မပြောချင်လို့ကြည့်နေတာ ကြာပြီသိရဲ့လား…
စိတ်ထဲရှိတာပြောရမယ်ဆိုရင်တော့ တီးကော့ခ်အိမ်က house mate တွေကို စိတ်ရှိလက်ရှိ လက်ပိုက် မတ်တပ်ရပ်ခိုင်းပြီး ခေါင်းခေါက်ပြီး သွန်သင်ဆုံးမချင်တယ်။
ဘယ့်နှယ့်ဗျာ….. ငတီးကော့ခ် ဝင်ငွေမရှိတဲ့ ကျောင်းသားလေး။ တူတူနေတာ အသက် ၁၅နှစ်လောက် ကွာတဲ့ ကိုယ့်ဆရာမတွေ။ စကောလားရှစ်ကိုယ်စီနဲ့ ဒူးနှန့်ပြီးတက်ရတဲ့သူတွေ။ ကပ်စေးနဲလိုက်ကြတာလဲ လွန်ပါရော…. ဘာသွားရည်စာမှမစားကြဘူး။ မကြိုက်ဘူးများလားလို့။ ဘယ်ဟုတ်မလဲ….. ခြွေတာကြတာဗျို့…။ ငတီးကော့ခ် ဈေးဝယ်ရင် အသုံးကြမ်းသတဲ့။ လက်ဖွာသတဲ့။ ဟော… ကြည့်ပါဗျာ… ကျုပ်ဝယ်ထားတဲ့ဟာတွေ ဖြုတ်ကနဲ ကုန်ပါလေရော…. ဆန်ဆီဆား ငရုပ် ကြက်သွန် ဆိုတာ သော့ခတ်ထားလို့ရတာမျိုးမဟုတ်ဘူး။ အိပ်ခန်းထဲ ထည့်ထားပြန်တော့လဲ… ဘာလဲ တို့ယူစားမှာစိုးလို့လားဆိုပြန်ရောဗျို့ ဘယ့်နှယ့်ဗျာ။ ကျုပ်တို့အိမ်မှာနေတာ လူ ၃ယောက်။ ကျုပ်တစ်ယောက်တည်း လူငယ် ယောက်ျားလေး။ ကျန်တာတွေက ကိုယ့်ကျောင်းတုန်းက ဆရာမတွေ။ ဒီကြားထဲ နောက်ဆရာမတစ်ယောက်က ၂ပတ်ဆိုပြီး လာနေတာ ၃လရှိပြီ မပြန်တော့ဘူး။ မပြန်တာက ထားပါ။ နေပါ စားပါ ကျေနပ်ပါတယ်။ ကိုယ့်ဆရာမပဲမဟုတ်လား။ ပြလိုက်တဲ့ အာဏာ ပါဝါကလဲ သူ့လုပ်စာထိုင်စားနေရသလားမှတ်တယ်။ ခုဟာကဗျာ လွန်လွန်းတယ်။ ကိုယ့်အိမ်ကိုယ့်ရာလုပ်နေပြီး ဧည့်ခန်းထဲမှာ နေရာယူထားတာ။ တစ်အိမ်လုံး သူ့ပစ္စည်းပဲထားရတယ် ကိုယ့်ပစ္စည်းမှန်ရင် အခန်းထဲသွင်းပဲ။ ထမင်းစားပွဲမှာ သူ့စာဖတ်စားပွဲဆိုပြီး တပ်စွဲထားတယ်။ သူစာလုပ်နေတုန်း ထမင်းစားရင် မျက်နှာထားကြီးနဲ့။ ညစ်ပတ်တယ် အနံ့တွေရတယ်ပေါ့။ ဧည့်ခန်းထဲမှာ ကုတင်နဲ့အိပ်လေရဲ့။ သူအိပ်နေရင် မီးဖွင့်ရင် ညူစူပြန်ရော…. ညဘက်သေးပေါက်တာတောင် မှောင်ထဲပေါက်ရတယ်။ ညနေ ကျောင်းကနေ ပင်ပင်ပမ်းပမ်းပြန်လာ ထမင်းချက် ဟင်းချက်။ ဘွားတော်က ညှော်တယ်ဆိုပြီး လုပ်ပြန်ရော…. ဟော… စားသောက်ပြီးလို့ သီချင်းသံလေးကျယ်ကျယ်ဖွင့်ရင် အပြင်ကနေ ဘုရားတွေအကျယ်ကြီးရှိခိုးရတာနဲ့ ချောင်းတွေဆိုးပြရတာနဲ့။ ဒီကြားထဲ …..