မလေးရှားသို့ တစ်ခေါက်တစ်ခါ (၁)

Diamond KeyNovember 26, 20111min31413

မလေးရှားသို့ တစ်ခေါက်တစ်ခါ (၁)

မလေးရှား……………..မလေးရှား၊ ဪ…………အတိတ်က အကြောင်းများကို  သတိရ နေမိတော့တယ်။ အမိမြေမှာ ကိုယ်အတွက် ငွေကရှားနေတော့ ရှာရလွယ်မလားလေ ဆိုပြီး ပတ်ဝန်းကျင်က လူငယ်တွေ သွားနေကြတယ်ဆိုတဲ့ မလေးမြေကို ထွက်ချင်လာခဲ့မိတယ်။ အများလူငယ်တွေက နိုင်ငံခြားထွက် ငွေရှာကြပြီး မြန်မာပြည်ပြန်ပို့ကြ ဆိုတဲ့ သတင်းတွေက ပတ်ဝန်းကျင်မှာတွေ့နေရ၊ ဘယ်လမ်းက ဘယ်သူ့သားလေးက သွားပြီး နှစ်နှစ်လောက်မှာ သူ့မိဘတွေက အိမ်ဝယ်တယ်၊ ကားဝယ်တယ် ဘာညာကြားရတော့လည်း အားတွေကျနဲ့ပေါ့ (မကောင်းသတင်းကြားရင် နားမထောင်ဘူး အဲဒီတုန်းကတော့)။ နောက်ပြီး လူငယ်ဆိုတော့ နိုင်ငံခြား တစ်ခေါက်လောက်တော့ စွန့်စား ရောက်ဖူးရမယ်ရယ်ပေါ့။

မလေးမြေ ရွေးတာကတော့ ကိုယ့်မှာ (မိဘမှာ) က ပေးစရာ ပိုက်ဆံမရှိတော့ ငွေနဲနဲနဲ့ ထွက်လို့ရတဲ့ နိုင်ငံ၊ ဗမာတွေ အတွက်လည်း အဆင်ပြေပြေနေလို့ရတယ်၊ အနေအထိုင်အစားအသောက် က အစမခက်ခဲဘူး၊ အလုပ်ရှာရတာ လွယ်တယ် ဘာညာသတင်းတွေကလည်း ရှိနေလို့ပါ။ မလေးထွက်မယ်ဆိုရင် အဲဒီအချိန် (၁၉၉၉ ခုနှစ် အကုန်ပိုင်း) လောက်က ၁ဝ သိန်း ၁၂ သိန်း (၁၂ သိန်းဆိုတာက အပေါ်လမ်းက သွားရမှာမို့ ၊ အပေါ်လမ်း ဆိုတာက လေကြောင်းလမ်းနဲ့ မလေးကို ဝင်မှာ၊ အဲဒီခေတ်က ခုခေတ်လို အေးဂျင့်  က အလုပ်ရှာပေးတဲ့ လုပ်ငန်းတွေက လည်း မရှိသေး၊ မိမိ အစီအစဉ်နဲ့သာ သွားကြရတာ) ဆိုတော့ ဟိုကဒီက နဲနဲစီ ဆွဲရင် ရမယ်ဆိုပြီး တွေးထားတယ်။ ဒီလိုနဲ့ ကိုယ်မှာ ရှိတာလေးတွေစု (ရောင်းစရာ လေးတွေရောင်း)၊ ကိုယ်ပေါ်ကောင်းတဲ့ ဆွေမျိုးတွေ ဆီကနေ နဲနဲစီလိုက်စု (လိုက်စုဆိုတာက လိုက်ချေးရတာ၊ ဟိုရောက်လို့ ပိုက်ဆံရရင် ချင်းချင်းပြန်ပေးပ့ါမယ် ဆိုတဲ့ ကတိတွေနဲ့) ပြီး လိုအပ်တာတွေ စလုပ်ရပါတယ်။ ဒီလိုသွားဖြစ်သွားတာကလည်း မလေးမှာ အလုပ်သွားလုပ်နေတာ ကြာပြီဖြစ်တဲ့ ဆွေမျိုးနီးစပ်ထဲ တစ်ယောက်က အကြောင်းတစ်ခုကြောင့် မြန်မာပြည်ပြန်လာတုန်း အပြန်ခေါ်နေတာကလည်း ပါတယ်ပေါ့။ သူက ၅နှစ်လောက် နေခဲ့ဖူးပြီဆိုတော့ သူနဲ့ လိုက်သွားရင် စမ်းတဝါးဝါးနဲ့ သွားရသူတွေထက် အရာရာ အဆင်ပြေမယ်လေ။ (မိဘတွေကလည်း ဒီအချက်ကြောင့် စိတ်ချကြတယ်)။

