ပါးစပ်ပျောက်ဆုံးခြင်း
၁။
ထိုနေ့မနက်က ကျွန်တော် ပါးစပ်ပျောက်သွားတယ်။
“ဟာ … ငါပါးစပ် ဘယ်ရောက်သွားလဲ ..
နေဦး ဘယ်သူခိုးသွားတာလဲ …
နေပါဦးဟ ဟုတ်ကော ဟုတ်ရဲ့လား .. အိပ်ရင်းနဲ့အိပ်ယာထဲများ ထွက်ကျသွားခဲ့တာလား …”
အဲလိုနဲ့ ကျွန်တော် အိပ်ယာထဲ၊ အိပ်ခန်းထဲ၊ ဘီဒိုထဲ …၊ တစ်အိမ်လုံးအနှံ့ လိုက်ရှာရပါတယ်။ မတွေ့ဘူးဗျ။ ပြဿနာတော့ အကြီးအကျယ်တတ်ပြီ။ ဟုတ်တယ်လေဗျာ။ ပါးစပ်မရှိလို့ ဘယ်ဖြစ်မလဲ။ ကိုယ်တတ်ကြောင်း ပြောရတာလည်း ဒီပါးစပ်၊ ကိုယ်မှန်ကြောင်း ပြောရတာလဲ ဒီပါးစပ်၊ ကိုယ် မလုပ်တတ်ကြောင်း ရှင်းရတာလည်း ဒီပါးစပ်၊ ကိုယ် မှားကြောင်းဝန်ခံရမှာလဲ ဒီပါးစပ်။ နောက်ဆုံး။ ကိုယ်မှားလည်း မှန်တယ်လို့ လိမ်ရမှာလဲ ဒီပါးစပ်။ ကဲ ။ ဘယ်လောက်တန်ဖိုးရှိတဲ့ ပါးစပ်လဲ။ လုပ်ပါဦး။ ရှာကြစမ်းပါဦးဟ။
ဟာ။ မရှိတော့ဘူး။ သွားပြီ။ တစ်အိမ်လုံးအနှံလိုက်ရှာပြီးပြီ။ မတွေ့တော့ဘူးဗျာ။ သေချာပြီ။ ဒါဆို ညက ကျွန်တော်အိပ်ပျော်နေတုန်း သူခိုးတစ်ယောက်ယောက်ခိုးသွားတာပဲ ဖြစ်နိုင်တယ်။ ဖြစ်ကို ဖြစ်ရမယ်။ ဟုတ်တယ်။ လာစမ်းဦး ဒီသူခိုး။ ရဲစခန်းသွားတိုင် အမှုဖွင့်ပစ်မယ်။
၂။
အိမ်အပြင်ထွက်လို့ ဘက်စ်ကားအပေါ်တက် စပယ်ရာက လက်ဟန် ခြေဟန် အမူအရာ လုပ်ပြတယ်။ အပေါ်လမ်းလား၊ အောက်လမ်းလား ဆိုပြီး လက်မထောင် လက်မချပေါ့။ ကျွန်တော်က အဲဒီကားရောက်တာ သေချာသိနေတော့ ဖြေမနေပါဘူး။ ကားပေါ်တက်လိုက်တယ်။
“ဟင်”
စပယ်ရာမှာလည်း ပါးစပ်မပါ ပါလား…။ သူပါးစပ်လည်း အခိုးခံလိုက်ရပြီလား။ သူက တစ်ကားလုံးကို ပါးစပ်မပါဘဲ အမူအရာနဲ့ ကားခပေးဖို့၊ ကားခပြန်အမ်းဖို့၊ ဘယ်သွားမှာလဲ မေးဖို့ မေးနေပါရော့လား။ အလို။ မဟုတ်ဘူးဗျ။ တစ်ကားလုံးက လိုက်ပါလာတဲ့ ခရီးသည်တွေလည်း အမူအရာနဲ့ပြန်ဖြေနေရပြီ။ သူတို့လည်း ပါးစပ်မပါပါ့လား။ ဘုရားရေ။ ဒါက ဘယ်လိုဖြစ်ရတာတုန်း။ နေပါဦး။ ဒါက ထူးဆန်းမနေဘူးလား။ ပါးစပ်တွေ ဘယ်ရောက်ကုန်ကြလဲ။ ဘယ်သူ ခိုးသွားကြတာလဲ။
၃။
