မာယာများတဲ့ အကယ်ဒမီ ( ဦးကျော်သူ )

မြသဲ ( 17082011 )February 7, 20121min34414
၁၉၅၂ ခုနှစ်က စတင်၍ အနုပညာလောကနှင့် အနုပညာသမားများကို အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတော်အစိုးရ၊ တနည်းအားဖြင့် ရုပ်ရှင်အနုပညာရှင်များ၏ သရုပ်ဆောင်မှု အတတ်ပညာကို အသိအမှတ်ပြုခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲသည် ယခုဆိုလျှင် အနှစ် (၆၀) တင်းတင်းပြည့် ခဲ့ပြီဖြစ်သည်။ ၁၉၅၂ ခုနှစ်မှ စတင်၍ ၂၀၁၁ ခုနှစ်အထိ ထူးချွန်ဆုပေါင်း (၃၂၈) ဆု ချီးမြှင့်ပြီးခဲ့သည်ကို ကျွန်တော်သိခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတုသဘင် အထိမ်းအမှတ်ပွဲကြီးကို မြန်မာပြည် ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့သည် မြန်မာ့ရုပ်ရှင် အနုပညာရှင်များအား တစ်လေးတစ်စား အသိအမှတ်ပြုစွာဖြင့် တက်ရောက်ချီးမြှင့်ခဲ့သေးသည်။
လွန်ခဲ့သော ၁၉၅၂ ခုနှစ်တွင် လူ့လောကသို့ မရောက်သေးသော၊ လူမဖြစ်သေးသော ကျွန်တော့် အဖို့တော့ အတိတ်ကို ပြန်မတူးဆွလိုပါ။ ကျွန်တော်ကလေးအရွယ် ရုပ်ရှင်ပိုးထသော အရွယ်မှစ၍ မှတ်မိ သလောက် (ဦး)ကောလိပ်ဂျင်နေဝင်း၊ (ဦး)ညွှန့်ဝင်း၊ (ဒေါ်)ကြည်ကြည်ဋ္ဌေး၊ (ဒေါ်)ဝါဝါဝင်းရွှေ၊ (ဒေါ်) ခင်သန်းနု၊ (ဒေါ်)နွဲ့နွဲ့မူ စသည့် အနုပညာရှင်များသည် အလွန့်အလွန် သရုပ်ဆောင်ရာတွင် ထူးချွန် ထက်မြတ်သော ပရိသတ်၏နုလုံးသားအား ဆွဲကိုင်ဖမ်းဆုပ်နိုင်သော အနုပညာရှင်ကြီးများဖြစ်သည်နှင့် အလျှောက် ထူးချွန်ထက်မြတ်သော အကယ်ဒမီရွှေစင်ရုပ်တုကြီးများကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ သို့သော် ထိုဝါရင့်သရုပ်ဆောင်ကြီးများထဲတွင် (ဦး)ကျော်ဟိန်း မပါဝင်ခဲ့ချေ။ (ဦး)ကျော်ဟိန်း မည်မျှပင် သရုပ်ကောင်းသော်ငြား လည်း အကယ်ဒမီဆုဟူသော ထူးချွန်ဆုကို နှစ်ပေါင်းများစွာ လက်ဝယ်သို့ မရောက်ရှိခဲ့ချေ။ ဘဘ ဦးသုခ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော “အကာကအချစ် အနှစ်ကမေတ္တာ” ဟူသော ဇာတ်ကားတွင် ကတောင်းမြှောင်အောင်ကြိုက်သည့် အရုပ်ဖြင့် ထူးချွန်ဆုကို ရရှိခဲ့သည်မှာ အံဩ စရာတစ်ခု ဖြစ်ခဲ့ရသည်။

ဤတွင် ကျွန်တော်၏ အနုပညာသမားတစ်ယောက်၏ ခံစားချက်များကို တင်ပြပါတော့မည်။

ကျွန်တော်သည် ၁၉၈၃ ခုနှစ်တွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်၏ “ချစ်ကြိုးလေး နှစ်မျှင်” နှစ်ကိုယ်ခွဲဇာတ်ကားဖြင့် ရုပ်ရှင်အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၇ဝ ခုနှစ် မတိုင်ခင်ကတည်းက ဖခင် ဦးစိန်တင် ဦးစီးလုပ်ကိုင်နေသော “အမျိုးသား” ရုပ်ရှင်ကုမ္ပဏီပိုင် ရုပ်ရှင်ရိုက် ကူးရေး စတူဒီယိုထဲတွင် ကြီးပြင်းလာသည်နှင့်အညီ အနုပညာသည်များ စုံလင်စွာနှင့် ရင်းနှီးခဲ့သူ တစ်ယောက်လည်းဖြစ်သည်။ ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်စတင်ဖြစ်သည့် အချိန်ကာလများတွင် လူငယ်သရုပ်ဆောင်သစ်များ ရှားပါးနေသည်နှင့်အညီ လူငယ်စရိုက်၊ လူငယ်သဘာဝ၊ လူငယ်တို့၏ ဝတ် စားဆင်ယင်မှုတို့ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရသော လူငယ်သရုပ်ဖော် ရုပ်ရှင်ဇာတ်ကားများသာဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ခေတ်ကာလတွင် ဝတ်စားဆင်ယင်မှု ဒီဇိုင်းများသည် ခေတ်လူငယ်ကိုယ်စားပြု ဝတ်စားဆင်ယင်မှုများကို အလေးသာခဲ့ရသည်။ ကျွန်တော်၏ အနုပညာသက်တမ်း (၅)နှစ်တာ ကာလသို့ ရောက်ရှိသောအခါ သဘာဝဇာတ်ရုပ်များ၊ သဘာဝကာရိုက်တာများကို စတင်ခြေလှမ်းခဲ့တော့သည်။ ထို ကာလများတွင် ရိုက်ကူးခဲ့သော “မာနမင်းသား”၊ “မရဲ့မောင်လေး”၊ “ရင်ခုန်မိတာအချစ်လား”၊ “ချစ်မ” စသည့် ရုပ်ရှင်ဇာတ်ကားများသည် အလွန်အောင်မြင်ခဲ့သော ဇာတ်ကားများဖြစ်တော့သည်။ ထိုစဉ်အခါက ကျွန်တော်သည် အနုပညာသမားတစ်ဦး၏ ပြည်သူအပေါ်ပေးဆပ်ရမည့်၊ ပြည်သူ့ကိုယ်စား သရုပ်ဖော် ပေးရမည့် ပြည်သူ့အနုပညာသမားတစ်ဦး၏ တာဝန်တစ်ရပ်ကို သိရှိနားလည်ခဲ့ရသည်။

