လွန်ခဲ့တဲ့(၃)လကျော်က နေ့လေးတစ်နေ့… သူငယ်ချင်းတစ်ယောက်နဲ့ ထိုင်နေကြ လက်ဘက်ရည်ဆိုင်လေးမှာဆုံဖြစ်ဖို့ချိန်းထားကြတယ်… နယ်မှာတာဝန်ကျနေတဲ့သူငယ်ချင်းမို့ ကျွန်တော်နဲ့မတွေ့ဖြစ်တာ (၂)နှစ်လောက်ရှိပြီ… ကျွန်တော်ကလဲ သူငယ်ချင်းကိုတွေ့ချင်တာတစ်ကြောင်း၊ ကျွန်တော်ထိုင်နေကျလက်ဘက်ရည်ဆိုင်လေးမှာချိန်းပြီး ညနေစာ အတူတူသွားစားမယ်ဖို့ရည်ရွယ်ချိန်းဆိုလိုက်မိပါတယ်… ညနေပိုင်း(၄)နာရီခွဲလောက် သူငယ်ချင်းရောက်လာတော့… သူနဲ့အတူတူ သူငယ်ချင်းရဲ့ညီမအငယ်ဆုံးလေး (၇)တန်းကျောင်းသူတစ်ယောက်ပါလာတယ်… ကျွန်တော်နဲ့လဲ ငယ်ငယ်တုန်းက သိကျွမ်းပြီးသားမို့ ကလေးက သိပ်မစိမ်းနေပေမယ့်တွေ့ခါစမှာတော့ ခပ်ရှိန်ရှိန်ဖြစ်နေပါတယ်… ကျွန်တော်သတိထားလိုက်မိတာက ကလေးမလေးရဲ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့… ကျွန်တော်က ကလေးမလေးကို ကြောင်တောင်တောင်ဖြစ်မနေအောင်…စကားတွေပြောရင်း ငိုနေရတဲ့အကြောင်းအရင်းကို အဖေကြီးရိုက်လို့လား… အမေကြီးဆူလို့လားစသည်ဖြင့်…ကလေးမလေးစိတ်ရွှင်လာအောင် စကားတွေပြောမိရာက သူငယ်ချင်းမှတစ်ဆင့် ကလေးမလေးရဲ့ပြသနာ အရင်းအမြစ်ကိုသိလာရပါတယ်… “ ဒီလိုကွာ… ငါ့ညီမလေးက အငယ်ဆုံးလဲဖြစ်… ငါတို့နဲ့ကျတော့ အသက်ကလဲကွာ… အိမ်မှာက မိဘတွေနဲ့ပဲနေရတာများတော့ သူ့ခမျာအပေါင်းအသင်းမက်သကိုး… ခက်တာက လက်ရှိသူ့နားက အပေါင်းအသင်းတွေက သူ့ကိုကျဉ်ထားကြတယ်… အခုလဲသူ့အပေါင်းအသင်းတွေက ဝိုင်းပြောကြလို့ ဝမ်းနည်းပြီးအိမ်မှာငိုနေလို့ စိတ်ပြေလက်ပျောက်ဆိုပြီး…ငါခေါ်လာတာ…” “ […]