“ပျောက်ရှသွားသော မျက်မှန်တစ်လက်”
(နိဒါန်း)
ဇာတ်လမ်းရဲ့ အဓိက ပြဿနာက အဲဒီညက သောက်တာတော်တော်များတော့ မူးသွားပြီး အရက်ဆိုင်မှာ သူ့မျက်မှန်ကျန်ခဲ့တာက စတယ်လို့ ပြောရမှာပဲ။ မှတ်မိသလောက် အဲဒီညက ဆိုင်မှာ လူတော်တော်စုံသွားတယ်။ သူရယ်၊ ရွှင်လန်းရယ်၊ မှတ်ကြီးရယ်၊ ပြီးတော့ ဒေါက်တာ ကိုထွန်းနဲ့ သူ့သူငယ်ချင်းများ သုံးယောက်လောက်ပါ ပါလာတယ်။ ဆေးပညာအကြောင်းတွေကော၊ သိပ္ပံပညာ၊ စာပေ စုံနေတာပဲ ပြောခဲ့ကြတာ။ ပြီးတော့ ညဉ့်လည်းနက်သွားပြီး အားလုံးထ ပြန်ခဲ့ကြတာ သူက မျက်မှန်မယူခဲ့ဘဲ ပြန်လာခဲ့တယ်။ အဲဒီက စတော့တာပဲ။
(၁)
နောက်တစ်ရက် သူနိုးလာတော့ ညက ဘယ်လို ပြန်လာလဲပင် မမှတ်မိတော့။ ခေါင်းတွေလည်း ကိုက်ခဲနေပြီ။ မျက်လုံးကိုပင် မဖွင့်ချင် ဖွင့်ချင်ဖြင့် သူဖွင့်လိုက်တော့။
“ဟင် … ငါဘယ်မှာ အိပ်နေတာလဲ ….”
သူလန့်သွားပါတယ်။
သူ့နံဘေးမှာ မြင်လိုက်ရတဲ့ ပတ်ဝန်းကျင်က သူ့အတွက် အရမ်းကို ထူးဆန်းလွန်းနေခဲ့တယ်။ မီးခိုးများထွက်နေသော ကျောက်သားနံရံများ၊ သူလဲလျောင်းအိပ်နေတာက မီးလောင်ထားတဲ့ မြေသားပြင်တစ်ခု။ သူအပေါ်ကို မော့ကြည့်လိုက်တော့ ကောင်းကင်မရှိ။ အလင်းရောင်မရှိ။ အမှောင်ထုကြီးတစ်ခုသာ ဖြစ်လို့နေတယ်။ ရုတ်တရက် သူကြည့်နေတုန်း သူ့မျက်နှာပေါ်ကို သွေးများ ကျလာတယ်။
“အို … သွေးတွေ … သွေးတွေ .. ပါလား ..”
သူလန့်ပြီး ပြေးပါတယ်။ သူ့မှာ ဖိနပ်မပါတဲ့ အတွက် သူနင်းထားတဲ့ မြေပြင်ရဲ့ အပူရှိန်ကို သူကြာကြာမခံနိုင်။
“ဟေး ………… ငါဘယ်ရောက်နေတာလဲ ဟေး ……..
ဒီမှာ .. ဘယ်သူ ရှိလဲ ဟေး ……………….”