ကျွန်တော်က ရဲစခန်းနဲ့ အနီးဆုံးမှတ်တိုင်ကို ရွေးလို့ ကားပေါ်က ဆင်းဖို့ လက်ဟန်ခြေဟန်ပြလိုက်တယ်။ စပယ်ရာကလည်း လက်ဟန်ခြေဟန်နဲ့ ဒရိုက်ဘာကို ပြတယ်။ ကားက ရပ်သွားတယ်။ ကျွန်တော်ဆင်းတယ်။ အဲ။ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဗျ။ အားလုံး ဆင်းကြတယ်။ ခရီးသည်တွေတင် မဟုတ်။ ပါးစပ်မပါတဲ့ စပရာရော ဒရိုက်ဘာရော အကုန်ဆင်းလာကြတယ်။ ဘာလဲဟ။ ကျွန်တော် နောက်လှည့်ကြည့်ပြီး တွေဝေသွားတာပေါ့။ ဘာတွေလဲ။ ဘာတွေဖြစ်ကုန်ပြီလဲ။ ကျွန်တော်က နောက်လှည့်ကြည့်ပြီး အမူအရာနဲ့ ဘာလဲဟ လို့ မေးတော့။ သူတို့ကလည်း ကျွန်တော့်ကို မင်းကကော ဘယ်လဲဟ ဆိုတဲ့ ပုံလုပ်ပြကြတယ်။
“ကျွန်တော် ပါးစပ်ပျောက်သွားလို့ ရဲစခန်းသွားတိုင်မလို့ဗျာ” လို့ ကျွန်တော်က အမူအရာလုပ်ပြလိုက်တယ်။ သူတို့ကလည်း အတူတူပဲဆိုပဲ။ သူတို့လည်း သူတို့ ပါးစပ်ပျောက်သွားလို့ ရဲစခန်း သွားတိုင်မလို့တဲ့။ ဟင်။ ဒါဆို အတူတူပဲပေါ့။ အဖေါ်ရတာပေါ့။ ကျွန်တော် နည်းနည်း အားတက်သွားတယ်။ ဟုတ်တယ်။ ကျွန်တော်တို့ အတူတူ သွားတိုင်ချက်ဖွင့်ရမယ်။ ဟုတ်တယ်လေ။ ဒါက အိမ်က တီဗွီပျောက်တာထက်၊ ကွန်ပျူတာပျောက်တာထက်၊ မီးခံသေတ္တာ အဖွင့်ခံရတာထက် အရေးကြီးတယ်မလားဗျ။
၄။
ရဲစခန်းကို ကျွန်တော်ဦးဆောင်လို့ လူအုပ်ကြီး ဝင်ချလာတယ်။ ရဲသားတစ်ယောက်က တလေးတစားပဲ နှုတ်ဆက်တယ်။ သူ့ခေါင်းကို ညွှတ်လို့။ ပြီးတော့။
“အစ်ကိုတို့ ဘာကိစ္စလဲ” ဆိုတဲ့ ပုံစံနဲ့ အမူအရာလုပ်ပြတယ်။
ဟင်………..။ သူလည်း ပါးစပ်မရှိပါလား။ ကျွန်တော်က ပါးစပ်ပျောက်လို့လာတိုင်တာလို့ အမူအရာပြန်လုပ်ပြရတာပေါ့။ သူက လိုက်ခဲ့ဆိုတဲ့ ပုံစံနဲ့ စခန်းမှူးကြီးဆီ ခေါ်သွားပါလေရော။
စခန်းမှူးကြီးကို တွေ့တော့ ရဲသားက အမူအရာလုပ်ပြီး ကျွန်တော်တို့ ပါးစပ်ပျောက်လို့ လာတိုင်တဲ့အကြောင်း ရှင်းပြတယ်။ ခက်နေတာက စခန်းမှူးကြီးကလည်း