အဲဒီမှာ ပြောစရာရှိတာက သူက ၅နှစ်လောက် မလေးမှာ နေထိုင် အလုပ်လုပ်ခဲ့ပြီ ဆိုပေမယ့် တရားဝင် နေထိုင် လုပ်ကိုင်ခဲ့တာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူက မလေးမှာ ဒီလိုပဲ မြန်မာတွေ၊ အင်ဒိုနီးရှားတွေ၊ အခြားသော နိုင်ငံခြားသားတွေလည်း အဆင်ပြေပြေ နေနေကြတယ်၊ မလေး ရဲတွေ၊ မလေး ဝန်ထမ်းတွေ ဆိုတာကလည်း မြန်မာတွေ လိုပဲ လာဘ်ပေးလို့ ရတယ် (ဒီအကြောင်းတွေ နောက်မှာ ပြောပြပါမယ်)၊ ဒီလိုပဲ နေနေကြတာ နေရာတိုင်းမှာ တရားမဝင်နေတဲ့ မြန်မာတွေက များမှများပဲ လို့ပြောပါတယ်။ သူဆိုရင် တစ်လ လေးသိန်းလောက် လစာရခဲ့ကြောင်း၊ ဒီတစ်ခေါက် ပြန်လာတော့ သိန်း ၂ဝ လောက်လည်းပါလာပြီး ကိုယ့်ရှေ့မှာ သုံးပြနေတော့ အဲဒီတုန်းက ဘွဲ့ရလေး ကျွန်တော့်မှာ ကုမ္ပဏီ လစာ ၃သောင်း လောက်လေးရတာ ဆိုတော့ အရမ်းစိတ်တွေ တက်ကြွပြီး တရားဝင်ဝင် မဝင်ဝင် သူတို့တောင် သွားနိုင် ၊ လုပ်နိုင်တာ လိုက်မယ်ပေါ့။ သူကလည်း ကိုယ့်ဆွေမျိုးနီးစပ်ဆိုတော့ တစ်ကယ်ကို ကိုယ့်ကိုစေတနာထား ခေါ်နေတာလည်းပါ ပါတယ်။ သူဆို ဘယ်နိုင်ငံခြား ဘာသာစကားမှ မတတ်၊ ဘာဘွဲ့မှမရပဲတောင် ဒီလို လုပ်နိုင်သေးတာ ကျွန်တော်ဆိုရင် လက်ရှိ ကုမ္ပဏီမှာလည်း လုပ်နေသူ၊ ကွန်ပြူတာ၊ အင်္ဂလိပ်စကားလည်း အတိုင်းအတာတစ်ခုရနေတာ ဟိုရောက်ရင် လုံးဝ အဆင်ပြေမှာ သေချာတယ် လို့လည်း အားပေးပါတယ်။

