ပရဟိတဆိုတာ…
၂၃. ၁ .၂၀၁၂ ခုနှစ် အင်းတော်မြို့နယ် စာပေမြတ်နိုးသူလူငယ်များ၏ ပထမအကြိမ်
လူငယ်နှင့်လူမှုဝန်းကျင်ဆိုင်ရာ စာပေဟောပြောပွဲသို့ ကျနော်ရွာကနေပြီး
သွားခဲ့တယ်ခင်ဗျ … ကျနော်နေတဲ့ရွာနဲ့ အင်းတော်မြို့နဲ့ကမိုင်သုံးဆယ်ကျော်ဝေးပါတယ်…
ဒါပေမယ့် ကျနော်တစ်သက်နဲ့ တစ်ကိုယ် စာရေးဆရာတွေကိုယ့်ရှေ့မှာ
ဟောကြပြောကြတာကိုကြုံရမှာလေ…။ စာပေဟောပြောကြမဲ့
စာရေးဆရာတွေကတော့ ကြော်ငြာထားတာ လေးယောက်ပါ။
ဆရာ နေဝင်းမြင့်၊ ဆရာ ညီပုလေး၊ ဆရာမဒေါ်ဒေဝီသန့်စင်နဲ့ ဆရာမဒေါ်သန်းမြင့်အောင်တို့ပါ။
ဒါပေမယ့် ဆရာ နေဝင်းမြင့်ကတော့ မလိုက်လာနိုင်တဲ့ အတွက် စာရေးဆရာသုံးယောက်ပဲ
ပေါ့ဗျာ…။ စာပေဟောပြောပွဲကိုတော့ ည(၇)နာရီလောက်မှာစတင်ပါတယ်..။ အင်းတော်မြို့
အထက်တန်းကျောင်းကြီးထဲက ရွှေရတုခန်းမကြီးထဲမှာ ကျင်းပတာပါ ..။ ခန်းမကြီးကပဲ
ကျယ်လို့လား … ရာသီဥတုကပဲ အေးလို့လား .. ဘာကြောင့်လား .. ညာကြောင့်လားတော့
မသိချေ…။တက်ရောက်လာကြတော့ ပရိတ်သတ်မှာ နည်းပါးလွန်းနေသည်ဟု ကျနော်
ထင်မှတ်မိပါသည် ။ ဆရာညီပုလေးနှင့် ဆရာမ ဒေါ်သန်းမြင့်အောင်တို့၏ ဟောပြောချက်များ
ကို ကျနော်နားထောင်ဘူးသော်လည်း ဆရာမ ဒေါ်ဒေဝီသန့်စင်၏ ဟောပြောချက်ကို ကျနော်
နားမထောင်ဘူးပါ … စာပေဟောပြောပွဲကို ကျနော်စတင်နားထောင်ဖြစ်ကြည့်ဖြစ်သည်မှာ
ဆရာချစ်ဦးညို ဆရာနေဝင်းမြင့် ဆရာမဂျူးတို့၏ စင်ကာပူဟောပြောပွဲမှစပြီး တော်တော်များ
များ ကျနော်နားထောင်ဖြစ် ကြည့်ဖြစ်ခဲ့ပါသည်။ ဟောပြောပွဲ စစခြင်း စတင်ဟောပြောသူက
တော့ ဆရာမဒေါ်ဒေဝီသန့်စင်ဖြစ်ပါသည်.. သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းတွေ
ကို ပြောသွားပါသည်…။ ဆရာမနောက်မှ ဟောပြောသူကတော့ ဆရာညီပုလေးပါ …
စင်ပေါ်တက်တက်လာခြင်း ကျနော်တို့ ဒေသအသုံးအနှုန်းဖြစ်တယ် “ညယ်”ဆိုတဲ့
အာလုပ်စကားပြောရမလားတော့မသိ .. ထိုအသုံးအနှုန်းလေးဖြင့် “မင်္ဂလာပါညယ်”ဟု
စတင်ပြီး ပရိတ်သတ်များ ရင်တံခါး ကျယ်ကျယ်ဖွင့်ထားပြီး စာရေးဖြစ်ကြစေရန်တိုက်တွန်း
သည့် ဝတ္ထုတိုရေးခြင်းအကြောင်းကို ဟောပြောပို့ချသွားကာ…
“ကျေးဇူးတင်ပါတယ်ညယ်”ဟု နှုတ်ဆက်သွားခဲ့ပါသည်…..