“အေး … ငါတို့လည်း အဲဒီကိစ္စနဲ့ ခေါင်းကိုက်နေတယ်” ဆိုတဲ့ ပုံစံနဲ့ လက်ဟန်ခြေဟန်လုပ်ပြောပြန်ရော။ ဘုရားရေ။ သူလည်း ပါးစပ်ပျောက်နေပါလား။ ခုမှ ကျွန်တော်ကလည်း ရဲစခန်းကို ပတ်ကြည့်မိတော့ ကျွန်တော်တို့လို လာတိုင်ကြတဲ့လူတွေ မနည်းပါလား။ သူတို့ကို ရှင်းပေးမယ့် ရဲဝန်ထမ်းတွေကလည်း လက်ဟန်ခြေဟန်တွေပြလို့။ လူတွေကလည်း သူတို့ ပါးစပ်နေရာကို လက်နဲ့ပြပြီး လက်ခါပြကာ ပါးစပ်မရှိတော့တဲ့ အကြောင်း အမူအရာလုပ်ကြလို့။ ဘယ်လို။ ဘယ်လို ..။ ဘယ်လို ဖြစ်ကုန်ကြတာတုန်း။
၅။
နောက်တော့ဗျာ၊ ကျွန်တော်တို့တွေလို လာရောက်တိုင်ချက်ဖွင့်မယ် လူတွေလည်း အများကြီးရောက်လာကြတယ်။ အချို့က ဆင်းရဲသား။ အချို့က ချမ်းသာသူတွေ။ အချို့က ဝန်ထမ်း။ အချို့ သူဌေးတွေ။ အများကြီးရောက်လာတယ်။
“လုပ်ပါဗျာ ကျွန်တော်တို့ကို ကယ်ပါဦး
ပါးစပ်မရှိတော့ဘူးဗျ” လို့ အချို့က အမူအရာနဲ့ တောင်းပန်ကြတယ်။
“ဟေ့ … ရော့ .. မင်းအတွက် .. ဘာညာ …
ငါက .. ဘာကောင်ကွ
ငါ့ပါးစပ်ကို အရင်ရှာပေးစမ်း” လို့ အချို့က ပါးစပ်မရှိတော့တာတောင် မောက်မာနေကြတုန်း။
ရဲဝန်ထမ်းတွေကလည်း အမူအရာနဲ့ ပြန်ပြောကြတာပေါ့။
“သိပါတယ် ခင်ဗျားတို့ အခက်အခဲကို
ဒီမှာ … ကျွန်တော်တို့လည်း ပါးစပ်ပျောက်နေကြတယ် …
ဒီကိစ္စကို အမြန်ဆုံးရှင်းပေးပါ့မယ်” ဘာညာပေါ့ဗျာ။ သူတို့တွေ အားလုံးလည်း ဝင်လာသူ ဝင်လာ။ ထွက်သွားသူ ထွက်သွား။ အမူအရာနဲ့ ပြောမရတဲ့ အခါ စာရေးပြသူက ပြလို့။ ဟာ ရှုပ်နေတာပဲ။
၆။
အမှုက ဒီတင်လား။ မပြီးသေးဘူး။ တခြားရဲစခန်း အသီးသီးမှာလည်း အဲဒီအတိုင်းပဲဗျ။ ရဲတွေ၊ လူတွေ၊ ဈေးသည်၊ ဝန်ထမ်း၊ သူဌေး၊ အဆိုတော်၊ မင်းသား၊ မင်းသမီး။ အားလုံး။ ဘယ်သူမှ မကျန်ဘူး။
ပါးစပ်တွေ ပျောက်ကုန်ကြတယ်။
ဘယ် လို လုပ် ကြ မ လဲ ……………………………..။
ငိုသူငို။ ငိုတော့လည်း အသံက မထွက်။ ဘာဖြစ်နေမှန်း မသိရ။ ရယ်သူရယ်။ ရယ်တော့လည်း ရယ်နေပုံ မပေါ်။ ဘာဖြစ်နေမှန်း မသိရ။ လောကဟာ တိတ်ဆိတ်ခြောက်ကပ်လို့ နေခဲ့တယ်။
“မနက်က ဘယ်အချိန်သိတာလဲ ခင်ဗျားက”
“ကျုပ်လား အစောကြီးကတည်းက .. အစောကြီးနိုးနေကြကောင်လေ ကျုပ်က သွားတိုက်မလို့လုပ်မှ ပါးစပ်ပျောက်နေမှန်းသိတာ”