သွားဖို့ပြင်ဆင်ကြတော့ နိုင်ငံကူးလက်မှတ်လျှောက်ရတယ်။ (ဒီကိစ္စ အသေးစိတ်တွေတော့ မရေးပြနေတော့ပါ)။ ကျလာတော့ တိုးဗီဇာတင်တယ်။ တိုးဗီဇာက မလေးကို ရက် ၃ဝ တရားဝင် ဝင်ခွင့်ရမယ် ဆိုတော့ မလေးမြေကို ရောက်မှ အို ( Over Stay) လိုက်မယ်ပေါ့။ အဲဒီခေတ်ကတည်းက အောက်လမ်း (ထိုင်းနယ်စပ်ကို ဖြတ်ပြီး မလေးကို တရားမဝင် ဝင်ရမှာ) က သွားရင် ဖြစ်တတ်တဲ့ အန္တရာယ်တွေ ကို မိဘတွေကလည်း ကြားဖူးထားကြတာ ဆိုတော့ အပေါ်လမ်း သွားရမှာကိုတော့ စိတ်ချကြပါတယ်။ ဒီနေရာမှာ ပြသာနာက ဟိုတစ်ယောက်ကလည်း ပထမ တစ်ခေါက်သွားတုန်းက အောက်လမ်းက သွားခဲ့တာ ဆိုတော့ တိုးဗီဇာနဲ့ ဝင်ရမယ့် အပေါ်လမ်းကြောင်း အကြောင်းတွေ အတွေ့အကြုံ မရှိလေတော့ လုပ်ပေးမယ့် လူ (ပွဲစားပေါ့) ကို လိုက်ရှာ စုံစမ်းကြရပါတယ်။

ပွဲစားလောကမှာကလည်း လူလိမ်တွေ ရှိတာဆိုတော့ ကိုယ့်မရှိမဲ့ ရှိမဲ့ လိုက်ချေးထားရတာလေးတွေ အလိမ်ခံရမှာ ကိုလည်း  စိုးရိမ်ရနဲ့ပေါ့။ နောက်ဆုံးမှာ စိတ်ချရတဲ့ ပွဲစားကို တွေ့ပြီး အပြီးအစီး လေယာဉ်ပေါ် တက်ရတဲ့ အထိကို ၁၂ သိန်းနဲ့ ဈေးတည့်ပြီး အပ်လိုက်ပါတယ်။ နောက်ပြီး ကြားဖူးထားတဲ့ ပွဲစားက ဗီဇာ အတုကပ် (လုပ်) ပေးလိုက်လို့ မလေးလေဆိပ် ရောက်မှ အရေးယူခံရတာ၊ ပြန်လွှတ်တာတွေ မဖြစ်အောင် ပွဲစားနဲ့ သေချာအောင် ဆွေးနွေးရပါတယ်။ သေချာအောင်သာ ဆွေးနွေးရတယ်ဆိုပေမယ့် ဒီပွဲစားကို သူပို့ပေးလို့ မလေးရောက်နေတဲ့ အသိတွေက ချိတ်ဆက်ပေးတာ ဆိုတော့ အများကြီး စိတ်ချရပါတယ်လေ။ အတူသွားရမယ့် သူကတော့ ဟိုမှာ ၅ နှစ်လောက် ကျင်လည်ခဲ့ပြီးသူ ဆိုတော့ မလေးရောက်လို့ လေဆိပ်ကသာ တရားဝင်ထွက်နိုင်ရင်ရပြီလို့ ပွဲစားကို ဆိုပါတယ်။ ပွဲစားကလည်း OK ပေ့ါ။ ဒီလိုနဲ့ စလုပ်ချိန်ကနေ ၃လလောက် အရောက်မှာတော့ ပွဲစားက မလေးကို တိုးဗီဇာ ဝင်ခွင့် ကပ်ထားတဲ့ ကိုယ်တို့တွေရဲ့ ပါတ်စ်စပို့ တွေကို လက်ရောက်အပ်ပါတော့တယ်။ ဒီအဆင့်ထိ ရောက်လာတာမှာ ပါတ်စ်စပို့ စလုပ်တုန်းက တစ်ခါပဲ ကိုယ်တိုင် လိုက်ပေးလိုက်ရပြီး နောက်အဆင့် အားလုံးကို ပွဲစားကချည်း (ပိုင်ချက်ကတော့) ကိုယ်မပါပဲ လုပ်သွားခဲ့လေတာ ဆိုတော့ မလေးဝင်ခွင့်ဗီဇာကို သေချာအောင်ဆိုပြီး ပွဲစားမသိအောင် နှစ်ယောက်သား သံရုံးသွားပြီး စစ်လိုက်ကြသေးတယ်။ အားလုံးစိတ်ချရမှ ပွဲစားကို နောက်ဆုံး လက်ကျန်ငွေပေး၊ လေယာဉ်လက်မှတ်တွေယူနဲ့ မလေးမြေ မနင်းရသေးခင်မှာပဲ ၁၂ သိန်းကုန်ပါတယ်။

