မေတ္တာရှင် ရွှေပြည်သာ နှင့် မစိုးရိမ်စာသင်သား တို့ ဓမ္မ၊ အဓမ္မ အငြင်းပွားမှု (၃)

uzinDecember 27, 20111min1443

နံပါတ်(၉)က မေတ္တာရှင်ရဲ့ ကိုယ်တွေ့အလုပ်ပေး ဝိပဿနာ တရားတော်များ အပိုင်း(၁) စာမျက်နှာ(၃၃)မှာ ဖော်ပြထားသော “ယောဂီတွေ ဘယ်လောက်ပင် သီလကုသိုလ်တွေရှိရှိ သူလည်းပဲ ကောင်းရာရောက်နိုင်သလို မကောင်းရာလည်း ရောက်နိုင်တာပဲတဲ့”ဟု ဟောကြားချက်ကို မစိုးရိမ်စာသင်သားက အောက်ပါအတိုင်း တုံ့ပြန် ထားပါတယ်။

“၎င်းရေးသားချက်အတိုင်း မှန်-မမှန်သံသယဖြစ်ဖွယ်ရှိပါသည်။ မည်သည့် ကျမ်းဂန်အရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျော်ပါသည်။ အဘယ်ကြောင့် ဆိုသော် သီလကုသိုလ်ကြောင့် အပါယ် ပဋိသန္ဓေ ဖြစ်ရခြင်း မည်သည် မရှိကောင်းပေ”

ဆရာတော် အရှင်ဓမ္မရက္ခိတ၏ သုံးသပ်ချက်မှာ သည်နေရာမှာတော့ မေတ္တာရှင်ဟာ “သီလ”ကို “ကုသိုလ်” အဆင့်လောက်ပဲ သိတာဟာ ဝမ်းနည်းစရာကောင်းတယ်လို့ ပြောရမှာပါ။ “သီလ ကုသိုလ်ကြောင့် အပါယ် ပဋိသန္ဓေဖြစ်ရခြင်း မည်သည် မရှိကောင်းပေ” ဆိုတဲ့စကား ပြောသူ မစိုးရိမ်စာသင်သားကတော့ သီလကို ဘယ်အဆင့်ကနေ့ ပြောနေတာပါ သလဲ။ သီလကို လူ့အခြေခံ ရပ်တည်ချက်တရားဆိုတဲ့ အသိအမြင်နဲ့ ပြောတာ ဆိုရင် မှန်ပါတယ်။

တကယ့်လက်တွေ့ ဗုဒ္ဓဘုရားဟောကြားထားတော်မူသော ဓမ္မစကြာ တရားတော်ကို ကြည်ညိုကြည့်လိုက်ပါ။ ဘာတွေ တွေ့ရမလဲ။ ရှေးဦးစွာ ရှောင်စရာ အစွန်းတရား(၂)ပါးကို တွေ့ရမယ်။ သည်မှာ (၃၁)ဘုံ လည်စေမယ့် တရားအားလုံး ရှောင်စရာ(၂)ပါး ထဲမှာ ပါဝင်နေတာကို သတိပြုရပါမယ်။ ပြီးရင် ကျင့်သုံးစရာ မဂ္ဂင်ရှစ်ပါး တရားတော်ကို တွေ့ရပါလိမ့်မယ်။ ပြီးရင် သစ္စာလေးပါး တရားကို တွေ့ရမှာပါ။ ဗုဒ္ဓဘုရား တရားမှန်ရင် သစ္စာ အထွဋ်တပ်လို့ ရနိုင်ပါတယ်။ သည်မှာ ဘာပြောချင်တာလည်း ဆိုတော့ ဗုဒ္ဓဘာသာ တရားတော်မှာ ကျင့်စရာဆိုလို့ မဂ္ဂင်ရှစ်ပါး တရားတော်ပဲ ရှိတာကို သိစေလိုတာပါ။