နောက်ဆုံးဟောပြောသူကတော့ ဆရာမဒေါ်သန်းမြင့်အောင်ပဲ ဖြစ်ပါတယ် ….
ဆရာမပြောတဲ့ အထဲက ကျနော့်ရင်မှာ စွဲမှတ်သွားစေတဲ့ စကားလုံးလေးကတော့
ပရဟိတစိတ်ထားနှင့် နှလုံးသားလှသူ အကြောင်း ဆရာမပြောသွားတာလေးပင် …
ကျနော် ဆရာမပြောခဲ့တာလေးကို နည်းနည်းမျှဝေပေးချင်ပါသည်..။ ဆရာမပြောပြ
သွားသောဇာတ်လမ်းလေးကို ကျနော်ဖတ်ခဲ့ဘူးတယ်ထင်ပေမယ့် သေချာမမှတ်မိတော့ပါ..။
ကဲ…ဆရာမပြောပြတဲ့ ဇာတ်လမ်းလေးကို ပြောပြမယ်ဗျာ…
ဆရာမမှာ ကင်ဆာရောခံစားနေရတဲ့ သူငယ်ချင်းလိုရော အစ်မလိုပါခင်ရတဲ့
သူငယ်ချင်းတစ်ယောက်ရှိပါတယ်..။ အဲ့သူငယ်ချင်းဆီကို ဆရာတစ်ပတ်တစ်ခါသွားလေ့ရှိတယ်..
တစ်ပတ်တစ်ခါဆိုတော့ စနေနေ့ ဒါမှမဟုတ် တနင်္ဂနွေနေ့ ညနေပိုင်းတွေမှာသွားလေ့ရှိတာပေါ့ ။
တစ်ရက်မှာတော့ ဆရာမက စနေ တနင်္ဂနွေနေ့တွေမှာ စာပေဟောပြောပွဲသွားစရာ
ရှိလို့ ကြားရက်တစ်ရက်မှာ သူ့သူငယ်ချင်းဆီ သွားပါတယ်…။ ဆရာမသွားရတာက
ယုဇနဥယျာဉ်မြို့တော်ကိုပါတဲ့ ..။ ဘတ်စ်ကားနဲ့ သွားနေကျတဲ့ ခင်ဗျ…။
အဲ့နေ့မှာလည်း ဆရာမ ဘတ်စ်ကားနဲ့ပဲ သွားပါတယ်…။ ကြားရက်ဆိုတော့
ရန်ကုန်ဘတ်စ်ကားတွေ ကြပ်တယ်ဆိုပဲ .. ဆရာမ ဘတ်စ်ကားပေါ်မှာ ခြေထောက်
တစ်ချောင်းပဲ ရပ်လို့ရပါတယ်… လူတွေပြည့်ကြပ်နေတော့ အသက်ရှုလို့မဝသလိုဖြစ်ပြီး..
ကိုယ့်ကိုယ်ကို တော်တော်ဒေါသဖြစ်မိနေသတဲ့ဗျာ… မသွားပဲနေရင်လည်းရတာပဲ…
ဖုန်းဆက်ပြောလိုက်ရင်လည်း ရတာပဲ ..စသဖြင့် ..စသဖြင့်ပေါ့နော်…
အဲ့အချိန်မှာပဲ ဆရာမဘေးနားက အဘွားအို တစ်ဦးနဲ့ မြေးအရွယ် ကလေးမလေး
တစ်ဦးကလည်း အချင်းများနေကြရဲ့ … ဆရာမနောက်နားလေးမှာ ကျောင်းဆရာမလေး
တစ်ဦးကလည်း အရက်သမား သုံးလေးယောက်ကြားမှာ တုန်တုန်ရင်ရင်နဲ့ နှာခေါင်းလေး
ကို လက်ကိုင်ပဝါလေးအုပ်ပြီးနေတာကို အရက်သမားတွေက မကြည်မလင်နဲ့ တဗျစ်တောက်
တောက်ပြောနေကြသေးရဲ့ … တစ်ခါ အဝတ်အစားသန့်သန့်ပြန့်ပြန့်နဲ့ လူကြီးတစ်ဦးက
သူ့အိတ်ထဲမှာ ပါလာတဲ့ ပိုက်ဆံလေးကို ခါးပိုက်နှိုက်ခံရမှာစိုးလို့ အကျီင်္အိတ်ကို လက်ကလေး
နဲ့ ဖိထားတာကိုလည်း ဘေးနားက အဝတ်အစားနွမ်းနွမ်းနဲ့ လူနှစ်ဦး သုံးဦးက သူတို့ကို
အထင်းသေးတယ်ဆိုပြီး ပြဿနာရှာနေကြပါတယ်…
အဲ့… ဒီနေရာမှာ ဆရာမက သူငယ်ချင်းဆီ ညနေပိုင်းသွားတာပါတဲ့ဗျ….
