ဂျာနယ်ပါဆောင်းပါးဖြစ်တဲ့ ရည်မှန်းချက်ကိုယ်စီ ရှိကြပါ
လူ့ဘုံရောက်လို့ လူရယ်လို့ဖြစ်လာပြီဆိုရင်တော့ ရည်မှန်းချက်ဆိုတာ မဖြစ်မနေ ထားရှိရမဲ့အရာတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့သတ္တဝါတွေမှာက ရည်မှန်းချက်ထားဖို့ မလိုသလိုထားဖို့လည်း အသိဉာဏ် မရှိကြပါဘူး။ ဥပမာ-နတ်တွေဆိုရင် သူတို့ရဲ့စည်းစိမ်ချမ်းသာကို အမြဲခံစားနေရတဲ့ အတွက် ရှေးဆက်ရမဲ့ဘဝခရီးရည်မှန်းချက်ဆိုတာ ထားစရာမလိုပေ။ ဗြဟ္မာတွေဆိုရင်လည်း သူတို့ရတဲ့ ဈာန်ပီတိတွေကို အမြဲခံစားနေကြတာမို့ ရည်မှန်းချက်ထားစရာ မလိုပြန်ဘူး။ နောက်တစ်ခါ အပါယ်လေးဘုံသား သတ္တဝါတွေကျတော့လည်း သူတို့ခံစားနေရတဲ့ ဒုက္ခတွေက ဆက်တိုက်ဖြစ်နေတာရယ်၊ သူတို့မှာ ဘဝကိုဘယ်လိုရှေးဆက်ဖြတ်သန်းရမယ်ဆိုတာလည်း စဉ်းစားလို့မရသလို အသိဉာဏ်လည်း မရှိတာကြောင့် ရည်မှန်းချက်ဆိုတာ မရှိကြပါဘူး။
ဒါပေမဲ့ လူသားတွေကျတော့ အသိဉာဏ်လည်းရှိတယ်။ ရှေးဆက်ရမဲ့ ဘဝခရီးအတွက်ကလည်း ကံတရားတစ်ခုတည်းနဲ့ ဖြစ်တာမဟုတ်ဘဲ ကံ၊ ဉာဏ်၊ ဝီရိယသုံးပါးလုံးပြည့်စုံမှ မိမိဖြစ်ချင်တာကို ပြည်စုံစွာ အောင်မြင်မှုရရှိပါတယ်။ ဒါကြောင့် ရှေးလျှောက်ရမဲ့ မျက်မှောက်ဘဝခရီးလမ်းဖြောင့်ဖြူးဖို့ အတွက်ရော၊ အနာဂတ်ဘဝအတွက်လည်း သာယာလှပတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပြီး မိမိတို့ပန်းတိုင်ကို လျင်မြန်စွာရောက်ရှိဖို့ရန်အတွက်ပါ ရည်မှန်းချက်ထားမှဖြစ်မှာပါ။
ဘယ်လိုရည်မှန်းချက်မျိုးထားရမလဲဆိုတော့ မျက်မှောက်ဘဝအတွက်ဆိုရင် မိမိဝါသနာနဲ့ ဖြစ်သင့်တဲ့ ဘဝကိုရောက်အောင်၊ ရအောင်၊ ပိုင်ဆိုင်နိုင်အောင် ကြိုးစားရမယ်။ မိမိက ဆရာဝန်ဖြစ်ချင်တယ်ဆိုရင် ဆရာဝန်ဖြစ်အောင် ငယ်စဉ်ကတည်းက အတန်းပညာကို မှန်မှန်ကန်ကန်ကြိုးစားသင်ယူပြီး စာပေကို ဦးစားပေးကာ ပျော်ပါးမှုကို လျှော့ပေးရမယ်။ တစ်ခုကိုလိုချင်ရင် ကျန်တစ်ခုကို စွန့်လွှတ်ရတယ်ဆိုတာ လူတိုင်းသိမယ်ထင်ပါတယ်။ အဲဒီတော့ မိမိက ရည်မှန်းချက်အောင်မြင်ဖို့အတွက် ရည်မှန်းချက် ကိုရောက်အောင်သာ ဦးစားပေးပြီး ကျန်တဲ့အရာတွေကို ကိုယ်နဲ့မဆိုင်သလို သဘောထားကာ လျစ်လျှုရှု့ထားရမယ်။ ဥပမာ-မိမိက သာသနာ့ဘောင်မှာနေမယ်ဆိုရင်တော့ သာသနာနဲ့မအပ်စပ်တာတွေကို မိမိကပုထုဇဉ်လူသားမို့ စိတ်ဝင်စားသော်လည်း ကိုယ်နဲ့မဆိုင်သလို သဘောထားပြီး နေပေးရမယ်။ ဒါမှ မိမိရဲ့ဘဝရည်မှန်းချက်ဟာ ပြည့်စုံအောင်မြင်မှာပါ။