သူအော်ဟစ်အကူအညီတောင်းနေပေမယ့် အချည်းနှီး။ သူ့ပဲ့တင်သံပင် သူပြန်မကြားရ။ သူ့တစ်ကိုယ်လုံးလည်း သွေးတွေက ရွှဲနစ်လို့ နေပြီ။ သွေးတွေကလည်း မိုးရွာသလိုမျိုးကြီး ရွာနေတာ။
သူအဲလို ပြေးရင်း တစ်နေရာ အရောက်မှာတော့ တောင်ကြီးတစ်တောင်ကို သွားတွေ့တယ်။ ဒါပေမယ့် အဲဒီတောင်က ကျောက်တောင်လည်း မဟုတ်၊ မီးတောင်လည်း မဟုတ်ဘဲ အရိုးခေါင်းတောင်ကြီးဖြစ်နေတယ်။ သူကြောက်ပြီး ကြောက်တောင်တောင်ပင် ဖြစ်သွားတယ်။ ရုတ်တရက်မို့ သူမမြင်ဖူးတဲ့ တောင်ကြီးကို ကြည့်နေပြီးမှ သူပိုလို့ ကြောက်ကာ တခြားတစ်ဘက်ဆီကို ပြေးပြန်တယ်။ သူပြေးနေရင်းက ပြန်ရပ်လိုက်တယ်။
“ဒါက ဘယ်လို ဖြစ်ရတာလဲ … ဒါဘယ်နေရာလဲ …”
သူမသိပါ။ စဉ်းစားလို့မရပါ။ သူမပြေးနိုင်တော့ မောပြီ။ သူ့အနောက်က ကျန်ခဲ့ အရိုးခေါင်းတောင်ကြီးကို ပြန်လှည့်ကြည့်တော့ ..။
“ဟင် .. ဘယ်ရောက်သွားလဲ တောင်ကြီးက”
အရိုးခေါင်းတောင်ကြီးက မရှိတော့ပါ။ စိမ်းလန်းတဲ့ တောအုပ်ကလေးတစ်ခု။ သူပျော်သွားပါတယ်။ သူအဲဒီကို ရောက်အောင် အမြန်သွားလိုက်တယ်။
(၂)
သူရွာလေးတစ်ခုကို မြင်နေရပြီ။ သူလမ်းပင် မလျှောက်နိုင်တော့သော်လည်း ရောက်ချင်လှပြီ။ သူဖြတ်လျှောက်လာခဲ့တာက တောတန်းလေးလို့ ပြောရမယ်။ သစ်ပင်တွေက သူမမြင်ဖူးတဲ့ အပင်တွေချည်း။ အချို့ပင်တွေက ဇောက်ထိုးကြီးဖြစ်နေတယ်။ အောက်တွင် အရွက်၊ အကိုင်းတွေနဲ့။ အပေါ်ကျမှ အမြစ်တွေ။ ထူးဆန်းလွန်းတယ်။ ဒါပေမယ့် ဒါကို သူဂရုမစိုက်နိုင်အား။ ရွာလေးကို ရောက်ဖို့ကိုပဲ အားတင်း လျှောက်လာခဲ့တယ်။ သူ့ခပ်လှမ်းလှမ်းက ဆိုင်းဘုတ်လေးကို သူဖတ်လိုက်ရတယ်။
“ဇောက်ထိုးရွာမှ ကြိုဆိုပါသည်” တဲ့။
ကြံကြံဖန်ဖန် နာမည်ကလည်းလို့ သူက တွေးပြီး ဆက်လျှောက်လာခဲ့တယ်။
“ဟင် … အိမ်တွေက ဘယ်လိုကြီးလဲ …”
ခေါင်မိုးတွေက အောက်မှာ ဖြစ်နေတယ်။ အိမ်တွေအားလုံးက ဇောက်ထိုးတွေချည်း။ သူထူးဆန်းစွာကြည့်ရင်း လမ်းလျှောက်လာရင်းက တစ်နေရာမှာ လူတစ်ယောက်ကို တွေ့လိုက်တော့ သူပျော်သွားတယ်။ ပျော်သွားပေမယ့် ထပ်ပြီး ထူးဆန်းရပြန်တယ်။ ထိုသူက ကင်းမြီးကောင်ထောင်ပြီး လမ်းလျှောက်လာတာ။
“မိတ်ဆွေ … ဒါက ဘယ်နေရာလဲဟင် …”
ထိုသူက သူ့စကားကို နားထောင်ပြီး အတော်ကြာမှ ပြန်ပြောတယ်။
“ပေါ့ရွာ ကဒါ …
ရွာထိုးဇောက် …
ကလုံးအား တို့ငါ …
ကိုရာရာအ …
တယ်နေ ထိုးဇောက် …”