လူတွေဟာ မနက်ခင်းအိမ်ကထွက်ချိန်နဲ့ ညနေပိုင်း အလုပ်ပြီးလို့ အိမ်ပြန်လာချိန်
မတူပါဘူးတဲ့ …. ညနေပိုင်းမှာ တစ်နေကုန် အလုပ်လုပ်ခဲ့ရတဲ့အတွက် ခန္ဓာကိုယ်ဟာ
ပင်ပန်းနွမ်းနယ်နေပြီး … သည်းခံမှုတွေကလည်း နည်းပါးနေတတ်ပါသတဲ့….
ဒါကတော့ အမှန်မဟုတ်လားဗျာ… ကျနော်တို့ ပင်ပန်းနွမ်းနယ်နေချိန်မှာ
စိတ်အခန့်မသင့်တာလေးတွေနဲ့ကြုံရင် သည်းခံမှုတွေနည်းသွားတတ်ကြပါတယ်..
ခုလည်း ဆရာမနဲ့ တကွ ဘတ်စ်ကားပေါ်က ခရီးသည်တွေဟာ သည်းခံမှုနည်းပါးနေကြ
ပြီး ပြဿနာတက်နေကြတာပေါ့..အချိန်မရွေးပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးလိုပါ…
အဲ့အချိန်မှာပဲ ဘတ်စ်ကားရဲ့ တစ်နေရာကနေ ယောက်ျားတစ်ယောက်ရဲ့ အသံတစ်သံ
ထွက်ပေါ်လာပါတယ်…. “ ကားဆရာရေ အပေါက်ဝနားမှာ ပုဆိုးတစ်ကွင်းတွေ့ရင်
ယူထားလိုက်ပါဗျို့ … အဲ့တာကျနော့်ပုဆိုးပါ..
ဒါပေမယ့်..ခုတော့.. မပေးပါနဲ့ဦး … ခင်ဗျားကိုလည်း ကျနော်မမြင်ရဘူး ..
ကားရပ်တဲ့ အခါမှ ကျနော်ဆင်းရင်း ကျနော့်ခေါင်းပေါ်ကနေစွပ်ချပေးလိုက်ပါ…
ကားကကြပ်တော့ ကျနော် ပုဆိုးကျွတ်ကျလို့ ကျွတ်ကျမှန်းမသိခဲ့ပါဘူး … ခုလည်း
ဒူးရင်းသီးနဲ့ ထိမိလို့ ပုဆိုးမပါမှန်းသိရတာပါ…..”ဆိုသော အသံကိုကြားရ၏..။
ခဏက မကျေမနပ်သံများ ခဏမျှတိတ်ဆိတ်သွားသတဲ့ခင်ဗျ…
ကျနော်ဆရာမဟောပြောချက်ကြားပြီး အဲ့လူရဲ့ အဖြစ်ကိုမျက်စိထဲမြင်ကြည့်ပြီး စိတ်မကောင်း
ဖြစ်ရမှာလား ရယ်ရမှာလား ဝေခွဲမရဖြစ်သွားတယ်….
ကျနော်တွေးမိသလိုပဲဆရာမလည်းတွေးမိတယ်ဆိုပဲ… “ဟယ်..ဒီလူ ပုဆိုးမပါပဲ
ဘယ်လိုများနေပါမလိမ့်..ပြီးတော့ပုဆိုးကမပါပါဘူးဆို
ဒူးရင်းသီးဝယ်လာတဲ့ လူအနားမှာ နေရာရသွားရတယ်လို့ပေါ့….” ဆရာမလိုပဲ ဘတ်စ်ကား
ပေါ်ပါလာတဲ့ ခရီးသည်တွေလည်းတွေးမိကောင်းတွေးမိကြမှာပါ…ဒါကြောင့်လည်း
ဘတ်စ်ကားပေါ်မှာ ခဏက အော်ပြောတဲ့ ယောက်ျားတစ်ယောက်ရဲ့ စကားသံအဆုံးမှာ
တိတ်ဆိတ်ငြိမ်သက်သွားကြပြီး အတွေးတွေနဲ့ ခရီးသည်ယောက်ျားအပေါ်မှာ စာနာ
နေမိကြလို့ ခရီးဆုံးဟာ ဘာမှမကြာလိုက်သလိုပါပဲတဲ့…. ခရီးဆုံးရောက်တော့ ဆရာမက
ခဏကအော်ပြောတဲ့ ယောကျာ်းလေးဟာ ဘယ်လိုလူမျိုးလည်းဆိုတာ စိတ်ဝင်စားလို့
ဘတ်စ်းကားပေါ်ကဆင်းပြီး ခပ်လှမ်းလှမ်းကနေ ကားပေါ်ကဆင်းလာတဲ့သူတွေကို မသိ
မသာအကဲခတ်ပါတယ်…ဒါပေမယ့် ကားပေါ်က ပုဆိုးမပါပဲ ဆင်းလာတဲသူ့ တစ်ယောက်မှ
မရှိသလို ဒူးရင်းသီးကိုင်ပြီး ဆင်းလာတဲ့ ခရီးသည်လည်း တစ်ယောက်မှ မရှိပါဘူးတဲ့..