ဆရာဝန်ဖြစ်အောင်လုပ်မယ်လို့ မိမိကရည်မှန်းချက်ထားပြီးပြီဆိုရင် အဲဒီလူဟာ အတန်းပညာသင်နေတဲ့ အခါမှာ သူများကစားတဲ့ချိန်တွင် ကစားတာလျှော့ပြီး စာကိုဦးစားပေး လေ့လာရမယ်။ သူများ ကျောင်းပျက်ရင်လည်း ကိုယ်ကကျောင်းပျက်မခံဘဲ ကျောင်းမှန်အောင် ကြိုးစားရမယ်။ သူများ ပွဲလမ်းသဘင်သွားရင်လည်း ကိုယ်ရဲ့ရည်မှန်းချက်နဲ့မဆိုင်တဲ့အရာမို့ ရည်မှန်းချက်နဲ့မဆိုင်တာမှန်သမျှကို ဘေးဖယ်ထားပြီး မိမိစိတ်ကို မိမိရည်မှန်းချက်အတွက်ပဲ အာရုံစိုက်ကြိုးစားရမယ်။ ဒီလိုလုပ်မှသာ ကိုယ်ရဲ့ရည်မှန်းချက်ဟာ ပြီးပြည့်စုံအောင်မြင်မှာပါ။ ကိုယ်က စီးပွားရေးမှာ အောင်မြင်ချင်တယ်ဆိုရင်လည်း စီးပွားရေးလုပ်ငန်း အကြောင်းကို လေ့လာရမယ်။ ဘယ်သူတွေက ဘာတွေကို ဝယ်နေကြတယ်။ ဘယ်ပစ္စည်း က ပေါ်လစီဖြစ်နေတယ်။ မိမိဝန်ထမ်းတွေက ဘယ်လိုအလုပ်လုပ်ကြသလဲ။ ငါစီးပွားရေး အမြတ် အရှုံးငွေတွေက ဘယ်လိုရှိသလဲစတဲ့ အချက်အလက်များကို သေချာဂရုစိုက် လေ့လာမှတ်သားနေရမှာပါ။ အဲဒီလိုမဟုတ်ဘဲ စီးပွားရေးနဲ့မဆိုင်တာတွေကို အာရုံစိုက် စိတ်ပါနေမယ်ဆိုရင်တော့ မိမိရဲ့ရည်မှန်းချက်ဟာ ပြီးပြည့်စုံအောင်မြင်လိမ့်မယ် မဟုတ်ပေ။
အဲဒီလို ရည်မှန်းချက်နဲ့မဆိုင်တာတွေကို စိတ်ဝင်စားပြီး လိုက်စားနေမယ်ဆိုရင် မိမိရည်မှန်းချက် ပျောက်ပျက်စေရုံသာမက ဘဝပါပျက်သွားပါလိမ့်မယ်။ မိမိကရည်မှန်းချက်ထားပြီးမှ အဲဒီရည်မှန်းချက်ဟာ အောင်မြင်မှုရမလာဘူးဆိုရင် စိတ်မထိန်းနိုင်တဲ့လူတွေဟာ ဘဝပျက်ခြင်း၊ ရူးခြင်းတွေ ဖြစ်သွားတတ်ပါတယ်။ အဲဒီတော့ မိမိက တကယ်ဖြစ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် အဲဒီဖြစ်ချင်တဲ့ အရာကို မဖြစ်၊ ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ စိတ်ထားရမယ်။ မိမိဖြစ်ချင်တာနဲမဆိုင်တဲ့အရာတွေ ကို ဘေးဖယ်ထားရမယ်။ မိမိဖြစ်ချင်တာကိုပဲ အမြဲအာရုံနှလုံးသွင်းနေရမယ်။ မိမိအလုပ်ကိုပဲ ဂရုတစိုက် လုပ်ပေးခြင်းစတာတွေကို ပြုလုပ်ဆောင်ရွက်လိုက်နာမှသာ မိမိရည်မှန်းချက်ဟာ တကယ်အောင်မြင် လာမှာပါ။ စိတ်ကတော့ ဖြစ်ချင်တယ်။ ဒါပေမဲ့ မိမိဖြစ်ချင်တာကတခြား လုပ်နေတာကတခြားဆိုရင်တော့ မိမိဖြစ်ချင်တာဟာ ဘယ်တော့မှ ဖြစ်လာလိမ့်မှာ မဟုတ်ပေ။
ဥပမာ-စာသင်အတန်းထဲမှာ အမြဲထာဝစဉ်နံပါတ်တစ်ဖြစ်ရမယ်လို့ စိတ်ကူးရည်မှန်းချက်ရှိတဲ့လူဟာ စိတ်ကူးရည်မှန်းချက် မရှိဘဲ ဖြစ်ချင်ရာဖြစ်ဆိုတဲ့လူမျိုးတွေလို ပျော်ပါးမှုတွေလိုက်၊ အသောက် အစားတွေလုပ်၊ ဘဝကိုဖြစ်သလိုဖြတ်သန်းမယ်ဆိုရင်တော့ အဲဒီလူရဲ့ရည်မှန်းချက်ဟာလည်း ရည်မှန်းချက်မရှိသူများနဲ့ အတူတူဖြစ်သွားပြီး ဘဝပျက်တတ်တဲ့အဆင့်ထိ ဖြစ်သွားနိုင်ပါတယ်။
