သီရိဓမ္မာသောကမင်းကြီးသည် ခမည်းတော်မင်းကြီးလက်ထက်ကအတိုင်း တိတ္ထိတို့အား ကျွေးမြဲသောဝတ်ကို မချွတ်စေဘဲ အိမ်တော်၌ အမြဲလုပ်ကျွေး၏။ တစ်နေ့သ၌ ခြင်္သေ့ခံသော လေသာ နန်းတံခါးကို လှပ်၍ ကြည့်တော်မူသော် လျှပ်ပေါ်သော ဣန္ဒြေဖြင့် နေထိုင်စားသောက်ကြသော တိတ္ထိပုရိပိုဇ်တို့ကို မြင်၍ “ဤသူတို့၌ မြတ်သောတရားသည် မရှိရာ၊ သွားလာနေထိုင်ခြင်း ကိစ္စတို့၌ ငြိမ်သက်သိမ်မွေ့ခြင်းမရှိ၊ ပကတိသော လူတို့ကဲ့သို့ပင်တကား၊ မြတ်လှသော အလှူခံတို့ကို ရှာကြံရွေးချယ်၍ လှူမှသာလျှင် အကျိုးရှိရာသည်တကား”ဟု ကြံမိလေ၏။ ထို့သို့ကြံပြီးသော် အမတ်တို့ကို ခေါ်၍ “အမောင်တို့သည် သူတော်ကောင်းဟု သမုတ်အပ်သော အလှူခံမြတ်တို့ကို ရှာ၍ ပင့်ခဲ့ကုန်၊ ငါအလှူပေးလိုသည်”ဟု ဆိုလေ၏။ အမတ်တို့လည်း တိတ္ထိပုဂ္ဂိုလ်တို့ကို ပင့်ဆောင်၍ “အရှင်မင်းကြီး ဤပုဂ္ဂိုလ်တို့ကား အကျွန်ုပ်တို့၏ ဆရာ ရဟန္တာပါတည်း လျှောက်ကုန်၏။ မင်းကြီးလည်း သူမြတ်မဟုတ်မှန်း သိ၍ […]