ဒီလိုနဲ့ မလေးဌာနေကို သွားရမယ့်ရက် ရောက်လာခဲ့ပါတယ်။ မလေးရှား လေကြောင်းလိုင်း က လေယာဉ်ပျံကြီး လေပေါ်စရောက်တော့ အောက်က ရန်ကုန်မြေ (အမိမြန်ပြည်) ရယ်၊ ဘုရားကျောင်းစေတီတွေရယ်ကို လက်အုပ်လေးချီ ကန်တော့ရင်း နောင် ၃နှစ်ကြာမှ ပြန်လာခွင့်ရတော့မှာ ပါလားလို့ အားငယ်စွာနဲ့ တွေးလိုက်မိပါသေးတယ် (နောက် ၃နှစ်လို့ ဆိုရတာက ကိုယ်က ဟိုမှာ ၃နှစ် လုပ်မယ်လို့ ဆုံးဖြတ်ထားလို့) ။ မိဝေးဘဝေး တိုင်းတပါး ဒေသတစ်ခုကို ကိုယ်အားကိုယ်ကိုးပြီး သွားရမှာရယ်၊ ရှေ့မှာ ဘယ်လိုအခြေအနေတွေ ရင်ဆိုင်တွေ့ရမယ် ဆိုတဲ့ ကြိုမမြင်ရတာတွေ အတွက် တွေးရင်း အောက်မှာ မြင်နေရတဲ့ အမိမြေကို ငေးကြည့်နေမိပါတယ်။ စိတ်ထဲမှာတော့ ဝမ်းနည်းနေသလိုလို ဘာလိုလို၊ ရွှေတိဂုံဘုရားကြီးကို ရည်မှန်းကာ နောက်သုံးနှစ်မှာ အန္တရာယ်ကင်းစွာနဲ့ အမိမြေကို ချောချောမောမော  ပြန်လာခွင့် ရပါစေလို့လည်း ကန်တော့ ဆုတောင်းနေမိတယ်။ နှတ်ဆက်ခဲ့ပါတယ် မြန်မာပြည်။

PS – တစ်ချိန်တစ်ခါက မလေးမြေကို ရောက်ခဲ့ဖူးလေသူ အညတရ မြန်မာတစ်ယောက်ရဲ့ မလေးရောက် အတွေ့အကြုံများ  အသေးစိတ် ပြန်ပြောပြတာလေးတွေကို မှတ်တမ်းယူ၊ ခွင့်ပြုချက်တောင်းကာ ရေးဖွဲ့ထားပါတယ်။

 

13 comments

  • koyinmaung

    November 26, 2011 at 10:45 am

    ဆက်ရေးပါ…
    အားပေးနေပါတယ်…

  • inz@ghi

    November 26, 2011 at 10:51 am

    အားပေးဒယ်ဗျို့….
    လုပ်ပါ…
    ဒါမိုးတွေချို
    ပျံကျားရေး ဝန်ချီးက အော်တို ဆင်ဆာကင်းလွတ်ခွင့် ပေးပီးတား…