မဂ္ဂင်ရှစ်ပါး တရားတော်မှာ အခြေခံ ကျင့်သုံးရမှာက “သီလ”မဂ္ဂင် ဖြစ်ပါတယ်။ သီလမဂ္ဂင် ကျင့်သုံး ဆောက်တည်တယ်ဆိုတာ “သီလ”ကို ဆောက်တည်လိုက်၊ ဖျက်လိုက် လုပ်လို့ မရပါဘူး။ သီလ မပျက်စေရန် ဝါယမစိုက်ထုတ်ပြီး နေရတာပါ။ သတိကပ်ပြီး နိုးနိုးကြားကြား ဆင်ခြင်နေရတာပါ။ သီလပျက်ဖို့ အဦးမူနေတဲ့ စိတ်ဖြစ်ရင် သည်စိတ်ကို မောင်းနှင် ဖယ်ရှားပစ်ရမှာပါ။

သည်လို ကြိုးစားနေတဲ့ကြားက “သီလပျက်”ခဲ့ဦးမယ်ဆိုရင် သည်အပျက်ကို သင်ခန်းစာ ယုရပါမယ်။ သီလပျက်တဲ့ အဖြစ်ရဲ့ အနှစ်အသားမဲ့ပုံ၊ လူပုံအလယ် မတင့်မတယ် ဖြစ်ပုံတွေကို ကြည့်ပြီး၊ နောက်တခါ သီလ မပျက်ဖို့ အသိကပ်ရပါမယ်။ မပျက်တော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်ရပါမယ်။

သီလကို သည်လိုပွားများနေသူဟာ သီလပျက်ခြင်းအဖြစ်ရဲ့ ပျက်ဆီး၊ ဆိုးဝါး၊ အနှစ်အသားမဲ့ပုံတွေကို မြင်ပြီး သီလပျက်လိုတဲ့ စိတ်မိုက်၊ စိတ်ရိုင်းတွေကို ပယ်နိုင်မှာပါ။

လူဟာ မကောင်းတဲ့ အမူအကျင့်တွေ ပြုနေတယ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ ဒိဋ္ဌိအစစသော မကောင်းတဲ့ စိတ်တွေရှိနေလို့ပဲ ဖြစ်ပါတယ်။ မနာလိုတာတွေ၊ ဝန်တိုတာတွေ၊ အဘိဇ္ဈာတွေ မာယာတွေ သာဋ္ဌေယျတွေ ဆိုတာက သမုဒယအရိယသစ္စာမှာ အပါအဝင်ဖြစ်တဲ့ ကိလေသာတွေပါ။ သီလပြည့်စုံသူဟာ ကိလေသာ ဟူသော စိတ်ဆိုး၊ စိတ်ဆာတွေကို တားဆီးနိုင်မှာပါ။ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်တွေ ပြည့်စုံအောင် ပွားပြီးပြီဆိုရင် သီလ စင်ကြယ်မှုဟာ ပြည့်ဝလာမှာပါ။

မဂ္ဂင်ကို ပွားပြီး သီလပြည့်စုံပြီဆိုရင် အပါယ် ပဋိသန္ဓေတံခါး လုံးဝ ပိတ်ထားနိုင်ပြီ ဆိုရတော့မှာပါ။

 

 

နံပါတ်(၁၀)က မေတ္တာရှင် ရွှေပြည်သာရဲ့ ကိုယ်တွေ့ အလုပ်ပေး ဝိပဿနာ တရားတော်များ အပိုင်း(၁)စာမျက်နှာ(၂၂)မှာ ဖော်ပြထားသော “ယောဂီတို့ အဲလို ဘုန်းကြီးတစ်ပါး၊ ရဟန်းတော် တစ်ပါးတောင်မှ မကောင်းဆိုးဝါး သားစိမ်၊ ငါးစိမ်းစားတဲ့ သရဲဘဝ ရောက်သေးရင် ယောဂီတို့စောင့်တဲ့ ငါးပါးသီလ၊ ရှစ်ပါးသီလ ကုသိုလ် စိတ်ချရပါ့မလား။ စိတ်မချရပါဘုရား”ဆိုတဲ့ စကားကို မစိုးရိမ် စာသင်သားက အောက်ပါအတိုင်း တုံ့ပြန်ထားပါတယ်။

