ခင်ဗျားလည်းချစ်သူရှိနိုင်တာပဲ။ သူလည်းချစ်သူရှိနေနိုင်တယ်။ ခင်ဗျားလည်းချစ်နေတဲ့သူရှိနေနိုင်သလို။ အားလုံးလည်းချစ်နေတဲ့သူ၊ ချစ်ရမယ့်သူရှိနေနိုင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ သတင်းထောက်တွေကျတော့ ချစ်ရေးချစ်ရာဆိုတာတော်တော်ပြောရခက်တဲ့ကိစ္စဗျ။ သတင်းထောက်တစ်ယောက်ရဲ့ရည်းစားဖြစ်ရတာ၊ သတင်းထောက်တစ်ယောက်နဲ့ ချစ်သူဖြစ်ရတာ၊ သတင်းထောက်တစ်ယောက် ရည်စားထားရတာတော်တော်ဒုက္ခရောက်ပါတယ်။ ကျွန်တော်တို့အရင် စီနီယာသတင်းထောက်ကြီးတွေဆိုလည်းတော်တော်ဒုက္ခရောက်ကြပါတယ်။ မိန်းမရနေတဲ့ အစ်ကိုသတင်းထောက်တွေဆိုလည်းသူတို့မိန်းမတွေနဲ့ တော်တော်လေးအဆင်ပြေအောင် နေကြရတာဗျ။ ဘာလို့လဲလို့ ခင်ဗျားတို့ကမေးမယ်။ သတင်းထောက်တွေကသာမန်လူတွေ မဟုတ်ကြလို့လား။ အခွင့်ထူးခံလူတန်းစားတွေလား။ ဘယ်လိုဟာတွေလည်းလို့ ပြန်ပြောကြမယ်ထင်တယ်။ တစ်ခုမှ မဟုတ်ပါဘူး။ သတင်းထောက်တွေဆိုတာလည်းသာမန်လူတွေပါပဲ။ ဒါဆိုဘာကြောင့် ချစ်ရေးချစ်ရာမှာအဆင်မပြေကြတာလဲ။ သတင်းထောက်ကို ပြည်သူတွေပိုင်တယ်။ သတင်းထောက်ရဲ့အသက်ဟာ ပြည်သူတွေလက်ထဲမှာ။ သတင်းထောက်ဆိုတာဘယ်သူနဲ့မှ ငြိစွန်းတဲ့သူတွေ မဟုတ်ဘူး။ အဲဒီလိုကြီးကြီးကျယ်ကျယ်တွေပြောတာ ကြားဖူးပါလိမ့်မယ်။ သဘောတူရင်လည်းတူပေါ့လေ။ မတူရင်လည်း…။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကတော့ သတင်းထောက်ကိုသတင်းတွေကပိုင်တယ်။ သတင်းတွေကိုသတင်းထောက်ကချစ်ရတယ်။ သတင်းကိုသတင်းထောက်ကသစ္စမဖောက်ရဘူး။ သတင်းတွေအပေါ်ကျောသားရင်သားမခွဲခြားရဘူး။ အဲဒီလိုမြင်ပါတယ်။ ဒီလိုသာမန်သတင်းထောက်တွေကဘာလို့ချစ်ရေးချစ်ရာမှာအဆင်မပြေဖြစ်ကြရတာလဲ။ ခြုံပြီးပြောရင်ရတဲ့ အဖြေကတော့ သတင်းထောက်တွေဟာအချိန်ကိုမပိုင်ပါဘူး။ အချိန်မရှိပါဘူး။ […]