ဒါဟာ နှလုံးသားလှတဲ့ ပရဟိတစိတ်ရှိတဲ့ လူတစ်ယောက်ရဲ့ စွမ်းဆောင်ချက်ပါလို့
ဆရာမကပြောပါတယ်…
ပရဟိတဆိုတာ စကားလေးတစ်ခွန်းနဲ့ တစ်ပါးသူ စိတ်ငြိမ်းချမ်းနိုင်ရင် စိတ်မချမ်းသာမှုတွေကို
ဖြေဖျောက်ပေးနိုင်ရင် ဒါဟာ ပရဟိတပါပဲတဲ့… ဒီအတွက်ကြောင့်…
ပရဟိတဆိုတာကို မအားလို့ မလုပ်နိုင်တာ ငွေကြေးမရှိလို့ မလုပ်နိုင်တာဆိုတာမျိုးတွေ
မပြောကြဖို့နဲ့ .. ပရဟိတဆိုတာ စကားလေးတစ်ခွန်းနဲ့လည်း ပရဟိတဖြစ်စေနိုင်တဲ့အကြောင်း
ဥပမာကောင်းလေးပေးသွားတာပါ…
ဆရာမပြောပြသွားတဲ့ နှလုံးသားလှတဲ့ ပရဟိတစိတ်ထားနဲ့ လူတစ်ဦးက စကားလုံးလေးတွေနဲ့
ထိန်းသွားလို့ ဘတ်စ်ကားပေါ်မှာ ဆူညံနေမှုတွေ သည်းခံတရားနည်းပါးမှုတွေဟာ ငြိမ်သက်သွား
ရတာမဟုတ်လားး..
နောက်တစ်ခုက ကျနော်တို့တွေလည်း ဘတ်စ်ကားပေါ်က ခရီးသည်ယောက်ျားလို
နှလုံးသားလှတဲ့ ပရဟိတ်စိတ်ထားရှိကြမယ်ဆိုရင် …..
ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ ကျနော်တို့ နိုင်ငံမှာ ဒီလိုလူတွေ အများကြီးရှိလိမ့်မယ်လို့လဲ
မျှော်လင့်မိပါတယ်…
ဒီလိုပရဟိတစိတ်ထားရှိတဲ့လူတွေများနေခဲ့ရင် ကျနော်တို့ မျှော်လင့်နေသော
ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးကို ရောက်ရှိရမည်မှာ
မလွဲပါလို့အဆုံးသတ်ပြောချင်ပါတယ်….
ဒါကြောင့်ကျနော်တို့အားလုံးဘဝခရီးကို အတ္တဟိတနဲ့ ပရဟိတ မျှတအောင်
လုပ်ဆောင်ရင်း ဖြတ်ကျော်ကြပါစို့..။
ချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ….
5 comments
စိန်ပေါက်ပေါက်
January 30, 2012 at 5:35 pm
စကားတစ်ခွန်းနဲ ့လဲ ပရဟိတ ဖြစ်သတဲ့လား
အားငယ်တော့ဘူး ဒါဆို
စကားမစပ်
ညနေပိုင်းအလုပ်ပြန်ရတာ ဆရာမပြောသလို ပေါက်ကွဲတော့မဲ့ဗုံးလို ပဲဗျာ
အကုန်လုံး ပင်ပန်းငြီးငွေ ့အားကုန်ပြီးပြန်ကြတာ
တစ်ခုခုဆို စိတ်မရှည်ချင်ကြတော့ဘူး
အဲတာကြောင့်
ဘတ်စ်ကားစီးပြီး သွားရမဲ့ အလုပ် ရှောင်တာ
ကျနော့အလုပ်က ဆိုက်ကားနင်းတယ်လေ
ကိုယ့်ဆိုက်ကားနဲ ့ကိုယ် ဘယ်ဒိုးဒိုး ဒိုးလို ့ရတယ်
အေးချေးဘဲ
😀
kotun winlatt
January 30, 2012 at 5:49 pm
ဟုတ်ပါတယ်ဗျ… စကားတစ်ခွန်းကလည်းး ပရဟိတဖြစ်ပါတယ်..