သူနားမလည်ပါ။ စိတ်ပျက်ရပါတယ်။ ဒါနဲ့ နောက်တစ်ယောက်ကို ပဲ အကူအညီ တောင်းဖို့ ဆုံးဖြတ်ပြီး ထပ်လျှောက်လာခဲ့တယ်။
တစ်နေရာမှာ လူတစ်ယောက်ကို ထပ်တွေ့ပေမယ့် ထိုလူကလည်း ကင်းမြီးကောက်ထောင်ပြီး လျှောက်လာပြန်တယ်။
“အစ်ကိုရေ .. တွေ့ရတာ ဝမ်းသာပါတယ်” လို့ ဆိုပြီး သူက လက်ဆွဲနှုတ်ဆက်တော့ ထိုသူက သူ့ခြေထောက်ကြီးနဲ့ နှုတ်ဆက်တယ်။ သူ စိတ်ညစ်ပြီး ဘာမှ မပြောတော့ဘဲ နောက်ရွာကို ထွက်ဖို့ ပြင်ဆင်လိုက်တယ်။
(၃)
ရွာအပြင်တောလမ်းလေးကို ဖြတ်လျှောက်ပြီး တော်တော်ကြာတော့ နောက်ရွာတစ်ရွာကို လှမ်းတွေ့လိုက်တယ်။ ရွာဆိုင်းဘုတ်လေးကို သူဖတ်ကြည့်တော့ တစ်မျိုးခံစားရပြန်တယ်။
“သူလိုလို ကိုယ်လိုလို ရွာမှ သူလိုလို ကိုယ်လိုလို ကြိုဆိုပါ၏” တဲ့။
သူရွာထဲ ဝင်တော့ လူနှစ်ယောက်နဲ့ တွေ့တယ်။ ဒီတစ်ခါတော့ သူတို့က ကင်းမြီးကောက်ထောင်လာကြတာ မဟုတ်တော့။ အဆင်ပြေလောက်တယ်လို့ သူက တွေးလိုက်ပြီး သူတို့နားလျှောက်သွားလိုက်တယ်။
“ဗျို့ … သူငယ်ချင်းတို့ ….”
သူလှမ်းအော်လိုက်တော့ ထိုလူနှစ်ယောက်က သူ့ကို လှည့်ကြည့်တယ်။ သူတို့ နှစ်ယောက်လုံးက ရုပ်တွေက တစ်ပုံစံတည်း။ အမွှာပူး ညီအစ်ကို များဖြစ်လိမ့်မယ်လို့ တွေးလိုက်ပြီး သူက မေးလိုက်တယ်။
“ဒါက ဘာရွာလဲဗျ … ကျွန်တော်ဒီနေရာ မရောက်ဖူးလို့”
“သူလိုလို ကိုယ်လိုလိုရွာ … ကျန်တာ ငါမသိဘူး”
“သူလိုလို ကိုယ်လိုလိုရွာ … ကျန်တာ ငါမသိဘူး”
နှစ်ယောက်လုံးက ပြိုင်တူ ဖြေပါတယ်။
“ဒီရွာကနေ ဆက်သွားရင် အရှေ့ဘက်မှာ ဘာရွာရှိလဲဟင် …”
“သူလိုလို ကိုယ်လိုလိုရွာ … ကျန်တာ ငါမသိဘူး”
“သူလိုလို ကိုယ်လိုလိုရွာ … ကျန်တာ ငါမသိဘူး”
သူစိတ်ညစ်သွားပါတယ်။ တခြားလူကိုသာ သွားမေးဖို့ သူရှေ့ဆက်ထွက်ခဲ့တယ်။ နောက်တွေ့ရတဲ့ လူများမှာလည်း ထူးဆန်းစွာ သူတွေ့ခဲ့တဲ့ လူနှစ်ယောက်နဲ့ ရုပ်အတူတူပင်ဖြစ်နေကြပါတယ်။ သူ ဇဝေဇဝါဖြစ်သွားပါတယ်။ ဘယ်သူကများ အမွှာပူးတွေ အဲလောက်အများကြီး မွေးထားပါလိမ့်ဟု တွေးမိပေမယ့် ဒါက မဖြစ်နိုင်ပါလို့လညး သူခေါင်းရှုပ်ရပါတယ်။
“အစ်ကိုရေ … ခင်ဗျားတို့ တစ်ရွာလုံးက တစ်ရုပ်တည်းပါလား
ဘယ်လိုဖြစ်တာလဲဗျာ … ကျွန်တော်က လမ်းပျောက်နေလို့ အကူညီတောင်းပါရစေနော်”
“သူလိုလို ကိုယ်လိုလိုရွာ … ကျန်တာ ငါမသိဘူး”
“သူလိုလို ကိုယ်လိုလိုရွာ … ကျန်တာ ငါမသိဘူး”
“သူလိုလို ကိုယ်လိုလိုရွာ … ကျန်တာ ငါမသိဘူး”