“၎င်းရေးသားချက်အတိုင်း မှန်မမှန် သံသယဖြစ်ဖွယ်ရှိသည်။ မည်သည့် ကျမ်းဂန်အရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျော်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကုသိုလ် ကြောင့် အပါယ် ပဋိသန္ဓေ ဖြစ်ရခြင်း မည်သည်မရှိကောင်းပေ”တဲ့။

မစိုးရိမ်စာသင်သားရဲ့ တုန့်ပြန်ချက်စကားဟာ သံသယငှက်ငယ်ကို လက်ထဲမှာ ဆုပ်ကိုင် ဝေဖန်ထားတာဖြစ်ပါတယ်။ ပြောသူကလည်း မိမိတကယ် မသိတဲ့ အရာတွေကိုပဲ အကြိမ်ကြိမ် ထပ်ပြောနေတယ်။ သည်လို ပြောနေတာဟာ သန္ဒိဋ္ဌိက တရားဂုဏ်တော် ချို့တဲ့ နေတာကို သတိပြုရမှာပါ။ ဗုဒ္ဓဘုရား ဟောကြားတော်မူသော တရားတော်တွေဆိုတာ သွက္ခတဓမ္မ၊ သန္ဒိဋ္ဌိကဓမ္မ၊ အကာဠိကဓမ္မ၊ ဧဟိပဿိကဓမ္မ၊ ဩပါနေယျိကဓမ္မ၊ ပစ္စတ္တံဝေဒိတဗ္ဗ ဓမ္မတွေနဲ့ ပြည့်စုံသော တရားတွေပဲ ဖြစ်ပါတယ်။ သည်လို မဟုတ်တဲ့ တရားတွေဟာ ဗုဒ္ဓဘုရား ဟောကြားတဲ့ တရားလုံးဝ မဟုတ်ဘူးဆိုတာ သတိထားရမှာပါ။

ငါးပါးသီလ၊ ရှစ်ပါးသီလ တရားတော်တွေဆိုတာ မိမိလောကီလို ကျင့်ရင် လောကီလို ဖြစ်မှာပါ။ မိမိက လောကုတ္တရာလို ကျင့်ရင် လောကုတ္တရာပဲ ဖြစ်မှာပါ။ သီလဆိုတာ ဘာသာတရားတိုင်းမှာ ရှိပါတယ်။ ရှိလည်း ရှိသင့်တဲ့ ကိုယ်ကျင့်တရားပဲ ဖြစ်ပါတယ်။ သီလ ဆိုတဲ့ ကိုယ်ကျင့်တရား မပါဘဲ ဘာသာတရားတည်ဆောက်လို့ မရပါဘူး။ ဘာသာတရား အသီးသီးရဲ့ သီလတည်ဆောက်မှု ရည်ရွယ်ချက်ခြင်းကတော့ ခြားနားပါတယ်။

ခရစ်ယာန်တွေက သေပြီး ဘုရားသခင်နဲ့ ပေါင်းစည်းနိုင်ဖို့နဲ့ ဘာမျှမဖြစ်ခြင်းငရဲသို့ မကျရောက်ဖို့ သီလဆောက်တည်ပါတယ်။

အစ္စလာန်တွေကလည်း သေပြီး ဘုရားသခင်နိုင်ငံရောက်ဖို့နဲ့ ဘာမျှမဖြစ်ခြင်း ငရဲသို့ မကျရောက်ဖို့ သီလဆောက်တည်ပါတယ်။ သူတို့ကတော့ သူတို့ ကိုးကွယ်သော ဘာသာ စော်ကားသူကို သတ်ရင် ဘုရားသခင်နိုင်ငံ တိုက်ရိုက်ရောက်တယ်ဆိုတဲ့ အယူရှိသေးတယ်။