    ပုံ
    ကျောချမ်း

    • Diamond Key

      November 26, 2011 at 11:09 am

      နော့်ဘဘ ပုံကြီးနဲ့ ချိန်းချောက်နဲ့နော်……ကြောက်ကြောက် 😡
      😀

  • thit min

    November 26, 2011 at 11:18 am

    ဓာတ်ပုံနဲ့ ကိုစိန့်သော့ တွဲရက်မမြင်ရလို့ ဟာတာတာကြီး။
    မလေးရှား ရောက်ဓာတ်ပုံလေးတွေ ကိုစိန်သော့တင်ဘူးတယ်လို့တော့ ထင်တာဘဲ။
    မေ့သွားပြီ။

    • Diamond Key

      November 26, 2011 at 12:13 pm

      ပုံတွေပါဘူး ဆရာသစ်ရေ၊ 😀
      PS – တစ်ချိန်တစ်ခါက မလေးမြေကို ရောက်ခဲ့ဖူးလေသူ အညတရ မြန်မာတစ်ယောက်ရဲ့ မလေးရောက် အတွေ့အကြုံများ အသေးစိတ် ပြန်ပြောပြတာလေးတွေကို မှတ်တမ်းယူ၊ ခွင့်ပြုချက်တောင်းကာ ရေးဖွဲ့ထားပါတယ်။ 😳
      နော်ရောက်တုန်းကပုံတွေ ကျပြန်တော့လည်း သူများတွေ ရိုက်ပေးတာများတော့ (နော်ပုံပါနေတယ်) တင်လိုက်ရင် ရွာထဲက ညီမလေးတွေ၊ မမတွေ၊ မမကြီးတွေ၊ TTတွေ၊ ဘွားလေးတွေ အကုန်ဝိုင်းဒေါင်းနေလို့ သဂျီးဆာဗာ ၂၅ နာရီ လေးနေမှာ စိုးမိတယ်…စိုးမိတယ်……….စိုးမိတယ်……….။ (ကိုရင်စကားယူသုံးထားတာ 😆 ) :mrgreen:

  • windtalker

    November 26, 2011 at 11:54 am

    ဒါဆို ဇါတ်လမ်းက အခုမှ အစ ရှိသေးတာပေါ့နော်

  • ကြောင်ကြီး

    November 26, 2011 at 12:11 pm

    မလေးရဲတွေကို လာဘ်ထိုးရတာ အသေးစိတ်ရေးပါအုံး။ မြန်မာပြည်ကရဲတွေ အားတက်သွားအောင်။ နို့မို့ဆို ပြောနေလိုက်ကြတာ မြန်မာရဲတွေပဲ ပါးစပ်ပါတဲ့အတိုင်း။။။။

  • kyawtheinmyint 23

    November 26, 2011 at 4:09 pm

    မလေးရဲတွေအကြောင်းပြောရမယ်ဆိုရင်တော့ အိုဗာစတေး တယောက်ဖမ်းမိရင် စတောင်းတာကတော့ ရင်းဂစ်၂ထောင်လောက်ကစတောင်းတာ ဈေးဆစ်ရင်း ငိုပြရင်းနဲ့ နောက်ဆုံး ကိုယ့်ဆီမှာ ၅ဝရင်းဂစ်ဒါမှမဟုတ်၁ဝရှိ၁ဝယူပြီး ပိုက်ဆံနဲတဲ့အတွက် ဖမ်းမိသူကို ဟိုမရောက်ဒီမရောက် နေရာမှာချထားခဲ့တာများတယ်။ အထူးသဖြင့်ထမင်းစားချိန်တွေဆို ပိုဆိုးတယ် ၃ရင်းဂစ်လောက်ရလဲ သူတို့အတွက်တော့ok။ ၂၀၀၃နောက်ပိုင်းမှာပိုဆိုးလာတယ် တရားဝင်ရော/တရားမဝင်အိုဗာစတေးရော အကုန်လုံးဆီကနေ ရသလောက် ယူတော့တာပဲ။ ရှိတာအကုန်ယူသွားလို့ လမ်းစရိတ်ပြန်တောင်းရင်လမ်းစရိတ်တော့ ပြန်ပေးခဲ့ပါတယ်။ မလေးမှာရဲ၂ခါလောက် အဖမ်းခံဘူးသွားရင် ရဲအထာသိပြီး ရဲမကြောက်တော့ပါဘူး ဒါပေမဲ့ ပိုက်ဆံတော့ဆောင်ထားပေါ့ သတိထားရမှာတော့ အဖွဲ့စုံပါဝင်တဲ့ အော်ပရာစီဖမ်းတာကိုပဲ သတိထားရမှာပါ။