အားလုံးက တပြိုင်တည်း ဒါကိုသာ ပြောကြပါတယ်။ သူစိတ်ပျက်ကာ နောက်တစ်ရွာကို ထပ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
(၄)
နောက်တစ်ရွာရဲ့ ဆိုင်းဘုတ်ကတော့ သူ့အတွက် မထူးဆန်းလှပါ။
“ကလေးရွာ” တဲ့။ ဒါကတော့ ပုံမှန် ရွာလေးတစ်ရွာ ဖြစ်နိုင်ပါတယ်လို့ တွေးပြီး သူက ရွာထဲ ဝင်လိုက်တယ်။ သူတွေ့တွေ့ချင်း လူသုံးယောက်လောက် မြေပြင်တွင် ထိုင်နေကြတာကို တွေ့လိုက်တယ်။
“ဟေ့ … အစ်ကိုတို့ .. အကူညီတောင်းပါရစေဗျာ …”
ထိုသူများက သူ့ကို တွေ့တော့ သူဆီလာကြတယ်။ ဒါပေမယ့် လာပုံက ပုံမှန်တော့မဟုတ်။ လေးဘက်ထောက်ကြီးဖြစ်တယ်။
“ဟင် .. ဘာလဲဟ”
“အစ်ကိုရေ … ကျွန်တော် လမ်းပျောက်နေလို့ ကူညီပါဦးဗျာ ..”
“အာ .. အ .. အူး … အူ … ဟီး ..အ”
သူက ဘာပြောလိုက်ပါလိမ့်ဟု တွေးရင်း ထပ်မံ အကူညီတောင်းကြည့်လိုက်ပါတယ်။
“ကျွန်တော် ဗိုက်ဆာနေလို့ပါဗျာ .. လမ်းလည်းပျောက်နေလို့ပါ …”
“ အာ .. အူး .. အီ .. အီး …” ဆိုပြီး သူတို့ထဲက တစ်ယောက်က သူ့ကို တစ်စုံတစ်ခု ထုတ်ပေးပါတယ်။ သူလှမ်းကြည့်တော့ ထိုအရာက နို့ဗူးကြီး …။ သူစိတ်ပျက်လက်ပျက်နဲ့ ထိုရွာက ထွက်ခွါဖို့ ထပ်မံပြင်ဆင်လိုက်ပါတယ်။ ထိုတစ်ရွာလုံးက လူတွေဟာ အသက်ဘယ်လောက်ကြီးကြီး ကလေးတွေလိုပဲ နေကြတာကို သူတအံတဩကြီး တွေ့လိုက်ရပါတယ်။
(၅)
“မျက်စိ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ကကြီး”
သူမျက်မှန် ပျောက်သွားပြီးနောက်ပိုင်း သူ့မှာ ပြဿနာတွေ ဆက်တိုက်ဖြစ်နေပါတယ်။ သူ့မျက်လုံးတွေက ပုံမှန်မဟုတ်တော့။ သေချာစစ်ဆေးကြည့်မှ ဖြစ်တော့မယ်လို့ သူက ဆုံးဖြတ်လိုက်တယ်။
“မျက်မှန် ပျောက်တာ ဘယ်လောက်ကြာပြီလဲ”
“တစ်ပတ်လောက်ရှိပြီဆရာ …
ကျွန်တော် မအားလို့ မျက်မှန်ပြန်မလုပ်ဖြစ်တာ”
ဆရာဝန်က ခေါင်းညိမ့်တယ်။
“ဟုတ်ပြီ … ဒါဆို .. မျက်မှန်မတပ်ဘဲ .. ခင်ဗျား ကြည်ကြည်လင်လင်မြင်ရရဲ့လား”
“မြင်ရတယ်ဆရာ … ခါတိုင်းဆို … မျက်မှန်မပါရင် မရဘူး
ခု ထူးထူးဆန်းဆန်း မြင်နေရတယ် … ဒါပေမယ့် …”
သူက စကားကို ရပ်လိုက်ပြီး သူ့အမြင်အာရုံတွေရဲ့ မှောက်မှားမှုတွေကို ပြောရကောင်းနိုးနိုး စဉ်းစားနေတယ်။ ဆရာဝန်က သူ့စကားကို စောင့်ပြီး
“ဒါပေမယ့် .. ဘာဖြစ်လဲ” လို့ ဆက်မေးတယ်။
“ဆရာ … ဆရာပဲ စမ်းသပ်ပေးပါတော့ ….. နောက်ဆုံးပေါ် စက်ကိရိယာတွေ သုံးပြီး
သေချာစမ်းသပ်ပေးပါနော် …”
“အေး .. ဒါတော့ စိတ်ချ ..