ဟိန္ဒူတွေကလည်း သေပြီး မဟာဗြဟ္မာကြီးနဲ့ ပေါင်းစည်းဖို့၊ မြေကြီးအောက်က ငရဲမှာ မကျရောက်ဖို့ သီလ ဆောက်တည်ပါတယ်။

အများသိ ဗုဒ္ဓဘာသာတွေကလည်း သေပြီး လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ခံစားရဖို့၊ မြေကြီးအောက်က ငရဲမှာ မကျရောက်ဖို့ သီလဆောက်တည်ကြပါတယ်။ သည်လို ဆောက်တည်တဲ့ သီလတွေအားလုံး လောကီသီလတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမျှော်အကြောက်တွေနဲ့ တည်ဆောက်တဲ့ သီလဖြစ်နေလို့ပါ။ သီလကို အမျှော် အကြောက်နဲ့ တည်ဆောက်တာဟာ မခိုင်မြဲနိုင်ပါဘူး။

နောင်ဘဝ နတ်ချမ်းသာလိုချင်လို့  ရည်မျှော်ဆောက်တည်တဲ့ သီလဟာ ယခုဘဝမှာပဲ သီလကိုဖျက်လိုက်ရင် ရမဲ့ကောင်းကျိုးတွေက သိပ်များလွန်းတဲ့အခါ သီလကို ဖျက်တတ် ကြပါတယ်။ နောင်ဘဝငရဲ ကျရမှာကြောက်လို့၊ ငရဲဒုက္ခကြောက်လို့ ဆောက်တည်တဲ့ သီလဟာလည်း ယခုဘဝမှာပဲ ဆင်းရဲဒုက္ခကြုံတဲ့အခါ သီလဖျက်လို့ လွတ်မြောက်မယ်ဆိုရင် ယခုဘဝမှာပဲ သီလကို ခပ်လွယ်လွယ် ဖျက်တတ်ကြပါတယ်။ ဒါကြောင့် အမျှော်အကြောက်နဲ့ ဆောက်တည်တဲ့ သီလဟာ မခိုင်မြဲဘူးလို့ ဆိုလိုတာပါ။

သီလကို ခိုင်မြဲအောင် ဆောက်တည်နည်းကို စတင်သိသူဟာ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘုရား တစ်ပါးတည်းသာ ရှိတာပါ။ ဘယ်ဘာသာမှာမှ သီလကို ခိုင်မြဲအောင် ဆောက်တည်နည်းကို မသိပါဘူး။ သီလခိုင်မြဲမှု မရှိတဲ့ အခြေအနေတွေဖြစ်ပွားနေရတာဟာ လောဘ၊ ဒေါသ၊ မောဟ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ကိလေသာ အကြောင်းရင်းတွေကြောင့် ဖြစ်ရတာပါ။ သည်ကိလေသာ တရားဆိုးတွေသာ လူမှာ ပူးကပ်ခြင်း မခံရဘူးဆိုရင် လူဟာ သီလနဲ့ ပြည့်စုံ နေမှာပါ။ အပြန်အလှန် သဘောတရားနဲ့ ပြောမယ်ဆိုရင် သီလနဲ့ ပြည့်စုံသူမှာ ကိလေသာတရားဆိုးတွေ လူမှာ ပူးကပ်ယှဉ်သန်ခွင့် မရပါဘူး။ ဆက်ပြောမယ်ဆိုရင် ကိလေသာတရား ဆိုးတွေကို လက်ခံသိမ်းပိုက်ထားတယ် ဆိုတာကလည်း ကိလေသာ တရားဆိုးတွေကြောင့် ဖြစ်တဲ့ ဖြစ်ရပ်တွေမှာ စွဲမက်သာယာနေလို့ ဖြစ်ပါတယ်။ ကိလေသာကြောင့် ဖြစ်တဲ့ ဖြစ်ရပ်တွေဟာ သတိမကပ်သူအတွက် စွဲမက်စရာ ဖြစ်တာအမှန်ပါ။ သည်ဖြစ်ရပ်တွေကို စွဲမက်စရာလို့ မြင်တာဟာလည်း အမြင်မှားပါ။ သည်အမြင်မှားကို ဖယ်ရှားနိုင်မယ်ဆိုရင် ကိလေသာကြောင့် ဖြစ်တဲ့ ဖြစ်ရပ်တွေအပေါ်မှာ အမှန်အတိုင်းပဲ တွေးတတ်၊ ခေါ်တတ် သုံးသပ်တတ်တော့မှာပါ။ မှန်မှန်ကန်ကန် တွေးခေါ်သုံးသပ်တတ်ပြီဆိုရင် ကိလေသာကြောင့်ဖြစ်တဲ့ ဖြစ်ရပ်တွေကို အပြစ်မြင်နိုင်တော့မှာပါ။ သည်လိုမြင်ပြီဆိုရင် သည်အဖြစ်တွေ မဖြစ်ပွားရအောင် ဝါယမစိုက်ထုတ် ကြိုးစားပါတော့မယ်။ နိုးနိုးကြားကြား သတိတွေ ထားနေပါတော့မယ်။ တည်တည်ကြည်ကြည် နေပါတော့မယ်။ ဒါဆိုရင် ကိလေသာကြောင့် ဖြစ်တဲ့ အဖြစ်ဆိုးတွေ ရမှာမဟုတ်တော့ပါဘူး။