အိမ်သာက ယောကျာ်းသေးနံ့ရတယ်ဆိုတာက ပါသေးတယ်။ ကျုပ်တစ်ယောက်တည်း ယောက်ျားဗျာ။ စဉ်းစားကြည့်ပါဦး။ ညစ်ပတ်လိုက်ကြတာလဲ ပြိုင်နေသလားအောင့်မေ့ရတယ်။ တီးကော့ခ် ဒီအိမ်ရောက်တာ ရ လရှိပြီ။ တံမြတ်စည်းလှည်းတာ မမြင်ဖူးသေးဘူး။ mopping ၂ခါလုပ်တယ် (ငတီးကော့ခ်ပဲ)။ ချက်မယ် ပြုတ်မယ်….. ကြက်သွန်လှီးဘာလှီး…. အမှိုက်ကို ဒီအတိုင်းခွက်ထဲထည့်ထားတာ။ အမှိုက်အိတ်က ဝေးတာကိုး။ လက်တစ်လှမ်းတောင် လှမ်းရတယ်ဆိုတော့ မပစ်ဘူးပေါ့။ ဓားလား…. ငရုပ်ဆုံလား… သုံးပြီးရင် ထားခဲ့… နောက်နေ့ ချက်ကာနီးမှ ဆေးကြမယ်။ အော်…. ပန်းကန်တို့ အိုးတို့လား…. ဒီအတိုင်းပဲဗျို့။ ကျွန်တော်တို့အိမ်က ရေစစ်ဗူးက စပီရူလိုင်းနားထုတ်လို့ရပြီ။ စိမ်းစိုနေတာပဲ။ လှတော့အလှသား။ အဲ နေတဲ့ ရလမှာ မီးချောင်းကျွမ်းတာ ၄ခါ။ အိုးဆေးဆပ်ပြာဗူးဝယ်တာ ၅ခါ။ ဒါလဲ ငတီးကော့ခ်ပဲ။ ဘယ်သူမှမလှုပ်ဘူးဗျာ။ မိုက်ကရိုဝေ့ဗ်လား။ သုံးတတ်ကြတယ်ဗျ။ နွေးမယ့် ဘာလချောင်ကြော်ကို အဖုံးမပိတ်ဘူး။ အထဲမှာ ညစ်ပတ်သွားရင် ပြန်မသုတ်ဘူး။ တီးကော့ခ်…. အခန်းရှင်း အဝတ်လျှော် မီးပူတိုက်ရင် အပြင်ကကြည့်ပြီး ရယ်ကြတယ်။ သူတို့မှ မလုပ်ဘဲ။ ရေချိုးခန်းထဲ စိမ်ထားတဲ့ အဝတ်က တစ်ပတ်။ လျှော်ပြီး လှမ်းဖို့မေ့နေတာက ၄ရက်။ လှမ်းပြီး ရုတ်ဖို့သတိမရတာက ၂ပတ်။ ဒါတောင် မလျှော်ဘဲ အခန်းထဲက တိုးလိုးandတွဲလောင်းတွေက ကိုယ်နဲ့မပတ်သက်လို့ မပြောတော့ပါဘူး။ ကျွတ်လိုက်ကြတဲ့ ဆံပင်မွေးတွေကလဲ အပြိုင် ဆွဲဆောင့်ပြီး ချွတ်ထားသလားအောင့်မေ့ရတယ်။ ကြမ်းပေါ်မှာ ပလဲ နေတာ။ ကြမ်းပေါ်ရောက်နေတာမြင်တယ်နော်။ ဘယ်သူမှမကောက်ဘူး။ ခြေထောက်လေးနဲ့ နီးစပ်ရာ အောက်ကြားတွေထဲ လှမ်းထိုးလိုက်ကြတော့တာပဲ။