“ဟင်း .. ကျုပ်ကတော့ နောက်ကျမှ နိုးတယ်ဗျို့ … အိပ်ယာထထချင်း ရေသောက်တတ်တဲ့လူ ရေသောက်မယ်လုပ်မှ လန့်သွားတာ .. ခွက်ကို ဘယ်အပေါက်ထဲ ထည့်ရမလဲတောင် မသိအောင်ပဲဗျာ”
သူတို့ချင်း တိုင်ပင်နေကြတယ်ဗျာ။ ကျွန်တော်လည်း ဘာလုပ်ရမလဲမသိ။ မထူးဘူးဆိုပြီး သူတို့စကားဝိုင်းထဲ ….. မဟုတ်ဘူး … သူတို့ အမူအရာဝိုင်းထဲ ဝင်ပါလိုက်ပါတယ်။
“ဟုတ်တယ်ဗျာ … ဘယ်သူခိုးသွားတယ် လို့ ခင်ဗျားတို့ထင်သလဲ”
“မသိတော့ဘူးဗျာ … ကျွန်တော်လည်း ကျွန်တော်တစ်ယောက်တည်း ထင်နေတာ ..
ဒီရောက်မှ အဲလောက်များမှန်း သိလိုက်တာ …
ဘယ်သူကများ .. ဒီလောက် ပါးစပ်အများကြီးကို ခိုးသွားပါလိမ့်နော် ..
ဘာများ လုပ်မလို့ပါလိမ့် …”
ကျွန်တော်တို့ တစ်ရောက်နဲ့ တစ်ရောက် အမူအရာလုပ်ပြောနေတုန်း စခန်းမှူးကြီးရောက်လာတယ်။ သူကလည်း အမူအရာနဲ့ပြောတာပေါ့ ..။
“ကဲ .. ကျုပ်တို့အားလုံး ပါးစပ်ပျောက်သွားတယ် …
ခင်ဗျားတို့ရော .. ကျုပ်တို့ပါ …ပါးစပ်ပျောက်သွားတယ် …
ကျွန်တော်တို့ချည်းတော့ ဒါကို ရှင်းလို့ ရမယ် မထင်ဘူး…
ကျွန်တော်တို့ထက် ပိုတော်တဲ့
အထက်လူကြီးအချို့ကို အကူအညီတောင်းဖို့ စာတင်ရမယ် ..
ဒီတော့ .. သူ့ကို စာတင်ဖို့ ခင်ဗျားတို့ အားလုံးရဲ့ ပါးစပ်ပျောက်သွားရင် တွေ့ရတဲ့ အခက်အခဲတွေကို ပြောကြဗျာ .. ကျွန်တော်တို့ မှတ်တမ်းတင်မယ် …”
စခန်းမှူးကြီး စကားဆုံးတော့ အားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ်။ ပါးစပ်သာ ပါကြရင်တော့ ဆူညံသွားမှာ ဖြစ်ပေမယ့် .. ပါးစပ်မပါတော့ .. သူ အရင်ပြောမယ် .. ငါအရင်ပြောမယ်ရယ်လို့ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတာပေါ့။
၇။
လွယ်အိတ်လွယ်ထားတဲ့ လူတစ်ယောက်က စပြီး ရှေ့ထွက်လို့ အမူအရာလုပ်ပြတယ်။ သူအရင် စပြောပါရစေဆိုတဲ့ ပုံစံနဲ့ပေါ့။
“မင်္ဂလာပါ ..
ကျွန်တော်က ကဗျာဆရာပါ …..
ဒီနေ့ နေ့လည် နှစ်နာရီမှာ ကျွန်တော် ကဗျာရွတ်ပွဲ ရှိပါတယ် ..