ထို့ကြောင့် စာပေ ဗိမာန်ဆုရ “တဒင်္ဂလေးများစွာ” ဟူသော ဝတ္ထုအား ဒါရိုက်တာ အေဝမ်းသိန်းထွဋ် (စပ်စု)မှ တစ်ဆင့် ဖတ်ရှု မိကာ လူငယ်ပြုပြင်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဟူသော တိုင်းကျိုးပြည်ကျိုးပြုဇာတ်လမ်းဖြစ်ပါ၍ ဖခင် ဦးစိန်တင်အား ကိုယ်ပိုင်အမျိုးသားရုပ်ရှင်မှ ထုတ်လုပ်ရိုက်ကူးရန် တိုက်တွန်းခဲ့သည်။ ဖခင် ဦးစိန်တင်မှ ဒါရိုက်တာ ကြည်စိုးထွန်းအား ရိုက်ကူးစေခဲ့သည်။ ထို “တဒင်္ဂလေးများစွာ” ဇာတ်လမ်းအား ကျွန်တော့်အနေဖြင့် ဖတ်ရှုပြီးသည့်နောက် လူငယ်တို့၏ ရည်ရွယ်ချက်ပန်းတိုင်အား တည့်တည့်မတ်မတ် ထိရောက်အောင် ပစ်နိုင်သော “ဒိုး” ဟူသော အမည်နာမအား ရုပ်ရှင်ဇာတ်ကားအဖြစ် အသုံးပြုရန် တိုက်တွန်းခဲ့သည်။ ယင်း “ဒိုး” (အဖြူ/အမဲ) ရုပ်ရှင်ဇာတ်ကားမှာ ကျော်သူ၊ စိုးသူ၊ မေဝင်းမောင်၊ ဒေါ်မြင့်မြင့်ခင် စသည့်အနုပညာသည်များ ပါဝင်ခဲ့ကာ အလွန်အောင်မြင် လူကြိုက်များခဲ့သည့် ဇာတ်ကား ဖြစ်ခဲ့သည်။ ယင်း “ဒိုး” ဇာတ်ကားအား ကျွန်တော်များစွာ အားထားခဲ့သည်။ အကြောင်းမှာ ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၈ ခုနှစ်များတွင် အကယ်ဒမီထူးချွန်ဆု အခမ်းအနားများ နိုင်ငံတော်အစိုးရမှ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပါ သောကြောင့် “ဒိုး” ဇာတ်ကားသည် ၁၉၈၉ ခုနှစ် အကယ်ဒမီထူးချွန်ဆုပွဲနှင့် အကျုံးဝင်နေသောကြောင့် ကျွန်တော်တို့ မျှော်လင့်ချက်များ ထားရှိခြင်းဖြစ်သည်။ ထို့ပြင် ကျွန်တော်ရုပ်ရှင်လောကထဲသို့ ရောက်ခဲ့ ချိန်မှစ၍ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲဖိတ်စာများကို သက်ဆိုင်ရာအနုပညာရှင်များအား ဖိတ်ကြားရာတွင် ဥပမာအားဖြင့် ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့လျှင်သော်၎င်း၊ ယောကျာ်းဖြစ်သူ သည် ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့သော်၎င်း၊ ဇနီးမောင်နှံ နှစ်ဦးစလုံးကို ထိုင်ခုံတွဲလျက်ဖိတ်ကြားခြင်း မပြုခဲ့။ ယောကျာ်းဖြစ်သူနှင့် ဇနီးဖြစ်သူနှစ်ဦးစလုံး ရုပ်ရှင်အနုပညာလောကတွင် လုပ်ကိုင်နေပါမှ ဇနီးမောင်နှံ နှစ်ဦးစလုံး ထိုင်ခုံတွဲလျက်ရရှိသည်။ သို့သော် ၁၉၈၉ ခုနှစ်၌ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ပွဲတက်ရောက်ရန် ဖိတ်ကြားသောအခါ ကျွန်တော်၏ ဖခင်နှင့် မိခင်တို့သည် နိုင်ငံရပ်ခြားသို့ ရောက်ရှိ နေသောအချိန်ဖြစ်သည်။ ထို့ကြောင့် အကယ်ဒမီ အကဲဖြတ်ဘုတ်အဖွဲ့မှ ဖိတ်စာဖိတ်ကြားရာတွင် ကျွန်တော့်အား ဇနီးဖြစ်သူနှင့် မတက်မနေရ၊ ထို့အပြင် “အမျိုးသားရုပ်ရှင်” ကုမ္ပဏီကိုယ်စား တက်ရောက် မည့် သူတစ်ဦးပါ မဖြစ်မနေ တက်ရောက်ရန် ပြောကြားခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ အထူးခြားဆုံး အကြိုးစားဆုံး သရုပ်ဆောင်ခဲ့သော “ဒိုး” ဟူသော ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီဆုနှင့် မလွဲနိုင်တော့ပြီ ဟု ယုံကြည်မိခဲ့သည်။

ကျွန်တော်၏ စိတ်အစဉ်တို့သည် အကယ်ဒမီပွဲခင်းထဲတွင် လွန်စွာမှ စိတ်လှုပ်ရှား နေမိတော့သည်။ သတင်းထောက်များ၊ ရုပ်ရှင်လောကသားများ၏ မျက်လုံးများသည် ကျွန်တော့်ထံ ဝိုင်းဝန်းစူးစိုက် ကြည့်ရှုကြခြင်းကို ခံနေရသည်။ ကျွန်တော်သည် ရုပ်ရှင်သက်တမ်း (၆) နှစ်ကြာသည် အထိ ထူးချွန်ဆု အကယ်ဒမီဆုကို မရရှိသေးသော အနုပညာအင်အား၊ ခွန်အားများ နည်းပါးနေသော ချို့တဲ့သည့် အနုပညာရှင်တစ်ယောက်ကဲ့သို့ ခံစားနေရသည်။ ရနိုး ရနိုုးနှင့် ဤ အကယ်ဒမီ ထူးချွန် ဆုကြီးကို ဤတစ်ကြိမ်တွင် ပစ်မလွဲရတော့မည်ဟု ယုံကြည်မိသည်။ ကျွန်တော်၏ ဇနီးဖြစ်သူ ရွှေဇီးကွက် မှလည်း အနားမှ ကျွန်တော်၏လက်အားဆုပ်ကိုင်ကာ ကျွန်တော့်အား အားပေးမှုကိုခံနေရသည်။ အခမ်းအနားစ၍ ယင်းနှစ်အတွင်း ထူးချွန်သော အကောင်းဆုံးဇာတ်ကားဆုကို ကြေငြာလိုက်သည့်အခါ …. “ဒိုး”။ အကောင်းဆုံးသော အထူးချွန်ဆုံးသော ဒါရိုက်တာဆုကို ကြေငြာလိုက်သည့်အခါ …. “ဒိုး” ရုပ်ရှင်ဇာတ်ကားအား ရိုက်ကူးသော ဒါရိုက်တာ ကြည်စိုးထွန်း ဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်အပါ အဝင် ရုပ်ရှင်လောကသားများမှ ရုပ်ရှင်သရုပ်ဆောင်အထူးချွန်ဆုံးသောဆုကို တွက်ဆ၍ ရသွားပြီ ဖြစ်သည်။ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားနှင့် အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆု ရရှိသည်ဖြစ်ပါက ထို ဇာတ်ကားထဲတွင် အကောင်းဆုံးသော သရုပ်ဆောင်ဆုတစ်ဆု အနည်းဆုံးရသင့်သည် မဟုတ်ပါလား။

