ခေါင်းကျတော့ အမှောင်ထဲ မြုပ်နေလို့ သေချာမမြင်ရဘူး..ခေါင်းမပါတဲ့ သရဲတစ်ကောင်လားတောင် ဗြုန်းခနဲထင်မိလိုက်သေး..

သရဲမဟုတ်တာတော့ သေချာပြီ..ပေနှစ်ဆယ်လောက်ပဲဝေးတော့တာ..သည်းမခံနိုင်တဲ့အဆုံး မြက်ပင်တွေကနေခုန်ထပြီး လှံစွပ်ကို

တည့်တည့်ကြီးရှေ့မှာထားလို့ တအားပြေးထွက်မိတော့တာပဲ..အစစ်ပဲ..အဲဒါ ပါကစ္စတန် စစ်သားတစ်ယောက်ကွ..ဆေးလိပ်လေး

ပါးစပ်မှာခဲပြီး သေးပေါက်မလို့လုပ်နေတာ..ငါလည်း သူ့ကိုနောက်ကနေ သေနတ်နဲ့ ရိုက်လှဲတော့မလို့ လုပ်နေတုန်း သူက ဖျတ်ခနဲ

ငါ့ဘက်လှည့်လာတယ်လေ..ငါ့ကိုလည်း ဗြုန်းခနဲတွေ့ရော သူ့သေနတ်ကို လွှတ်ချပြီး လက်အုပ်ချီမိုးလို့ တောင်းပန်ရှာတယ်..

ကျွန်တော့်ကို မသတ်ပါနဲ့..တောင်းပန်ပါတယ်..တောင်းပန်ပါတယ်…ဆိုတော့ ငါက..မင်းတို့လူတွေ ဒီနားမယ် ဘယ်လောက်ရှိသေး

လဲလို့ မေးတာပေါ့..သူက မသိဘူးတဲ့ သူတပ်နဲ့ သူကွဲလာတာတဲ့..ခု သူ့တပ်ကို ပြန်သွားဖို့ကြိုးစားနေတာတဲ့လေ..ပြီးတော့သူ့ကို

မသတ်ဖို့ ငိုပြီး တောင်းပန်ပြန်တယ်။ ငါကလည်း မင်း ဘာဖြစ်လို့ မသတ်ရမှာတုန်း..မင်းက ရန်သူပဲဟာကို လို့ဆိုတော့..သူက

ရန်သူပေမဲ့လို့ သူလည်း ငါ့လို့ လူသားတစ်ယောက်ပါပဲတဲ့..သူ့မှာ ဇနီး နဲ့ သမီးနဲ့ ရှိပါတယ်တဲ့..သမီးကလေးကလည်း မကြာသေး

ခင်က မှမွေးတာပါတဲ့..သူ့သမီးလေး မျက်နှာ မမြင်လိုက်ရဘဲ သူမသေချင်ပါဘူးတဲ့ကွာ..”

 

“သူ အဲဒီလိုပြောတော့ ငါလည်း ပျော့သွားတယ်..ငါ့မှာလည်း ဇနီးနဲ့ မျက်နှာလေးတောင် မမြင်ဘူးသေးတဲ့ သားကလေးတစ်ယောက်

ရှိတယ်မို့လား..။အဲဒီအကြောင်း ရန်သူစစ်သားကိုပြောပြလိုက်သေးတယ်။သူက ခင်ဗျားမယ်လည်း အဲဒီလိုဆိုတော့ ကိုယ်ချင်းစာပေး

ပါ ဆိုပြီး တောင်းပန်ပြန်တယ်။ငါက သူ့ကိုထပ်မေးတာက..မင်းသာ ငါ့နေရာမှာဆို ငါ့ကို သတ်မလား လွှတ်ပေးမလို့ဆိုတော့ သူက