  • MaMa

    November 26, 2011 at 8:56 pm

    ခုနောက်ပိုင်းဆို မိန်းကလေးတွေတောင် သွားကြတယ်။ တကယ်သွားဖူးတဲ့ အတွေ့အကြုံကို ပြောပြတာမို့ တော်တော်ဗဟုသုတ ရပါတယ်။ အကျိုးလည်း ရှိတယ်။

  • ကိုရင်စည်သူ

    November 26, 2011 at 9:12 pm

    အဲ့လို သူများနိုင်ငံရောက်သွားတဲ့..
    ရွှေတစ်ယောက်ရဲ့ ခံစားချက်ကို
    အသေးစိတ်ရေးပေးတာ ကောင်းတယ်ဗျာ..
    ဒါနဲ့ စကားမစပ်… (သဂျီးလေသံဖြင့်)
    ပတ်ဝန်းကျင်မှာ တင်္နလာသားများ ရှိရင် မလေးရှားနိုင်ငံမသွားပါနဲ့လို့ တားပေးကြပါ။
    တကယ်လို့ သွားရင်လည်း အရည်မရအဖတ်မရနဲ့ ခါလီ ပြန်ရပါလိမ့်မယ်…
    တင်္နလာသားနဲ့ မလေးရှားဟာ ဓါတ်မတည့်ကြောင်း ၊ အဆီအငေါ်မတည့်ပါကြောင့်
    ကိုရင်စေတနာနဲ့ ဗေဒင်ဟောပေးလိုက်ပါတယ်ဗျာ… 🙂
    (ကိုရင်ပြောတာ မယုံရင်လေ့လာကြည့်ကြပါ… တင်္နလာသားတွေ မလေးရှားသွားရင်
    တကယ့်ကို အဆင်မပြေစွာနဲ့ တပ်ခေါက်ပြန်လာကြတယ်ဆိုတာ တွေ့ရပါလိမ့်မယ်…)

    • Diamond Key

      November 28, 2011 at 9:14 am

      မလေးသွားမည့်သူများအားလုံး အမြန်မနှေး ကိုရင်စည်ထံ ဗေဒင်မေးကြပါ ခင်ဗျာ…… (ကြော်ငြာဝင်ချိန်) 😀
      စည်………စည်…………စည်စည်စည်…………………………စည် (ဗုံ…ဗုံ…..ဗုံဗုံဗုံ….ဗုံ အစား ပိုမြည်သည့် စည်) :mrgreen:

  • naywoonni

    November 26, 2011 at 10:21 pm

    ကိုရင်…။ ဘုန်းကြီးက ကျောင်းကနေ ဒုတ်နဲ့ စောင့်နေတယ်..။ ရောက်ရာနေရာက ပြန်လာခဲ့ပါတဲ့…။ 😀

  • nozomi

    November 28, 2011 at 10:42 am

    ခေါင်းစဉ်ကြည့်ပြီး ကိုစိန်သော့ကြီး ရေးတဲ့ပို့စ် ဆိုတော့ မလေး ပုံမိုက်မိုက်တွေ နဲ့ တွေ့ရပြီ ထင်နေတာ

    လူပုံပါတာလေး တစ်ပုံလောက်လဲ တင်ပေးပါလား ၊ လိုရ မယ်ရ ဆောင်ထားရအောင်ပါ 🙂

    ကိုယ်တွေ့ဆိုတော့ ဖတ်ရတာ အားပါတယ် နောက် ၂၊၃၊၄၊၅ တွေလဲ စောင့်ဖတ်နေပါမယ်

Leave a Reply