“တန်ဘိုးမျှ၏ …………မမျှ၏။ အချိုးညီ၏ ……………မညီ၏” ပြီးခဲ့တဲ့နှစ်ရက်လောက်က ကျနော်ရုံးမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းလေးတွေ ကျပ်နှစ်သိန်းတန် ဟန်းဖုန်းသွားဝယ်ကြပါတယ်။ နံပါတ်မရွေးဘဲယူလာတော့ နှစ်သိန်းကို နှစ်ထောင်ရော့နဲ့ရလာခဲ့ပါသတဲ့။ ဒီဟန်းဖုန်းတွေအကြောင်းပြောရရင် ဟိုးရှေးက အကြောင်းလေးတစ်ခုပြန်သတိရပါတယ်။. တစ်ခါက နိုင်ငံခြားက ဝတ္တုရေးသူတစ်ယောက်က သူ့ဇာတ်ကောင်က ဖုန်းပြောရင်း ဟိုတယ်ထဲ ကိုဝင်လာတယ်လို့ရေးမိလို့ သဘာဝနဲ့ကင်းလွတ်တယ်ဆိုပြီး ဝေဖန်ရေးဆရာတွေလက်ချက်မှာ အလူးအလဲအဆော်ခံလိုက်ရပါသတဲ့။ ဟော…………………အခုသူပြောတာက ကွက်တိကိုမှန်နေပြန်ပါရောလား။ လမ်းလျှောက်ရင်း အိမ်ထဲနေရင်း ကားစီးဆိုင်ကယ်စီးနေရုံတင်မက အိမ်သာထဲရေချိုးခန်းထဲထိတောင်ပြောလို့ရနေတာကိုးဗျ။ ဒီလက်ကိုင်ဖုန်းလေးတွေမပေါ်ခင်က မန်းလေးမှာ “ကော်တလက်”ဆိုတာလေး အရင်စကိုင်ကြပါတယ်။ အတော ်လေးလေး ရှည်ရှည်ကြီး။ အဲသဟာကြီးခါးကြားထိုးထားရင်ကို ဂုဏ်ရှိနေသလိုလို။ နောက်တော့ “ဆယ်လူလာ”ဆိုတာကြီးပေါ်လာပါတယ်။ လက်ဖက်ရည်တစ်ခွက် 100ကျပ်လောက်ခေတ်မှာဖုန်းတစ်လုံးကို သိန်းလေးငါးခြောက်ဆယ်။ အဲတော့လူတိုင်းဘယ်ကိုင်နိုင်မလဲ။ တကယ့်သူထိန်းတို့ဘောစိ တို့မှကိုင်နိုင်တာပါ။ နောက်အဲသဟာကြီးကိုင်ဘို့ အခွင့်ရှိတဲ့လူနည်းစုရယ်ပေါ့။ အကြီးကလဲ အကြီးကြီး ရန်ဖြစ်လို့အဲဒါနဲ့ထုရင်တောင်မူးမေ့သွားလောက်တယ်။ […]