အထစ်ထစ်အငေါ့ငေါ့နဲ့ သတ်ရမှာပေါ့ဗျာ..တဲ့..အဲဒီတော့ ငါက ကိုင်း ..သိပြီမို့လား..တို့နှစ်ယောက်လုံးက စစ်သားတွေ..ဒီတော့

တို့အလုပ်ကို သစ္စာရှိရှိ ထမ်းရွက်ရမှာပေါ့..လို့..နောက်ပြီးတော့ မင်းကို ကတိပေးနိုင်တာက မင်းတို့ ဘာသာထုံးစံအတိုင်းကောင်း

ကောင်းမွန်မွန် သဂြုႋဟ်ပေးပါမယ်လို့ ပြောလိုက်တာပဲ..နောက်တော့ ..မျက်တောင်တစ်ချက်မခတ်ပဲ..လှံစွပ်နဲ့ သူ့နှလုံးသားတည့်

တည့်ကို ထိုးထည့်ပြီး..”

မစ္စစ် ဒမ်းမဲလ် ရဲ့ တအိအိနဲ့ ငိုရှိုက်သံက ထွက်လာတယ်။

မစ္စတာ ရှိက်ခ် လည်း ရင်တုန်ပန်းတုန်ဖြစ်နေတာပါပဲ။အဲဒါနဲ့ အဘိုးကြီး ဘယ်လ်ဝမ် ဆင်းဂ် ကို –

“ခင်ဗျားဗျာ…အဲဒီလောက်ကြီး သရုပ်ပေါ်အောင်ပြောစရာမလိုပါဘူးဗျ…ဒီမယ် ကလေးတွေ မိန်းမသားတွေ ရှိနေတာဗျာ..

ကျုပ်သားလေး အဲဒီလို သွေးသံရဲရဲ သတ်တာဖြတ်တာတွေကြားပြီး အိပ်မက်ဆိုးတွေ မက်နေမှဖြင့်..”

မစ္စတာရှိက်ခ် က ပူတူး နားနှစ်ဘက်ကို သူ့လက်နှစ်ဘက်နဲ့ လှမ်းပြီး အုပ်လိုက်သေးတာ။အဘိုးကြီးက ဟွန်း ဆိုပြီး နှာခေါင်းရှုံ့တယ်။

“ဟ..စစ်ဆိုတာ သူရဲဘောနည်းတဲ့သူတွေအတွက်မဟုတ်ဘူးကွ…အေး ..ဒါပေမဲ့လို့ လူငယ်လေးတွေအတွက် စစ်ဆိုတာ

ဘာလဲ..သေသေချာချာ သိထားသင့်တာမျိုးလား…နော်..စစ်တိုက်တယ်ဆိုတာ တကယ့်ကိစ္စကြီးကွ..အသက်တွေရင်းပြီး

လုပ်ရတဲ့ တကယ့်သေရေးရှင်ရေး ကိစ္စကြီးဆိုတာ သူတို့ နားလည်ဖို့ပဲ..”

“အဲဒါနဲ့ နောက် ဘာဆက်ဖြစ်လဲ ပြောပါဦးဗျ..” မစ္စတာ ဝါဂဲလ် က စကားကို ပြန်ဆက်ခိုင်းတယ်။

2 comments

  • windtalker

    November 21, 2011 at 12:59 pm

    ဖတ်ရင်း တန်းလန်း နဲ ့ကိုယ့်ကျောကို လက်နဲ ့ပြန်စမ်းမိတယ်
    တော်သေးတာပေါ့ ။ ဘာကောင်မှ မရှိလို ့….
    ကိုဘလှိုင်ရေ ၊ ဒီတစ်ခါ ဘယ်လောက် ထပ်စောင့်ရဦးမလဲ ဗျို ့

  • MaMa

    November 21, 2011 at 3:46 pm

    ရေးထားတာ သရုပ်ပေါ်လွန်းလို့ အသက်တောင် ဖြေးဖြေးရှုပြီး ဖတ်ရတယ်။ 😀

Leave a Reply