ထိုအချိန်တွင် အခမ်းအနား အစီအစဉ်ကိုကြေငြာရာတွင် စီစဉ်တင်ဆက်သူ (အမည်မမှတ်မိ)မှ ကြေငြာရာ တွင် ၁၉၈၉ ခုနှစ်အတွက် အကောင်းဆုံးသော အထူးချွန်ဆုံးသော ရုပ်ရှင်သရုပ်ဆောင် မင်းသားဆုကို ရရှိ သည့် အမျိုးသားသရုပ်ဆောင်မှာ ကိုကျော် . . ကျော် . . ကျော် . . ကျော် ဟူ၍ (အသံအားဆွဲငင်မှုပြု၍) ကြေငြာလိုက်စဉ် ကျွန်တော်၏ အနီးတွင် ဝိုင်းဝန်း၍ အားပေးချီးမြောက်မိ အနုပညာသမားများ၊ မှတ်တမ်း တင် ရိုက်ကူးမည့် ဓါတ်ပုံဆရာများ၊ ဗဟိုသတင်းရိုက်ကူးရေးအဖွဲ့သားများ ဝိုင်းဝန်း၍ နှုတ်ဆက်စကား ပြောခြင်း၊ အင်တာဗျူးလုပ်ခြင်း၊ ဓါတ်ပုံရုပ်ရှင်များရိုက်ကူးခြင်းတို့ကို မျက်စိမဖွင့်နိုင်လောက်အောင် ကင်မရာမီးရောင်များဖြင့် ဝေဝါး၍ နေတော့သည်။ သို့ရာတွင် အစီအစဉ်တင်ဆက်သူ၏ ကိုကျော် ဟူသော ဆွဲငင်မှုအသံ၏ အဆုံးတွင် “ဟိန်း” ဟူ၍ အသံတစ်ခုတည်းသာ ကြားမိလိုက်တော့သည်။ ကျွန်တော်၏ မျက်ဝန်းအစုံတွင် မျက်ရည်စက်များ ခိုတွဲကာ မျက်လုံးပေါင်းတစ်သိန်းခန့် ဝိုင်းဝန်း၍ ဂရုဏာသက်စွာ ကြည့်ရှုမှုကို မခံနိုင်သည့်အဆုံး ကျွန်တော် အကယ်ဒမီဆုပေးပွဲ (အမျိုးသားယဉ်ကျေးမှုကဇာတ်ရုံ) ခန်းမ မှ ပြေး၍ ထွက်ခွာသွားတော့သည်။

အမျိုးအမည်မသိသော လက်ချက်ဖြင့်၊ အမျိုးအမည်မသိသော ဒဏ်ရာ ကို ရရှိခဲ့သည်။ ကြေကွဲမှု၊ ဝမ်းနည်းမှု၊ နာကျည်းမှု၊ ပေါက်ကွဲမှု စသည့် ဒေါသ၊ မောဟများဖြင့် ပြည့်လျှံ ပေါက်ကွဲမိသည်။ အနီးအနားတွင် ကျွန်တော့်၏နောက်မှ ထပ်ချက်မကွာ လိုက်လံအားပေး ဖြေသိမ့် နေသော ဇနီးဖြစ်သူ ရွှေဇီးကွက်နှင့်အတူ ကျွန်တော်တို့ နေအိမ်ရှိရာသို့ ဦးတည်၍ ပြန်ခဲ့တော့သည်။ ထိုနေ့ ညတစ်ညလုံးနီးပါး ကျွန်တော်၏ “ဒိုးဟေ့ …. ဒိုး” ဟူသော ပေါက်ကွဲသံ၊ ကြွေးကြော်သံတို့သည် ကျောက် တံတားမြို့နယ်ရှိ ရုပ်ရှင်သမားတို့စုဝေးရာနှင့် ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့တွင် ပဲ့တင်ထပ်နေမည် ဟု ကြားသိသူတိုင်း သိရှိကြမည်ဖြစ်သည်။ ထို့ကြောင့် အခမ်းအနားကြေငြာသူတို့၏ ကြေငြာချက် ကြောင့် အကယ်ဒမီရွှေစင်ရုပ်အား ရင်နာခဲ့ရသော ပေါက်ကွဲခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်များလည်း ရှိခဲ့ဖူးမည် ဖြစ်သည်။ဤသည်မှာ ကျွန်တော်အနုပညာသက်တမ်း၏ ပထမဦးဆုံးသော အကယ်ဒမီပေါက်ကွဲမှုပင် ဖြစ်တော့သည်။