သည်လို ကိလေသာကြောင့်ဖြစ်တဲ့ အဖြစ်ဆိုတွေ ဖြစ်ခွင့်မရတာဟာ နိစ္စသီလ ဖြစ်တာပါ။ လောကုတ္တရာ သီလဖြစ်တာပါ။ သည်လို လောကုတ္တရာ သီလတည်ဆောက်နည်းကို စတင်သိတာဟာ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘုရား တစ်ပါးတည်းသာ ရှိတာပါ။ သည်တော့ ဗုဒ္ဓဘုရားညွှန်ပြတဲ့ နည်းအတိုင်း လောကုတ္တရာ သီလကို တည်ဆောက် နိုင်သူဖြစ်ပြီဆိုရင် ထိုသူဂတိမြဲပြီလို့ ပြောရတော့မှာပါ။ ထိုသူဟာ နောက်ထပ်တစ်ကြိမ် အပါယ် ပဋိသန္ဓေ နေခြင်းဘေးဆိုးမှ စိတ်ချလက်ချ လွတ်မြောက်နိုင်ပြီလို့ ပြောရတော့မှာပါ။

 

ဦးဇင်းဆီကို သည်စာအုပ်ရောက်လာပါတယ်။ ဖတ်ရှုပြီး မြန်မာနိုင်ငံတွင်း/ပြင်မှ သံဃာတော်များနှင့် ဒကာ/ဒကာမများ လေ့လာသိရှိပြီး၊ သုံးသပ်နိုင်ကြစေရန်။

ဆက်လက်တင်ပြပါအုံးမည်။

3 comments

  • lulinmg

    December 27, 2011 at 8:51 pm

    ဘုန်းကြီးမဝတ်နိုင်သေးဘူး

  • unclegyi1974

    December 27, 2011 at 9:09 pm

    ဦးဇင်းဆက်လက်အားပေးနေပါတယ်
    ပြီးဆုံးအောင်ရေးဖို့တို်က်တွန်းနှိုးဆော်အပ်ပါတယ်ဘုရား

  • mggwa

    December 27, 2011 at 10:30 pm

    မစိုးရိမ်၊ မစိုးရိမ်၊ မစိုးရိမ်စာသင်သား။ တယ်လည်း စိုးရိမ်းစရာကောင်းနေပါလား ဟရို့။ ဆက်ရေးပါဦး uzin ဆိုတဲ့ ဦးဇင်းဘုရား။ အားလုံး သိရတာပေါ့။

Leave a Reply