ငတီးကော့ခ် သိနေတယ်။ အားလုံးကိုသိနေတယ်။ မေခလာ့ သီချင်းလိုဆိုရင်… (မပြောချင်လို့ကြည့်နေတာကြာပြီ သိရဲ့လားလို့) ပုဆိုး ကွင်းသိုင်းပြီး အော်ပလိုက်ချင်တယ်။
တီးကော့ခ်
22 comments
thit min
January 18, 2012 at 12:33 pm
လွယ်လွယ်လေး တီးကော့ရေ ဆရာမတွေ တော့ အားနာတယ်။ ရှေ့ဆက်ကြဖို့ခက်နေပြီဆိုရင်
—————————————————————————–
ခုဒီစာကို ပရင့်ထုတ်၊ မြင်သာသော နေရာ ၁ဝ ခုမှာကပ်၊ ဘာစကားမှမပြောဘဲနဲ့ ဇာတ်လမ်းပြတ်တာပေါ့။
လုပ်ဖြစ်အောင်လုပ်လိုက်အဲဒါ အကောင်းဆုံးယတြာ။
thit min
January 18, 2012 at 2:36 pm
နိုင်ငံခြားမှာ မနေဘူး သူများကတော့ ဒီလောက်ကို ပေါ့ပေါ့သေးသေးတွေးကြမှာဘဲ။
ဘယ်သိမှာတုန်းနော်။
ဒီကလူတွေကတော့ အိမ်ပြန်ရောက်လို့ မနားရရင် တင်းတယ်ဗျာ။
တခုတော့ရှိတယ်နော်။ ပွင့်ပွင့်လင်းလင်းပြောပလိုက်ပါ။
ခိုးပြီး တင်းနေတာက ကိုယ်လဲ အကုသိုလ်တက်တယ်။ မသိတတ်ဆိုးဝါးတဲ့စိတ်ဓာတ်တွေနဲ့ပြော
ရခက် ဆိုရခက်တွေကြားမှာ ပွင့်လင်းလိုက်မှ ပြတ်တာဗျ။
အိမ်တအိမ်က နောက်တအိမ် ငှါးဖို့ဆိုတာလွယ်မှမလွယ်တာနော်။
ကျနော် တော့ တယောက်ထဲနေခဲ့တာပါဘဲ။ပိုက်ဆံကုန်ပေမဲ့ အေးတယ်။
cobra
January 18, 2012 at 12:42 pm
ဟားဟားဟား….
တကယ်ရယ်ရတယ် သူငယ်ချင်းဘဝကတကယ့်ကိုဒုက္ခတွင်းထဲကျနေတာပေါ့
ကိုယ့်ဆရာမတွေဆိုတော့ ပြန်ပြောလို့လဲမရဖြစ်နေပြန်ရော
ဆရာမတွေကအပျိုကြီးတွေလားဒီလောက်ညစ်ပတ်ရအောင်
(အပျိုုကြီးများအားညစ်ပတ်သည်ဟုဆိုလိုခြင်းမဟုတ်ပါ၊တစ်ချို ့ကညစ်ပတ်သည်။)
အကြံတစ်ခုပေးမယ်ကိုယ်လည်းဘာမှမလုပ်နဲ ့ဒီအတိုင်းကြည့်နေလိုက်။
အိမ်မှာလည်းမနေနဲ ့အပြင်ပဲထွက်နေအပြင်မှာစား……
ဒါမှသူတို့လည်းအလုပ်လေးဘာလေးလုပ်ကြမှာ ခုတိုင်းဆိုရင်တော့ဘယ်လွယ်မလဲ
windtalker
January 18, 2012 at 12:42 pm
ပြောမပြလဲဘဲ သိနေသိနေဒယ် ။
ဟဲဟဲ
အရဂါးနောက်ဒါ
ဖတ်ရှူသွားကြောင်းဘာနော
ဂျက်ကီချီးပေ
January 18, 2012 at 12:44 pm
ဪ ဪ ဆြာမတွေနဲ့ တစ်ခန်းတည်း အိပ်တာလား
ဆြာမတွေက ဘာတွေသင်ပေးလဲဟင်???