ထို့အပြင် ၁၉၈၉ ခုနှစ် အကယ်ဒမီ ဆုပေးပွဲတွင် ရွေးချယ်ထားရာ၌ ပါဝင်သော ကျွန်တော် ပထမ ဦးဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးထားသော “ကောင်းချစ်တဲ့မမ” ဇာတ်ကားတွင် ကျွန်တော် ဝါသနာပါ သော ဓါတ်ပုံပညာရပ်များကို အစွမ်းကုန် အသုံးပြုရိုက်ကူးခဲ့ရာ ဓါတ်ပုံဆုကို မရရှိခဲ့ချေ။ ယင်းဇာတ်ကား တွင် ကျွန်တော်သည် ဇာတ်ကောင်တို့၏ စရိုက်များအားပေါ်လွင်ရန် ဓါတ်ပုံပညာရပ်ဖြင့် Filter ချပ်များ အသုံးပြုကာ မွန်းတပ်(ဒ်)အဖြစ် ရိုက်ကူးတင်ပြခဲ့သောကြောင့် ရုပ်ရှင်ကြည့်ပရိတ်သတ်များ အထူး နှစ်သက်ခဲ့သော အောင်မြင်သော ဇာတ်ကားဖြစ်ခဲ့သည်။ ယင်း ၁၉၈၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဟောလိဝုဒ်မှ အော်စကာဆုပေးပွဲတွင် သရုပ်ဆောင် ဒါရိုက်တာ ကလင့်အိစ်စဝုစ်(တ်) ရိုက်ကူးသော Untouchable ဟူသော ကောင်းဘွိုင်ရုပ်ရှင်ဇာတ်ကားအတွက် ဓါတ်ပုံဆုကို Filter ချပ်များ အသုံးပြု၍ အော်စကာဆုကို ထိုက်ထိုက်တန်တန်ကြီး ရရှိသွားခဲ့သည်။ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လောကတွင် Filter အသုံးပြုပါက ဓါတ်ပုံဆုကို မပေးကြောင်း သိရှိခဲ့ရတော့သည်။

နောက်တစ်ဖန် ၁၉၉၂ ခုနှစ်တွင် အကယ်ဒမီမကျေပွဲအတွက် ထပ်မံတက်ရောက်ခဲ့ပြန်သည်။ ထို နှစ်တွင် အကယ်ဒမီတစ်ကြို ရွေးချယ်ရာ၌ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့ရိုက်ကူးသော “မူပိုင် ချစ်သူ” ဇာတ်ကားပါဝင်နေ၍ဖြစ်သည်။ ထိုနှစ်တွင် “မူပိုင်ချစ်သူ” ဇာတ်ကားအား သရုပ်ဆောင်ခဲ့ရာ၌ ကျွန်တော် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားတိုက်အင်တိုက် ကြိုးစားသရုပ်ဆောင်ခဲ့ခြင်းကြောင့် ယင်းဇာတ် ကားအတွက် အကယ်ဒမီဆုကို မျှော်လင့်မိခြင်းဖြစ်သည်။ ယင်းနှစ်တွင် “မူပိုင်ချစ်သူ” ဇာတ်ကားနှင့် အမျိုးသမီးသရုပ်ဆောင် ထူးချွန်ဆုအား မေသန်းနုတစ်ဦးသာ ရရှိခဲ့ပြန်သည်။ “မူပိုင်ချစ်သူ” ဇာတ်ကား တွင် ထူးချွန်ဆုရသော သရုပ်ဆောင်မေသန်းနု၏ ဇာတ်လမ်းဇာတ်ကွက်များအား ပြသရာတွင် ကျွန်တော် ၏ သရုပ်ဆောင်မှုများ၏ အားသာမှုများကို တက်ရောက်သူအားလုံး သိရှိကြမည်ဖြစ်သည်။ သို့သော် ယင်း ၁၉၉၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု တစ်ဆုမျှ ပေးခဲ့ခြင်းမရှိ။ ထို့ကြောင့် ထိုနှစ်တွင် အမျိုးသားသရုပ်ဆောင်တစ်ဦးတစ်ယောက်မျှ သရုပ်ဆောင်အတတ်ပညာ မကျွမ်းကျင်ကြောင်း ဖော်ပြလိုက်သလို ဖြစ်နေတော့သည်။ ထို့ကြောင့် ယင်းအခမ်းအနားမှ ကျွန်တော် ဒုတိယအကြိမ်မြောက် အိန္ဒြေမဆည်နိုင်လောက်အောင် ကြေကွဲ၍ ထွက်လာခဲ့ပြန်သည်။ ထိုနှစ်တွင် ကျွန်တော်၏ ဇနီးဖြစ်သူ အားလည်း ဖိတ်ကြားခြင်းမရှိ၍ ကျွန်တော်၏ အားငယ်မှု၊ ကြေကွဲမှုတို့ကို ကွယ်လွန်သူ လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်၊ ကွယ်လွန်သူ အကိုကြီး ဦးဇော်လင်းနှင့် အနုပညာမောင်နှမများမှ ဝိုင်းဝန်း ဖြေသိမ့်အားပေးမှုကို ခံခဲ့ရသည်။ ဤ ၁၉၉၂ ခုနှစ်မှစ၍ ကျွန်တော်နှင့် အကယ်ဒမီရွှေစင်ရုပ်တုတို့ ကွာရှင်း ပြတ်ဆဲခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆို ထိုနှစ်မှစ၍ အကယ်ဒမီဆုပေးပွဲကို ကျွန်တော် စိတ်မဝင်စား တော့။ မတက်ရောက်ခဲ့တော့ချေ။ နောင်တစ်ချိန်မှ ကျွန်တော် ထပ်မံ၍ ကြားသိခဲ့ရပြန်သည်။ “မူပိုင်ချစ်သူ” ဇာတ်ကားတွင် သရုပ်ဆောင် ကျော်သူသည် ဆရာဝန် ဇာတ်ကောင်စရိုက်အား သရုပ်ဆောင်ရာတွင် ရှပ်အကျႌ အပေါ်ကြယ်သီးအား ဖြုတ်ထားခြင်းကြောင့် အကယ်ဒမီဆုကို မပေးခဲ့တာဟူ၍ မြန်မာရုပ်ရှင် အကယ်ဒမီ သင်ခန်းစာအား ရရှိခဲ့ပြန်သည်။

