မိုးစက် ၁ဝတန်းဖြေပြီးကာစ အန်တီလေးရှိတဲ့ ကရင်ပြည်နယ်ထဲကရွာလေးတစ်ရွာကို သွားလည်ဖူးပါတယ်။ တော်တော်ကိုခေါင်တဲ့ရွာလေးပါ။ အန်တီလေးက အဲဒီရွာရဲ့မူလတန်းကျောင်းလေးမှာ ဆရာမတာဝန်ကျပါတယ်။ အဲဒီကျောင်းမှာဆရာမက အန်တီလေးပါမှ ၂ယောက်တည်းရှိပြီး ကျောင်းသားက သူငယ်တန်းကနေ ၄တန်းထိ ၅ဝကျော်ရှိပါတယ်။ မိုးစက်ရောက်သွားတဲ့အချိန်မှာ ရွာခံဆရာမကမီးဖွားခွင့်ယူထားလို့ အန်တီလေးတစ်ယောက်တည်း ၅ခန်းလုံးကိုသင်နေရပါတယ်။ အန်တီလေးအကူအညီတောင်းလို့ မိုးစက်လဲလုပ်အားပေးဆရာမဝင်လုပ်ရပါတယ်။ အိမ်နဲ့ကျောင်းကမဝေးပေမယ့် ဆရာမမရှိလျှင်မရှိသလို သောင်းကျန်းကြသောကလေးများကြောင့် နေ့လည်စာ ကိုတော့ချိုင့်နဲ့ယူပြီး ကျောင်းမှာပဲစားဖြစ်ပါတယ်။ တစ်ရက် နေ့လည်စာစားတဲ့အချိန်မှာ ကလေးတစ်ယောက်က သူ့ရဲ့ထမင်းချိုင့်လေး(စစ်သားတွေသုံးတဲ့ ဟန်းကော)ယူပြီးမိုးစက်ရှေ့မှာလာရပ်ပြီးတော့ ‘ဆရာမ ငါ့ဟင်းယူစား’ လို့ပြောပါတယ်။ အန်တီလေးနဲ့ မိုးစက် ဘယ်လိုသင်သင် နင်ငါဟူသောအသုံးကိုနှုတ်ကျိုးနေသောကလေးများမှာ တော်ရုံနဲ့ပြင်လို့မရကြ။ ‘တော်ပြီသမီးရဲ့ ဆရာမမှာဟင်းတွေအများကြီးပါတယ်’ လို့ပြောလဲမရပါ၊ သူ့ချိုင့်လေးကို အတင်း ထိုးပေးပါတယ်။ ဒါနဲ့မိုးစက်လည်း သူကျေနပ်အောင်ချိုင့်လေးကိုယူကြည့်လိုက်တော့ အပေါ်ကန့်လေးမှာ ငပိရည်ကျဲကျဲ၊ အောက်အကန့်ထဲမှာ ကြွက်ပေါက်စနီတာရဲလေးတွေ လှုပ်စိလှုပ်စိနဲ့။ […]