စိတ်အားငယ်နေတဲ့လူကို စကားလေးတစ်ခွန်းနဲ့ အားပေးတာ…
စိတ်ဖိစီးမှုတွေများနေလို့ ရင်ဖွင့်ချင်တဲ့ လူရဲ့ စကားလေးတွေကို
နားထောင်ပေးပြီး အကြံပေးတာ အဲ့တာတွေက တစ်ပါးသူရဲ့
ကောင်းရာကောင်းကျိုးကိုဆောင်ရွက်ပေးတာပဲလေ…
ဒီတော့ အဲ့တာပရဟိတပဲ မဟုတ်လားခင်ဗျာ…
အမ်….ကပေါက်ဖော်….ဆိုက္ကားနင်းတယ်ဆိုလဲ အားငယ်ပါနဲ့ဗျာ…
ကပေါက်ဖော်ကမှ ဆိုက္ကားမောင်းရသေးးး
ကျနော်တောသားကတော့ နွားလှည်းကြီးမောင်းနေရသဗျ….
ဟို..ဟန်ထူးလွင်သီချင်းထဲကလို…
“အရင်လိုပါပဲ…. ရွာအဝင်လမ်းထဲ..ယိုင်တိုင်တိုင်…
လှည်းကြီးမောင်းရင်းနဲ့….”
naywoonni
January 30, 2012 at 8:44 pm
ထွန်းဝင်လတ်ရေ့…….. နွားလှည်းမောင်းတာက အရေးမကြီးဘူး …။ ကတ္တရာလမ်းတွေပေါ်တော့ တက်မမောင်းမိပါစေနဲ့ကွာ…။ နေပြည်တော်မှာတော့ စည်ပင်ကို သွားပြောလည်း အရေးမယူဘူးကွ…။ ကတ္တရာလမ်းတင်မကဘူးဟေ့…….. နောက်ခင်းထားတဲ့ ကွန်ကရစ်လမ်းပေါ်တောင်မောင်းချနေတာပဲ…။ အဲဒိလမ်းတွေက ယာဉ်အသွားအလာမရှိသလောက်ဆိုတော့ သူတို့ရွာတွေရဲ့ ဘေးမှာဖြတ်ဖောက်ထားတာဆိုတော့ အေးအေးဆေးဆေး ပဲ…။ မောင်ချနေလိုက်ကြတာ…။ အဲဒါကြောင့် ဆိုင်ရာ ကိုသွားသတင်းပေးလည်း လူမုန်းတာပဲ အဖတ်တင်တယ်…။ ပြောတောဝူး လို့ စိတ်ဆုံးဖြတ်ထားတယ်..။
windtalker
January 30, 2012 at 8:56 pm
ဖတ်ရတာ တစ်မျိုးလေးပဲဗျာ ။ ကျွန်တော် လဲ တစ်ခါတစ်လေ တွေးမိတာရှိတယ် ။
ချစ်လဲဒီပါးစပ် မုန်းလဲဒီပါးစပ် ထမင်းကျွေးတာလဲ ဒီပါးစပ် ၊ အိုဗျာ သမုဒ္ဒရာဝမ်းတစ်ထွာ တဲ့နော်
ကြက်ဖင် ( အကယ်ဒမီ )
January 30, 2012 at 9:31 pm
ခင်ဗျားတို့တော်တော်ဒုန်းဝေးတာဘဲ မင်းသိင်္ခ ( ဆရာ မင်းသိင်္ခ ) လေသံဖြင့်
အောက်က ကျုပ်လေသံ 😀
ပရဟိတလုပ်တဲ့လူတွေဆိုတာ ကိုယ့်ထမင်းကိုယ်စားပြီးဂျီးတော်နွားငှားကျောင်းတဲ့လူတွေ
( သူများကို အလှူငွေအတင်းထဲ့ခိုင်းတဲ့လူတွေမပါ )