၁၉၉၄ ခုနှစ်တွင် အကယ်ဒမ်ရွှေစင်ဆုနှင့် ကျွန်တော်ပြန်လည်၍ စေ့စပ်ခြင်းကို ခံခဲ့ရသည်။ ထိုနှစ် တွင် အကယ်ဒမီဆုပေးမည့် နေ့ရက်အချိန်တွင် ကျွန်တော်သည် ကျွန်တော့်၏အိမ်တွင် တစ်ဦးတည်း ယမကာ မှီဝဲ၍ အကယ်ဒမီတည်းဟူသော ရွှေစင်ရုပ်တုအား မေ့ပစ်နိုင်အောင် ကြိုးစားနေသည်။ အခမ်း အနားသို့ တက်ရောက်ရန် ဖခင်ဖြစ်သူမှ လာရောက်ခေါ်ရာတွင် ကျွန်တော် ငြင်းဆန်ခဲ့၍ ဖခင်ဖြစ်သူ စိတ်မကောင်းစွာဖြင့် ကျွန်တော်၏အိမ်မှ ထွက်ခွာသွားသည်။ ထိုနှစ်သည် အကယ်ဒမီဆုပေးပွဲ သမိုင်း ကာလတစ်လျှောက် အထူးခြားဆုံးပွဲတစ်ခုလည်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော အများပြည်သူ ကြည့်ခွင့်၊ အားပေးခွင့်မရခဲ့သော အကယ်ဒမီထူးချွန်ဆုပေးပွဲများကို ပထမဦးဆုံးသော သုဝဏ္ဏအားကစား ကွင်းတွင် ပြည်သူလူထုအား လက်မှတ်ရောင်းချ၍ ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ကျွန်တော်နှင့် ကင်းကွာနေသော အကယ်ဒမီဆုအား အများပြည်သူတို့မှ ကျွန်တော့်အား ရရှိစေလိုသော ဆန္ဒများ ပြည့်ဝ နေတော့သည်။ ပွဲခင်းတစ်ခုလုံးတွင် “ကျော်သူ .. ရရင်ရ … မရရင် ….. ” ဟူ၍ ကြွေးကြော်သံများ ကြားနေရသည်ဟု သိရှိရသည်။ ပွဲအစီအစဉ် စတင်သည့်အချိန်တွင် အစိုးရဋ္ဌာနမှ လူကြီးတစ်ဦးက ပြန်ကြားရေးဝန်ကြီးမှတဆင့် ရုပ်ရှင်လုပ်ငန်းဋ္ဌာနရှိ အရာရှိတစ်ဦးနှင့်အတူ ကျွန်တော်၏ ဖခင်နှင့် ကျွန်တော့်ကို သွားရောက်ခေါ်ရန် ပြောကြားခဲ့သောကြောင့် ကျွန်တော့်အား နေအိမ်တွင်လာရောက် အတင်းအကျပ်ခေါ်ဆောင်သွားတော့သည်။ ယမကာမှီဝဲနေသော ကျွန်တော်သည်တိုက်ပုံနှင့် တွေ့ရာ လုံချည်တို့အား ဝတ်ဆင်၍ ရုပ်ရှင်လုပ်ငန်းမှ အသုံးပြုသော မော်တော်ယာဉ်ပေါ်သို့ ကြားညှပ်၍ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ (ရုပ်ရှင်လုပ်ငန်း မော်တော်ကားပေါ်မှ ကျွန်တော် ခုန်ဆင်းမှာကို စိုးရိမ်လို့လားတော့မသိ) ပွဲခင်းကျင်းပရာ သုဝဏ္ဏအားကစားကွင်းသို့ ရောက်ရှိသော ကားပေါ်မှ ဆင်းဆင်းခြင်း ရုပ်ရှင်လုပ်ငန်းမှ လူကြီးများက Congratulation ဟူ၍ လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ပွဲခင်း ထဲတွင် ကျွန်တော်ထိုင်စရာ နေရာမရှိ၍ ဖျော်ဖြေရေးတီးဝိုင်းဘေးရှိ ခုံတွင်သာ ထိုင်ခဲ့ရသည်။ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ကြေငြာသောအခါ ဒါရိုက်တာ ဇင်ရော်မောင်မောင် ရိုက်ကူး သော “တပြည်သူ မရွှေထား” ဇာတ်ကားမှ သရုပ်ဆောင် ကျော်သူ ဟူ၍ ကြားမိလိုက်သည်။ ထိုအချိန်တွင် ကျွန်တော်၏ခန္ဓာကိုယ်သည် လေထဲသို့ (၃/၄) ကြိမ်ခန့် မြှောက်တက်သွားသည်။ ကျွန်တော့်အား ဂရုဏာ၊ အကြင်နာ၊ မုဒိတာတို့ဖြင့် ဝိုင်းဝန်းအားပေးကြသော အနုပညာညီအစ်ကိုများမှ ဝိုင်းဝန်း၍ ကျွန်တော့်အား လေထဲသို့ မြှောက်တင်အားပေးကြသည်။ ထိုအချိန်တွင် ကျွန်တော့်အတွေးထဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားပေးပြောကြားခဲ့သော စကားသံ ပဲ့တင်ထပ်မိတော့သည်။ ထိုနှစ်မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းတွင် ပြည်သူများ၏ ပေးစာများလက်ခံကာ အပါတ်စဉ် ဒေါ်အောင် ဆန်းစုကြည် ပြန်လည်ဖြေကြားသောအချိန်က ကျွန်တော်သည် အနုပညာသက်တမ်း (၉) နှစ်ကြာခဲ့ပြီ ဖြစ်သည်။ အနုပညာနှင့်ပတ်သက်၍ ကြိုးစားခဲ့သူလည်းဖြစ်သည်။ သို့သော် ယခုအချိန်ကာလထိ အကယ်ဒမီထူးချွန်ဆုဆိုတာ မရရှိခဲ့ခြင်းမှာ စဉ်းစား၍မရနိုင် ဟူ၍ ပေးစာပို့ခဲ့ဖူးသည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားချက်မှာ ယခု ပေးပို့သောစာပါ အနုပညာရှင်ကို ပြောချင်တာက တော့ “အများပြည်သူက တစ်ခဲနက်ပေးထားသော ဆုကိုရရှိနေပြီပဲ။” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် “တပြည်သူမရွှေထား” အကယ်ဒမီကျင်းပရာ နှစ်သည်လည်း အများပြည်သူပရိသတ်အား ကြည့်ရှုခွင့် ပေးခဲ့သည့်အတွက် အများပြည်သူဆန္ဒအတိုင်း ပြည့်ဝခဲ့ရသည်ဟု ကျွန်တော်ယုံကြည်မိတော့သည်။

