စာဖတ်ပရိသတ်အများစုက ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို စိတ်ဝင်စားနေကြချိန်တွင် ကျွန်မကား ပီအာရ် ဘယ်အခြေ အနေရောက်နေပြီနည်းဟု စိတ်ဝင်စားစောင့်ကြည့်နေပါသည်။ ယခုနောက်ဆုံးရရှိသော သတင်းအရ လေ့လာသုံးသပ်ရေးကော်မရှင်သည် စနေ၊ တနင်္ဂနွေမှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေအထိ စည်းဝေးနေကြောင်း၊ ခွင့်ယူခြင်းကိုပင် မေတ္တာရပ်ခံထားကြောင်း၊ ငြင်းခုံဆွေးနွေးမှုအရှိန်ရနေကြောင်း သိရ၏။ ၎င်း ကော်မရှင်၏ လုပ်ငန်းအဆင့်မှာ သုံးဆင့်ရှိပြီး ပထမအဆင့် မိမိတို့အတွင်း သုံးသပ်ဆွေးနွေးခြင်း၊ ဒုတိယအဆင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကို ဖိတ်ခေါ်ဆွေးနွေးခြင်း၊ နောက်ဆုံးအဆင့်အဖြစ် အစီရင်ခံစာရေးခြင်းတို့ဖြစ်၏။ ကော်မရှင်၏အလုပ်လုပ်ချိန်ကို ရက်ပေါင်း ၆ဝ သတ်မှတ်ထားရာ အောက်တိုဘာလဆန်းတွင် အပြီးသတ် ထုတ်ပြန်ရန် ဖြစ်သည်။ ဤစာရေးသူသည် နိုင်ငံရေးစနစ်ကို စိတ်ဝင်စားသော စာရေးဆရာတစ်ဦးအဖြစ် (ကော်မရှင်က မဖိတ်ကြားစေကာမူ) အကြံပြုရန် စိတ်အားထက်သန်သဖြင့် ဤအကြံပြုစာကို ရေးရခြင်းဖြစ်ပါသည်။ […]