ခု ကျွန်တော့်မှာ ပါးစပ်မရှိတော့ .. ကျွန်တော်ဘယ်လို ကဗျာရွတ်ရမလဲ
ကဗျာသည် ကျွန်တော့် အသက် .. ကဗျာသည် ကျွန်တော့်နှလုံးသား .
ကဗျာသည် …”
သူစကားမဆုံးသေး။ သို့မဟုတ် အမူအရာမဆုံးသေး။ စခန်းမှူးက လက်ပြ၍ ရပြီဟု တားကာ နောက်ဆုတ်ခိုင်းလိုက်တယ်။ စခန်းမှူးဘေးက ရဲသားတစ်ယောက်က ကဗျာဆရာရဲ့ ပါးစပ်မရှိသော အခက်အခဲဟု မှတ်တမ်းတင်လိုက်တာပေါ့။
၈။
နောက်တစ်ယောက်တက်လာသူက သားသားနားနား။ စမတ်ကျကျနဲ့ အဝတ်အစားကောင်းတွေ ဝတ်လာသူတစ်ဦး။ သူက အမူအရာနဲ့ နှုတ်ဆက်တယ်။
“ ကျုပ်က ကုမ္ပဏီ ပိုင်ရှင်တစ်ဦးဗျာ …
အလုပ်တွေ သိပ်ရှုပ်တဲ့ လူ
အချိန်မရဘူး .. အချိန်နဲ့ တပြေးညီ လုပ်နေရတဲ့လူ ..
ဝန်ထမ်းတွေ စိတ်ဓါတ်တွေကျရင် စိတ်ဓါတ်မြင့်တင်
တော်သူက တော်သလို ချီးကျူးစကားပြော ..
ညံ့သူက တော်လာအောင် အားပေး
ပါးစပ်မရှိရင် ..”
ရပြီဟု စခန်းမှူးက လက်ပြကာ နောက်ဆုတ်ခိုင်လိုက်တယ်။ ကုမ္ပဏီ ပိုင်ရှင် ဆိုသူ အောင့်သက်သက်နဲ့ နောက်ဆုတ်လိုက်တယ်။ ရဲသားကြီးကလည်း ကုမ္ပဏီပိုင်ရှင်ရဲ့ ပါးစပ်မရှိတဲ့ ဒုက္ခဟု မှတ်တမ်းတင်လိုက်ပြန်တယ်။
၉။
နောက်တစ်ရောက်ရှေ့တက်လာသူက အင်္ကျီအဖြူ၊ ပုဆိုး အနီရောင်နှင့် လူတစ်ဦး။ သူကလည်း ခေသူတော့ မဟုတ်။ အမူအရာနဲ့တင် သူပြောလိုက်တာက။
“သဗ္ဗေသတ္တာ ခပ်သိမ်းလေသော သတ္တဝါအပေါင်းတို့
မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံစေသတည်း
ကျုပ်ဟာ ဗေဒင်ဟောဆရာလည်းဟုတ် ဘိတ်သိတ်ရွတ်ဆရာလည်းဟုတ်
ထားပါလေ …
ကျုပ်ကို ဗေဒင်လာမေးက .. ကျုပ်ပါးစပ်မရှိဘဲ .. ဘယ်လို ဟောဖို့ အဆင်ပြေအံနည်း
ဘယ်ကံကြမ္မာ အကြွေး ဆပ်ရေး လွယ်အံ့ပါနည်း
လောကဓံတရား ..”
ရပြီလို့ စခန်းမှူးက လက်ပြလိုက်ပြန်ရော။ ရဲသားကြီးကလည်း ထုံးစံအတိုင်း ဗေဒင်ဆရာရဲ့ ပါးစပ်မရှိသော ဒုက္ခလို့ မှတ်တမ်းတင်လိုက်ပြန်တယ်။
၁၀။
နောက်တစ်ယောက်ရောက်လာသူက စုတ်စုတ်ပြတ်ပြတ်ပဲ။ ဂွတီးဂွကျ ထွက်လာပြီး အမူအရာလုပ်တယ်။
“ကျုပ်က သူတောင်းစားဗျာ …
တောင်းစားရတယ် ..