ထို ၁၉၉၄ ခုနှစ်မှစ၍ အကယ်ဒမီဆုပေးပွဲ ကိစ္စရပ်များအား ကျွန်တော်အနေဖြင့် အသားကျသွားပြီ ဖြစ်သည်။ သွေးအေးသွားပြီဖြစ်သည်။ အမေ ဒေါ်အောင်ဆန်းစုကြည်၏ စကားအတိုင်း အများပြည်သူ၏ ထောက်ခံအားပေးမှုကသာ အဓိကဆိုတာကို ကျွန်တော် နားလည်သွားတော့သည်။ ထို့ကြောင့် ကျွန်တော် ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကျေစွာဖြင့် ကျွန်တော်လုပ်ဆောင်ရမည့် ပေးဆပ်ရ မည့် အနုပညာခွန်အားများကို အသုံးချကာ အများပြည်သူတို့အတွက် အဓိကထား၍ ရိုက်ကူးခဲ့တော့သည်။ အကယ်ဒမီဆု ဆိုသော ရူးသွပ်မှု ဝေါဟာရ ကျွန်တော့်ထံတွင် မရှိတော့။ ကျွန်တော် မခံစားရတော့ချေ။ ၂၀၀၃ ခုနှစ်တွင် ကျွန်တော်သည် ဖခင်တစ်ဦး၊ မိခင်တစ်ဦး၏ ခံစားမှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုများကို ဂုဏ်ပြုလိုသောကြောင့် “အမေ့နို့ဖိုး” ဟူသော ရုပ်ရှင်ဇာတ်ကားအား ဖခင်ဖြစ်သူ၏ အမျိုးသားရုပ်ရှင် ကုမ္ပဏီမှ ထုတ်လုပ်ရိုက်ကူးပေးခဲ့သည်။ “အမေ့နို့ဖိုး” ရိုက်ကူးစဉ် ကျွန်တော့်၏ ဦးတည်ချက်သည် ကမ႓ာ ပေါ်ရှိ မိခင်များအားလုံးကို ကိုယ်စားပြု ဂုဏ်ပြုရိုက်ကူးခဲ့ခြင်း၊ ကိုယ်လုပ်ဆောင်ရမည့် လုပ်ငန်းအား တာဝန်ကျေစွာ လုပ်ကိုင်ရိုက်ကူးခဲ့ခြင်းစသည့် ကိုယ့်လိပ်ပြာ … ကိုယ်လုံစွာ ရိုက်ကူးခဲ့ခြင်းတို့ကြောင့် ၂၀၀၃ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် “အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားရိုက်ကူးသော ဖခင်၏ အမျိုးသားရုပ် ရှင်၊ ဇာတ်ညွှန်းရေးသားသော ဆရာငြိမ်းမင်း၊ ကင်မရာ ရိုက်ကူးသော ကျောက်ဖြူ၊ အဓိကသရုပ်ဆောင် မင်းသမီး ထွန်းအိန္ဒြာဗိုလ်၊ အဓိက ဇာတ်ပို့သရုပ်ဆောင် ချိုပြုံး၊ ဇော်ဦးနှင့် ဒါရိုက်တာဆုအဖြစ် နောက်ဆုံး အကြိမ် ကျွန်တော် ရရှိခဲ့သည်။ ယင်းကဲ့သို့ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဇာတ်ကားတစ်ကားတည်းမှ အကယ်ဒမီ ထူးချွန်ဆု (၇) ဆုကို ဆွတ်ခူးရယူပြီးသည့်နောက် ၂၀၀ရ ခုနှစ်၊ စက်တင်ဘာလမှစ၍ မြန်မာ့ ရုပ်ရှင်လောကထဲတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ကို ပိတ်ပင်တားဆီးခံခဲ့ရတော့သည်။ ယခုဆိုလျှင် မြန်မာ့ ရုပ်ရှင်လောကနှင့် ကင်းကွာခဲ့သည်မှာ (၄) နှစ်ကျော် (၅) နှစ်နီးပါးရှိခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲများကိုလည်း ဖိတ်ကြားခြင်းကို မခံခဲ့ရတော့ချေ။

ယခု ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျင်းပမည်ဖြစ်သော အကယ်ဒမီ ထူးချွန်ဆု ပေးပွဲအတွက် ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက် ဟူ၍ ထူးခြားအံဩစွာဖြင့် ဖိတ်ကြားခြင်းကိုခံခဲ့ရသည်။ ဤတွင် ရုပ်ရှင်အစည်းအရုံးသို့ ကျွန်တော် ပြန်လည်၍ မေးကြားခဲ့သည်။ “လေးနှစ်ကျော် ရုပ်ရှင်လောကမှ ဖယ်ထုတ်ခြင်းခံထားရသော သရုပ်ဆောင် ဒါရိုက်တာတစ်ဦးကို ဘာကြောင့် ဖိတ်ကြားရတာလဲ” ဟူ၍ မေးမြန်းရာ ရုပ်ရှင်အစည်းအရုံး၏ တာဝန်ရှိသူမှ “အစိုးရပြောင်းသွားလို့ မူလည်းပြောင်းသွားပြီ” ဟု ပြောကြားသည်။ ထပ်မံ၍ ကျွန်တော်က “အရင်တုန်းက တစ်ယောက်တည်းဖိတ်တာ အခုဘာကြောင့် ဇနီးမောင်နှံ နှစ်ယောက်စလုံးကို ဖိတ်တာလဲ” ဟု ပြန်လည်၍ မေးကြားရာ။ တာဝန်ရှိသူမှ “အစိုးရပြောင်း သွားပြီ ဒါကြောင့် မူလည်းပြောင်းသွားပြီ” ဟုသာ ထပ်မံ၍ ဖြေကြားခဲ့တော့သည်။ ထပ်မံ၍ ကျွန်တော့်အား “ကိုကျော်သူ နှုတ်ခမ်းမွှေး မုတ်ဆိတ်တွေရိတ်သွားဦး စင်ပေါ်တက်ပြီး ဆုရမယ့်သူတွေအတွက် ကြေငြာ ခိုင်းရင် ခိုင်းလိမ့်မယ်။ ဒုတိယတန်းမှာ နေရာပေးထားတယ်တဲ့”။

ထို့ကြောင့် …. အစိုးရပြောင်းသွားပြီ မူလည်းပြောင်းသွားပြီဆိုငြားလည်း ကျွန်တော်ကျော်သူ အတွက်တော့ ဘာမူမှ မပြောင်းလဲသေးပါ။ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာကျော်သူ ဘဝမှ သုဘရာဇာ လူမှုရေးသမားကျော်သူ ဘဝသို့ တစ်နည်းအားဖြင့် ပြောင်းလဲပေးလိုက်သော နိုင်ငံတော်အစိုးရ ပြန်ကြား ရေးဋ္ဌာနမှ ကျွန်တော့်အား ရုပ်ရှင်ရိုက်ကူးခွင့်ရရှိသော အနုပညာသမားဘဝသို့ ပြန်လည်၍ ပြောင်းလဲပေး ခြင်း (တရားဝင်) မပြုသေးပါ။ ထို့ကြောင့် ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံ၊ ကိုယ့်သမိုင်း ကိုယ်ရေးဖို့ပဲ လိုပါတော့တယ် . . . . မာယာများတဲ့ ရွှေစင်ရုပ်တုရယ် ဟုသာ ပြောကြားလိုက်ရပါတော့သည်။

ကျော်သူ

14 comments

  • မမသဲနုအေးရေ…. အရမ်းကောင်းတဲ့စာတွေကိုဖတ်ခွင့်ရလို ့ကျေးဇူးပါနော်။
    ကိုကျော်သူကို အရမ်းလေးစားမိပါတယ်။သူတာဝန်ကျေသွားပါပီ။သူပြော
    သလိုပေါ့……..