ကဲ .. စပြီး စမ်းသပ်လိုက်ရအောင်”
ဆရာဝန်က သူ့စစ်ဆေးမှု အဖြေလွှာကို ကြည့်ပြီး ခေါင်းတရမ်းရမ်းခါတယ်။ အဖြေကို ကြည့်လိုက်၊ သူ့ကို ကြည့်လိုက် လုပ်တယ်။ သူ့မှာသာ ရင်တွေတုန်လို့ …။
“ဆရာ … ဘာလဲဟင် ….
ကျွန်တော် မျက်စိ ဘာဖြစ်နေလဲ”
“အင်း … စက်က ထုတ်လိုက်တဲ့ အဖြေက ကျုပ်မမြင်ဖူးသေးဘူးကွ”
ဆရာဝန်ရဲ့ စကားကို သူဘဝင်မကျပါ။
“ဘယ်လို .. ဘာအဖြေထွက် .. ထွက်လို့ .. လဲ ..ဟင်”
“အင်း .. လူတွေရဲ့ မြင်နိုင်စွမ်းက ပုံမှန်ဆို တစ်ရာနဲ့ ရှစ်ဆယ်ကြားမှာ ရှိရတာ
ခုဟာက ..
မင်းက …
မင်းက …. တစ်ထောင်လောက်ဖြစ်နေတော့ …
ငါ့အထင် မင်း မြင်နိုင်စွမ်းအားက အရမ်းကောင်းလွန်းနေတယ်ကွ”
(နိဂုံး)
သိပ္ပံပညာရှင်အချို့နှင့် မျက်စိအထူးကု ဆရာဝန်ကြီးများ အစည်းအဝေးတစ်ခုကို လုပ်နေကြပါသည်။ သူတို့အားလုံး တတ်သမျှ စွမ်းသမျှနှင့် ပြဿနာတစ်ခုကို ခေါင်းစားလျက် ရှိကြကုန်သည်။ သူတို့တွေ အဓိက အဖြေရှာနေတာက………
သာမန်ထက်ပိုနေသော မြင်နိုင်စွမ်းအားရှိသူများကို လောကနှင့် သဟဇာတဖြစ်စေရန် မြင်နိုင်စွမ်းအားလျှော့ချပေးမည့် မျက်မှန်တီထွင် ထုတ်လုပ်ကြရန် ဖြစ်ပါသည်။
ရင်နင့်အောင်
2 comments
စိန်ပေါက်ပေါက်
February 4, 2012 at 1:30 pm
တယ် ပါ သွား ဖတ်
အု..အု..အိ..အီ…ဝူး.အူး
အတိသဉ္ဇာ နာဂရ ချစ်သူ
February 4, 2012 at 1:57 pm
ဟိုက်မလွယ်ပါလား။နည်းတဲ့မြင်နိုင်စွမ်းအားလားဗျာ။အတွေးကောင်း၊အရေးကောင်းတဲ့ပို ့စ်ပါဗျာ။
လေးစားအားကျပါတယ်။ကျနော်လဲ မျက်မှန်သမားမို ့အားငယ်တယ်ဗျာ။