( ကြမ်းပေါ်မှာ ပလဲ နေတာ ) မွန်လူမျိုးလားသိဘူးနော
တော်သေးတယ် ကြမ်းပေါ်မှာပလဲနေဂျဒယ် ဆိုရင်တော့ ချက်ချာဂျီး
ဇဘင်ဒွေကျွတ်ဒဲ့ပုံပျင်တစ်ပုဒ်ကြားဘူးတယ်
ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဗာရာဏသီပြည်မှာပေါ့
ဘုန်းကြီးတစ်ပါးနဲ့ မယ်သီလတစ်ပါး ကျောင်းတစ်ကျောင်းမှာတူတူနေကြပါသတဲ့
ခင်ဗျား ဆြာမတွေနဲ့ အတူနေသလိုဘော့
မယ်သီလက ဆွမ်းဟင်းထမင်းတွေချက်ရပါသတဲ့
တစ်ခုသောနေ့မှာ ဘုန်းကြီးက စားအံ့ဆဲဆဲ ထမင်းလားဟင်းလားမသိဘူး
အဲ့သည်ထဲမှာ ဇဘင်မွေးတစ်ချောင်း တွေ့ပါသတဲ့
ဇာတ်လမ်းက အဲ့သည်မှာ စတာဘဲဗျို့
ဘုန်းကြီးက ဘေးမှာထိုင်နေတဲ့ ဖွားသီလကို
ဘယ်လိုဒုန်း မယ်သီလ ဒီမှာ ဇဘင်မွေးတစ်ချောင်းပါလား
လို့ မေးလိုက်တော့
မယ်သီလက မစိုင်းမတွ အောက်ပါအတိုင်း ဖြေကြားလိုက်ပါသတဲ့
အော်……… ကိုဒေါ်ရယ်
ကျော်သွားကျော်လာနဲ့ တစ်ချောင်းတစ်လေကျွတ်တာပေါ့
nozomi
January 18, 2012 at 12:51 pm
ဂျက်ကီချီးပေ ဆိုလို့ ဘယ်သူများလဲလို့
နာမည်ပြောင်းပေမဲ့ လေသံက ပြောင်းလို့မရတော့ ဘယ်သူဆိုတာ သိနေတယ်
အမည်ပြောင်းဖြစ်ပုံလေး လုပ်ပါဦးဗျ
ကိုတီးကော့ ရေ အဲဒါလောက်ဆို ကျွန်တော် သည်းမခံနိုင်တော့ဘူး ၊ အရင်တစ်ခါလို လုပ်ပစ်လိုက်တော့မှာ
inz@ghi
January 18, 2012 at 1:06 pm
ဂျက်ကီချီးပေ ..ကို …
ဟိုဘက် ပိုစ့်တွေထဲမှာ “စဉ်” ကို “စဉ် ” လို့ ရေးတတ်တာ လေးတော့
တယောက်ယောက်နဲ့ တူသား ဆိုပြီး …သတိပြုမိသား..