    ထို့ကြောင့် …. အစိုးရပြောင်းသွားပြီ မူလည်းပြောင်းသွားပြီဆိုငြားလည်း ကျွန်တော်ကျော်သူ အတွက်တော့ ဘာမူမှ မပြောင်းလဲသေးပါ။ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာကျော်သူ ဘဝမှ သုဘရာဇာ လူမှုရေးသမားကျော်သူ ဘဝသို့ တစ်နည်းအားဖြင့် ပြောင်းလဲပေးလိုက်သော နိုင်ငံတော်အစိုးရ ပြန်ကြား ရေးဋ္ဌာနမှ ကျွန်တော့်အား ရုပ်ရှင်ရိုက်ကူးခွင့်ရရှိသော အနုပညာသမားဘဝသို့ ပြန်လည်၍ ပြောင်းလဲပေး ခြင်း (တရားဝင်) မပြုသေးပါ။ ထို့ကြောင့် ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံ၊ ကိုယ့်သမိုင်း ကိုယ်ရေးဖို့ပဲ လိုပါတော့တယ် . . . . မာယာများတဲ့ ရွှေစင်ရုပ်တုရယ် ဟုသာ ပြောကြားလိုက်ရပါတော့သည်။

  • koaung

    February 8, 2012 at 1:49 am

    တကယ်တော့မင်းသားကြီးဦးကျော်သူအတွက် သံသရာအတွက်အကောင်းဆုံးအမြတ်ရသွားတာပါ သူလိုလူ ဖြစ်ဖို့ သူ့ကိုပိတ်ပင်ခဲ့တဲ့လူတွေခြေဖျားတောင်မှီမယ်မထင်ပါ

  • kokothandar

    February 8, 2012 at 7:55 am

    ့ပြန်ကြားရေးဝန်ကြီးနဲ့သူ့ဌာနတို့ရဲ့ သဘောသိမ် ချက်က သိပ်အံ့ဩစရာတော့မဟုတ်ပါဘူး
    တွေးခေါ်မြော်မြင်တတ်တဲ့ အသိက နဂိုရ်ထဲကနည်းခဲ့သူတွေသာ ပြည့်နေတော forget it လို့သာ
    ပြောချင်တာပါဘဲ။ စာပေပညာရှင်တွေမှာ ဆရာဝန်။အင်ဂျင်နီယာ ။နဲ့ တွေးခေါ်ပညာရှင်တွေပါမှန်းသိ
    ရဲ့နဲ့ သူတို့က စာတစ်စောင် ပေတစ်စောင်တောင် မရေးဘူူးပါဘဲ စာနယ်ဇင်းတွေကို ထိန်းကျောင်းဖို့လိုပါ
    တယ်ပြောနေလေရဲ့။ နောက်တစ်ချက်က လူတစ်ယောက် ကိုယ်စိတ်နှစ်ပါးရယ် ဝါသနာရယ် ဝမ်းစာရယ်
    တွေအတွက် အချိန်ပေးမှသရုပ်ဆောင် အဖြစ် ဖြစ်လာရသူကို သရုပ်ဆောင်ခွင့် ပိတ်ပင်တာဟာ
    ဖေါ်ပြယှဉ်ပြစရာ စကားတောင်ရှာရခက်တဲ့ အောက်တန်းကျလွန်းတဲ့ လူ့အခွင့်အရေး ချိုးဖေါက်ပိတ်ပင်မှုပါ
    သရုပ်ဆောင်ကို ဘာအတွက် လုပ်ဆောင်ခွင့်ပိတ်ပင်တာလဲ? ဒါမျိုး ကမ္ဘာမှာ မရှိပါဘူး တစ်ကယ်တော့လဲ
    ဒါဟာ အယှက်မဲ့တဲ့လုပ်ရပ်ပါ

  • Thel Nu Aye

    February 8, 2012 at 8:24 am

    ဟုတ်ပါတယ်။ အင်မတန်ကောင်းမွန်မှတ်သားထိုက်တဲ့စာစုပါ။ မနေ့ညအကယ်ဒမီပြီးမှရခဲ့တဲ့စာပါ။ ကျွန်မလေဦးကျော်သူတို့လင်မယားနှစ်ယောက်လုံးကို ဖိတ်ထားတယ်ဆိုတာကြားလိုက်ရတော့သူတို့ အကယ်ဒမီပွဲတက်မှာစိုးနေတာ။ ဒါပေမဲ့သူတို့ မတက်လို့သူတို့ရဲ့ မယိမ်းမယိုင်ခံယူချက်ကို ဂုဏ်ယူလေးစားမိပါတယ်။ ဒီစာစုကြောင့်ဦးကျော်သူကို ပိုလို့လေးစားမိပါတယ်။

    • Khin Latt

      February 10, 2012 at 5:25 am

      သူတို့ အဲဒီပွဲ ကို မတက်တာ အရမ်းကောင်းပါတယ်။
      ပြည်သူတွေ အတွက် ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံ၊ ကိုယ့်သမိုင်း ကိုယ်ရေးဖို့ပဲ လိုပါတော့တယ် ဆိုတဲ့ သုဘရာဇာကြီးရေ။
      အားနည်းသူတွေကို အားပေးရတာ စိတ်ထဲမှာ မပါဘဲ ဟန်လုပ်လို့ မရပါဘူး။
      ဂုဏ်ယူပါတယ် ။ အားလဲ ကျပါတယ်။
      အကျိုးပြုလုပ်ငန်း တွေ ပိုပြီးလုပ်နိုင်ပါစေ။

  • k T N

    February 8, 2012 at 10:14 am

    လက်ကိုင်တုတ်ရှိလို့ရမ်းနိုင်တာဟာ အံ့ဩစရာမဟုတ်ပါဘူး။ သူတို့ရဲ့ထိုးနှက်ချက်တွေကြောင့် ယိမ်းယိုင်ခြင်း၊ပြိုလဲခြင်းမရှိပဲ စစ်မှန်ပြီးခိုင်မာသောစိတ်ဓာတ်အစဉ်သို့ သာ ( ရေလာရာမြောင်းဆယ်ပေးသကဲ့သို့)ရောက်ရှိသွားတာကိုက ဦးကျော်သူအား ပိုပြီးလေးစားမိပါသည်။

  • kosharshi

    February 8, 2012 at 10:17 am

    ပရိတ်သတ်ရင်ထဲက ပေးအပ်ထားတဲ့ အကယ်ဒမီ ရွှေစင်ရုပ်တွေ သန်း ၆ဝ နီးပါးရှိနေလောက်ပါပြီ ဦးကျော်သူ ခင်ဗျား………..