အဲဒီတော့ လူတိုင်းကိုယ်စီမှာ မျက်မှောက်ဘဝအတွက် ရည်မှန်းချက်ရှိရပါမယ်။ လူဖြစ်လာလို့ ရှေးဆက်ရမဲ့ရည်မှန်းချက်ထားရမှာကို ရည်မှန်းချက်မထားဘဲနေပါက အဲဒီလူဟာ လူဖြစ်ပြီး လူသားတစ်ယောက်နဲ့မတူတဲ့လူဖြစ်သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရည်မှန်းချက်ရှိရမဲ့ လူသားဖြစ်ပြီး ရည်မှန်းချက်မရှိဘူးဆိုရင် အဲဒီလူဟာ သူ့ရည်မှန်းချက်မရှိတဲ့အတွက် ရှေးဆက်လျှောက်ရမဲ့ ဘဝခရီးကို ဖြစ်သလိုလျှောက်သွားတတ်ကြပါတယ်။ ဘဝကိုဖြစ်သလိုလျှောက်သွားတယ်ဆိုတာက လမ်းမှားဘက်ကိုရောက်ပြီး ပျော်ပါးမှုတွေ၊ လောင်းကစားမှုတွေ၊ ဘဝပျက်ကြောင်းတွေကိုပဲ လိုက်စားကာ ဘဝအတွက် မကောင်းမှုတွေနဲ့ပဲ အချိန်ကုန်သွားကြတဲ့လူမျိုးတွေကို ဆိုလိုတာပါ။ အဲဒီလို လူ့ဘဝရတဲ့အချိန်လေးကို မဟုတ်တာတွေနဲ့အချိန်ကုန်သွားတဲ့လူဟာ မျက်မှောက်အတွက်တင်မကဘဲ သံသရာအတွက်ပါ နစ်နာမှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါကြောင့် ရခဲလှတဲ့လူ့ဘဝလေးကို မျက်မှောက်သံသရာအတွက် ကောင်းကျိုးများရရှိအောင် ကောင်းမွန်တဲ့ရည်မှန်းချက်လေးတွေ ထားရှိကြဖို့ လိုပါတယ်။
မျက်မှောက်ဘဝအတွက်မှ ရည်မှန်းချက်မရှိတဲ့လူဟာ အနာဂတ်ဘဝရည်မှန်းချက်လည်း မရှိမှာသေချာပါ တယ်။ ဒါပြင် မျက်မှောက်မှာ မကောင်းမှုတွေနဲ့ပဲ အချိန်ကုန်သွားတဲ့အတွက် ကောင်းမှုမရှိလို့ အနာဂတ်မှာလည်း ဒုက္ခတွေနဲ့ရင်ဆိုင်ရမှာပါ။ မျက်မှောက်မှာ ရခဲတဲ့လူ့ဘဝလေးဆုံးရှုံးရုံတင်မကဘဲ နောက်နောင်ခံစားရမဲ့ အနာဂတ်ဘဝများစွာအတွက်ပါ ဆုံးရှုံးမှုတွေဖြစ်ပြီး ဘဝများစွာနစ်နာတဲ့ လူဖြစ်သွားပါတယ်။ မျက်မှောက်ရော၊ အနာဂတ်ရော ချမ်းသာမှုတွေသာ တွေ့ကြုံရရှိစေရန်အတွက် ကောင်းတဲ့အရာတွေသာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်များထားရှိပြီး ကောင်းမွန်တဲ့ အလုပ်များနဲ့ သာ ဘဝကိုဖြတ်သန်းတတ်ဖို့ အရေးကြီးပါတယ်။