တိုက်ဆိုင်တယ်ပဲ မှတ်ပါတယ်…ခိခိ…
😀
စိန်ပေါက်ပေါက်
January 18, 2012 at 2:01 pm
မပြောချင်လို ့
ကြည့်နေတာ ကြာဘီ
ညှင်း..ညှင်းညှင်း..
teekock
January 18, 2012 at 2:07 pm
ဘုရား ဘုရား… သူ့ဟာဖတ်မှ ပိုရယ်နေရပြီ။
(ဒီမှာ ပညာသင်လာတုန်းမှာ မြန်မာအချင်းချင်း အတူ တစ်အိမ်တည်းငှားနေကြပါတယ်။ တစ်ခန်းတည်းမနေပါ။)
inz@ghi
January 18, 2012 at 12:57 pm
ဖြစ်ရမယ် …စိတ်မကောင်းဘူးဗျာ …
သော့သော့ ရွှင်ရွှင်ရေးထားပေမယ့်
ခင်ဗျားရဲ့သောက ကို ဟာသ မလုပ်ပစ်ရက်ပါဘူးဗျာ..
တိုင်းတပါးမှာ နေကြရသူချင်း ကိုယ်ချင်းစာလို့ပါ ….။
မကြာခင် …အဆင်ပြေပါစေနော…
ခင်တဲ့
ဂီ
htoosan
January 18, 2012 at 1:12 pm
လက်စသတ်တော့ ဂေဇတ် ဆိုတာ သူကြီး ချထားတဲ့ စဉ့်အိုးကြီးပါလားနော် လို့ ဒီစာဖတ်ရင်းအတွေးဝင်မိတယ် ဗျ။ 😀 😀
cobra
January 18, 2012 at 1:23 pm
ဂျက်ကီချီးပေရဲ ့
ပုံပြင်ကရေလည်မိုက်တယ်ဗျာ…
etone
January 18, 2012 at 1:40 pm
သူများ စိတ်ညစ်နေတာကို မရယ်သင့်ပေမယ့် … ရေးထားတဲ့ အရေးသား ပြောင်မြောက်မှုကြောင့်တော့ … ရယ်မိပါတယ် … ကွက်ကွက်ကွင်းကွင်း အဲ့ဒီနေရာရောက်သွားသလိုပါပဲ … ။
တီးကော့ခ်ရေ type မတူတဲ့လူတွေနဲ့ အတူနေရတာ အရမ်းစိတ်ညစ်စရာကောင်းပါတယ် … ဘာလုပ်လုပ်အဆင်မပြေတတ်ဘူးလေ … အလိုက်သိတဲ့ လူကပဲ ပင်ပန်းရတယ် … ။ စကားနဲ့ မပြောချင်လျှင် စာကပ်ထားလိုက်ပါ … ဥပမာ ….. လူကြီးလူကောင်းပီသစွာ ကိုယ့်ဝေယျာ ဝစ္စကိုယ်လုပ်ပါ …. ။ စည်းစနစ်ရှိရှိအမှိုက်ပစ်ပါ … စတာမျိုး ……… ကပ်ထားလိုက်ပါလို့ အကြံပေးချင်ပါတယ် … ။ 🙂
Phaung Phaung
January 18, 2012 at 1:48 pm
တီးကော်စ့် ရေးထားတာ မျက်စိထဲမှာပါ ကွက်ကွက်ကွင်းကွင်းမြင်ပြီး ရယ်သွားပါတယ်။
ဆူး
January 18, 2012 at 2:20 pm
အိမ်ပြောင်းလို့ ရဖို့ အရင်ကြိုးစား… ဖြစ်နိုင်တဲ့ အနေအထား မဟုတ်ရင်တော့ မလုပ်နဲ့ပေါ့ ပြောင်းလို့ ရတဲ့ အနေအထားဆို ရင် လုပ်သာ လုပ်…
အိမ်မပြောင်းနိုင်သေးပဲ စာကပ်မိလို့ နောက်နေ့က စပြီး အခန်းထဲ မဝင်ရဘူး ဆိုရင် သေပြီ။
ဆြာ ဆိုတော့ ဆြာ မလား.. နောက်ဆုံး အထိ တွေးပြီးမှ လုပ်ပါ။
kyeemite
January 18, 2012 at 2:42 pm
ကိုရင်တီးကော့..
ဘာအကြောင်းအရာရေးရေး အရေးအသားကောင်းတော့ ရသ မြောက်ပါပေတယ်..ဆက်ရေးပါ
အားပေးပါ့မယ်..
