“ကျုပ်တို့ခေါင်းဆောင်တွေကရော ကိုယ့်လူမျိုးကို ကိုယ်မချစ်လို့လား၊” “ မချစ်ဘူးလို့တော့မပြောရဲပါဘူးဗျာ၊ မချစ်တတ်ဘူးလို့တော့ပြောရဲတယ်။ ဉာဏ်သွင်းပြီးတော့မချစ်တတ်ဘူးဗျ၊ စိုးရိမ်စိတ်နဲ့တော့ချစ်တတ် တယ်။ လုံခြုံရေးအမြင်နဲ့ပဲချစ်တတ်တယ်။ ကျုပ်တို့တိုင်းပြည်ကတိုးတက်ဖို့ အတွက် အခွင့်အလမ်းတွေအများကြီးပါ။” …………………………………………………………………………. “ခီများကို ကီစွန်းတီခင်းပေးမယ်၊ ခီများဘာလုပ်မီလဲ” “ရွှေပြည်မိုး” လက်ဖက်ရည်ဆိုင်၏ နံနက်ခင်းတစ်ခု။ ကျွန်တော်တစ် ယောက်တည်းဂျာနယ်ကို သဲကြီးမဲကြီးငုံ့ဖတ်နေသည်။ ကျွန်တော်ထိုင်နေ သော စားပွဲသို့လူနှစ်ယောက်လာပြီးထိုင်သည်။ စကားသံကြား၍ ဂျာနယ်ကို ဖတ်နေရင်း အကဲခတ်လိုက်သည်။ နှစ်ယောက်စလုံးက အားကစားဝတ်စုံ ကိုယ်စီနှင့် မန္တလေးကျုံးနံဘေးလမ်းလျှောက်ပြီးပြန်လာကြသူများဖြစ်မည် ထင်သည်။ တစ်ယောက်က အသက်ကြီးကြီး မြန်မာအမျိုးသား၊ ကျန်တစ် ယောက်က တရုတ်လူမျိုးအဘိုးအို၊ သူက “ကန်းစွန်းတစ်ခင်းပေးမယ်၊ ဘာ လုပ်မလဲ” ဟုမြန်မာသံမပီမသဖြင့်မေးသည်။ သူ့မေးခွန်းကို ကျွန်တော်စိတ် ဝင်စားသွားသည်။ ကျန်တစ်ယောက်ကပြုံးပြီးဖြေသည်။ “ကန်စွန်းတစ်ခင်းပေးရင် … လွယ်လွယ်လေးပါ။ ကန်စွန်းရွက်ခူးပြီး ငါးစီးကိုတရာနဲ့ဈေးမှာ […]