အစ်ကိုကြီး .. အစ်မကြီးတို့ရယ် .. သနားကြပါ .. ထမင်းမစားရသေးလို့ပါ …
အကြွေလေးများရှိရင် ပေးကြပါ .. ဘာညာပေါ့ဗျာ …
အခု ပါးစပ်မရှိရင် ကျုပ်က ဘယ်လို သွားတောင်းမလဲ ..
ခင်ဗျားတို့က ကျုပ်ထက်ချမ်းသာပါတယ်ဗျာ …
ကျုပ်အဖြစ်က ပိုဆိုးပါတယ် … ဟီး … ဟီး …” လို့ ငိုပါလေရော။
စခန်းမှူးကလည်း “ငါနားလည်ပါတယ်ကွာ” ဆိုတဲ့ပုံစံလုပ်ပြီး ချော့မော့ နောက်ဆုတ်ခိုင်းလိုက်တယ်။ ရဲသားကြီးကတော့ ထုံးစံအတိုင်း မှတ်တမ်းတင်တယ်။ သူတောင်စားရဲ့ ပါးစပ်မရှိတဲ့ ဒုက္ခလို့။
၁၁။
နောက်တော့ဗျာ။ တစ်ယောက်ပြီး တစ်ယောက်ပေါ့။ အချို့ကလည်း ခပ်ချောချောလူငယ်တွေ။ သူ ရည်းစားကို ဖွင့်ပြောတော့မယ့်အကြောင်း။ သူ့မှာ ပါးစပ်မရှိတော့ သူဘယ်လိုလုပ် ကဗျာဆန်ဆန် ဖွင့်ပြောရမလဲ မေးခွန်းတွေပါ ပြန်မေးလို့။ စခန်းမှူးကလည်း လိုရင်းကို မေးပြီး။ နောက်တစ်ယောက်ရဲ့ ဒုက္ခကို တင်ပြခိုင်းတယ်။ ရဲသားကြီးကလည်း မှတ်တမ်းတင်လို့ပေါ့။
လူတွေကလည်း အများကြီး။ တစ်ယောက်ပြီး တစ်ယောက် အလုအယက် သူ့ဒုက္ခသူ တင်ပြကြတာပေါ့။ ဈေးသည်က ဈေးဘယ်လိုရောင်းရမလဲတဲ့။ ပွဲစားက အရောင်းအဝယ်တည့်အောင် ဘယ်လိုပြောရမလဲတဲ့။ ရှေ့နေက တရားသူကြီးကို ဘယ်လို သူ့ဘက်ပါအောင် စည်းရုံးရမလဲတဲ့။ ရပ်ကွက်လူကြီးက ရပ်ကွက်ထဲမှာ ဘယ်လို အလှူခံရမလဲတဲ့။ စုံနေတာပဲ။ ဒီကြားထဲပါသေးတယ်။ လူလိမ်က သူဘယ်လိုလိမ်ရမလဲ။ လူလည်က သူဘယ်လို လူလည်ကျတဲ့ စကားပြောရမလဲတဲ့။ စခန်းမှူးလည်း စိတ်ညစ်လာပြီ။ ရဲသားကြီးလည်း မှတ်တမ်းတင်ရတာ ညောင်းပြီထင်ရဲ့။
ကျွန်တော်လည်း ကျွန်တော့်အလှည့်ရောက်ရင် ရင်ဖွင့်မယ်လို့ စောင့်ရင်း စိတ်ညစ်လာတာနဲ့ ထွက်လာလိုက်တယ်။ ရင်လည်း မဖွင့်ချင်တော့ဘူး။ လူတွေရဲ့ ဒုက္ခပေါင်းစုံကိုလည်း ဆက်ပြီး သည်းခံ နားမထောင်ချင် (အမူအရာတွေ မကြည့်ချင်) တော့ဘူး။ ထွက်လာလိုက်တယ်။
၁၂။
အဲဒီကိစ္စက ခင်ဗျားတို့တော့ ဘယ်လိုတွေးမလဲ မသိဘူး အကြီးကြီးဗျ။ အားလုံးမှာ သူ့ဒုက္ခသူ ကိုယ်စီနဲ့။ စိတ်တိုကြ။ ဒေါသထွက်ကြ။ ဝမ်းနည်းကြ။ ပူဆွေးကြနဲ့။
တစ်ခုပဲ။