ဒီအဖြစ်က တကယ်ဆိုရင်လဲ မြန်မြန်လွတ်ပါစေလို့ဆုတောင်းပေးလိုက်ပါရဲ့..
Rose Minn
January 18, 2012 at 3:03 pm
ကိုရင် တီးကော့ခ်ကို အကြံပေးကြည့်မယ် အဲဒါက rose တို့ ရုံး ကခုံမှာ ကပ်ထားတဲ့ဟာပါ။ ကပ်ကြည့်ပေါ့။ ‘ မိမိ အကျိုးအတွက် သူတပါးကို မထိခိုက်ပါစေနှင့်၊ ကိုယ်ဖြစ်ချင်တာကို ဦးစားမပေးပဲ နှင့် ကိုယ်ချင်းစာစိတ်ကို မွေးပါ။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ စိတ်ကိုမွေးပါ။” ဆိုပြီးကပ်ထားတယ်။ အလိုက်သိပါ အလိုက်သိပါလို့မပြောတော့ပဲ။ တစ်ခုခု complain တက်ရင် အဲဒီစာကို ထိုးပြလိုက်တယ်။ အဆင်ပြေနိုင်ပါစေနော်။
နွယ်ပင်
January 18, 2012 at 4:04 pm
ရေးထားတာ ကွက်ကွက်ကွင်းကွင်း မြင်လွန်းလို့ သူများဒုက္ခရောက်တာ မရယ်ချင်ပင်မယ့်
ရယ်မိသွားပါတယ် ။ တီးကော့ခ်ရေ … ကိုယ်မကြိုက်တဲ့ အချက်တွေကို သူတို့ကို မပြောချင်လဲ
စာလေးတွေ ကပ်ထားကြည့်ပါလား .. ဥပမာ အမှိုက်များကို အမှိုက်ပုံးတွင်း စနစ်တကျစွန့်ပစ်ပါတို့
မိုက်ကရိုဝေ့ဗ်သုံးပြီးတိုင်း သန့်ရှင်းရေးပြန်လုပ်ပါတို့ ဘာတို့ပေါ့ …
ပြောမယ့်သာပြောရတာ အဲလိုသာလိုက်ကပ်ထားမယ်ဆို တီးကော့ခ်ရဲ့ တစ်အိမ်လုံးမှာ စာရွက်တွေ
ပြည့်နေမှာ မြင်ယောင်မိသေးတယ် 😛
blackchaw
January 18, 2012 at 5:13 pm
ကိုတီးကော့ခ် ရေ။
အရေးအသားက
အမြဲတမ်းလန်းတယ်ဗျာ။
စောင့်ဖတ်နေမယ်။
zaw min
January 18, 2012 at 5:32 pm
တီးကောဒ့်ရေ..အရေးအသားကိုလည်းသဘောကျပါတယ်…စိတ်ဝင်စားတာက အဲဒီဆရာမတွေ မြန်မာပြည်ပြန်ရင်ဘာလုပ်မှာလဲဟင်…သူတို့ရဲ့ စည်းကမ်းတွေ၊အကျင့်စရိုက်တွေကို ဘယ်သူတွေကိုပြန်သင်ပေးမှာလည်း…
nature
January 18, 2012 at 6:40 pm
အသံကျယ်ကျယ်လေးဆိုကြည့်လိုက်။ အသံကောင်းရင် ဆီးရီးလေးဘာလေးထုတ်ရအောင်..။ 🙂
KoNyeinChan
January 19, 2012 at 8:51 am
ကို teekock ရေ.. ဖတ်ရတာ ပျစ်ပျစ်နှစ်နှစ်ရှိသဗျာ… အချို ့အချို ့သော မိန်းကလေးများ အိမ်မှာအနေအထိုင်ညစ်ပတ်တာကတော့ ယောကျင်္ားလေးညစ်ပတ်တာ ရှုံးတယ်.. အားပေးသွားပါတယ်ဗျာ ဆက်ရေးပါ..