ဒါကြောင့် လူရယ်လို့ဖြစ်လာပြီဆိုရင် မျက်မှောက်ဘဝအတွက် ကောင်းမွန်တဲ့ ရည်မှန်းချက်ထားပြီး အဲဒီရည်မှန်းချက်ကို မဖြစ်ဖြစ်အောင်ကြိုးစားပြီး နောက်နောင်ဆက်လျှောက်ရဦးမဲ့ သံသရာခရီးလမ်းအတွက်ပါ ကောင်းဖို့ရန်အတွက် သံသရာအတွက်ပါမဲ့ ကောင်းမှုများလုပ်ဖို့ရန်လည်း ရည်မှန်းချက်များ ထားရှိကြပါ။ ဒါမှသာ မိမိတို့ဟာ မျက်မှောက်တမလွန်ဘဝများစွာတို့မှာ ကောင်းမွန်မှုတွေနဲ့ ပြည့်စုံနေမှာပါ။ အဲဒီလို ပြည့်စုံမှုတွေသာခံစားနေရရုံတင်မကဘဲ ကောင်းမွန်တဲ့လုပ်ရပ်များကို ဘဝဆက်တိုင်းပြုလုပ် သွားမယ်ဆိုရင် မိမိမှာ ပါရမီအားကောင်းလာတာနဲ့အမျှ ဒုက္ခဆင်းရဲများသာ ခံစားနေရတဲ့ လောကကြီးထဲ ကနေလွတ်မြောက်ပြီး မိမိတို့ရဲ့ နောက်ဆုံးရည်မှန်းချက်ဖြစ်တဲ့ အေးချမ်းမှုတွေသာ ပိုင်ဆိုင်ရာ မြတ်နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါလိမ့်မယ်။
ဒီတော့ကား လူရယ်လို့ဖြစ်လာပြီဆိုဆိုရင် သိတတ်တဲ့အရွယ်ကနေစပြီး မိမိမျက်မှောက် သံသရာ ကောင်းစားစေရေးအတွက် မိမိကိုယ်တိုင် ကောင်းမွန်တဲ့ရည်မှန်းချက်များနဲ့ ကောင်းမွန်တဲ့ လုပ်ရပ်များလုပ်ပေးရမှာဖြစ်သလို သူတစ်ပါးတို့ကိုလည်း မိမိကဲ့သို့ ဘဝကိုဖြတ်သန်းတတ်ဖို့ရန် ဆုံးမသွန်သင်လမ်းညွှန်ပေးမှုများ လုပ်ပေးဖို့လည်း လိုပါတယ်။ တကယ်လို့ မိမိက အသိဉာဏ် ဗဟုသုတခေါင်းပါးခဲ့လို့ မကောင်းမှုတွေနဲ့ရည်မှန်းချက်မရှိဘဲ ဘဝကိုဖြစ်သလိုဖြတ်သန်းမိခဲ့ရင်လည်း အခုလို ဦးဇင်းရဲ့ပညာပေးစာသားလေးကို ဖတ်ပြီးတဲ့အချိန်ကနေစပြီး ကောင်းမွန်တဲ့လုပ်ရပ်များနဲ့ ဘဝကိုဖြန်သန်းသွားမယ်လို့ ဆုံးဖြတ်ချက်ထား လုပ်ဆောင်မယ်ဆိုရင်လည်း နောက်မကျသေးပါ။ မိမိကိုယ်တိုင် နောက်ကျမှသိခဲ့ရရင်လည်း မိမိနဲ့နီးစပ်သူများ နောက်မကျရန်အတွက် မိမိကိုယ်တိုင်လည်း ဗဟုသုတအသိဉာဏ်များရှိရန်လိုသလို မိမိနဲ့နီးစပ်ရာများကိုလည်း အသိဉာဏ်များ ဖြန့်ဝေပေးဖို့ လိုပါတယ်။ ဒါကြောင့် စာဖတ်သူအားလုံး ဗဟုသုတအသိဉာဏ်များတိုးပွားကြပြီး မျက်မှောက်သံသရာ အဆုံးတိုင်အောင် ကောင်းမွန်တဲ့ရည်မှန်းချက်များထားပြီး ရည်မှန်းချက်အတိုင်း ဘဝကိုဖြတ်သန်းနိုင်ကြ ပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း အဆုံးသတ်လိုက်ပါတော့တယ်။
ဂျာနယ်ကို Download ဆွဲဖတ်ချင်ပါက http://www.mediafire.com/?dkjj1gv9niau71d မှာဖြစ်စေ၊ http://www.shadejournal.com/2011/12/shade-journal_27.html မှာဖြစ်စေ ဝင်ရောက်ယူနိုင်ပါတယ်။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
One comment
Moe Z
January 6, 2012 at 9:04 am
လေးစားစွာဖတ်ရှုမှတ်သားသွားပါသည် ဘုရား
အရှင်ဘုရားလည်း ကျန်းမာ ချမ်းသာစွာနဲ့ ဘာသာအကျိုး သာသနာအကျိုး
ဆထက်ထမ်းပိုးဆောင်ရွက်နိုင်ပါစေ..