နေ့လည် နှစ်နာရီလောက်ထိုးချိန်မှ သူတို့အားလုံးရဲ့ အရေးအကြီးဆုံးဒုက္ခကို သူတို့တူညီစွာ သိလိုက်ကြတယ်။ သူတို့သိထားတာက သူတို့မှာ ဒုက္ခတွေချင်း မတူညီဘူးလို့လေ။ ပြောချင်တာတွေ ပြောမရလို့ စိတ်ညစ်စွာ ရင်ဖွင့်ကြရင်းက ဗိုက်ဆာကြပြီ။ ဆာကြပြီ။ ကဲ။ ပါးစပ်မှ မရှိတော့ ဘယ်လိုစားကြမတုန်းဗျ။
၁၃။
မှတ်တမ်းတင်တဲ့ ရဲသားကြီးက နောက်ဆုံးမှတ်တမ်းကို ပြုစုလိုက်တယ်။
“အားလုံးပါးစပ်ပျောက်သွားသည်။ ထမင်းဘယ်လို စားမတုန်း” တဲ့။
ရင်နင့်အောင်
12 comments
bluerose
February 7, 2012 at 12:11 pm
ပါးစပ်ကဘာလို့ပျောက်သွားတာလဲဟင်
ပါးစပ်မရှိရင်ထမင်းစားလို့မရသလိုရေလည်းသောက်လို့မရဘူးပေါ့
စိန်ပေါက်ပေါက်
February 7, 2012 at 12:52 pm
တော်သေးတယ်..ပါးစပ်ပဲပျောက်လို ့.. 😆
htoosan
February 7, 2012 at 1:00 pm
ဟယ် .. ဟိုဟာလည်း လုပ်လို့ ရတော့ဘူး .. တများဘယ်လိုလုပ်မလဲ ချင့် ….. စိန်ပေါက်ပေါက် မလာမီပြေးပြီ…
( ရွှီ ရွှီ ။။ ဟိုဘက်ပိုစ်က ဝီစီမုှုတ်ခိုင်းမယ် ဆိုလို့ပါ) 😀
ဟိုက် ..မမီလိုက်ဘူး .. စိန်ပေါက်ပေါက် ရောက်နေပြီးသား … 😀
စိန်ပေါက်ပေါက်
February 7, 2012 at 2:06 pm
အရေးရယ် အကြောင်းရယ် မှုတ်ချင်လာတဲ့အခါ ပါးစပ်ကမရှိဆိုတော့ ဖင်ခေါင်းထဲ ဝီစီထည့်ပြီး မှုတ်ရမှာရားဟင် 🙄
ကောင်းမြတ်သူ
February 7, 2012 at 1:15 pm
ပါးစပ်မရှိမှ ဗိုက်ကလည်းဆာလိုက်တာ…… လာထား မလွယ်ပေါက်ကပဲ ပစ်ထည့်လိုက်မယ်… အမလေးဒီနေ့မှ ထမင်းဆိုင်ကလည်းချက်လို်က်တဲ့ ဟင်းက ငရုတ်သီးများလိုက်တာ…. မာမီပေါက် ညက အသောက်များလို့ ဘာမှမစားရသေးဘူးမလား ဗိုက်ဆာနေမယ် များများစားစား…. အဝင်မဖြောင့်ရင်ပြော တားတားက မြွေတွေကို အစာကြွေးနေကြဗျ…… ဗျ………..ဗျ………..
TTNU
February 7, 2012 at 1:27 pm
ရင်နင့်အောင်ရေ…
သိပ်ကောင်းတဲ့ Satire လို့ ချီးမွမ်းပါရစေ။
တီချာလည်းပါးစပ်ပျောက်သွားရင် ဘယ်လိုစာသင်ရပါ့မလဲ လို့
ဆက်တွေးနေမိတယ်။
ဘယ်လိုစာသင်ရပါမလဲ ဆိုတဲ့အတွေးကို ထပ်ပြီးပါဝါတက်သွားတာပ
ဘယ်လိုစားရပါ့မလဲပေါ့နော။
ဆိုတော့ ပါးစပ်မရှိရင်..