  • kokothandar

    February 8, 2012 at 12:08 pm

    ခုမှပြန်သတိရတယ် ကိုကျော်သူရေ ရုပ်ရှင်သရုပ်ဆောင်။
    ဒါရိုက်တာအပြင်…..စာရေးဆရာလဲကောင်းတာပါဘဲ ….သူတို့က သေနတ်အားကိုးနဲ့ အာဏာရခဲ့ရာက
    အာဏာကိုအမွေပေးသလို လက်ဆင့်ကမ်းခဲ့တယ်။ မောင်ကျော်ဆန်းရှိနေသမျှတော့ ignore လုပ်ထားတာ
    စိတ်ချမ်းသာပါလိမ့်မယ် ။ကလောင်နဲ့ဘဲ သူတို့မိုက်ပုံဆိုးပုံ ညစ်ပတ်ပုံတွေ ကိုပြည်သူ တွေ ထင်သာမြင်သာရှိအောင်ဖေါ်ပြရင်း မရှက်တတ်သူတွေ ရှက်တတ်အောင် လေ့ကျင့်ပေးရအောင်ပါ
    ကိုကျော်သူရဲ့ စာကို တစ်ခါမှမဖတ်ဖူးပါ ဒီလောက်ရေးတတ်မှန်းလဲ အစကမသိခဲ့ရိုးအမှန်ပါ။

  • laypai

    February 8, 2012 at 2:21 pm

    အကယ်ဒမီပေးပွဲ ကို ကိုကျော်သူ နှင့် ဇနီး အတူ တက်ရောက် ရတယ် ဆို တာ ခုမှ သိလို့
    ခုပဲ ပျော်လိုက်ရတာ။ တော် သေးတယ် မန်းဂေဇက် ဖတ်မိလို့။

    ကိုကျော်သူ ရဲ့ မာယာများတဲ့ အကယ်ဒမီ မှာ
    အဓိက စာရေးသူပေးချင်တဲ့ ပွိုင့် က အမေစု ရဲ့ ပြန်စာ လေး လို့ ထင်တယ်။
    ယခု ပေးပို့သောစာပါ အနုပညာရှင်ကို ပြောချင်တာက တော့ “အများပြည်သူက တစ်ခဲနက်ပေးထားသော ဆုကိုရရှိနေပြီပဲ။” တဲ့။

  • TTNU

    February 8, 2012 at 3:47 pm

    ကိုကျော်သူကိုလေးစားတယ်၊
    သူ့ရဲ ့ဆောင်ရွက်မှုတွေကို အားကျတယ်၊
    ဒီဆောင်းပါးလေးတင်ပေးတဲ့ TNA ကိုကျေးဇူးတင်ပါတယ်။

  • manawphyulay

    February 8, 2012 at 4:24 pm

    ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာကျော်သူ ဘဝမှ သုဘရာဇာ လူမှုရေးသမားကျော်သူ ဘဝသို့ တစ်နည်းအားဖြင့် ပြောင်းလဲပေးလိုက်သော နိုင်ငံတော်အစိုးရ ပြန်ကြား ရေးဋ္ဌာနမှ ကျွန်တော့်အား ရုပ်ရှင်ရိုက်ကူးခွင့်ရရှိသော အနုပညာသမားဘဝသို့ ပြန်လည်၍ ပြောင်းလဲပေး ခြင်း (တရားဝင်) မပြုသေးပါ။ ထို့ကြောင့် ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံ၊ ကိုယ့်သမိုင်း ကိုယ်ရေးဖို့ပဲ လိုပါတော့တယ် . . . .

    ဒါကတော့ အမှန်အကန်ဆုံးနဲ့ လူ့ဘဝမှာ အလုပ်သင့်ဆုံးအလုပ်တစ်ခုပဲဆိုတာ မနောလည်း မှတ်သားထားလိုက်မိပါတော့တယ်……….

  • စိန်ပေါက်ပေါက်

    February 8, 2012 at 4:25 pm

    ခုတမျိုးတော်ကြာတစ်မျိုး.လူဂျီးတွေ..ပါပဲ
    သူရို ့ကို ဂရုစိုက်နေရင် ရူးသွားနိုင်တယ်…
    ဒါကြောင့်..ဦးကျော်တို ့ဆောင်ပုဒ်အတိုင်း..
    ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံ၊ ကိုယ့်သမိုင်း ကိုယ်ရေးဖို့ပဲ လိုပါတော့တယ် . . ပေါ့ဗျာ..

  • Phaung Phaung

    February 8, 2012 at 4:41 pm

    အမေစုရဲ့ပြန်ကြားစာလေးက တစ်ကြောင်းထဲနဲ့ ဦးကျော်သူရဲ့ပူလောင်မှုကိုတွေကို ငြိမ်းအေးစေတယ်.. ဒါမှ ခေါင်းဆောင်အစစ်ပါ… ဦးကျော်သူကိုလည်း အနုပညာလောကမှာ ပြန်တွေ့ချင်ပါတယ်။
    ဝန်ကြီးဦးကျော်ဆန်းကိုကြည့်ရတာ ပြောင်းလဲရေးမူဝါဒတွေကို သိပ်မနှစ်မြို့သလိုပဲ။ သူ့ကိုလဲ ဒီရာထူးကနေ ဖယ်ရှားသင့်ပြီ။ ဟိုတလောက ဦးကျော်ဆန်းအပါအဝင် ရာထူးမှဖယ်ရှားခံရတဲ့ဝန်ကြီးငါးဦးဆိုပြီး နာမည်ထွက်လိုက်သေးတယ်။ ဘာဖြစ်လို့ မပြုတ်သေးတာလဲမသိဘူး။

  • unclegyi1974

    February 9, 2012 at 10:54 pm

    ရွှေစင်ရုပ်ကလေးတွေတကယ်ထိုက်တန်သူတွေရဲ့လက်ထဲ
    ရောက်တော့မယ်ထင်ပါရဲ့

Leave a Reply