(၁) စကားမပြောနိုင်….ဘာမှ မပြောနိုင်… ပြောလို့ကိုမထိရောက်တော့ပါ၊
စိတ်သေပြီပေါ့။ 🙄
(၂) အစာမစားနိုင် .. ဘာမှမစားနိုင်… ခန္ဓာ သေရုံပေါ့။ 👿
manawphyulay
February 7, 2012 at 2:09 pm
ပါးစပ်ပျောက်တော့ ထမင်းမစားရတော့ ကုန်ကျစရိတ်ပိုသက်သာမသွားဘူးလား ဟီး
ဦးနှောက်ပျောက်တဲ့သူတွေတော့ တစ်ပုံကြီးမြင်တွေ့နေရတယ်နော်…
awra-cho
February 7, 2012 at 2:27 pm
တွေးတာ မိုက်တယ်နော်၊ လွှတ်တော်ကို ရောက်သွားတာပါ ခင်ဗျား၊ ဟိုရောက်တော့လည်း အသုံးဝင်တာ
နည်းနည်း ပါ၊ ဦးကျော်ဆန်းက အများဆုံး ခိုးသွားတာ ဗျို့…။
နွယ်ပင်
February 7, 2012 at 2:33 pm
တော်တော်တော့ ကြာပါပြီ ဒီလိုဟာနဲ့ ခပ်ဆင်ဆင် ဆရာသစ္စာနှီရေးတဲ
ဝတ္တူတိုတစ်ပုဒ်ကို ဖတ်ဖူးတယ် …. အခု ကိုရင့်နင့်အောင် ရေးထားတာလည်း
အရမ်းကို ကောင်းပါတယ် အားပေးနေပါတယ် ဆက်ရေးပါဦး …………
နေဝန်းနီ
February 7, 2012 at 3:40 pm
Existentialism ပဲလေ…။ တွေ့ဖူးတယ်…။ ဒီလိုမျိုး ဝတ္ထု…။ ကဖ်ကာ (Kakf) ရေးတာလားမသိဘူး ..။ ဘာသာပြန်တာက ဘုန်းမြင့် (မန္တလေး) …။
ဒီစာစုမှာ ခံစားလိုက်ရတာက တစ်ကယ်ပါးစပ် ပျောက်သွားတယ်လို့ မခံစားလိုက်ရဘူး…။ စကားပြောခွင့် အစားစားခွင့် ငြင်းပယ်ခွင့် ပျောက်သွားတာ …..။ ကိုယ်ပြောချင်တာပြောမရတော ကိုယ်စားချင်တာ စားခွင့်မရှိတာ မလိုချင်တာ မငြင်းပယ်ရဲတဲ့ အခြေအနေရောက်သွားတာ …။ အဲဒိလို ခံစားလိုက်ရတယ်…။ ဟိုးအရင် ကဆို မဂ္ဂဇင်းထဲပါရင် အဆုတ်ခံရမှာသေချာတယ်..။ ခုလည်း ထိုနည်း၎င်း နဲ့တူပါရဲ့…။
aye.kk
February 7, 2012 at 2:46 pm
ရွှေကတော့နှာခေါင်းပိုက်နဲ့သွင်းကာစားအုံးမှာဘဲထင်…….။
etone
February 7, 2012 at 4:53 pm
လူစိတ်ဝင်စားအောင် ခရေးတစ်ဗ်ဆန်ဆန်လေးရေးပြနိုင်တဲ့ စာကောင်းလေးတပုဒ်ပါပဲ .. ။
ဖတ်ရင်း ဖတ်ရင်း .. ဘာများဖြစ်မလဲ စိတ်ဝင်စားလို့ တထိုင်တည်း ဖတ်ဖြစ်ခဲ့တယ် … ။
စာလည်း ဆုံးသွားရော ငါ့ပါးစပ်ရော ရှိသေးရဲ့ လားတွေးပြီး … ပြန်စမ်းမိရတဲ့ အဖြစ်